အခန်း (၇၈၀)
Vol. 56 Ch. 780
ခြံဝိုင်းထဲတွင် ဟန်မူယဲ့နှင့်မူဝမ်က မျက်နှာချင်းဆိုင်လျက် ထိုင်နေသည်။
မူဝမ်က တုံ့ဆိုင်းနေပြီးဟန်မူယဲ့ကို ကြည့်သည်။
“အစ်ကိုဟန် ....”
ဟန်မူယဲ့က ခေါင်းခါသည်။
“လောကမှာ ဘယ်လိုစွမ်းအားကိုပဲဖြစ်ဖြစ် ငှားယူမယ်ဆိုရင် တန်ဖိုးကြီးတစ်ခု ပေးရလိမ့်မယ်”
“ကောင်းကင်သစ်သားက သစ်သားမျိုးဆက်ရဲ့ အထွတ်အထိပ်အဆင့် သွေးမျိုးဆက်ပဲ။ တကယ်လို့ အဲဒီသွေးမျိုးဆက်ကို ကလေးဆီမှာ ပျိုးထောင်ပေးချင်တယ်ဆိုရင် အနည်းဆုံး သက်တမ်းတစ်ဝက်ကို ပေးဆပ်ရလိမ့်မယ်”
စွေ့စွေ့က ရှောက်တထျန်း၏ကလေးကြောင့် အသက်ဆုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။
လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်၏ ပေါင်းစည်းမှုသည် သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်သည်။
ထို့အပြင် မူဝမ်က အထွတ်အထိပ် သစ်သားသွေးမျိုးဆက်အား ပိုင်ဆိုင်ထားသည့် ကလေးတစ်ယောက်ကို ဟန်မူယဲ့အတွက် မွေးပေးချင်သည်။
“အစ်ကိုဟန်၊ ကျွန်မက ကလေးကို အကောင်းဆုံးတွေပဲ ပေးချင်တာပေါ့”
မူဝမ်က ညင်သာစွာပြုံးလိုက်ပြီး ဟန်မူယဲ့၏လက်ကို ဆုပ်ကိုင်သည်။
“ဒါပေမဲ့ ကျွန်မတို့က အကြာကြီး ရှင်သန်ရအုံးမှာပါ။ ဒီကိစ္စကို အခုအချိန်မှာ ဆုံးဖြတ်ဖို့ မလိုသေးပါဘူး”
သူမက စိတ်သက်သာရာရစွာ ပြုံးသည်။
သူမက မြက်ရိတ်တံ၏ အမွေအနှစ်အား လက်ခံလိုက်သောအချိန်တွင် ထိုလျှို့ဝှက်ချက်ကို သိခဲ့ရသည်။
သူမကလည်း စဉ်းစားနေခဲ့ရသည်။
ဟန်မူယဲ့၏ ရွေးချယ်မှုကို သူမ မသိပေ။
သွေးမျိုးဆက်၏ မြင့်မြတ်မှု သို့မဟုတ် မျိုးဆက်အတွက် ဆန္ဒ ....
မိဘများအားလုံးသည် ကလေးတစ်ယောက်ကို အကောင်းဆုံးအခြေအနေနှင့် မွေးဖွားလာပြီး လောက၏အထွတ်အထိပ်တွင် ရှိစေချင်ကြသည်။
“စိတ်မပူပါနဲ့။ ဒီကျင့်ကြံခြင်းလောကတင်မကဘဲ အင်မော်တယ်လောကမှာဆိုရင်တောင် ကိုယ်က အထွတ်အထိပ်ကို ရောက်မှာပါ”
ဟန်မူယဲ့က မူဝမ်ကို ဖက်လိုက်သည်။
“အထွတ်အထိပ် သစ်သားသွေးမျိုးဆက်က ကိုယ့်အမြင်မှာတော့ ဘာမှမဟုတ်ဘူး”
မူဝမ်က ခေါင်းညိတ်သည်။
မူရွှယ်နှင့် ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားတို့ ရောက်လာသောကြောင့် ဟန်မူယဲ့က သတိဝင်သွားသည်။
ပုန်းကွယ်နေသော ကျွမ်းကျင်သူများသည် အထက်ဘုံ၊ ဆည်နှင့် ရှေးတိမ်တိုက်စကြဝဠာတွင် ရှိနေဆဲဖြစ်သည်။
ဟန်မူယဲ့က နတ်ဘုရားခုံရုံးကို ပြန်လည်မတည်ဆောက်သော်လည်း ဤလောကကို အုပ်ချုပ်မည်ဖြစ်သည်။
“နတ်ဘုရားခုံရုံးက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုပြီး မရေမတွက်နိုင်တဲ့ နယ်မြေတွေကို စောင့်ကြပ်ခဲ့တယ်”
“နတ်ဘုရားခုံရုံး ပျက်စီးသွားတဲ့အချိန်မှာ ကမ္ဘာတွေနဲ့ ဆက်သွယ်ထားတဲ့ ကွန်ရက်က ပျက်စီးသွားခဲ့တယ်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကလည်း ဆက်သွယ်မှုပြတ်တောက်သွားပြီး နယ်မြေတစ်ခုအတွက်ပဲ အသုံးချလို့ရတော့တယ်”
“ပြီးတော့ တည်နေရာရွှေ့ပြောင်းခြင်းကို ဦးဆောင်ပေးမယ့် ဗဟိုချက်မရှိတဲ့အတွက် စွမ်းအင်ကုန်ဆုံးမှု အရမ်းများတယ်။ ကမ္ဘာတွေက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးမချတော့ဘူး”
ဟန်မူယဲ့က ကောင်းရှောင်ရွှမ်၏ရှေ့တွင် တီးတိုးပြောလိုက်သည်။
ကောင်းရှောင်ရွှမ်က ယခင်ဘဝ၏မှတ်ဉာဏ်များကို ပြန်လည်ရရှိထားသောကြောင့် နတ်ဘုရားခုံရုံးနှင့် ပတ်သတ်၍ အလွန်ဗဟုသုတရှိသည်။
ဝမ်ချူသည် နတ်ဘုရားခုံရုံး၏ အရာရှိချုပ်ဖြစ်ပြီး နတ်ဘုရားခုံရုံး၏ နိုင်ငံရေးကို အုပ်ချုပ်ထားသည်။
“တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်လား”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ထိုနည်းလမ်းနှင့် နယ်မြေအသီးသီးကို ဆက်သွယ်ပြီး နတ်ဘုရားခုံရုံး၏ စစ်တပ်သည် အဝေးတစ်နေရာသို့ ချက်ချင်းသွားနိုင်လိမ့်မည်။
“အရှင်မင်းကြီး၊ နတ်ဘုရားခုံရုံးရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အဓိကဗဟိုချက်က ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအပျက်အစီးနေရာကို ကျွန်တော်သိထားပါတယ်”
ဘယ်တောင်ပံနန်းမြို့တော်၏ ရွှေရောင်ချပ်ဝတ်စစ်သူကြီး သွမ်မင်က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဟန်မူယဲ့ကို ပြောလိုက်သည်။
ဟန်မူယဲ့က သူ့ကိုကြည့်သည်။ သွမ်မင်က ညင်သာစွာပြောသည်။
“ကျွန်တော်တို့သွမ်မိသားစုရဲ့ ဘိုးဘေးဖြစ်တဲ့ နတ်ဘုရားဘုရင်ကွမ်ဖာက နတ်ဘုရားခုံရုံးရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အဓိကဗဟိုချက်ကို ဘဝတစ်လျှောက်လုံး စောင့်ရှောက်ထားခဲ့ပါတယ်”
သွမ်မင်၏ရှေ့တွင် ပုံရိပ်များသည် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။
ခုနစ်ရောင်ခြယ်ဝတ်စုံနှင့် ရွှေသရဖူကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်သည် ထိုပုံရိပ်ထဲတွင် ရပ်နေသည်။
လူအိုကြီးက နတ်ဘုရားအလင်းကို ထုတ်လွှတ်၍ နန်းတော်အားဖိနှိပ်ထားသော ပုံရိပ်ယောင်ဆန်သည့် စေတီတစ်ခုကို ကိုင်ထားသည်။
“အရှင်မင်းကြီး၊ နတ်ဘုရားခုံရုံးက ပျက်စီးသွားခဲ့ပြီ။ ကျွန်တော်မျိုးက ကမ္ဘာရင်ပြင်ကို မကာကွယ်နိုင်တော့ဘူး။ အနန္တကမ္ဘာခန်းဆောင်ကို ချိပ်ပိတ်ထားပြီး အရှင်မင်းကြီးပြန်လာမှာကိုပဲ စောင့်နေနိုင်တယ်”
သွမ်မင်၏ရှေ့တွင်ရှိသော ပုံရိပ်များသည် အော်ဟစ်လိုက်ကြပြီး စေတီနှင့် ပေါင်းစပ်သွားသည်။ ထို့နောက် နန်းတော်ကို ဖိနှိပ်၍ အာကာသထဲသို့ ယူဆောင်သွားသည်။
“သွမ်ချန်ကျီက အနန္တကမ္ဘာခန်းဆောင်ကို စီမံခဲ့တယ်။ အရှင်မင်းကြီးက သူ့ကို အင်မော်တယ်ကမ္ဘာရဲ့ တည်နေရာရွှေ့ပြောင်းခြင်းနည်းစနစ်တွေ သင်ပေးခဲ့တယ်။ သွမ်ချန်ကျီက ဝင်္ကပါတွေမှာ စိတ်နှစ်ထားပြီး ဒီနန်းတော်ကို စီမံဖို့ ဝင်္ကပါအစီအရင်တွေကို စိတ်ပါလက်ပါ လေ့လာခဲ့တယ်”
ကောင်းရှောင်ရွှမ်က ပုံရိပ်ထဲတွင်ရှိသောလူကို ညွှန်ပြလိုက်ပြီး ညင်သာစွာပြောသည်။
“ဒါက နတ်ဘုရားဘုရင်ကွမ်ဖာဖြစ်တဲ့ သွမ်ချန်ကျီပဲ”
သူက ကမ္ဘာအသီးသီးကို ဝင်္ကပါဖြင့် ဆက်သွယ်ထားသော မဟာပုဂ္ဂိုလ်ကြီး ဖြစ်သည်။ အကယ်၍ သူက အနန္တကမ္ဘာခန်းဆောင်ကို ချိပ်မပိတ်ခဲ့လျှင် လောကတွင် လွတ်လပ်စွာလျှောက်သွားနိုင်လိမ့်မည်။
သူက တခြားမဟာပုဂ္ဂိုလ်ကြီးများကဲ့သို့ နောက်ကွယ်တွင် ပုန်းအောင်းနေပြီး လွတ်လပ်စွာဖြင့် အင်မော်တယ်ကမ္ဘာသို့ သွားရန် အခွင့်အရေးကို စောင့်မျှော်နိုင်သည်။
သို့သော် သူက အနန္တကမ္ဘာခန်းဆောင်ကို ချိပ်ပိတ်ပြီး နတ်ဘုရားခုံရုံး၏ တည်နေရာရွှေ့ပြောင်းခြင်းကွန်ရက်ကို ကာကွယ်ရန် ရွေးချယ်ခဲ့သည်။
“နတ်ဘုရားဘုရင်ကွမ်ဖာ ....”
ဟန်မူယဲ့က ပုံရိပ်ယောင်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
သူက ထိုနာမည်ကို နတ်ဘုရားခုံရုံးရတနာတိုက်၏ မှတ်တမ်းတွင် မြင်ခဲ့ရသည်။
နတ်ဘုရားခုံရုံးရတနာတိုက်တွင် ရှိနေသော ကိုးထပ်ဓားစံအိမ်လေးခုတွင် သုံးခုကို တခြားလူများက ယူသွားကြသည်။
စစ်သူကြီးရှောက်ယွမ်၊ နတ်ဘုရားဘုရင်ကွမ်ဖာဖြစ်သော သွမ်ချန်ကျီနှင့် မှတ်တမ်းဖျက်ထားသောလူတစ်ယောက် ဖြစ်သည်။
ဓားစံအိမ်သည် ကမ္ဘာများကို ဖြတ်သန်းသွားလာနိုင်သည်။ ကိုးထပ်ဓားစံအိမ်သည် လေဟာနယ်စွမ်းအားကို သယ်ဆောင်ထားသည်။
ထိုရတနာကို အသုံးပြု၍ တည်နေရာရွှေ့ပြောင်းခြင်း ဗဟိုချက်ကို ဖိနှိပ်ရန် ဖြစ်နိုင်သည်။
“သွမ်မင်၊ အကြီးအကဲသွမ်ချန်ကျီက အခု ဘယ်ရောက်သွားလဲ သိလား”
ဟန်မူယဲ့က သွမ်မင်ကိုကြည့်လိုက်ပြီး ညင်သာစွာမေးသည်။
သွမ်ချန်ကျီက သွမ်မိသားစု၏ ဘိုးဘေး ဖြစ်သည်။
အကယ်၍ သွမ်ချန်ကျီက အနန္တကမ္ဘာခန်းဆောင်ကို ဖိနှိပ်ရန် လက်လျော့ပြီး သွမ်မိသားစုကို အာရုံစိုက်ထားလျှင် သွမ်မိသားစုသည် အထက်ဘုံ၏ မိသားစုကြီးသုံးခုထဲတွင် ပါဝင်နေလိမ့်မည်။
သွမ်မင်က ဘိုးဘေးနှင့်ပတ်သတ်၍ ရှုပ်ထွေးသောခံစားချက်များ ရှိနေသည်။
မကျေနပ်ခြင်း သို့မဟုတ် လေးစားမှု ဖြစ်နိုင်သည်။
သွမ်ချန်ကျီက အနန္တကမ္ဘာခန်းဆောင်ကို ဖိနှိပ်ပြီး နတ်ဘုရားဧကရာဇ် ပြန်လာမည်ကို စောင့်နေသည်။
ဟန်မူယဲ့က နတ်ဘုရားဧကရာဇ်၏ အမွေဆက်ခံသူဖြစ်သော်လည်း နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ရန် စီစဉ်မထားပေ။
ဟန်မူယဲ့က သွမ်ချန်ကျီ၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး အနန္တကမ္ဘာခန်းဆောင်ကို ထိန်းချုပ်နိုင်ရန် မသေချာပေ။
“ဘယ်လိုပဲဖြစ်ဖြစ် ငါက အဲဒီအကြီးအကဲကို သွားကြည့်ရမယ်”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ညင်သာစွာပြောသည်။
“အတွေးတစ်ခုကြောင့် နှစ်သောင်းချီအောင် တည်ငြိမ်ခဲ့တဲ့ ကျင့်ကြံသူတွေကို လေးစားသင့်တယ်”
ထိုလူများသည် ကျင့်ကြံခြင်းလောက၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ဟန်မူယဲ့က ခုနစ်ရက်အကြာတွင် ဆေးတောင်ကြားမှ ထွက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် သူက နတ်ဘုရားခုံရုံး၏ စစ်သူကြီးသုံးဦးနှင့် စစ်သည်များအပြင် ကောင်းရှောင်ရွှမ်ကိုသာ ခေါ်လာခဲ့သည်။
ဟွမ်ခြောက်နှင့် တခြားလူများက ဆေးတောင်ကြားတွင် ကျန်ခဲ့ကြသည်။
မူဝမ်က မဟာမိစ္ဆာများနှင့် ဆက်သွယ်ပြီး တံခါးပိတ်ကျင့်ကြံနေသည်။
ရှေးခေတ်၏ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော နတ်ဘုရားခုံရုံး၏ သွမ်ချန်ကျီကို သွားရှာရာတွင် လူအများအပြားကို ခေါ်သွားရန် မလိုအပ်ပေ။
နတ်ဘုရားခုံရုံး၏ စစ်သူကြီးဟောင်းများနှင့် ကောင်းရှောင်ရွှမ်ကို ခေါ်သွားလျှင် လုံလောက်သည်။
သူက အနည်းငယ် သိချင်နေသည်။ နတ်ဘုရားဘုရင်ကွမ်ဖာဖြစ်သော သွမ်ချန်ကျီသည် အနန္တကမ္ဘာခန်းဆောင်ကို စောင့်ကြပ်နေခဲ့သည်။
‘အဲဒီလိုဆိုရင် ဓားစံအိမ်ကို စောင့်ကြပ်နေတဲ့လူက စစ်သူကြီးရှောက်ယွမ်လား ဒါမှမဟုတ် မှတ်တမ်းဖျက်ထားတဲ့လူလား’
သူက ဓားစံအိမ်နှင့် ဆက်ဆံရေးကြောင်းမွန်သော်လည်း သူတို့က ထိုသတင်းမျိုးကို ဝေမျှမည်မဟုတ်ပေ။
သင်္ဘောပျံသည် အာကာသထဲတွင် ပျံသန်းနေပြီး တော်ဝင်ဆေးပင်ဥယျာဉ်သို့ ပြန်သွားမည့်ပုံပေါ်သည်။
သို့သော် လမ်းတစ်ဝက်အရောက်တွင် သင်္ဘောပျံက နတ်ဘုရားခုံရုံး၏ တခြားအစိတ်အပိုင်းတစ်ခုဆီသို့ ဦးတည်လိုက်သည်။
“ရှေးခေတ်မဟာပုဂ္ဂိုလ်ကြီးတွေက နတ်ဘုရားခုံရုံးကို တိုက်ခိုက်ခဲ့တာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘူး”
ကောင်းရှောင်ရွှမ်က သက်ပြင်းချလိုက်ပြီး အာကာသကို ကြည့်သည်။
လောကတွင် လျှို့ဝှက်ချက်များ သိပ်မရှိပေ။
တည်နေရာပေါင်းစုံမှ မဟာပုဂ္ဂိုလ်များ၏လှုပ်ရှားမှုကို မည်သို့ ဖုံးကွယ်ထားနိုင်မည်နည်း။
သို့သော် နတ်ဘုရားဧကရာဇ်က ကိုယ်ပိုင်ရည်ရွယ်ချက်ရှိနေပြီး အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်စေလိုသည်။
လူတိုင်းက ရလဒ်ကို တွက်ချက်ထားခဲ့ကြသည်။ သို့သော် သူတို့က လူသားအကျင့်စရိုက်ကို လျော့တွက်မိခဲ့ကြသည်။
နတ်ဘုရားဧကရာဇ်သည် အင်မော်တယ်ကမ္ဘာနှင့် ဤကမ္ဘာကို ခွဲထုတ်ပြီး ကျင့်ကြံသူများအားလုံးကို လွတ်လပ်စွာ နေထိုင်စေချင်ခဲ့သည်။
ဤလောက၏ မဟာပုဂ္ဂိုလ်ကြီးများသည် နတ်ဘုရားခုံရုံးကို ပျက်စီးစေလိုသည်။ သူတို့ကို ဖိနှိပ်ထားမည့်လူမရှိဘဲ လွတ်လပ်စွာ နေထိုင်လိုကြသည်။
သူတို့အားလုံးက လိုချင်သောအရာကို ရရှိခဲ့သည်။ သို့သော် နောက်ဆုံးရလဒ်သည် သူတို့လိုချင်သောအရာ မဟုတ်ခဲ့ကြပေ။
နတ်ဘုရားခုံရုံး ပျက်စီးခြင်း၊ အင်မော်တယ်တက်လှမ်းစင်မြင့် ချိပ်ပိတ်ခြင်းနှင့် ကမ္ဘာများ ပျက်စီးခြင်း ....
“လူသားတွေရဲ့ အားထုတ်မှုက အကန့်အသတ်ရှိတာပဲ”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ငါတို့က အကောင်းဆုံးကြိုးစားရုံပဲ တတ်နိုင်တယ်”
သူ၏ လက်ရှိတာဝန်သည် ရှေးခေတ်နတ်ဘုရားခုံရုံး၏ ရတနာများကို ပြန်လည်ထုတ်ယူပြီး ကျင့်ကြံခြင်းလောကကို တိုးတက်အောင် ပြုလုပ်ရန်ပင် ဖြစ်သည်။
အင်မော်တယ်တက်လှမ်းစင်မြင့်သည် နှစ်သုံးထောင်အကြာတွင် ပြန်ဖွင့်လိမ့်မည်။ ပိုမိုများပြားသော ကျင့်ကြံသူများသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းကြလိမ့်မည်။
သို့သော် သူက မည်သို့ပင် ကောင်းမွန်စွာ ဆောင်ရွက်နေပါစေ သူလုပ်ချင်သောအရာကို ထုတ်ပြောလိုက်လျှင် လူတိုင်းက သူ့ကို ညီညွတ်စွာ ထောက်ခံမည်မဟုတ်ပေ။
သူ၏ လုပ်ဆောင်ချက်များကြောင့် အဓိကဂိုဏ်းများသည် နတ်ဘုရားခုံရုံးအား ပြန်လည်တည်ဆောက်ရန် ကြိုးစားနေသည်ဟု ထင်သွားကြလိမ့်မည်။
ထိုဂိုဏ်းများသည် နတ်ဘုရားခုံရုံး၏ ဖိနှိပ်မှုကို ခံယူရန် ဆန္ဒရှိကြမည်မဟုတ်ပေ။
အကယ်၍ သူက နတ်ဘုရားခုံရုံး၏ ရတနာများကိုသာ အသုံးချပြီး ကျင့်ကြံခြင်းလောကကို အားဖြည့်ပေးချင်သည်ဟု ပြောလျှင် မည်သူက ယုံကြည်မည်နည်း။
အကယ်၍ သူက ထိုသို့ ပြောလိုက်လျှင် နတ်ဘုရားခုံရုံး၏ အဖွဲ့ဝင်ဟောင်းများနှင့် နတ်ဘုရားခုံရုံး၏ ဂုဏ်ကျက်သရေကို အမှတ်ရနေသောလူများက သူ့အပေါ်တွင် ယုံကြည်ချက် လျော့နည်းသွားလိမ့်မည်။
ရှကျန်းဟူ၊ သွမ်မင်နှင့် တခြားလူများက နတ်ဘုရားခုံရုံး၏ ဂုဏ်ကျက်သရေကြောင့် ဟန်မူယဲ့၏နောက်သို့ လိုက်လာကြသည်။
အကယ်၍ ဟန်မူယဲ့က နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်မရှိဟု ပြောလျှင်ပင် သူက အစစ်အမှန်ရည်ရွယ်ချက်ကို ဖုံးကွယ်ထားသည်ဟုသာ ထင်ကြလိမ့်မည်။
အကယ်၍ ဟန်မူယဲ့က နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ရန် ဆန္ဒမရှိဟု လူသိရှင်ကြား ကြေညာလိုက်လျှင် သူ့လက်အောက်တွင်ရှိနေသော နတ်ဘုရားခုံရုံး၏ အဖွဲ့ဝင်ဟောင်းများက လူစုခွဲသွားပြီး နတ်ဘုရားခုံရုံး၏ အကြွင်းအကျန်များကို စောင့်ကြပ်နေသော မဟာကျင့်ကြံသူများက အရင်းအမြစ်များကို လက်လွှဲပေးတော့မည်မဟုတ်ပေ။
ထို့ကြောင့် ဟန်မူယဲ့က သက်ပြင်းချပြီး အကောင်းဆုံးကြိုးစားသင့်သည်ဟု တွေးလိုက်သည်။
သူက မည်မျှအကွာအဝေးအထိ သွားနိုင်မည်နည်း။ ထိုအချက်ကို သူမသိပေ။
ဖရိုဖရဲဖြစ်နေသော အာကာသနယ်မြေ၏ရှေ့တွင် သွမ်မင်က တစ်ဝက်ပျက်စီးနေသော ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ထားသည်။
ထိုအရာသည် ကျောက်စိမ်းတံဆိပ်ပြား၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ချီစွမ်းအင်အလင်းကို ထုတ်ဖော်နေသည်။
သွမ်မင်က သွေးမျိုးဆက်စွမ်းအားကို ထုတ်ဖော်လိုက်သောအခါတွင် ကျောက်စိမ်းအပိုင်းအစက အစိမ်းရောင်အလင်းစက်ကွင်းကို ထုတ်လွှတ်သည်။ သွေးစီးကြောင်းတစ်ခုသည် ပေါ်ထွက်လာပြီး လေဟာနယ်ထဲတွင် ဖြတ်ပြေးသွားသည်။
သွမ်မင်၏မျက်နှာက တောက်ပသွားပြီး သွေးမျိုးဆက်စွမ်းအားကို အသက်သွင်း၍ ရှေ့တက်သွားသည်။
သင်္ဘောပျံသည် ပြန့်ကျဲနေသော ဥက္ကာခဲများကို ဖျက်ဆီး၍ သူ့နောက်မှလိုက်လာသည်။
သွမ်မင်က လျင်မြန်သည်။ သူက မျဉ်းဖြောင့်အတိုင်း ပြေးလွှားသွားသည်။
လမ်းတစ်လျှောက်တွင် သူတို့က အာကာသထဲတွင် နေထိုင်သော သားရဲများကို မြင်ခဲ့ရသည်။ စစ်တပ်က လှုပ်ရှားလိုက်ပြီး ထိုသားရဲများကို သတ်ဖြတ်ကြသည်။
သုံးရက်အကြာတွင် သွမ်မင်၏ ကျောက်စိမ်းပြားသည် တုန်ခါနေပြီး သွေးစီးကြောင်းသည် ပြတ်တောက်သွားခဲ့သည်။
“ဒီမှာပဲ”
သွမ်မင်က အော်ဟစ်လိုက်ပြီး ရှေ့တွင်ရှိသော ဗလာဖြစ်နေသည့်အာကာသကို ကြည့်သည်။
ဤနေရာတွင် ကြယ်များသဖွယ် တောက်ပနေသော ပြန့်ကျဲနေသည့် ဥက္ကာခဲတချို့သာ ရှိသည်။
သို့သော် သွမ်မင်က ရှေ့သို့ တစ်လှမ်းတိုးလိုက်သောအခါတွင် သူ့တစ်ကိုယ်လုံးက တွန့်လိမ်သွားသည်။
ကောင်းရှောင်ရွှမ်က တောင်တန်းနှင့်မြစ်စုတ်တံကို မြှောက်ပြီး သူ့ကို ဖိနှိပ်လိုက်သောကြောင့် သူ့ခန္ဓာကိုယ်က ပျက်စီးမသွားခဲ့ပေ။
“တည်နေရာစွမ်းအား”
ကောင်းရှောင်ရွှမ်က ကြောင်အနေသောသွမ်မင်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
တည်နေရာစွမ်းအားသည် အချိန်စွမ်းအားနှင့် ပူးတွဲတည်ရှိနေသော လောက၏ ထိပ်တန်းအဆင့်စွမ်းအားတစ်ခု ဖြစ်သည်။
သွမ်မင်နှင့် တခြားလူများသည် တည်နေရာစွမ်းအားကို ခုခံနိုင်ကြမည်မဟုတ်ပေ။