အခန်း (၇၈၁)
Vol. 56 Ch. 781
ကောင်းရှောင်ရွှမ်က တောင်တန်းနှင့်မြစ်စုတ်တံကို ဝှေ့ယမ်းလိုက်ပြီး အဆက်မပြတ်ဖြစ်ပေါ်နေသော တောင်တန်းနှင့်မြစ်များကို ဖန်တီးသည်။
သို့သော် ထိုတောင်တန်းနှင့်မြစ်များသည် ချက်ချင်းပျက်စီးသွားကြသည်။
သူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးက သွေးမျိုးဆက်စွမ်းအားကို အသုံးပြုပြီး ဘိုးဘေးသွမ်ချန်ကျီကို နိုးကြည့်ဖို့ ကြိုးစားလိုက်ပါမယ်”
သွမ်မင်က ဟန်မူယဲ့ကိုလှည့်ကြည့်ပြီး လေးစားစွာပြောသည်။
ဟနန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ဖြည်းဖြည်းချင်း ရှေ့တက်သွားသည်။
“အကြီးအကဲက သူ့ဝိညာဉ်ကို ချိပ်ပိတ်ထားတယ်။ ဒီကမ္ဘာက အနန္တကမ္ဘာခန်းဆောင်ရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတာပဲ”
“ငါသွားလိုက်မယ်”
“မင်းတို့တွေ ဒီမှာစောင့်နေကြပါ”
ဟန်မူယဲ့က စကားပြောလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
ကောင်းရှောင်ရွှမ်နှင့် တခြားလူများက နေရာတွင် တုံ့ဆိုင်းနေကြသည်။
ဤနေရာတွင်ရှိသော တည်နေရာစွမ်းအားသည် အလွန်အားကောင်းသောကြောင့် သူတို့က အလိုရှိလျှင်ပင် လိုက်မသွားနိုင်ကြပေ။
ဟန်မူယဲ့က သွမ်မင်ရှိသောနေရာသို့ ရောက်သွားသည်။ အားကောင်းသော တည်နေရာစွမ်းအားသည် ဆင်းသက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်တွင်ရှိသော တည်နေရာစွမ်းအားသည် တုန်ခါနေပြီး ပတ်ဝန်းကျင်နှင့် ပဲ့တင်ထပ်သွားသည်။ ချီစွမ်းအင်အလင်းသည် အလွန်တောက်ပနေသည်။
ဟန်မူယဲ့က ဖျတ်ခနဲပျောက်ကွယ်သွားခဲ့သည်။
ကောင်းရှောင်ရွှမ်က လေးနက်သောမျက်နှာထားဖြင့် စုတ်တံကို ကိုင်ထားသည်။
သွမ်မင်က ရှေ့တွင်ရှိနေသော ပုံရိပ်ယောင်နယ်မြေကို ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောသည်။
“အရှင်မင်းကြီးပြန်လာမှာကို သတိထားပြီး စောင့်နေကြပါ”
လှံရှည်များကိုင်ထားသော စစ်သည်များက ပြိုင်တူတုံ့ပြန်လိုက်ပြီး ဝင်္ကပါကို ခင်းကျင်းသည်။
ပုံရိပ်ယောင်၊ လွင့်မျောနေသော အလင်းတန်းများ .... ဟန်မူယဲ့က တည်နေရာစွမ်းအင်မျဉ်းကြောင်းများကို မြင်နေရသည်။
အကယ်၍ သူက အချိန်နှင့်တည်နေရာစွမ်းအားကို မြင့်မားသောအဆင့်တစ်ခုအထိ ကျင့်ကြံမထားလျှင် ဤပတ်ဝန်းကျင်တွင် လမ်းပျောက်သွားလိမ့်မည်။
သူက တစ်လှမ်းချင်းစီ ရှေ့တက်သွားပြီး သွယ်ယှက်နေသော အလင်းမျဉ်းကြောင်းဆုံမှတ်များကို ခြေနင်းထားသည်။
“အံ့အားသင့်စရာပဲ။ ခြေတစ်လှမ်းနဲ့ မိုင်သန်းချီအကွာကို ရောက်နိုင်တယ်။ ဒီလိုဝင်္ကပါမျိုးက ကမ္ဘာအသီးသီးနဲ့ ဆက်သွယ်နိုင်တယ်”
ဟန်မူယဲ့က ညင်သာစွာရေရွတ်လိုက်ပြီး ရှေ့တွင်ရှိသော လွင့်မျောနေသည့် အလင်းစီးကြောင်းကို ကြည့်သည်။
ဤနေရာတွင် သူက ခြေတစ်လှမ်းမှားသွားလျှင် မိုင်သန်းချီအကွာသို့ ရောက်သွားလိမ့်မည်။
အဓိကအချက်အနေဖြင့် ဤနေရာတွင်ရှိသော ဝင်္ကပါအများအပြားသည် ချိပ်ပိတ်ခံထားရသည်။ အကယ်၍ သူက ထိုဝင်္ကပါများထဲသို့ ရောက်သွားလျှင် ဘဝတစ်လျှောက်လုံး လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
“ဝင်္ကပါစွမ်းအားက တည်နေရာစွမ်းအားနဲ့ ပေါင်းစပ်နေပြီး နတ်ဘုရားခုံရုံးရဲ့ စွမ်းအားနဲ့ လောကကို ဖိနှိပ်ထားတယ်။ ပြီးတော့ ကမ္ဘာအသီးသီးနဲ့ ဆက်သွယ်နေတယ်”
“နတ်ဘုရားခုံရုံး ပျက်စီးသွားတဲ့အတွက် အနန္တကမ္ဘာခန်းဆောင်က အားနည်းပြီး ပြိုကျလုနီးပါး ဖြစ်နေတယ်။ အကြီးအကဲသွမ်ချန်ကျီက ကိုယ်ပိုင်စွမ်းအားနဲ့ ဒီနေရာကို ချိပ်ပိတ်ခဲ့တာပဲ”
ဟန်မူယဲ့က ရေရွတ်လိုက်ပြီး လက်မြှောက်သည်။ သူ့လက်ချောင်းသည် ချီစွမ်းအင်အလင်းဖြင့် တောက်ပနေပြီး မှိန်ဖျော့နေသော အလင်းစီးကြောင်းတစ်ခုကို ဖိချလိုက်သည်။
ထိုပုံရိပ်ယောင်အလင်းသည် အကောင်အထည်ဖြစ်တည်နေပုံရပြီး သူ့လက်ချောင်းထိပ်တွင် ညင်သာစွာတုန်ခါသွားသည်။
“ငါက အကြီးအကဲသွမ်ချန်ကျီကို တွေ့ချင်တယ်။ အနန္တကမ္ဘာခန်းဆောင်ကို သွားချင်တယ်”
“ဒီနေရာမှာရှိတဲ့ အလင်းစီးကြောင်းတိုင်းက အနန္တကမ္ဘာခန်းဆောင်နဲ့ ဆက်သွယ်နေတာပဲ”
သူ့မျက်လုံးများက အချိန်နှင့်တည်နေရာကို ထွင်းဖောက်မြင်နိုင်သည့်အလား တောက်ပနေသည်။
သူက အလင်းစီးကြောင်းကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး မျက်နှာထားလေးနက်သွားသည်။
“ငါက ဒီအလင်းစီးကြောင်းရဲ့နောက်ကနေ လိုက်သွားရင် အနန္တကမ္ဘာခန်းဆောင်ကို ရောက်နိုင်တယ်”
“ဒါပေမဲ့ အနန္တကမ္ဘာခန်းဆောင်က ချိပ်ပိတ်ခံထားရတယ်။ တည်နေရာရွှေ့ပြောင်းနိုင်တဲ့စွမ်းအား မရှိတော့ဘူး”
“ဒီထဲကို ဝင်သွားရင် လွတ်မြောက်နိုင်မှာမဟုတ်ဘူး”
ထိုအရာသည် အဆုံးမရှိသော ပတ်လမ်းတစ်ခုနှင့် တူသည်။
လူတစ်ယောက်သည် အနန္တကမ္ဘာခန်းဆောင်သို့ သွားရောက်ရန်အတွက် အလင်းမျဉ်းကြောင်းများကို ကျော်ဖြတ်ရမည်။
သို့သော် အနန္တကမ္ဘာခန်းဆောင်က ချိပ်ပိတ်ခံထားရပြီး ဆင်းသက်သွားရန် မဖြစ်နိုင်ပေ။
“မဟုတ်သေးဘူး”
ဟန်မူယဲ့က ပြုံးသည်။ သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး တီးတိုးစကားသံကိုသာ ချန်ရစ်ခဲ့သည်။
“အကြီးအကဲသွမ်ချန်ကျီက နတ်ဘုရားဧကရာဇ်ကို စောင့်နေတယ်။ သူက အနန္တကမ္ဘာခန်းဆောင်ကိုသွားဖို့ လမ်းချန်ထားခဲ့မှာပဲ”
“ဝီ”
သူ့ပုံရိပ်က တစ်နေရာတွင် ပြန်ပေါ်လာသည်။
“ငါက လမ်းမှားသွားခဲ့တာပဲ။ အချိန်နောက်ပြန်ဆုတ်ခြင်းစွမ်းအားကို အသုံးပြုပြီး ပြန်မလာနိုင်ခဲ့ရင် တကယ်လမ်းပျောက်သွားလိမ့်မယ်”
သူက လျင်မြန်စွာလှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။
ထို့နောက် ပြန်ပေါ်လာပြန်သည်။ ဟန်မူယဲ့က ခေါင်းခါသည်။
“ဒီတစ်ခုမဟုတ်ဘူး”
သူက လက်ကိုလှုပ်ရှားပြီး အလင်းစီးကြောင်းတစ်ခုကို ဖိနှိပ်သည်။
“ဝီ”
သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည်။
“ဒီတစ်ခု မဟုတ်သေးဘူး”
....
သူက အချိန်စွမ်းအားကို ပိုင်ဆိုင်မထားခဲ့လျှင် ထိုအလင်းမျဉ်းများကြားတွင် ပျောက်ကွယ်သွားလိမ့်မည်။
သူက လမ်းမှားသို့ရောက်သွားခဲ့လျှင် အချိန်စွမ်းအားကို အသုံးပြုပြီး ပြန်လာနိုင်သည်။
အသက်ရှူကြိမ်တစ်ရာအကြာတွင် ဟန်မူယဲ့က တူညီသောနေရာ၌ ပြန်ပေါ်လာခဲ့သည်။
ထိုအလင်းမျဉ်းကြောင်းများသည် အဆုံးမရှိပေ။ သူ၏ နှေးကွေးသောရှာဖွေမှုနှင့်ဆိုလျှင် အနန္တကမ္ဘာခန်းဆောင်သို့ ဝင်ရောက်ရန် နှစ်ထောင်ချီကြာမြင့်လိမ့်မည်။
“တည်နေရာစွမ်းအားက အချိန်စွမ်းအားနဲ့ ရောနှောနေတာပဲ။ ငါက အဲဒီအချက်ကို မေ့သွားတယ်”
ဟန်မူယဲ့က ရေရွတ်လိုက်ပြီး လက်ချောင်းကို အလင်းမျဉ်းကြောင်းပေါ်တွင် တင်ထားသည်။ သူ့မျက်လုံးများက လေးနက်နေသည်။
ရှေးကျသော အချိန်စွမ်းအားသည် သူ့ဆီမှ ပေါ်ထွက်လာသည်။
ရှေးခေတ်အချိန် ဖြစ်သည်။
အလင်းစီးကြောင်းသည် လွင့်မျောသွားပြီး အချိန်နှင့်တည်နေရာကို ကျော်ဖြတ်ခဲ့သည်။
“ဘုန်း”
ဟန်မူယဲ့၏ရှေ့တွင် ရှေးခေတ်၏ ကောင်းကင်နှင့်မြေကြီးသည် ပြန်လည်ထွက်ပေါ်လာပြီး တောက်ပနေသော ရွှေနန်းတော်အဖြစ် ပြောင်းလဲသွားခဲ့သည်။
နန်းတော်ထဲတွင် မရေမတွက်နိုင်သော ရွှေရောင်အလင်းစီးကြောင်းများသည် မတူညီသော ကမ္ဘာများနှင့် ဆက်သွယ်နေကြသည်။
များပြားလှသော ပုံရိပ်များသည် အာကာသထဲတွင် ဖြတ်သန်းသွားလာနေကြသည်။
ထိုအရာသည် ရှေးခေတ်နတ်ဘုရားခုံရုံး၏ ကမ္ဘာနန်းဆောင် ဖြစ်သည်။
“ဘုန်း”
ကိုးထပ်ဓားစံအိမ်သည် လေထုထဲတွင် လွင့်မျောနေပြီး ရွှေရောင်အလင်းစီးကြောင်းများအားလုံးကို ဖိနှိပ်ထားသည်။
လက်ရာမြောက်သော အင်းကွက်များနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်သည် ဟန်မူယဲ့ကို ဖြည်းဖြည်းချင်း ခေါင်းငုံ့ကြည့်သည်။
နတ်ဘုရားဘုရင် ကွမ်ဖာ ....
ဟန်မူယဲ့က တစ်ကိုယ်လုံးတုန်ခါနေပြီး နေရာမှ ပျောက်ကွယ်သွားသည်။
သူက ခမ်းနားသောနန်းတော်ထဲတွင် ပြန်ပေါ်လာသည်။
ဤနန်းတော်သည် ဗလာဖြစ်ပြီး မည်းမှောင်နေသည်။ ဖြတ်ပြေးသွားသော အလင်းစီးကြောင်းတချို့ကိုသာ မြင်ရသည်။
“ဟန်မူယဲ့က နတ်ဘုရားဘုရင်ကွမ်ဖာကို အရိုအသေပေးပါတယ်”
ဟန်မူယဲ့က လက်မြှောက်ပြီး ဦးညွတ်သည်။
“မင်းက ဒီနေရာကနေ ထွက်သွားနိုင်ရင် ငါက မင်းကို ဦးညွတ်ပြီး ဧကရာဇ်အဖြစ် လက်ခံမယ်”
အိုမင်းနေသောအသံကို ကြားနိုင်သည်။
“ဒါပေမဲ့ မင်းမလွတ်မြောက််နိုင်ရင် ဒီဦးညွတ်မှုကို လက်ခံပြီး မင်းကို အပြင်ပြန်ပို့ပေးမယ်”
နတ်ဘုရားဘုရင်ကွမ်ဖာ၏အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။
သူက ဤနေရာမှ ထွက်လာနိုင်လျှင် နတ်ဘုရားဧကရာဇ်၏ အမွေဆက်ခံသူ ဖြစ်လာလိမ့်မည်။
အကယ်၍ မလွတ်မြောက်နိုင်လျှင်လည်း သူက အန္တရာယ်ရှိမည်မဟုတ်ပေ။ နတ်ဘုရားဘုရင်ကွမ်ဖာက သူ့ကို ပြန်ပို့ပေးလိမ့်မည်။ သို့သော် နတ်ဘုရားဧကရာဇ်၏ အမွေဆက်ခံသူအဖြစ် အရည်အချင်းပြည့်မီတော့မည်မဟုတ်ပေ။
ထိုအရာသည် ဟန်မူယဲ့အတွက် စမ်းသပ်မှုတစ်ခုဖြစ်ပြီး ကိုယ်ပိုင်ခွန်အားကို ပြသရန် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။
နတ်ဘုရားဘုရင်ကွမ်ဖာကဲ့သို့ မဟာကျွမ်းကျင်သူတစ်ဦးကို သိမ်းသွင်းနိုင်ရန်အတွက် အထင်ကြီးစရာကောင်းသော ခွန်အားကို ပြသရမည်။
ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေပြီး ကျယ်လောင်စွာ ပြောသည်။
“ကောင်းပြီ”
သူ၏စကားသည် နန်းတော်ထဲတွင် ပဲ့တင်ထပ်သွားသည်။
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး နန်းတော်ကို တုန်ခါသွားစေသည်။ တည်နေရာသည် အဆုံးမရှိ ထပ်ဆင့်သွားသည်။
သူက အချိန်မြစ်ကို ခြေတစ်လှမ်းနှင့် ကျော်ဖြတ်နိုင်သည့်အလား မရေမတွက်နိုင်သော နှစ်သောင်းပေါင်းများစွာသည် ကုန်လွန်သွားခဲ့သည်။
“ဟန်မူယဲ့က အကြီးအကဲကို အရိုအသေပေးပါတယ်’
ခြေတစ်လှမ်း ....
အသက်ရှူကြိမ်တစ်ခါ ....
မရေမတွက်နိုင်သော တောင်တန်းနှင့်မြစ်များသည် ပျက်စီးသွားပြီး ပြန်လည်ဖြစ်တည်လာကြသည်။ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာကို ကျော်လွှားခဲ့သည်။
ခြေတစ်လှမ်းပင် ဖြစ်သည်။
အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးက အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူက အဆုံးတွင် ညင်သာစွာ ဦးညွတ်လိုက်သည်။
“သွမ်ချန်ကျီက အရှင်မင်းကြီးကို အရိုအသေပေးပါတယ်”
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်မြှောက်၍ ညင်သာစွာပြောသည်။
“အကြီးအကဲ၊ ကျွန်တော်ရောက်လာပြီဆိုမှတော့ မျက်နှာချင်းဆိုင်ပြီး ပြောကြတာပေါ့”
သူ့စကားအဆုံးတွင် ကိုးထပ်ဓားစံအိမ်သည် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။
သွမ်ချန်ကျီက အံ့အားသင့်သွားပုံပေါ်သည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး အလင်းစီးကြောင်းတစ်ခုကို ထုတ်ဖော်သည်။
“ဘုန်း”
ထပ်တူညီသော ကိုးထပ်ဓားစံအိမ်သည် တောက်ပနေသော အလင်းရောင်နှင့်အတူ ပေါ်လာသည်။
ဓားစံအိမ်သည် ချီစွမ်းအင်အလင်းနှင့် ဓားအလင်းကို တဖျပ်ဖျပ်ထုတ်လွှတ်ပြီး အဆုံးမရှိသော လေဟာနယ်စွမ်းအားကို ဖော်ပြနေသည်။
ဟန်မူယဲ့၏ ဓားစံအိမ်က မရေမတွက်နိုင်သော ဓားအလင်းများကို ထုတ်လွှတ်၍ မျက်နှာချင်းဆိုင်တွင်ရှိသော ဓားစံအိမ်၏ လေဟာနယ်စွမ်းအားနှင့် ထိတွေ့သည်။
ဓားအလင်းသည် မရေမတွက်နိုင်သော လေဟာနယ်အလွှာများကို ဖြတ်ကျော်လာပြီး တစ်ဖက်တွင်ရှိသော ကိုးထပ်ဓားစံအိမ်ကို တိုက်ခိုက်သည်။
ကိုးထပ်ဓားစံအိမ်နှင့် ကိုးထပ်ဓားစံအိမ် ....
ဓားအလင်းနှင့် လေဟာနယ်စွမ်းအား ....
“ဘုန်း”
ဓားအလင်းသည် ဧရာမနဂါးတစ်ကောင်ကဲ့သို့ ပုံရိပ်ယောင်တည်နေရာကို ဖြတ်ကျော်သွားသည်။
ချီစွမ်းအင်အလင်းသည် အလွန်တောက်ပနေပြီး ကျယ်လောင်စွာပေါက်ကွဲသွားသည်။
ဟန်မူယဲ့က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပြိုကျနေသောနန်းတော်တွင် ခြေချသည်။
နန်းတော်ထဲတွင် သလင်းအရိုးများသာကျန်သော ခန္ဓာကိုယ်တစ်ခုသည် တင်ပျဉ်ခွေထိုင်နေသည်။
“အကြီးအကဲလား”
ဟန်မူယဲ့၏မျက်နှာထားက ရှုပ်ထွေးနေသည်။
“ဟားဟား၊ နှလုံးသားရဲ့ အလိုဆန္ဒနောက်ကို လိုက်မယ်ဆိုရင် နောင်တရစရာ အကြောင်းမရှိဘူး”
ဟန်မူယဲ့၏ရှေ့တွင် ကိုးထပ်ဓားစံအိမ်သည် အသံတစ်သံကို ထုတ်လွှတ်၍ ညင်သာစွာလည်ပတ်နေသည်။
အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်သည် ပေါ်ထွက်လာပြီး ခံစားချက်များနှင့် ဟန်မူယဲ့ကို ကြည့်သည်။
“နှစ်ပေါင်းလေးသိန်း ကြာသွားခဲ့ပြီ။ တကယ်လို့ အရှင်မင်းကြီးရောက်မလာရင် အနန္တကမ္ဘာခန်းဆောင်က ပျက်စီးသွားတော့မယ်”
ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်သောအခါတွင် ယိုယွင်းနေသောနန်းတော်ကို မြင်ရသည်။
နန်းတော်၏အလယ်တွင် စုစည်းထားပုံရသော ချီစွမ်းအင်အမျှင်တန်းများသည် ဖြည်းဖြည်းချင်း နေရာအနှံ့သို့ ဖြာထွက်သွားကြသည်။
ထိုအရာသည် မရေမတွက်နိုင်သော ကမ္ဘာများနှင့် ဆက်သွယ်ထားသည့် အနန္တကမ္ဘာခန်းဆောင်၏ ဝင်္ကပါဗဟိုချက် ဖြစ်သည်။