အခန်း (၇၈၂)
Vol. 56 Ch. 782
“ဒီဝင်္ကပါကို အသက်သွင်းနိုင်ဖို့အတွက် နက်နဲတဲ့ လေဟာနယ်ဉာဏ်အလင်းကို လိုအပ်တယ်”
“အခု ဒီဝင်္ကပါက ပျက်စီးသွားပြီ။ ဒါကို ပြန်ပြင်ချင်တယ်ဆိုရင် အရမ်းသန်မာတဲ့ လေဟာနယ်စွမ်းအင်ကို အသုံးပြုရလိမ့်မယ်”
သွမ်ချန်ကျီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“အရှင်မင်းကြီးက ဒီနေရာကို ဝင်ရောက်လာနိုင်တဲ့အတွက် တည်နေရာစွမ်းအားနဲ့ပတ်သတ်ပြီး ကောင်းကောင်းနားလည်ထားပုံရတယ်”
“ဒါပေမဲ့ အရှင်မင်းကြီးက ဝင်္ကပါနဲ့ပတ်သတ်ပြီး ဘယ်လောက်အထိ နားလည်ထားလဲမသိဘူး”
‘ဝင်္ကပါလား’
ဟန်မူယဲ့၏ ကျင့်ကြံခြင်းသည် ရောနှောနေသည်။ သူက ဓားတာအိုတွင် အထူးပြုထားသော်လည်း ကွန်ဖြူးရှပ်တာအို၊ အာခီမီလမ်းစဉ်နှင့် ပန်းပဲပညာတို့ကိုလည်း လေ့လာထားသည်။
သူက ဝင်္ကပါနှင့်ပတ်သတ်၍ ကောင်းကင်စက်ဝန်းဓားဝင်္ကပါမှလွဲပြီး တခြားဝင်္ကပါများကို မလေ့လာဘူးပေ။
ဟန်မူယဲ့၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် သွမ်ချန်ကျီက ညင်သာစွာ သက်ပြင်းချသည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးရဲ့ ဝိညာဉ်က နောက်ထပ် နှစ်တစ်ရာလောက်အထိ တောင့်ခံထားနိုင်ပါသေးတယ်။ အဲဒီအချိန်အတွင်းမှာ အရှင်မင်းကြီးက အနန္တကမ္ဘာဝင်္ကပါကို နည်းနည်းလောက် နားလည်သွားအောင် ကူညီပေးပါမယ်”
“အနန္တကမ္ဘာဝင်္ကပါက မရေမတွက်နိုင်တဲ့ ကမ္ဘာတွေကို ဖိနှိပ်ဖို့အတွက် နတ်ဘုရားခုံရုံးရဲ့ အခြေခံအုတ်မြစ်ပဲ။ စစ်တပ်တွေကို နေရာအနှံ့ဆီ ချက်ချင်းပို့နိုင်မှ လုံလောက်တဲ့ လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်လိမ့်မယ်”
သို့မဟုတ် အားကောင်းသောကျင့်ကြံသူများက ထိုကမ္ဘာများကို ဖိနှိပ်နိုင်သည်။
ယခင်က နတ်ဘုရားခုံရုံးသည် အနန္တကမ္ဘာဝင်္ကပါကြောင့် မရေမတွက်နိုင်သော ကမ္ဘာများကို ထိန်းချုပ်နိုင်ခဲ့သည်။
“အကြီးအကဲ၊ ကျွန်တော်က နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ချက်မရှိဘူး”
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ညင်သာစွာပြောသည်။
ဟန်မူယဲ့က အရာအားလုံးကို စတေး၍ ပျက်စီးလုနီးပါးဝိညာဉ်သာ ကျန်ရစ်ခဲ့သော အကြီးအကဲတစ်ယောက်ကို မလှည့်စားချင်ပေ။
“ဟားဟား၊ တချို့အရာတွေက ရည်ရွယ်ချက်ရှိတာနဲ့ပဲ မအောင်မြင်နိုင်ဘူးလေ”
“ပြီးတော့ တချို့အရာတွေက ရည်ရွယ်မထားရင်တောင် ဖြစ်လာကြတာပဲ”
သွမ်ချန်ကျီက ခပ်ဟဟရယ်ပြီး လက်ကိုဝှေ့ယမ်း၍ သုံးပေကျယ်ဝန်းသော အလင်းဝင်္ကပါကို ထုတ်ယူသည်။
ထိုအလင်းဝင်္ကပါသည် တဖျပ်ဖျပ်တောက်ပနေသည်။
အသက်ရှူကြိမ်သုံးခါအကြာတွင် အလင်းဝင်္ကပါသည် ပျောက်ကွယ်သွားသည်။
“အရှင်မင်းကြီး၊ သုံးရက်အတွင်းမှာ ဒီဝင်္ကပါကို ပုံတူပွားကြည့်ရင်ရော ဘယ်လိုလဲ”
သွမ်ချန်ကျီက မျှော်လင့်နေသောမျက်နှာထားဖြင့် တီးတိုးပြောသည်။
သုံးရက် ....
ဟန်မူယဲ့က အနည်းငယ် ကြောင်အသွားသည်။
သွမ်ချန်ကျီက စိုးရိမ်စွာ ပြောသည်။
“တကယ်လို့ မလုံလောက်ဘူးဆိုရင် ငါးရက် ....”
သူ့စကားမဆုံးခင် ဟန်မူယဲ့က လက်ကိုလှုပ်ရှား၍ အလင်းဝင်္ကပါကို ဖန်တီးလိုက်သည်။
တစ်ခါတည်း ပြီးသွားသည်။
သွမ်ချန်ကျီက အံ့အားသင့်နေသည်။
‘အရှင်မင်းကြီးက ဝင်္ကပါနဲ့ပတ်သတ်ပြီး ဘာမှမသိတဲ့ပုံစံမျိုး ဖြစ်နေတာမဟုတ်ဘူးလား’
“အရှင်မင်းကြီးက ဝင်္ကပါတွေကို လေ့ကျင့်ခဲ့ဖူးလား”
သွမ်ချန်ကျီက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ခေါင်းခါသည်။
“ကျွန်တော်က ဝင်္ကပါတစ်ခုကိုပဲ ကောင်းကောင်းလေ့ကျင့်ဖူးတယ်။ တခြားဝင်္ကပါတွေကို မသိဘူး”
သူလေ့လာထားသော ဝင်္ကပါသည် ကောင်းကင်စက်ဝန်းဓားဝင်္ကပါ ဖြစ်သည်။
‘အစီအရင်တစ်ခုတည်းလား’
‘တကယ်ကို တိုက်ဆိုင်သွားတာပဲ’
‘အရှင်မင်းကြီးက အခြေခံဝင်္ကပါကို လေ့လာထားတာဖြစ်လိမ့်မယ်’
သွမ်ချန်ကျီက ခေါင်းညိတ်လိုက်ပြီး လက်မြှောက်၍ နောက်ထပ်ဝင်္ကပါတစ်ခုကို ဖန်တီးသည်။
“အရှင်မင်းကြီး ဒီဝင်္ကပါကို သုံးရက်အတွင်း ပုံတူပွားကြည့်ရင်ရော”
သွမ်ချန်ကျီက မျှော်လင့်နေသောမျက်နှာထားဖြင့် တီးတိုးပြောသည်။
“သုံးရက်က မလုံလောက် ....”
သွမ်ချန်ကျီ၏ စကားမဆုံးခင် ဟန်မူယဲ့က လက်ညှိုးညွှန်၍ အလင်းဝင်္ကပါကို ကူးယူလိုက်သည်။
အလွန်ရှုပ်ထွေးသော ကောင်းကင်စက်ဝန်းဓားဝင်္ကပါနှင့် ယှဉ်လိုက်လျှင် ထိုဝင်္ကပါသည် အလွန်ရိုးရှင်းသည်။
သွမ်ချန်ကျီက မျက်မှောင်ကြုတ်လိုက်သည်။
ဟန်မူယဲ့က သူ့ကို လိမ်ညာမည်မဟုတ်ပေ။
သူ့ကို လိမ်ညာနေရန်လည်း မလိုအပ်ပေ။
ဟန်မူယဲ့က ဝင်္ကပါတစ်ခုကိုသာ အမှန်တကယ် လေ့လာဖူးခြင်း ဖြစ်လိမ့်မည်။
သို့သော် ထိုဝင်္ကပါသည် အဆင့်မြင့်သောကြောင့် တခြားအခြေခံဝင်္ကပါများသည် ဟန်မူယဲ့အတွက် လွယ်ကူနေလိမ့်မည်။
ထိုသို့ဆိုလျှင် ဟန်မူယဲ့၏ နားလည်နိုင်စွမ်းသည် ထူးခြားလိမ့်မည်။
အကယ်၍ ဟန်မူယဲ့က ဝင်္ကပါနှင့်ပတ်သတ်၍ နားလည်နိုင်စွမ်းကောင်းလျှင် နှစ်တစ်ရာအတွင်း၌ အနန္တကမ္ဘာခန်းဆောင်၏ ဝင်္ကပါစွမ်းအားကို အနည်းငယ် ထိန်းချုပ်နိုင်လိမ့်မည်။
ထို့ကြောင့် သွမ်ချန်ကျီက ပျောက်ကွယ်သွားရမည်ဆိုလျှင်ပင် ကျေနပ်မိသည်။
သွမ်ချန်ကျီက အပြုံးတစ်ခုနှင့်အတူ လက်ကို ဝှေ့ယမ်းသည်။
ဤတစ်ကြိမ်တွင် သုံးပေကျယ်ဝန်းသော ဝင်္ကပါသုံးခု ပေါ်လာခဲ့သည်။ ဝင်္ကပါသုံးခုသည် အချင်းချင်းထပ်နေပြီး တောက်ပသောအလင်းရောင်ကို ထုတ်လွှတ်ပေးသည်။
“ဒီဝင်္ကပါကို ဝင်္ကပါတွေရဲ့ အခြေခံဖြစ်တဲ့ နံပတ်သုံးအပေါ်မှာ အခြေခံထားတယ်။ လောကမှာရှိတဲ့ အရာအားလုံးက နံပတ်သုံးကနေ မွေးဖွားလာကြတယ်။ အမြင့်ဆုံးနံပတ်ကတော့ ကိုးပဲ ....”
သွမ်ချန်ကျီက ဆက်ပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က ရုတ်တရက် ပြောလိုက်သည်။
“ကြယ်သုံးစင်းဝင်္ကပါလား”
“ကောင်းကင်၊ မြေကြီး၊ လူသား၊ နေ၊ လ၊ ကြယ်တို့ရဲ့ မတူညီမှုတွေ။ ဒါမှမဟုတ် ရေ၊ မီး၊ မြေ၊ လေတို့ရဲ့ တစ်ခုနဲ့တစ်ခုအပေါ် ဖိနှိပ်မှု၊ ထောက်ပံ့မှုတွေ”
သူက လက်ချောင်းကို လှုပ်ရှားလိုက်ပြီး ဝင်္ကပါကို ဖန်တီးသည်။
ဝင်္ကပါသုံးခုသည် ဒေါင်လိုက်၊ အလျားလိုက်၊ အပေါ်အောက် စသည်ဖြင့် ဆင့်ကဲထပ်သွားသည်။
မွေးဖွားမှုသုံးခု၊ အရာအားလုံးစုစည်းခြင်း သုံးခု ....
သွမ်ချန်ကျီက နှုတ်ခမ်းတွန့်သွားပြီး ရေရွတ်သည်။
“ဒီလိုမျိုး ဝင်္ကပါစွမ်းရည် ....”
သူက လေးနက်သောမျက်နှာထားဖြင့် လက်မြှောက်လိုက်သောအခါတွင် များပြားလှသော ဝင်္ကပါများသည် ပေါ်ထွက်လာကြသည်။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ချက်ချင်းမလှုပ်ရှားဘဲ မျက်လုံးမှိတ်၍ ဖြည်းဖြည်းချင်း လေ့လာနေသည်။
အသက်ရှူကြိမ် ဆယ်ခါအထိ ဖြစ်သည်။
သူက မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် သွမ်ချန်ကျီက တီးတိုးရေရွတ်သည်။
“ဘယ်လိုလဲ”
ဟန်မူယဲ့က ခေါင်းခါသည်။
သွမ်ချန်ကျီ၏မျက်နှာထားက ရှုပ်ထွေးနေသည်။
သူက နောင်တရနေသော်လည်း စိတ်သက်သာသွားသည်။
“အကြီးအကဲက ၉၃၆ခုမြောက် ဝင်္ကပါမှာ အမှားလုပ်မိထားတာလား”
ဟန်မူယဲ့က ရုတ်တရက် ပြောလိုက်သည်။
သွမ်ချန်ကျီက ကြောင်အသွားပြီး ဖြည်းဖြည်းချင်း မျက်နှာနီရဲလာသည်။
‘ငါက ဘယ်သူမလို့လဲ’
သူက ဝင်္ကပါအစီအရင်ဖြင့် နတ်ဘုရားဘုရင်တစ်ပါး ဖြစ်လာပြီး အနန္တကမ္ဘာဝင်္ကပါကို ထိန်းချုပ်ထားသည်။ သူက ရှေးခေတ်နတ်ဘုရားခုံရုံး၏ နံပတ်တစ် ဝင်္ကပါပညာရှင် ဖြစ်သည်။
‘ငါဆွဲထားတဲ့ အခြေခံဝင်္ကပါတွေမှာ အမှားရှိနိုင်လို့လား’
အကယ်၍ သူက မျက်လုံးမှိတ်ထားပြီး ရေးဆွဲမည်ဆိုလျှင်ပင် အခြေခံဝင်္ကပါများကို မှားယွင်းစွာ ရေးဆွဲမိမည်မဟုတ်ပေ။
ဟန်မူယဲ့က လက်ညှိုးညွှန်လိုက်ပြီး ဝင်္ကပါတစ်ခုကို ဖန်တီးသည်။
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော အလင်းဝင်္ကပါများသည် ဆင့်ကဲဖြစ်ပေါ်လာကြသည်။
ဟန်မူယဲ့၏ရှေ့တွင်ရှိသော အလင်းဝင်္ကပါများသည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲလုနီးပါး တောက်ပနေသည့် ကြယ်များကဲ့သို့ ဖြစ်သွားကြသည်။
ဝင်္ကပါတစ်ရာ၊ သုံးရာ၊ ရှစ်ရာ၊ ကိုးရာ ....
ကိုးရာသုံးဆယ်ငါး ....
၉၃၅ခုမြောက်ဝင်္ကပါကို ဖန်တီးပြီးသောအခါတွင် ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းပြီး လှုပ်ရှားမှုများကို အဆပေါင်းသန်းချီ၍ နှေးကွေးလိုက်သည်။ စွမ်းအင်အမျှင်တန်းများသည် သူ့လက်ချောင်းထိပ်မှ ပေါ်ထွက်လာကြသည်။
“ဒီဝင်္ကပါမှာ ဒီစွမ်းအင်အမျှင်က ရေခဲစွမ်းအားကို သယ်ဆောင်ထားပေမဲ့ အကြီးအကဲက မီးစွမ်းအားကို အသုံးပြုလိုက်တယ်”
“စွမ်းအင်အမျှင်တစ်ခု ပြောင်းလဲသွားတဲ့အတွက် နောက်ထပ် ဆက်ဖြစ်လာမယ့် ဝင်္ကပါသုံးထောင်ရဲ့ စွမ်အားတွေကလည်း မသိမသာ ပြောင်းလဲသွားကြတယ်”
ဟန်မူယဲ့က ထိုဝင်္ကပါကို ဖန်တီးလိုက်ပြီး လျင်မြန်သောလှုပ်ရှားမှုဖြင့် ဝင်္ကပါများကို လှည့်ပတ်စေသည်။
ချက်ချင်းဆိုသလိုပင် ဝင်္ကပါက ပြီးပြည့်စုံသွားပြီး အလင်းစီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ သွမ်ချန်ကျီ၏ ဝင်္ကပါများနှင့် ယှဉ်လိုက်လျှင် အနည်းငယ် ကွဲပြားနေသည်။
“ဝီ”
ဝင်္ကပါက ပျောက်ကွယ်သွားသည်။ ဟန်မူယဲ့က သွမ်ချန်ကျီကို ကြည့်လိုက်သည်။ သွမ်ချန်ကျီက ကြောင်အစွာ ငေးမောနေပြီး အတွေးထဲတွင် မျောပါလျက် တီးတိုးပြောနေသည်။
“အရှင်မင်းကြီး၊ အနန္တကမ္ဘာဝင်္ကပါက ဘယ်ကနေ ရောက်လာတာလဲ အရှင်မင်းကြီး သိပါသလား”
ဟန်မူယဲ့က မသိပေ။
သွမ်ချန်ကျီကလည်း ဟန်မူယဲ့၏ အဖြေကို မျှော်လင့်ထားပုံမရပေ။
သူက ညင်သာစွာပြောသည်။
“အင်မော်တယ်တက်လှမ်းစင်မြင့်မှာ ထွင်းထုထားတဲ့ ဝင်္ကပါကို သုံးသပ်ပြီး အနန္တကမ္ဘာဝင်္ကပါကို ဖန်တီးခဲ့တယ်”
“အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဝင်ရောက်သွားတဲ့အချိန်မှာ ပြင်ပလောကနဲ့ ဆက်သွယ်ဖို့ အသက်ရှူကြိမ်ဆယ်ခါ အချိန်ရတယ်”
“ဝင်္ကပါကျင့်ကြံသူသုံးရာက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဝင်ရောက်သွားတဲ့အချိန်မှာ ဝင်္ကပါကို လျင်လျင်မြန်မြန်သုံးသပ်ကြည့်ပြီး ဉာဏ်အလင်းတွေကို ချန်ထားခဲ့ကြတယ်။ အဲဒီလိုနဲ့ အနန္တကမ္ဘာဝင်္ကပါကို ဖန်တီးခဲ့တယ်”
ကျင့်ကြံသူများသည် အင်မော်တယ်တက်လှမ်းစင်မြင့်၏ အသက်ရှူကြိမ်ဆယ်ခါကို အမွေအနှစ်များ လက်ဆင့်ကမ်းပေးခြင်း သို့မဟုတ် အင်မော်တယ်ကမ္ဘာ၏စွမ်းအားကို သုံးသပ်ခြင်းများ ပြုလုပ်ကြသည်။
ဝင်္ကပါကျင့်ကြံသူသုံးရာသည် အသက်ရှူကြိမ်ဆယ်ခါကို စတေးပြီး ကျင့်ကြံခြင်းလောကတွင် မရေမတွက်နိုင်သော ကြွယ်ဝမှုကို ချန်ရစ်ခဲ့ကြသည်။
“အကြီးအကဲ၊ ကျွန်တော့်ရဲ့တွက်ချက်မှုက မှားယွင်းသွားတာလည်း ဖြစ်နိုင်ပါတယ် ....”
ဟန်မူယဲ့က စကားမဆုံးသေးခင် သွမ်ချန်ကျီက လက်ကို ဝှေ့ယမ်းလိုက်သည်။
“အရှင်မင်းကြီးပြောတာ မှန်ပါတယ်”
“ဝင်္ကပါသုံးထောင်မပြည့်ခင်မှာ စွမ်းအားပြောင်းလဲမှုက နှစ်ဆတိုးသွားတယ်။ ဝင်္ကပါသုံးသောင်းကို ရောက်သွားရင် စွမ်အားကွာခြားချက်က အဆတစ်ရာအထိ ဖြစ်သွားတယ်”
“ဝင်္ကပါတစ်သိန်းဆိုရင်တော့ တည်ဆောက်လိုက်တဲ့ ဝင်္ကပါနှစ်ခုရဲ့ ကွာခြားချက်က အရမ်းများသွားလိမ့်မယ်”
သွမ်ချန်ကျီက တောက်ပနေသော မျက်လုံးများဖြင့် တီးတိုးပြောသည်။
“အဲဒါကြောင့် အနန္တကမ္ဘာဝင်္ကပါက မရေမတွက်နိုင်တဲ့ ကမ္ဘာတွေနဲ့ပဲ ဆက်သွယ်နိုင်ပြီး အင်မော်တယ်ကမ္ဘာကို တိုက်ရိုက်မဝင်ရောက်နိုင်တာပဲ”