ညီအစ်ကိုနှစ်ယောက် ပူးပေါင်းခြင်း
Vol. 57 Ch. 756
ထိုမိစ္ဆာနတ်ဘုရားနှစ်ပါးမှာ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်က ပျင်းရိပျင်းတွဲ ပြောသည်။ “မင့်အမေကို တွေ့ဖို့လာတာလား... မင်းမှာ ဖြတ်သန်းခွင့်လက်မှတ်ပါလား”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “မပါဘူးဗျ”
ကျန်နတ်ဘုရားတစ်ပါးက ဟိုကြည့်သည်ကြည့်ကာ အသံကို နှိမ့်လိုက်သည်။ “မင်းမှာ တောက်တောက်ပြောင်ပြောင်တွေ ရှိလား”
ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ “ဘာ တောက်တောက်ပြောင်ပြောင်တွေလဲ”
ထိုမိစ္ဆာနတ်ဘုရားက ဆူသည်။ “ဒီနေရာက အင်မတန် အန္တရာယ်များပြီး မကောင်းမှုလုပ်ခဲ့တဲ့ လူတွေကို ထိန်းသိမ်းထားတဲ့နေရာပဲ... ဒါပေမဲ့ မင်းမှာ လက်မှတ်လည်း မရှိ၊ ငါတို့ကို လက်ဆောင်ပေးဖို့ တန်ဖိုးရှိတဲ့ ပစ္စည်းလည်း မရှိနဲ့ ဝင်ချင်သေးတာပေါ့လေ... ကိုယ့်လမ်းကိုသာ ဆက်သွားပါလား”
ချင်မူမှာ အလျင်အမြန် ပြုံးလိုက်သည်။ “ကျွန်တော့်မှာ ရတနာတွေ ရှိပါတယ်... တျန်းချိကျွင်းရဲ့ ဒီလှေဆိုရင်ရော... ဖြတ်ကျော်ခွင့်လက်မှတ်အတွက် လဲလို့ရလား”
မိစ္ဆာနတ်ဘုရားက သရော်တော်တော် ပြော၏။ “လှေကို ဘာလုပ်ရမှာလဲ... ငါတို့မှ ဒီနေရာကနေ ထွက်မသွားနိုင်တာ...”
ကျန်နတ်ဘုရားမှာ လှေကို မြင်လျှင် အမူအရာ ပြောင်းလဲသွားပြီး သူ့ကို ကမန်းကတန်း တား၍ ချင်မူ့ဆီသို့ အားတုံ့အားနာ ပြုံးပြသည်။ “ဒီကောင် နောက်နေတာပါ... မင်း ဝင်သွားလို့ရပြီ”
ချင်မူ ကျေးဇူးတင်စကားဆိုး၍ ကျောက်စိမ်းအကျဉ်းထောင်တံခါးထဲ ဝင်လိုက်သည်။
“မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”
အနောက်မှ မိစ္ဆာနတ်ဘုရားနှစ်ပါး၏ အသံများ ထွက်လာ၏။ “ဒါက တျန်းချိကျွင်းရဲ့ လှေကွ... သူက လှေကို သူများတွေဆီ ငှားမယ့်လူလား... ငှားရော ငှားဖူးလို့လား... ဒီချင်ဖုန်းကျင့်ဆိုတဲ့လူက လှေငှားပေးရလောက်တဲ့အထိ တျန်းချိကျွင်း ယုံကြည်အားထားရတဲ့လူ ဖြစ်လောက်တယ်... မင်း သူ့ကို မောင်းထုတ်လိုက်လို့ သူ တျန်းချိကျွင်းဆီ တိုင်ပြောရင် မင်းနဲ့ငါ ဒုက္ခရောက်လိမ့်မယ်”
“အစ်ကိုကြီးက စဉ်းစားတတ်ပါပေတယ်... ကျွန်တော် စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်... ဒီလူငယ်နဲ့ တျန်းချိကျွင်းမှာ ဘယ်လိုပတ်သက်မှုမျိုး ရှိနေမလဲ မသိဘူး... လှေတောင် ငှားလိုက်တယ်ဆိုတော့ သူ့နောက်ခံက တော်တော်ကြီးလောက်တယ်”
“သူ့ကြည့်ရတာ ကောင်းကင်နတ်ဘုံက ဧည့်သည်ဖြစ်မယ်ထင်တာပဲ... ခဏလေး သူ့နာမည်က ဘာလဲ... သူ့ဆီက အမြစ်ထုတ်ဖို့ တွေးနေတာနဲ့ သေသေချာချာ မကြားလိုက်လို့”
မိစ္ဆာနတ်ဘုရားနှစ်ပါး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြသည်။ တစ်ယောက်က သတ္တိမွေး၍ ချင်မူ့ကို လှမ်းခေါ်သည်။ “ဟေ့ကောင်လေး ခဏလောက် ရပ်ပါဦး... မင့်နာမည်က ဘာလဲ ထပ်ပြောဖို့ရမလား”
ချင်မူ ခေါင်းလှည့်ကြည့်ကာ တောက်ပစွာ ပြုံးပြလိုက်၏။ “နတ်ဘုရားတို့ ကျွန်တော့်နာမည်က ချင်မူ ချင်ဖုန်းကျင့်ပါ”
နတ်ဘုရားနှစ်ပါး အကြီးအကျယ် အံ့အားသင့်သွားကြပြီး သူ ကျောက်စိမ်းအကျဉ်းထောင်တံခါးထဲ လမ်းလျှောက်ဝင်သွားသည်ကို ငေးကြည့်နေမိကြ၏။ ဤအချိန်တွင် မိစ္ဆာနတ်ဘုရားနောက်နှစ်ယောက်က တာဝန်အချိန် ပြောင်းယူရန် ရောက်လာကြကာ အပြုံးတစ်ခုဖြင့် ခေါင်းယမ်းလိုက်ကြသည်။ “လူတစ်ယောက် ကျောက်ိစမ်းအကျဉ်းထောင်တံခါးဆီ ရောက်လာတာကိုး... နောင်တော်တို့ သူ့ကို စစ်ဆေးပြီးသွားပြီလား”
နတ်ဘုရားနှစ်ယောက်မှာ ကြက်သေသေနေကြ၏။ အသစ်ရောက်လာသည့် နတ်ဘုရားများ မျက်မှောင်ကြုတ်သွားပြီး ရှေ့သို့ တိုးလိုက်သည့်အခါ သေးနံ့ရလိုက်သည်။ သူတို့ခြေထောက်အောက်၌ သေးကွက်များ ရှိနေချေသည်။
“ချင်...”
တစ်ယောက်က အထစ်ထစ်ငေါ့ငေါ့ ပြောသည်။ “ချင် ချင် ချင်... အမည်မပြောရတဲ့ အဲဒီတစ်ယောက် ပြန်ရောက်လာပြီ”
သူတို့၏အသံများမှာ အလွန်ကျယ်လောင်နေ၏။ “မကောင်းတော့ဘူး... အမည်မပြောရတဲ့ အဲဒီတစ်ယောက်က ပြန်ရောက်လာပြီး ကျောက်စိမ်းအကျဉ်းထောင်တံခါးထဲ ဝင်သွားပြီ... အသင့်ပြင်.. အသင့်ပြင်ကြ”
“နတ်ဘုရားတွေကို မြန်မြန်အကြောင်းကြား... အမည်မပြောရတဲ့ အဲဒီတစ်ယောက် သူ့အမေကို ခေါ်ဖို့ ပြန်ရောက်လာပြီ”
....
ကျောက်စိမ်းအကျဉ်းထောင်တံခါးထဲတွင် ချင်မူမှာ အနောက်မှ အော်သံများ ကြားလိုက်ရ၍ အံ့အားသင့်နေသည်။ သူ နောက်ပြန်လှည့်ကြည့်လိုက်ပြီး မိစ္ဆာနတ်ဘုရားလေးပါးမှာ သူ လှည့်ကြည့်နေသည်ကို မြင်လျှင် ကြောက်ဒူးတုန်သွားကြသည်။ ထို့နောက် ဘုန်းခနဲ လေးယောက်လုံး သတိလစ်သွားတော့၏။
‘အမည်မပြောရတဲ့ အဲဒီတစ်ယောက်ဆိုတာ ငါများလား”
ချင်မူ ဆွံ့အသွားပြီး တဟားဟား ရယ်လိုက်မိသည်။ သူက ခေါင်းယမ်းရင်း တွေးနေသည်။ ‘လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်နှစ်... ဟုတ်သား ငါက အခု နှစ်ဆယ့်နှစ်နှစ် ပြည့်ပြီ... ရွာလူကြီးက ငါ့အသက်က နှစ်ဆယ့်နှစ်နှစ်လို့ ပြောပေမယ့် ဘွားဘွားက နှစ်ဆယ့်တစ်နှစ်လို့ အမြဲငြင်းနေတာ... အခုတော့ အဖြေရပြီ သူတို့ရန်ဖြစ်စရာမလိုတော့ဘူး”
“ဟေ့ ခင်ဗျားတို့လေးယောက်”
သူက လှမ်းအော်ကာ စေတနာနှင့် သတိပေးလိုက်၏။ “ခင်ဗျားတို့ ထွက်မပြေးဘူးလား... ကျွန်တော် စားမှာ စောင့်နေတာလား”
သတိလစ်သွားသည့် မိစ္ဆာနတ်ဘုရားလေးယောက်မှာ ကမန်းကတန်း ပြန်ထကြပြီး မိစ္ဆာအလင်းတန်းများအသွင် ပြောင်းကာ ပျောက်သွားကြတော့သည်။
‘အစ်ကိုကြီးရဲ့ နာမည်က တော်တော် ဩဇာကြီးတာပဲ’
ချင်မူ သက်ပြင်းချမိသည်။ ကျောက်စိမ်းအကျဉ်းထောင်တံခါးခရီးမှာ သူ ထင်ထားသကဲ့သို့ မဟုတ်ဘဲ ထူးထူးဆန်းဆန်း အဆင်ပြေချောမွေ့နေသည်။
တံခါးဆီမှ ဗုံသံများ ထွက်လာပြီး အသတ်အဖြတ်အရှိန်အဝါလည်း ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များစွာ တံခါးမှ လာနေသည်ကို သူ ခံစားလိုက်ရ၏။ ဤနေရာတွင် စခန်းချထားသော စစ်သည်တော်အင်အားများစွာ ရှိလိမ့်မည်။ အတွင်း၌ ထိန်းသိမ်းခံထားရသော ဖြစ်တည်မှုများ မလွတ်မြောက်အောင် လုံခြုံရေးတင်းကြပ်စွာ ချထားကြလိမ့်မည်။
ချင်မူ သူ့စိတ်သူ ထိန်း၍ မျက်ခုံးနှစ်ဖက်ကြားအား ဖုံးထားသော မိုးမခသစ်ရွက်ကို ခွာလိုက်သည်။ သူက ခပ်တိုးတိုး ပြောလေသည်။ “အစ်ကိုကြီး၊ ကျွန်တော် အမေနဲ့ တွေ့ဖို့ ဒီလာတာ...”
သူ့မျက်လုံးများက ရုတ်တရက် နီရဲလာပြီး သူ့မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ “အစ်ကိုကြီးက အမေနဲ့ တွေ့ဖူးပေမယ့် ကျွန်တော်ကတော့ တစ်ခါမှ မမြင်ဖူးသေးဘူး... အမေက အစ်ကိုကြီးကို ချီပြီး ပွေ့ဖက်နမ်းရှုပ်ပေးခဲ့ပေမယ့် ကျွန်တော့်ကို တစ်ခါမှ မချီဖူး၊ မနမ်းခဲ့ဖူးဘူး... အစ်ကိုကြီးရဲ့ အမှားကြောင့်သာ မဟုတ်ရင် ကျွန်တော် အဖေနဲ့အမေနဲ့ တွေ့ခဲ့ရမှာ..”
သူ၏တတိယမျက်လုံးထဲတွင် ထူးဆန်းသော ကလေးကြီးသည် ထိုင်နေပြီး ကောင်းကင်သို့ မော့ကြည့်နေ၏။
ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်မှာ ငြိမ်ငြိမ်မနေနိုင်တော့ပေ။ ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက အော်ဟစ်လိုက်သည်။ “ချင်ဖုန်း.... ချင်မူ၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... မဆင်မခြင်မလုပ်နဲ့”
ချင်မူ့အသံ ထွက်လာသည်။ “ကိုယ့်မိဘနဲ့အတူ ဘယ်သူက ပျော်ပျော်မနေချင်ဘဲ နေပါ့မလဲ... ငယ်ငယ်တုန်းက မိဘရင်ခွင်ထဲမှာ မချွဲချင်တဲ့လူ ဘယ်သူရှိမလဲ.. ဒါပေမဲ့ ကျွန်တော့်မှာတော့ အခွင့်အရေးတောင် မရခဲ့ဘူး... အစ်ကိုကြီး၊ ကျွန်တော် အမေနဲ့ တွေ့ချင်တယ်.... ကျွန်တော့်အတွက် ဒီတစ်ခုတော့ လုပ်ပေးပါ... ဒီနေ့...”
သူ့အသံမှာ တုန်ရီကာ အက်ကွဲလာ၏။ “အစ်ကိုကြီးရဲ့ ခွန်အားကို ငှားဖို့ လိုတယ်... အစ်ကိုကြီး ကျွန်တော်က မိစ္ဆာသဘာဝကို မထိန်းနိုင်ပေမယ့် အစ်ကိုကြီးကတော့ ထိန်းချုပ်နိုင်တယ်... အစ်ကိုကြီးက ကောင်းကင်နတ်သိုင်းကို မထိန်းချုပ်နိုင်ပေမယ့် ကျွန်တော်က ထိန်းချုပ်နိုင်တယ်... အစ်ကိုကြီးချင်ဖုန်းကျင့် ထွက်လာပါ”
ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားနှင့် ချိဧကရာဇ်၏ အသိစိတ်အလျဉ်မှာ ဒေါသတကြီး ဆူနေကြသည်။ “မဆင်မခြင် မလုပ်နဲ့ ဟေ့ကောင်ရ”
မြေပြင်အထက်ရှိ ကောင်းကင်မှာ တုန်ခါသွားပြီး ချင်မူ၏အသိစိတ်အလျဉ် ဝင်ရောက်လာသည်။ “အစ်ကိုကြီး၊ ကျွန်တော်တို့ တစ်ယောက်တည်း ပေါင်းပြီး အမေနဲ့ သွားတွေ့ရအောင်”
ကလေးကြီးလည်း ကောင်းကင်သို့ ခုန်တက်ကာ ပျံထွက်သွား၏။
“မလုပ်နဲ့...”
ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားနှင့် ချိဧကရာဇ်၏ အသိစိတ်အလျဉ်မှာ ကောင်းကင်၏အပြင်သို့ အပြင်ထွက်ရန် ကြိုးစားလိုက်ကြသော်လည်း ရုတ်တရက် အတားအဆီးအစီအရင် အားကောင်းလာသည်ကိုသာ ခံစားလိုက်ကြရသည်။ ချင်မူက မိုးမခသစ်ရွက်ကို ပြန်ဖုံး၍ သူတို့ကို ချင်စာလုံးအတားအဆီးအစီအရင်ထဲ၌ ပြန်ပိတ်ထားလိုက်ခြင်း ဖြစ်လေသည်။
နှစ်ယောက်သား မြေပြင်ပေါ် ပြန်လည်ဆင်းသက်သာ ထိတ်လန့်နေကြတော့သည်။
“ချင်မူ ဒီကောင်စုတ်လေးကတော့... သူ မိစ္ဆာသဘာဝကို လုံးဝမထိန်းချုပ်နိုင်ဘူး... ချင်ဖုန်းကျင့်ကိုလည်း မထိန်းချုပ်နိုင်ဘူး”
ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားမှာ အမျက်တစ်ချောင်းချောင်း ထွက်နေပြီး စိုးရိမ်ကြောင့်ကြစွာဖြင့် ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ သူက လေအလယ်ရှိ ဗုဒ္ဓဆီသို့ မော့ကြည့်ကာ အလျင်စလို အော်ခေါ်လိုက်၏။ “ဗုဒ္ဓအိုကြီး၊ မြန်မြန်ထတော့ အရေးတကြီးကိစ္စကြီး ဖြစ်နေပြီ”
ဗုဒ္ဓသည် ကျိန်းနေသောကြောင့် သူ့စကားအား မကြားရပေ။
“ဒီဗုဒ္ဓကတော့ ဒီရောက်နေတာ ချင်ဖုန်းကျင့်ကို ဖိနှိပ်ဖို့လား အိပ်ဖို့လား” ချိဧကရာဇ်၏ အသိစိတ်အလျဉ်လည်း ဒေါသများဖြင့် ပြောနေသည်။
ချင်မူ့ခန္ဓာကိုယ်သည် တုန်ရီနေပြီး သူ၏ရုပ်ခန္ဓာက တဖြည်းဖြည်း ကြီးထွားလာသည်။ လက်များလည်း ပေါက်လာပြီး လည်ပင်းနှစ်ခု ထွက်လာ၏။ သူ့တွင် လက်ခြောက်ဖက်နှင့် ခေါင်းသုံးလုံး ရှိလာချေပြီ။
ခေါင်းတစ်လုံးက ကလေးတစ်ယောက်၏ မျက်နှာအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ တမုဟုတ်ချင်း ကြောက်မက်ဖွယ်ရာစွမ်းအား စီးမျောထွက်လာသည်ကို ချင်မူ ခံစားလိုက်ရ၏။
ထိုစွမ်းအားသည် ကောင်းကင်နန်းဆောင်များကို ဖွင့်လှစ်ခြင်းမှ ရရှိသော စွမ်းအားနှင့်မတူ။ သိုင်းအဆင့်တစ်ဆင့် တက်ရုံမျှနှင့် ဤကဲ့သို့စွမ်းအားမျိုး မရရှိနိုင်ပေ။ ဤစွမ်းအားသည် ယိုတုဥပဒေ၏ စွမ်းအား၊ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား၊ ယိုတုတာအို၏ စွမ်းအားပင် ဖြစ်၏။
ချင်မူ့အသွင်မှာ ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားတစ်ပါးအလား၊ ကြီးပြင်းထွားကြိုင်းလာသော နတ်ဘုရားတစ်ပိုင်းအလား... ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် နတ်ဘုရားတစ်ပိုင်း၏ အားသာချက်နှစ်မျိုးလုံး ပိုင်ဆိုင်ထားသည်။
“ညီဆိုးလေး၊ ငါ့ကို စွမ်းအားပေး.... မင်းက ဥပဒေကို ထိန်းချုပ်” ကလေးကြီးက ကလေးအသံဖြင့် ပြောသည်။
စွမ်းအားက သမုဒ္ဒရာလှိုင်းလုံးများသဖွယ် သူ၏ရုပ်ခန္ဓာထဲသို့ စီးဆင်းဝင်ရောက်နေကြောင်း ချင်မူ ခံစားရသည်။ သူ၏ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ကြီးထွားလာသည့်အပြင် ကြွက်သားများ ဖောင်းကြွမို့အစ်လာ၏။ ယိုတု၏ မဟာတာအိုဆီမှ အချက်အလက်ပေါင်းများစွာ သူ့ခေါင်းထဲ ဝင်လာကာ ယိုတု၏ကောင်းကင်နတ်သိုင်းများအား သူ့ကို တိုက်ရိုက်နားလည်လာစေသည်။
ချင်ဖုန်းကျင့်ဖြစ်သော ခေါင်းကြီးကြီးကလေးကြီးက မိစ္ဆာသဘာဝကို ထိန်းချုပ်နေသည့်အချိန် ချင်မူသည် ဥပဒေကို ခြယ်လှယ်နေ၏။
သူ့အရပ်သည် မြင့်မားသထက် မြင့်မားလာကာ နောက်ဆုံးတွင် တိမ်တိုက်များဆီသို့ ရောက်သွားပြီး တောင်တန်းများသဖွယ် အုပ်မိုးနေတော့သည်။
ထို့နောက် ချင်မူက မိုးမခသစ်ရွက်ကို ဖယ်လိုက်သဖြင့် ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်မှာ အပြင်ကမ္ဘာကို မြင်လိုက်ရကြသည်။ အတားအဆီးအစီအရင်သည် အလွန်ပါးလျနေပြီဖြစ်သည့်အတွက် ချိဧကရာဇ်က အတားအဆီးအစီအရင်ကို ချိုးဖျက်ရန် ကြိုးစား၏။ ကောင်းကင်နယ်စားမင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ထွက်ပြေးဖို့ ကြိုးစားမနေနဲ့တော့ ထွက်ပြေးလို့ မရဘူး... ချင်မူနဲ့ ချင်ဖုန်းကျင့်က တစ်ယောက်တည်း ပေါင်းသွားပြီး ယိုတုသားတော်ရဲ့ စွမ်းအားကို နှစ်ယောက်သား ခြယ်လှယ်နေကြပြီ... သူ အတားအဆီးအစီအရင်ကို ဖွင့်လိုက်တဲ့ အကြောင်းရင်းက သူ့လက်ရှိစွမ်းအားနဲ့ ငါတို့ တစ်ခုခုလုပ်မှာ မကြောက်ဘူးဆိုတဲ့ သဘောပဲ”
ချိဧကရာဇ်၏ အသိစိတ်အလျဉ်မှာ ကောင်းကင်သို့ ပျံတက်ကြည့်လိုက်ရာ အတားအဆီးအစီအရင် ထူလာသည်ကို ခံစားလိုက်ရသည်။ ထိုးဖောက်၍ ရနိုင်ခြေ မရှိတော့ပေ။
“လက်လျှော့လိုက်တော့”
ကောင်းကင်နယ်စားမင်းက သက်ပြင်းချသည်။ “ချင်မူ သူ့အစ်ကိုကြီး ထိန်းချုပ်တာ မခံရလောက်အောင် ဉာဏ်ကောင်းပါစေလို့ပဲ ဆုတောင်းကြတာပေါ့”
တံခါးထဲတွင် ကျောက်စိမ်းအကျဉ်းထောင်တံခါးကို စောင့်ရှောက်နေသော နတ်ဘုရားစစ်တပ်သည် နတ်ဘုရားအရှိန်အဝါများ ထုတ်လွှတ်လျက် မျှော်စင်ထက်၌ ရပ်နေကြ၏။ သူတို့က မြားများ၊ လေးများကို ကိုင်ကာ စူးရှသောအကြည့်များဖြင့် စောင့်စားနေကြသည်။
ဘုန်း ဘုန်း ဘုန်း
လေးပင်သော ခြေသံကြီးများ ထွက်လာပြီး တောင်တန်းမြေပြင်များ တသိမ့်သိမ့် လှုပ်ခတ်နေသည်။ နတ်ဘုရားများ၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာ၏။
“မကြောက်ကြနဲ့”
မိစ္ဆာစစ်သူကြီးသည် ခံ့ညားသော အသွင်အပြင်၊ ထူးခြားသော အဟန့်အထည် ရှိ၏။ သူ၏သိုင်းအဆင့်က အတိုင်းထက်အလွန် မြင့်မားပြီး ဤနေရာတွင် စစ်သူကြီးဖြစ်ကြောင်း ထင်ရှားသည်။ “မကြောက်ကြနဲ့.. မြေအောက်ဘုံအရှင်သခင်က သူ့ကို အနှစ်နှစ်ဆယ်ကျော် ချိတ်ိပတ်ထားပြီးသား... အခု အတားအဆီးအစီအရင်ကို ချိုးဖျက်လိုက်ရင်တောင် သူ့အစွမ်းအစတွေက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းကလောက်ပဲ ရှိလိမ့်မယ်... မြေအောက်ဘုံအရှင်သခင် ငါတို့ကို ပေးထားတဲ့ ရတနာတွေနဲ့ဆို သူ့ကို ကြောက်စရာမလိုဘူး”
သူက အော်လိုက်သည်။ “ငါတို့ ကျောက်စိမ်းအကျဉ်းထောင်တံခါးစစ်တပ်က ယိုတုသားတော်ကို ဘယ်တော့မှ မကြောက်ဘူး... သူ ဒီရောက်လာရင် သူ့ကို ရှင်းပစ်မယ်”
ဤအချိန်တွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားတစ်ပါး လမ်းလျှောက်လာသည်ကို မြင်တွေ့ရပြီး သူ့တစ်ကိုယ်လုံးတွင် ယိုတုအမှတ်အသားများ ဖုံးလွှမ်းနေ၏။ ထိုအမှတ်အသားများမှာ ယိုတု၏မဟာတာအိုအဖြစ် ပြောင်းလဲသွားကာ ဤနတ်ဘုရား၏အရေပြားအပေါ်၌ အလိုအလျောက် ခတ်နှိပ်ထားသယောင် ထင်ရသည်။
သူကား ခေါင်းသုံးလုံး ပေါက်နေသည်။ တစ်ခေါင်းက ကလေး၊ နှစ်ခေါင်းက လူငယ် ဖြစ်သည်။ ဤခေါင်းနှစ်ခေါင်းအနက် တစ်ခေါင်းတွင် အေးဆေးတည်ငြိမ်သော အကြည့်ရှိပြီး တစ်ခေါင်းတွင် စူးရဲတက်ကြွနေသော အကြည့် ရှိနေ၏။
နတ်ဘုရားစစ်သူကြီးမှာ ငေး၍ကြည့်ရင်း မျက်လုံးထောင့်စွန်းများ တွန့်နေသည်။ “ငါတို့တော့ သေပြီ... ငါတို့တော့ သေပြီ... သူ ကောင်းကင်နတ်သိုင်းတွေကို မသိသေးတုန်းက တိုက်ခိုက်လို့ရသေးပေမယ့် အခု သူ့ရဲ့ယိုတုကောင်းကင်နတ်သိုင်းတွေက ငါတို့ထက် အများကြီး အဆင့်မြင့်မားနေတယ်... ငါတို့တော့ သေပြီပဲ”
ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ချင်မူက နတ်ဘုရားစစ်တပ်အရှေ့သို့ လျှောက်လာကာ ထိုနတ်ဘုရားစစ်သည်တော်များကို ကြည့်သည်။
ချင်ဖုန်းကျင့်၏ ခေါင်းက စိတ်လှုပ်ရှားစွာ နှုတ်ခမ်းပါးနားသပ်နေ၏။ “ညီဆိုးလေးရဲ့ မင်းရဲ့အစွမ်းအစတွေနဲ့ဆို ဒီနေရာကို တစ်လုပ်တည်း စားပစ်လို့ရတယ်နော်... ဒီအကောင်သေးသေးလေးတွေ ဘယ်လောက်အရသာရှိမှန်း သိတာနဲ့ မင်းလည်း စားပြီးရင်း စားချင်လာလိမ့်မယ်... သူတို့က သိပ်စားကောင်းတယ်ကွ”
ချင်မူက ရုတ်တရက် ဦးညွှတ်အရိုအသေပေးကာ အလေးအနက် ပြောသည်။ “ကျွန်တော် အမေ့ဆီ လာတွေ့တာပါ... ကျွန်တော့်ကို မနှောင့်ယှက်ရင် ဘယ်သူမှ သေစရာမလိုပါဘူး... နောင်တော်တို့ ကျွန်တော့်ကို သွားခွင့်ပေးလို့ရမလား”
မိစ္ဆာနတ်ဘုရားစစ်သူကြီး၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ့အသံမှာ အက်ကွဲနေသည်။ “ငါက ဒီနေရာကို မြေအောက်ဘုံအရှင်သခင်ရဲ့ အမိန့်နဲ့ စောင့်....”
ဘုန်း
ချင်မူက တမုဟုတ်ချင်း သိုင်းလမ်းစဉ်မှ ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်ဘုံ၏ ဆန်းကြယ်တောင်ထွတ်များအလွန်မှ တစ်ကျော့ပြန် လက်ဝါးတစ်ထောင်။
လက်ဝါးများ၊ လက်သီးများ၊ မုဒြာများနှင့် လက်ချောင်းများက မိုးရွာကျသကဲ့သို့ ရွာကျလာပြီး မြေပြင်နှင့် ကောင်းကင်ကြေမွကုန်ကာ ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
မိစ္ဆာနတ်ဘုရားစစ်သူကြီးမှာ စခန်းအရှေ့ရှိ ချောက်နက်ကြီးကို ကြည့်ရင်း မျက်ခုံးလှုပ်သွား၏။ ချောက်ကြီး၏ အရွယ်အစားက နတ်ဘုရားစစ်တပ်၏ အရွယ်အစားနှင့် ကွက်တိတူလေသည်။
ဆိုလိုသည်က ချင်မူ၏သိုင်းကွက် သူတို့အပေါ်သို့ ရောက်လာခဲ့လျှင် အားလုံး မရှုမလှ အသက်ပျောက်သွားလိမ့်မည်။
“ယိုတုသားတော် ကျေးဇူးပြုပြီး ကြွပါ”
ခငျ်မူက ခြေလှမ်းလှမ်းပြီး ရပ်လိုက်၏။ မိစ္ဆာနတ်ဘုရားစစ်သူကြီး၏ နဖူးမှ ချွေးများ ကျနေသည်။ ချင်မူက ပြောလေသည်။ “လမ်းမသိလို့ လမ်းညွှန်လိုပါတယ် ကျေးဇူးပြုပြီး”
မိစ္ဆာနတ်ဘုရားစစ်သူကြီး အံကြိတ်ကာ စစ်တပ်ထဲမှ ပျံထွက်လာသည်။ သူက အလေးအနက် ပြောလိုက်သည်။ “ကျွန်တော်ကိုယ်တိုင် ယိုတုသားတော်အတွက် လမ်းပြပေးပါ့မယ်”
ချင်မူ ကျေးဇူးတင်လိုက်သည်။
မိစ္ဆာနတ်ဘုရားစစ်သူကြီးမှာ သတ္တိမွေး၍ ရှေ့မှ ဦးဆောင်သွားနေသည်။ သူ့လည်ပင်းဆီသို့ တစ်ယောက်ယောက် စိုက်ကြည့်နေသလို ခံစားရသဖြင့် သူ တိတ်တိတ်ကလေး ခိုးကြည့်လိုက်၏။ ဝဝကစ်ကစ်ကလေးကြီးက သူ့ကို ကြည့်ရင်း သွားရည်များကျနေသည်။
“ဝဝလေးနဲ့ အိစက်နေမယ့်ပုံပဲ... ညီလေး၊ ငါ တစ်ချက်လောက် လျက်ကြည့်ချင်တယ်.... သူ့ကို မစားပါဘူး စိတ်ချ... ဒီတိုင်း အရသာခံကြည့်ချင်လို့”
ယိုတုတွင် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် အားကောင်းသော ဖြစ်တည်မှုများ နိုးထလာကြသဖြင့် ရှေးဟောင်းနန်းဆောင်များ တုန်ခါမြည်ဟည်းနေ၏။
“ယိုတုသားတော် ပြန်ရောက်လာပြီလား”
“မြေအောက်ဘုံအရှင်သခင် သူ့ကို ပြည်နှင်ဒဏ်ပေးခဲ့တာတောင် သူက ပြန်လာရဲသေးတယ်လား”
“ငါတို့ ဒီတစ်ခေါက် သူ့ကို သတ်လိုက်ရင် မြေအောက်ဘုံအရှင်သခင် ဘာမှမပြောလောက်ဘူး ဟုတ်တယ်မလား”
“ကျောက်စိမ်းအကျဉ်းထောင်တံခါးဆီ သွားပြီး ကလဲ့စားချေစို့”
မြေအောက်ဘုံအရှင်သခင်၏ ကိုယ်ပေါ်တွင် အလင်းတန်းများသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကျောက်စိမ်းအကျဉ်းထောင်တံခါးဆီသို့ သွားနေကြ၏။ တမုဟုတ်ချင်း ယိုတုတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာတော့သည်။
မြေအောက်ဘုံအရှင်သခင်၏ တတိယမျက်လုံးထဲ၌ မရဏတမန်တော်မှာ အောက်ရှိ ရုတ်ရုတ်သဲသဲ အခြေအနေများကို ကြည့်ပြီး ရှေးဟောင်းအရှိန်အဝါများအား ခံစားနေရသည်။ သူ စိုးရိမ်ကြောင့်ကြလာ၏။ “မြေအောက်ဘုံအရှင်သခင်၊ ကျွန်တော်တို့ ဝင်ပါသင့်လား... ကောင်းကင်နတ်အရှင်မူ သူတို့ကို မတားနိုင်မှာ စိုးမိတယ်”
“သူက မြေအောက်ဘုံအရှင်သခင် နောက်တစ်ယောက်ပဲ”
မြေအောက်ဘုံအရှင်သခင်၏အသံသည် ခန်းမထဲမှ ပျံ့လွင့်လာ၏။ “အချုပ်အနှောင်ကင်းတဲ့ မြေအောက်ဘုံအရှင်သခင်တစ်ပါးက သူတို့ကို မတားနိုင်ဘဲ နေပါ့မလား”
မရဏတမန်တော် ရင်ထဲတွင် လှုပ်ခတ်သွားတော့သည်။