← Chapters

အမေနှင့် သား

Vol. 57 Ch. 758

အမေနှင့် သား

Vol. 57 Ch. 758

ချင်မူ မြေအောက်ဘုံအရှင်သခင် လူဝင်စားဆီသို့ ကြည့်လိုက်သည်။ လူဝင်စားသည် နဂါးဟန်ခေတ်တွင် ပြိုင်ဘက်ကင်းသော မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်ခဲ့လိမ့်မည်။ သို့သော် သူ လုပ်ခဲ့သော ပြစ်မှုများကြောင့် သံသရာအဆက်ဆက် ငရဲခံနေရ၏။

မြေအောက်ဘုံအရှင်သခင်ကား အမှားလုပ်လျှင် သူ၏လူဝင်စား၊ သူကိုယ်တိုင်ပင် ဖြစ်လင့်ကစား အလွှတ်ပေးမည်မဟုတ်ပေ။

သို့သော် နှစ်တစ်သန်းတိုင်တိုင် ငရဲခံပြီး ယခုအချိန်အထိ ငရဲမီးများ‌ လောင်ကျွမ်းနေသေးသော အခြေအနေမှတစ်ဆင့် မြေအောက်ဘုံအရှင်သခင်လူဝင်စား၏ လက်ချက်ကြောင့် ရှေးဟောင်းနတ်ဘုရားများနှင့် နတဘုရားတစ်ပိုင်းများ မည်မျှသေဆုံးခဲ့ရသည်ကိုလည်း မြင်နိုင်သည်။ မြေအောက်ဘုံအရှင်သခင်သည် ငရဲမီးလျှံသီလကျောက်တိုင် ရာပေါင်းများစွာဖြင့် သူ့ကိုယ်သူ ဖိနှိပ်ထားကာ အပြစ်ကြွေးများ ကြေစေရန် မျှော်လင့်ထား၏။

“လူပြန်ဝင်စားလာတဲ့ မြေအောက်ဘုံအရှင်သခင်က တော်တော် ဒေါသထွက်ခဲ့တာဖြစ်မယ်... ဒေါသထွက်လွန်းလို့ အချုပ်အနှောင်တွေကနေ ရုန်းထွက်ပြီး မိစ္ဆာစရိုက်လွှမ်းမိုးတာ ခံလိုက်တာပဲ”

ချင်မူ သူ့အစ်ကိုကြီးကို တွေးမိ၍ နှစ်ယောက်အား နှိုင်းယှဉ်မိသည်။ သတ်ဖြတ်လိုစိတ်ကြောင့် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသော မြေအောက်ဘုံအရှင်သခင်သည် ချင်ဖုန်းကျင့်နှင့် မတူပေ။

ချင်ဖုန်းကျင့်က ရက်စက်သော်လည်း မသိနားမလည်သော ကလေးတစ်ယောက်သာ ဖြစ်သည်။ ချင်ဖုန်းကျင့်သည် မိစ္ဆာစရိုက်၏ ထိန်းချုပ်ခြင်း ခံထားရ၍ သတ်ရန်သာ သိကြောင်း လူအတော်များများ ချင်မူ့ဆီ ပြောပြဖူးကြ၏။ သို့သော် သူ့အစ်ကိုကြီးက မိစ္ဆာစရိုက်၏ ထိန်းချုပ်ခံထားရခြင်းမဟုတ်ဘဲ မိစ္ဆာစရိုက်ကို ထိန်းချုပ်ထားသူဖြစ်သည်ဟု ချင်မူ ခံစားရသည်။

မြေအောက်ဘုံအရှင်သခင်လူဝင်စား လုပ်ခဲ့သောအရာနှင့် ချင်ဖုန်းကျင့် လုပ်ခဲ့သောအရာကို နှိုင်းယှဉ်ကြည့်လျှင် ဤအချက်က ပို၍ပင် ခိုင်မာလာသည်။

“ရှေ့နည်းနည်း ဆက်လျှောက်သွားရင် ချင်ဖုန်းကျင့် အပြစ်ခံရမယ့်နေရာပဲ”

လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မှာ တွန့်ဆုတ်သွားပြီးနောက် ပြော၏။ “ငါ မင်းတို့ကို ဒီနေရာအထိ ပို့ပေးမယ်... အထဲတော့ မဝင်တော့ဘူး”

ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နည်းနည်းပဲ လိုတော့တာမလား... ကျွန်‌တော်တို့ အဲဒီရောက်တာနဲ့ နောင်ကြီးကို အတင်းဆွဲမထားတော့ပါဘူး”

လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မှာ အားတင်းလိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။ အရှေ့တွင် ငရဲမီးလျှံသီလကျောက်တိုင်များစွာ ရှိပြီး သုံး၊ လေး၊ ငါးမိုင်ခန့် လျှောက်ပြီးသည့်အခါ ပတ်ဝန်းကျင်သည် ရှင်းလင်းလာ၏။ စိမ်းစိုနေသော တောင်တန်းများကို မြင်ရသည့်အပြင် သေးငယ်သော မြစ်လေးများသည် တောင်တန်းများဆီမှ စီးဆင်းလာကာ လယ်ခင်းများကို ဖြတ်၍ ရေကန်ထဲ ဝင်ရောက်သွား၏။

လယ်ခင်းထဲတွင် ကြက်နဂါးများက အုံးအွမ်အော်ဟစ်နေသော ခြေသုံးချောင်းဖားပြုပ်များနောက်သို့ ပြေးလိုက်နေကြသည်။ ကျန်ကြက်နဂါးများက လယ်ကန်သင်းပေါ်တွင် ရပ်နေကြပြီး ရေကန်ထဲမှ ခုန်ထွက်လာသော ဖားပြုပ်များကို ဒေါသတကြီး ထိုးဆိတ်နေကြသည်။

ချင်မူ မှင်သက်သွားတော့သည်။ ယိုတုတွင် စိမ်းစိုနေသော တောင်တန်းများက မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။ မီးတောင်များ၊ ချော်ရည်များ၊ မကောင်းဆိုးဝါးများ ပြည့်နှက်နေသင့်သည် မဟုတ်ပါ၏လော။

သို့တိုင်အောင် ကျောက်စိမ်းအကျဉ်းထောင်တံခါးဟု ထင်ရှားသော ဤနေရာ၊ မကောင်းဆိုးဝါးများကို ဖိနှိပ်ဖမ်းချုပ်ထားသော တားမြစ်နယ်မြေတွင် အစိမ်းရောင်တောင်တန်းများနှင့် အပြာရောင်ရေပြင်များ ရှိနေသည်။ အမှန်တကယ်ပင် ထူးဆန်းလှ၏။

ချင်မူ တောင်အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ အိမ်လေးများအား မြင်ရသည်။ အိမ်များအရှေ့တွင် လယ်သူမများသည် ပိုးစာရွက်များ ခူး၍ ပိုးကောင်များကို ကျွေးနေကြသည်။

ကောက်ရိတ်နေသော လယ်သမားများလည်း ရှိ၏။

ဤနေရာသည် ယိုတုနှင့်မတူပေ။ ကြောက်မက်ဖွယ်ရာ အပြစ်သားများကို အကျဉ်းချထားသော တားမြစ်နယ်မြေနှင့်လည်း လားလားမျှမတူ... မဟာမြို့ပျက်ထဲက အေးချမ်းသာယာသည့် ရွာလေးပမာ ထင်ရသည်။

“သူတို့ကိုယ်ပေါ်မှာ ငရဲမီးလျှံတွေ မရှိတော့ဘူး... ရှိခဲ့ရင်တောင်မှ ငြိမ်းသေသွားတာ ကြာပြီ”

လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်က ခပ်တိုးတိုး ပြောသည်။ “အဲဒီတုန်းက သူတို့ ယိုတုထဲ တိုးဝင်လာတော့ ထောက်ချောက်ထဲမှ တည့်တည့်ဝင်တိုးသလို ဖြစ်သွားတယ်... ယိုတုမှာ ကောင်းကင်နတ်ဘုံကနေ လွှတ်ထားတဲ့ ဘုရင်ခံလေးပါးအပြင် တခြားအာဏာပိုင်တွေလည်း ရှိနေတာလေ... သူတို့ဝင်လာတော့ ပုန်းလျှိုကွယ်လျှိုး နေခဲ့ရပြီး မင်းကို မွေးတဲ့အချိန်မှာ ကောင်းကင်နတ်ဘုံသားတွေ လိုက်မှီလာတယ်.. အဲဒီနောက်ပိုင်း ဖြစ်ခဲ့တာတော့ မင်းမှတ်မိမှာပါ ဟုတ်တယ်မလား”

ချင်မူ ခေါင်းယမ်းလိုက်၏။ “ကျွန်တော့်အစ်ကိုကြီးကတော့ မှတ်မိလိမ့်မယ်... ကျွန်တော် အဲဒီတုန်းက မမွေးသေးဘူး”

“အမေ့ကို ရိုက်တဲ့ကောင်တွေအားလုံး ငါ စားပစ်လိုက်တယ်” ချင်ဖုန်းကျင့်က ရက်စက်ကြမ်းကြုတ်စွာ ပြောသည်။

“အဲဒီတုန်းက မင်းက သိပ်ကြမ်းတာာပဲ... ယိုတုမှာ စခန်းချထားတဲ့ ဘုရင်ခံလေးပါးရဲ့ စစ်တပ်ကြီးကို ဖျက်စီးတဲ့အပြင် သူတို့လေးယောက်စလုံးကိုလည်း ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ခဲ့တယ်... သူတို့စွမ်းအင်တွေက အခုထိတောင် အရင်အတိုင်း ပြန်မဖြစ်သေးဘူး”

လက်ဝဲယံဝိညာဉ်အစောင့်အရှောက်က ပြောသည်။ “ဘုရင်လေးပါးကလည်း ကောင်းတဲ့လူတွေတော့ မဟုတ်ဘူး... ယိုတုမှာ သူတို့ရဲ့ အဆက်အသွယ်တွေ တစ်ပုံကြီးရှိတော့ ယိုတုရဲ့အာဏာပိုင်တွေကို ဖိတ်ခေါ်ခဲ့တယ်... ဒါပေမဲ့ အဲဒီအာဏာပိုင်တွေလည်း အရိုက်ခံရရင် ခံရ၊ မခံရင် အစားခံရတယ်... အဲဒီလိုနဲ့ ရှေးဟောင်းဖြစ်တည်မှုတွေ စိတ်ဝင်စားလာပြီး သူတို့လည်း မလွတ်ပါဘူး... အဲဒီအချိန်တုန်းက ယိုတုက တော်တော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့တာကွ... ယိုတုနဲ့ မဆိုင်တဲ့ သိုင်းပညာရှင်တချို့လည်း ခိုးဝင်လာပြီး ပွဲလာကြည့်ကြတယ်လေ... နောက်ဆုံးတော့ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်တာနဲ့ မြေအောက်ဘုံအရှင်သခင်မှာ မင်းကို ချိတ်ပိတ်လိုက်ရုံအပြင် ရွေးချယ်စရာမရှိတော့တာပဲ... မင်းအမေက မင်းကိုယ်စား အပြစ်ခံပေးလို့ ဒီနေရာမှာ ချုပ်နှောင်ခံထားရတာ.. ချင်ဖုန်းကျင့်၊ သွား မင်းအမေနဲ့ သွားတွေ့တော့”

သူက ခဏရပ်ကာ ဆက်ပြောသည်။ “ဒါပေမဲ့ သူ့ကို ခေါ်ထုတ်သွားဖို့တော့ မတွေးနဲ့... အဲဒီတုန်းက မင်းတို့ကို ကာကွယ်ပေးဖို့ မြေအောက်ဘုံအရှင်သခင်လည်း အတော်လေး အားထုတ်ခဲ့ရတယ်... မဟုတ်ရင် မင်းတို့တွေ သေတာ ကြာပြီ... အဲဒီကိစ္စက မင်းအမေကို မင်းကိုယ်စား ငရဲခံခိုင်းလိုက်ရုံလောက် မရိုးရှင်းဘူး... ယိုတုထဲ ခိုးဝင်လာတဲ့ သိုင်းပညာရှင်တွေကလည်း ပွဲကြည့်ဖို့အတွက်နဲ့တင် လာတာမဟုတ်တော့ အန္တရာယ်တွေက နေရာတိုင်းမှာ ရှိနေခဲ့တယ်”

ချင်မူ တိတ်ဆိတ်သွားသည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်တုန်းက ပွဲကြည့်ရန် ရောက်လာခဲ့ကြသော အစွမ်းထက်ဖြစ်တည်မှုများ အမှန်တကယ် ရှိခဲ့သည်။ သူ သိထားသလောက် ဗြဟ္မဗုဒ္ဓနှင့် ကောင်းကင်နယ်စားမင်းလည်း သူတို့၏ကိုယ်ပွားများကို စေလွှတ်ခဲ့၏။

ထို့အပြင် ကောင်းကင်ယင်သားတော်လည်း ယိုတုထဲ ဝင်လာခဲ့သည်။

ဤလူများက သူ သိထားသလောက်သာ ရှိသေးသည်။ သူ မသိသေးသော သိုင်းပညာရှင်များစွာလည်း ရှိနေလိမ့်မည်။

“ဒါ့အပြင် မြေအောက်ဘုံအရှင်သခင်က မင်းနဲ့ မင့်အမေကို ပြဿနာမရှာခဲ့ဘူး... ဒီတော့ မြေအောက်ဘုံအရှင်သခင်ကို ဒုက္ခမပေးပါနဲ့”

လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်က ပြောသည်။ “သူ့ကို ခေါ်မသွားနဲ့... ဒီနေရာမှာ သူ အဆင်ပြေတယ်... အပြင်မှာက အန္တရာယ်ပိုများတယ်... ပြီးတော့ မင်းလည်း အပြင်ထွက်ရင် ဂရုစိုက်”

ချင်မူ အရိုအသေပေးလိုက်၏။ “ကျေးဇူးအများကြီးတင်ပါတယ် နောင်ကြီး”

ချင်ဖုန်းကျင့်က တခဏစဉ်းစားသွားပြီး ပြောသည်။ “ဒီတစ်ခေါက်တော့ ငါ မင်းကို မစားတော့ဘူး... ဒါပေမဲ့ နောက်တစ်ခေါက် ငါနဲ့ တွေ့ရင် မြန်မြန်ပြေး... မင်းကို ဖမ်းမမိသရွေ့ မစားဘူး... မမေ့နဲ့နော် မြန်မြန်ပြေးရမယ်”

လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်သည် ပြုံးလိုက်ပြီး လှည့်ပြန်သွား၏။

ချင်မူ တောင်ခြေရှိ ရွာလေးကို ကြည့်နေမိပြီး သူ၏ခံစားချက်များမှာ အလွန်လှိုင်းထန်နေတော့သည်။ နောက်ဆုံးတော့ သူ့စိတ်သူ ထိန်း၍ ရှေ့ဆက်လျှောက်သွားသည်။

သူ၏ခန္ဓာကိုယ်သည် သေးသထက် သေးလာပြီး အလွန်ကြီးမားလှသည့် လူ့ဘီလူးကြီးအရွယ်မှ သာမန်လူအရွယ်အစား ပြန်ဖြစ်သွား၏။

သူ့ခြေလှမ်းများက သွက်လာသော်လည်း တုံ့ခနဲ ရပ်သွားသည်။ ချင်ဖုန်းကျင့်က ရှေ့ဆက်မလျှောက်တော့ပေ။

ချင်မူ ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်မိသည်။ “အစ်ကိုကြီး၊ အမေ့ကို အစ်ကိုကြီး အတွေ့ချင်ဆုံး မဟုတ်လား”

“သူက ငါ့ကို မတွေ့ချင်ဘူး”

ချင်ဖုန်းကျင့်က ခေါင်းငိုက်စိုက်ကျသွားကာ ခါးသီးနေသောအသံဖြင့် ပြောလေသည်။ “ငါ့ကို ချိတ်ပိတ်ဖို့ ကျောက်စိမ်းလည်ဆွဲ ဆွဲပေးခဲ့တာ သူလေ... ငါ့ကို ကြည့်နေတဲ့ သူ့မျက်ဝန်းတွေထဲက အကြောက်တရားကို ငါ အခုထိ ခံစားနေရတုန်းပဲ... သူ ကြောက်နေမှာ ငါ မမြင်ချင်ဘူး... ငါ အတားအဆီးအစီအရင်ထဲ ပြန်ဝင်တော့မယ်... မင်းပဲ သူနဲ့ သွားတွေ့လိုက်... ပြီးတော့ ငါ့ကို သေသေချာချာ ချိတ်ပိတ်ထားတယ်၊ ငါ ထွက်မလာနိုင်ဘူး ဆိုတဲ့အကြောင်း ပြောပေးဦး... မကြောက်တော့နဲ့လို့...”

ချင်မူ့ရင်ထဲတွင် ပြောပြမတတ်သည့် ခံစားချက်တစ်မျိုး ပေါက်ဖွားလာ၏။ စွမ်းအားသည် တဖြည်းဖြည်း လျော့နည်းသွားပြီး သူ့ကိုယ်ထဲရှိ သူနောက်တစ်ယောက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

ချင်ဖုန်းကျင့်ကား ချင်စာလုံးမြေပြင်ဆီသို့ ပြန်ရောက်သွားချေပြီ။

ချင်မူ ငိုင်လျက် ကျန်ခဲ့သည်။ ချင်စာလုံးမြေပြင်တွင် ခေါင်းကြီးကြီးကလေးကြီးလည်း ငူငူငိုင်ငိုင်ဖြင့် ထိုင်နေသည်။

တခဏကြာသော် ကလေးကြီးက လေးဖက်ထောက် လျှောက်သွားပြီး ဒေါသဖြေရန် ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်ကို လိုက်ရှာတော့သည်။

ချင်မူ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင်ကို ဖယ်ရှားလိုက်ရင်း တောင်ခြေရွာလေးဆီသို့ လမ်းလျှောက်သွား၏။

ရွာလေးနှင့် သူ တရွေ့ရွေ့ နီးကပ်လာသည်။ ရွာလေးသည် အေးချမ်းသာယာလှ၏။ လယ်ခင်းထဲရှိ ရွာသားများက ခါးမတ်လိုက်ကြပြီး သူ လျှောက်လာသည်ကို မြင်လျှင် ငေးကြည့်နေကြသည်။

ချင်မူ ပြုံးပြလိုက်ပြီး ‌ဖော်ဖော်ရွေရွေ ခေါင်းညိတ်ပြလိုက်သည်။

လယ်သမားလည်း သူ့အပြုံးကြောင့် ပြုံးလိုက်မိကြကာ ခေါင်းပြန်ညိတ်ပြကြသည်။

“တော်တော် ရုပ်ဆင်တာပဲ”

လယ်သမားတစ်ယောက်က ခပ်တိုးတိုးရေရွတ်နေသည်။ “သူက ဘုရင်ကျန်းနဲ့ တော်တော်ရုပ်ဆင်တယ်နော်... ဘယ်သူများပါလိမ့်”

ချင်မူ ရွာအဝင်ဝသို့ ရောက်သည့်အခါ ပိုးကောင်များကို အစာကျွေးနေသော အမျိုးသမီးများက သူ့ကို မြင်သွားကြသည်။ သူတို့က သူ့ကို အကဲခတ်ကာ မျက်လုံးများ တောက်ပလာ၏။ ဤအမျိုးသမီးများသည် ကောင်းကင်နန်းဆောင်အဆင့်အထိ ကျင့်ကြံထားသော နတ်ဘုရားများ ဖြစ်သည့်အတွက် ဖျင်ကြမ်းအဝတ်ထည်တို့ကို ဝတ်ထားကြသော်လည်း အလှတရားမှာ မတိမ်မြုပ်သွားကြပေ။

ချင်မူ တောက်ပစွာ ပြုံးပြကာ ပြောလိုက်သည်။ “မမကြီးတို့၊ ကျွန်တော့်နာမည်က ချင်ဖုန်းကျင့်လို့ ခေါ်ပါတယ်ဗျ... ကျွန်တော်က ရွှင်ပျော်ပျော်ကျေးရွာသား ဖြစ်ပြီး မဟာမြို့ပျက်ထဲမှာ ကြီးပြင်းလာခဲ့ပါတယ်... ကျွန်တော့်အသက်က ဒီနှစ်ဆို နှစ်ဆယ့်နှစ်နှစ် ပြည့်ပါပြီဗျ... ကျွန်တော် အမေ့ကို ရှာဖို့ ဒီရောက်လာတာပါ”

ရွာထဲရှိ အမျိုးသမီးအားလုံး ကြက်သေသေသွားကြပြီး ဝါးခြင်းတောင်းများ မြေပြင်ပေါ် ပြုတ်ကျသွားကြကာ ပိုးစာရွက်များ လွင့်စင်ပြန့်ကြဲကုန်၏။

ရွာထဲတွင် ချည်ယက်နေသော အမျိုးသမီးတစ်ယောက်မှာ ရုတ်တရက် တုန်ရီသွားပြီး သူ့ဆီသို့ လှည့်ကြည့်လေသည်။

ချင်မူ သူ့မျက်နှာကို မြင်လိုက်ရသည်။ ထိုမျက်နှာသည် သူ့အဖေ ချင်ဟန်ကျင်း၏သင်္ဘောအပေါ်တွင် မြင်ခဲ့ရသော မျက်နှာ၊ သူ နေ့နေ့ညည လွမ်းဆွတ်နေခဲ့ရသော သူ့အမေ၏ မျက်နှာပင် ဖြစ်ချေ၏။

တစ္ဆေတောင်ကြား၏ သင်္ဘောအထဲသို့ သူ ရောက်သွားခဲ့တုန်းက သူ့မိဘနှစ်ပါး သင်္ဘောအား ရွှင်ပျော်ပျော်ကျေးရွာမှ မဟာမြို့ပျက်ဆီသို့ မောင်းနှင်လာခဲ့သော သမိုင်းပုံရိပ်ကို မြင်တွေ့ခဲ့ရသည်။

ထိုအချိန်က သူ့မိဘနှစ်ပါးကို ပထမဆုံး မြင်ခဲ့ရပြီး ဤကမ္ဘာပေါ်တွင် သူ၏မိသားစု ရှိနေသေးကြောင့် ပထမဆုံး သိခဲ့ရသော အချိန်လည်း ဖြစ်သည်။

ထိုမြင်ကွင်းကို သူ ဘယ်‌သောအခါမှ မမေ့နိုင်ခဲ့ပေ။

ယက်ကန်းစင်အရှေ့ရှိ အမျိုးသမီးသည် ထရပ်လိုက်ပြီး မည်သို့လုပ်၍ မည်သို့ကိုင်ရမှန်း မသိဖြစ်နေသော အမူအရာဖြင့် သူ့ကို ကြည့်နေသည်။ ဖျင်ကြမ်းအထည်ကိုသာ ဝတ်ထားသော်လည်း သူမသည် ဣန္ဒြေသိက္ခာအပြည့်ဖြင့် ကြော့ရှင်းလှပနေ၏။ သို့သော် သူမမှာ အကြီးအကျယ် အံ့အားသင့်နေ၍ လက်နှစ်ဖက်သို့ မည်သည့်နေရာ ထားရမှန်း မသိဘဲ ပျာယာခေတ်နေလေသည်။

သူမက ရွာအဝင်ဝဆီ လူငယ်လေးကို ကြည့်ရင်း လဲကျတော့မလို ခြေလှမ်းများဖြင့် လျှောက်လာနေသည်။ သူမသည် ချည်ရစ်ထားသော သစ်သားတန်းများကို တွန်းဖယ်၍ ရေပုံးတစ်ပုံးကို ခလုတ်တိုက်ကာ မှောက်လျက်သား လဲကျတော့မလို ဖြစ်သွား၏။

“ဖုန်းကျင့်... ဖုန်းကျင့်လား” သူမက အဝေးမှ လှမ်းမေးသည်။

“အမေ”

ချင်မူ မြေကြီးပေါ်တွင် ဒူးထောက်ပြီး ရှိခိုးဦးချလိုက်သည်။ “အမေ့သား ပြန်ရောက်ပါပြီ”

နွေးထွေးသော်လည်း တုန်ရီနေသော လက်တစ်စုံက သူ့ကို ထူနေပြီး နူးညံ့ကြင်နာသော မျက်ဝန်းတစ်စုံသည် သူ့ကို လွမ်းမောစွာ ကြည့်နေ၏။ သူမက တုန်ယင်နေသောအသံဖြင့် မေးလေသည်။ “ဖုန်းကျင့်လား... အမေ သားကို လွမ်းနေတာကွယ်...”

“အမေ အိပ်ပျော်သွားတိုင်း သားလည်ပင်းမှာ‌ ကျောက်စိမ်းလည်ဆွဲကို ဆွဲပေးမိလိုက်တဲ့ အမေ့ကိုယ်အမေ အမြဲ အိပ်မက်မက်တယ်... သား ခြင်းထဲမှာ သေသွားတဲ့ အိပ်မက်တွေ... အပြင်က ရန်သူတွေ သားကို သတ်နေတဲ့ အိပ်မက်ဆိုးတွေကြောင့် အမေ အမြဲလန့်လန့်နိုးခဲ့ရတာ သားရယ်”

“အမေ သားကို တစ်ရက်မှ မမေ့နိုင်ပါဘူး... သား အဆင်ပြေရဲ့လား... အန္တရာယ်တွေနဲ့ တွေ့နေမား အမြဲစိတ်ပူနေခဲ့ရတာ အမေ့သားလေးရယ်...”

....

ချင်မူ နွေးထွေးစွာ ပြုံးပြီး သူမလက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ “အမေ သား ပြန်ရောက်လာပါပြီ”

“အမေ့သား ပြန်လာပြီ” အမျိုးသမီးမှာ မျက်ရည်များစီးကျနေပြီး သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သူမမှာ အိပ်မက်ဖြစ်နေမည်စိုး၍ မလွှတ်ရဲပေ။ အိပ်မက်တစ်ခုလို သူ ပျောက်ကွယ်သွားမည်ကို သူမကြောက်သည်။

လယ်သမားများ ရောက်လာကြပြီး အမေနှင့်သားကို ကြည့်နေကြသည်။ အမျိုးသမီးများလည်း လျှောက်လာကြကာ နူးညံ့ကြင်နာသောအသံများဖြင့် ပြောကြ၏။ “အိမ်ရှေ့စံကြင်ယာတော်၊ မင်းသားလေး ပြန်ရောက်လာတာ ကောင်းတဲ့အရာပါ ဝမ်းမနည်းပါနဲ့”

“ဒါက ပျော်ရွှင်ရမယ့်ကိစ္စ မဟုတ်လား”

အမျိုးသမီးတစ်ယောက်က ပြုံးလျက် ပြောသည်။ “ကျွန်မ ဖားသွားကောက်ပြီး ကြက်သွားဖမ်းဦးမယ်... ဒီနေ့ စားပွဲသောက်ပွဲကြီး ကျင်းပကြတာပေါ့.... လက်ဝဲယံ လက်ထောက်ဝန်မင်း၊ လာ ဖားသွားကောက်စို့... ကန်ထဲက ငါးတွေလည်း ဖမ်းရမယ်”

လက်ဝဲယံ လက်ထောက်ဝန်မင်းက အလျင်အမြန် ပြော၏။ “ရွာအဝင်ဝက အသီးအရွက်တွေလည်း ခူးကြမယ်... မြန်မြန်ပြင်ဆင်ကြစို့”

“တောင်ပေါ်မှာလည်း သစ်သီးတွေ ရှိတယ်... ကျုပ် သွားခူးလိုက်မယ်”

သူတို့အားလုံး အလုပ်များသွားကြပြီး ချင်မူ့အမေမှာ အိပ်မက်ဖြစ်နေမည်စိုး၍ ချင်မူ့ဆီမှ အကြည့်မခွာပေ။ ချင်မူက သူမကို ဒုက္ခိတဘိုးဘွားကျေးရွာ၏ အကြောင်း၊ အဘိုးအဘွားများ သူ့ကို မည်သို့ပြုစုပျိုးထောင်ပေးခဲ့ပုံ၊ ကြက်နဂါးများ သူ့ကို မည်သို့လိုက်ဆိတ်ကြပုံ၊ မာန်ဟုန်မြစ်ဘေး၌ မည်ကဲ့သို့လေ့ကျင့်ရေး ဆင်းခဲ့ရပုံတို့ကို စီကာပတ်ကုံး ပြောပြနေသည်။

သူက ပျော်ခဲ့ရသော အချိန်များ၊ ဂြိုဟ်မွှေခဲ့သော အချိန်များကိုလည်း ပြောပြနေပြီး တချို့နေရာများတွင် ချဲ့ကားပြောဆိုကာ သူ့အမေ ပျော်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

အမျိုးသမီးမှာ ငြိမ်သက်စွာ နားထောင်နေပြီး ရုတ်တရက် ထရယ်သည်။ သို့သော် မျက်ရည်များသည် သူမပါးပြင်တစ်လျှောက် စီးကျနေ၏။

“ပင်းအာရော ဘယ်ရောက်သွားလဲ”

သူမက မေးသည်။ “ပင်းအာက သားကို သက်ရှိကမ္ဘာဆီ ပို့ပေးခဲ့တဲ့သူလေ ... သူ ဘာလို့ သားနဲ့ အတူမရှိတာလဲ”

ချင်မူ့မျက်နှာ ညှိုးကျသွားသော်လည်း နောက်တစ်ခဏတွင် တောက်ပစွာ ပြုံးလိုက်သည်။ “အမေ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကျွန်တော် လုပ်ခဲ့တဲ့ စိတ်ဝင်စားစရာကိစ္စတွေ ပြောပြမယ်”

“သားဒေါ်လေး ပင်းအာ မရှိတော့ဘူးမလား”

ချင်မူ တိတ်ဆိတ်သွားသည်။ “ဘွားဘွားစစ် ကျွန်တော့်ကို မြစ်ကမ်းဘေးမှာ ကောက်ရခဲ့တုန်းက ဒေါ်လေးပင်းအာရဲ့ အလောင်းက ရေထဲမကျအောင် မြှောက်ပေးထားတာတဲ့... ဘွားဘွား ကျွန်တော့်ကို ယူလိုက်တော့ သူ ရေစီးနဲ့အတူ မျောသွားတယ်... နောက်ပိုင်း ကျွန်တော် သူ့ကို မြစ်ထဲမှာ ထပ်တွေ့သေးတယ်... ကျွန်တော် ကောင်းကောင်းမွန်မွန် ရှိပါတယ်လို့ ပြောလိုက်တော့ သူ အေးအေးချမ်းချမ်း ထွက်သွားပါတယ်... အမေ၊ အစ်ကိုကြီးလည်း အမေ့ကို အရမ်းတွေ့ချင်နေတာ”

All Chapters