ငရဲမီးလျှံသီလကျောက်တိုင်
Vol. 57 Ch. 757
အချုပ်အနှောင်ကင်းမဲ့သော မြေအောက်ဘုံအရှင်သခင်တဲ့လော။
မြေအောက်ဘုံအရှင်သခင်သည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသော နတ်ဘုရားတစ်ပါးဖြစ်သည့်အလျောက် ယိုတု၏စည်းမျဉ်းများက သူ့ကို ချုပ်နှောင်ထား၏။ ထိုစည်းမျဉ်းများကို ကျော်၍မရသည့်အပြင် သူ၏အရွယ်ရောက်ကြီးပြင်းမှုကိုပင် ယိုတု၏စနစ်က ထိန်းချုပ်ထားသည်။
သူ့တွင် ကိုယ်ပိုင်အသိစိတ်အလျဉ်နှင့် ကိုယ်ပိုင်အတွေးများ ရှိသော်လည်း သူ၏လုပ်ဆောင်မှုများသည် ယိုတုမဟာတာအို၏ အချုပ်အနှောင်များမှ သွေဖီမရပေ။
“ဒါပေမဲ့ ယိုတုမှာ မွေးလာတဲ့ အဲဒီကောင်လေးက ထူးခြားတယ်... သူက ယိုတုမှာ အမိဝမ်းကနေ ပထမဆုံး မွေးလာတဲ့ သတ္တဝါပဲ... သူက မြေအောက်ဘုံအရှင်သခင်နဲ့ မတူသလို၊ ယိုတုမှာ အလိုအလျောက် ဖွဲ့တည်လာခဲ့တဲ့ မှင်စာတွေ၊ မကောင်းဆိုးဝါးတွေ၊ မိစ္ဆာနတ်ဘုရားတွေနဲ့လည်း ကွဲပြားတယ်”
မြေအောက်ဘုံအရှင်သခင်၏အသံသည် အထွတ်အမြတ်ခန်းမထဲမှ ထွက်လာ၏။ မရဏတမန်တော် နောက်လှည့်ကြည့်လိုက်သည့်အခါ ခန်းမအဝင်ဝတွင် ကြက်ကင်တစ်ခြမ်း ထိုင်စားနေသော ကောင်းကင်နတ်အရှင်ယွီကို မြင်တွေ့ရသည်။
“သူက ငါ့လိုပဲ မွေးလာတဲ့အချိန်မှာ ယိုတုမဟာတာအိုဥပဒေရဲ့ ကောင်းချီးပေးခြင်း ခံခဲ့ရတယ်... အဲဒီအချိန်တုန်းက ငါ ညီလေးတစ်ယောက် ရတော့မယ် ထင်ခဲ့မိတာ”
“နောက်ပိုင်းမှ အဲဒီလိုမဟုတ်မှန်း သိခဲ့ရတာပဲ”
မြေအောက်ဘုံအရှင်သခင်၏ တတိယမျက်လုံးသည် လင်းလက်တောက်ပနေပြီး သူတို့၏စကားသံများ အပြင်ထွက်မသွားအောင် မျက်လုံးအတွင်းရှိ ကမ္ဘာထဲ၌သာ ကန့်သတ်ထား၏။
“အဲဒီကောင်လေး တိုးတက်လာတာက အံ့အားသင့်စရာကောင်းတယ်... သူက ယိုတုဖြစ်တည်လာပြီးတော့မှ မွေးဖွားလာတဲ့ သတ္တဝါမလို့ ယိုတုမဟာတာအိုရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူး... သူ စားချင်တဲ့သူကို စားနိုင်တယ်... သူ ရိုက်ချင်တဲ့လူကို ရိုက်နိုင်တယ်”
ချင်ဖုန်းကျင့်သည် အလွန်ဆိုးသွမ်းခဲ့သော်လည်း မြေအောက်ဘုံအရှင်သခင်မှာ အကြောင်းတစ်စုံတရာကြောင့် သူ့အရှုပ်ထုပ်များ ရှင်းရင်း ပျော်ရွှင်နေပုံပေါ်ခဲ့သည်။
ချင်ဖုန်းကျင့်က မြေအောက်ဘုံအရှင်သခင်သေးသေးလေးနှင့် တူသည်။ သူ အရွယ်ရောက်လာလျှင် မကောင်းမှုများစွာ ကျူးလွန်မည့် မြေအောက်ဘုံအရှင်သခင်ကြီးတစ်ကောင် ဖြစ်လာနိုင်သောကြောင့်သာ မြေအောက်ဘုံအရှင်သခင်မှာ သူ့ကို ချိတ်ပိတ်ပြီး အပြင်လောကသို့ ပြည်နှင်ဒဏ်ပေးရုံအပြင် ရွေးချယ်စရာမရှိခဲ့ပေ။
“ပိုပြီး ထူးဆန်းတာက ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့ ချင်ဖုန်းကျင့်က ချင်မူ ဖြစ်လာခဲ့တာပဲ... ချင်ဖုန်းကျင့်ဟာ ယိုတုမဟာတာအိုရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိခဲ့တဲ့အပြင် ချင်မူဖြစ်လာတော့ ယိုတုမဟာတာအိုဥပဒေကနေ ရုန်းထွက်ပြီး အပြင်လောကရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ကျင့်ကြံနိုင်ခဲ့တယ်”
ကြက်ကင်စားနေသော ကောင်းကင်နတ်အရှင်ယွီသည် ခန်းမထဲသို့ ကြည့်လိုက်သည့်အခါ ကျွဲချို၊ ကျားခေါင်းရှိသော နတ်ဘုရား၏ မျက်နှာအမူအရာမှာ ထူးဆန်းနေကြောင်း မြင်လိုက်ရ၏။ ထိုနတ်ဘုရားမှာ ချင်မူ ယိုတုမဟာတာအိုဥပဒေဆီမှ မည်ကဲ့သို့ ရုန်းထွက်နိုင်ခဲ့မှန်း နားမလည်နိုင် ဖြစ်နေကြောင်း ထင်ရှားသည်။
“ငါ့အတားအဆီးအစီအရင်က သူ့ကို သိုင်းမကျင့်နိုင်တဲ့ သာမန်လူတစ်ယောက် ဖြစ်စေခဲ့ပေမယ့် အဲဒီခန္ဓာကိုယ်ကနေ ဒုတိယအသိစိတ်အလျဉ် မွေးဖွားလာခဲ့တယ်... သူက စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး တစ်နည်းနည်းနဲ့ ငါ့အတားအဆီးအရင်ကို ချိုးဖျက်နိုင်ခဲ့တယ်... သိုင်းမကျင့်နိုင်တဲ့ ခန္ဓာကိုယ်ကနေ အခုလို အောင်မြင်မှုတွေ ရရှိလာခဲ့တယ်”
မြေအောက်ဘုံအရှင်သခင်က ထူးဆန်းသောအမူအရာဖြင့် ပြောနေသည်။ “ပထမအသိစိတ်အလျဉ်က ယိုတုမိစ္ဆာသဘာဝကနေ မွေးဖွားလာတဲ့ ချင်ဖုန်းကျင့်... သူက ရှေးဟောင်းနတ်ဘုရားတစ်ပါး၊ နတ်ဘုရားတစ်ပိုင်းနဲ့ တူသလို ယိုတုဖြစ်တည်ပြီးနောက်ပိုင်း မွေးလာခဲ့တဲ့ သက်ရှိသတ္တဝါလည်း ဖြစ်တယ်... ဒုတိယအသိစိတ်အလျဉ်က ချင်မူ... အစကနေ အဆုံးအထိ သက်ရှိလူသားလေးတစ်ယောက်ပဲ... ဒါပေမဲ့ သူ့ကြောင့် ငါ ပိုအံ့အားသင့်ရတယ်”
ချင်မူ၏ ဂြိုဟ်မွှေမှုများကြောင့် ချင်ဖုန်းကျင့်မှာ မြေအောက်ဘုံအရှင်သခင်၏ အတားအဆီးအစီအရင်မှ အကြိမ်ပေါင်းများစွာ လွတ်မြောက်တော့မလို ဖြစ်ခဲ့သည်။ ထို့ကြောင့် မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် အခြေအနေကို နှစ်ကြိမ်သုံးကြိမ်ခန့် ထိန်းခဲ့ရ၏။
ချင်ဖုန်းကျင့်အကြောင်း ကောင်းကောင်းနားလည်သောကြောင့် ချင်မူနှင့် ချင်ဖုန်းကျင့်အပေါ် အမျှော်လင့်ထားဆုံးသူမှာ အမှန်တကယ်တွင် မြေအောက်ဘုံအရှင်သခင် ဖြစ်ပေသည်။
သူက ချင်မူ့ကို စောင့်ကြည့်ပြီး ယိုတု၏အချုပ်အနှောင်များမှ လွတ်မြောက်နိုင်မည့်နည်းလမ်းကို ရှာချင်နေသည်။
ချင်မူသည် အချုပ်အနှောင်ကင်းမဲ့သော မြေအောက်ဘုံအရှင်သခင်ဟု သူ ပြောနေသည်မှာ ချဲ့ကားနေခြင်းမဟုတ်ပေ။
မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးထဲတွင် ချင်မူနှင့် ချင်ဖုန်းကျင့်က လူတစ်ယောက်တည်း ဖြစ်သည်။ သို့သော် သူတို့အတွက်မူ အစ်ကိုကြီးနှင့် ညီလေးဖြစ်၏။
ညီဖြစ်သူက အစ်ကိုကြီးသည် အလွန်ဆိုးသွမ်းရက်စက်သည်ဟု ခံစားရပြီး အစ်ကိုဖြစ်သူက ညီငယ်တွင် ကလိမ်ကကျစ် လှည့်ကွက်များ ပြည့်နေသည်ဟု မြင်ထားသည်။
“ငါ အချုပ်အနှောင်တွေကနေ ရုန်းထွက်ဖို့ နည်းလမ်းပေါင်းစုံ လုပ်ခဲ့ပေမယ့် အကုန်လုံး မအောင်မြင်ခဲ့ဘူး... ဒါက ငါ့အခွင့်အရေးပဲ”
မြေအောက်ဘုံအရှင်သခင်၏ အကြည့်က လေးနက်နေပြီး ကောင်းကင်နတ်အရှင်ယွီ လှမ်းကြည့်လိုက်သည့်အခါ ထိုနတ်ဘုရား၏ မျက်လုံးသုံးလုံးသည် တိုင်းတာမရအောင် နက်ရှိုင်းလှသော အသူရာချောက်နက်ကြီးသုံးခုပမာ ခံစားရ၏။ တစ်ချက်တစ်ချက် လှိုင်းဂယက်များလည်း ထလာတတ်သည်။
ကျောက်စိမ်းအကျဉ်းထောင်တံခါး
မိစ္ဆာစစ်သူကြီးမှာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ချင်မူ့ကို လမ်းပြနေရင်း ချွေးတဖြိုက်ဖြိုက် ကျနေသည်။ ချင်ဖုန်းကျင့်က သူ့ခေါင်းနှင့် လည်ပင်းကို စိုက်ကြည့်နေသောကြောင့် သူ့မှာ မနေတတ်မထိုင်တတ် ဖြစ်နေတော့သည်။ ဤကလေးကြီး သူ့ခေါင်းကို ကိုက်စားနေသော မြင်ကွင်းကိုပင် မြင်ယောင်မိလာ၏။
“နောင်ကြီးကို ဘယ်လိုခေါ်ရမလဲဗျ” ချင်မူ၏ ခေါင်းတစ်လုံးက ပတ်ဝန်းကျင်ကို ကြည့်ရှုနေစဉ် ကျန်ခေါင်းတစ်လုံးက သူ့ကို ချိုချိုသာသာ ပြောသည်။
“ယိုထုအကျဉ်းထောင်တံခါး၊ လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက် မိုချီမီပါ”
မိစ္ဆာနတ်ဘုရား မျက်ခုံးလှုပ်နေသည်။ ‘အရင်တုန်းက ယိုတုသားတော်မှာ ဒီလိုအကျင့်မျိုး မရှိဘူး... ဘာမှမပြောဘဲ စားပစ်တတ်တာ... အခုတော့ ယဉ်ကျေးလာပြီထင်ပါရဲ့...’
“ဟိုးက ဘာလဲဗျ” ချင်မူက အနက်ရောင်ကျောက်ပြားတစ်ချပ်ဆီသို့ လက်ညှိုးထိုး၍ ယဉ်ကျေးစွာ မေးသည်။
လက်ဝဲယံဝိညာဉ်အစောင့်အရှောက် မိုချီမီက အနက်ရောင်ကျောက်ပြားကို ကြည့်လိုက်ရင်း ရှင်းပြသည်။ “ဒါက ဝိညာဉ်ဖမ်းချုပ်ကျောက်တိုင်ပါ .... ငရဲမီးလျှံသီလကျောက်တိုင်လို့လည်း အသိများတယ်... မြေအောက်ဘုံအရှင်သခင်ဆီက ကျွတ်ကျလာတဲ့ သွားတွေနဲ့ လုပ်ထားတာ... ဒီက အပြစ်သားတွေကို ဖမ်းချုပ်ဖိနှိပ်ထားဖို့ပေါ့... သီလရှိတဲ့လူတွေအနေနဲ့ ဖိနှိပ်မခံရပေမယ့် အပြစ်ကြီးတဲ့လူတွေကတော့ ဒီမှာ ငရဲခံရတယ်... မှော်စွမ်းအင်လည်း ထုတ်လွှတ်လို့မရဘူး... မှော်စွမ်းအင် ထုတ်လွှတ်တာနဲ့ နာကျင်မှုက ဆထက်တိုးလာမှာ”
ချင်မူ အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ ငရဲမီးလျှံသီလကျောက်တိုင်များသည် တောအုပ်သဖွယ် စုဝေးနေကြောင်း မြင်လိုက်ရသည်။ ကျောက်တိုင်တစ်တိုင်စီက ကိုက်သုံးရာမြင့်မားပြီး အရေအတွက် များပြား၏။
“မြေအောက်ဘုံအရှင်သခင်မှာ သွားတွေအများကြီး ရှိတာလား”
သူ့မှာ မှင်သက်စွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “တစ်ယောက်ယောက်ကြောင့် မြေအောက်ဘုံအရှင်သခင်ရဲ့ သွားတွေ ကျွတ်ထွက်ခဲ့တာလား”
ချင်ဖုန်းကျင့်က စိတ်လှုပ်တရှား ဆိုသည်။ “မြေအောက်ဘုံအရှင်သခင်ရဲ့ သွားတွေက မည်းမည်းကြီးတွေ... ငါ့သွားတွေက ဖြူဖြူလေး... ဒီမှာ ကြည့် ဒီမှာကြည့်”
သူက ပါးစပ်ဖြဲပြီး ချွန်ထက်နေသော သွားစွယ်များအား ပြသည်။ သူ့မျက်လုံးများသည် တဖျတ်ဖျတ် လင်းလက်နေ၏။ “မိုချီမီ၊ လာပြီး ကြည့်ကြည့်ပါလား”
လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီမှာ ဟပ်ထိုး လဲကျတော့မလို ယိမ်းယိုင်သွားပြီး ငရဲမီးလျှံသီလကျောက်တိုင်များ စုဝေးနေသော တောအုပ်ဆီသို့ ခပ်သွက်သွက် လျှောက်သွားသည်။ ဤနေရာရှိ ကျောက်တိုင်အရေအတွက်မှာ အလွန်များပြားလှ၍ အတန်ကြာသည်အထိ အဆုံးသို့ မရောက်သေးပေ။
‘ဒီကျောက်ပြားတွေက ထောင်သောင်းချီတယ်... ဒါတွေအတွက် မြေအောက်ဘုံအရှင်သခင်ရဲ့ သွားတွေ ဘယ်လောက်တောင် ကျွတ်ကျခဲ့တာလဲ”
လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီသည် ချင်မူ့ကို တစ်ချက်ခိုးကြည့်ကာ အံ့အားသင့်သွား၏။ ကျောက်တိုင်တောအုပ်ထဲသို့ ဝင်လိုက်သည်နှင့် ဤကြောက်စရာမိစ္ဆာလေးကို မြေအောက်ဘုံအရှင်သခင်၏ ငရဲမီးလျှံသီလကျောက်တိုင်မှ ဖိနှိပ်လိမ့်မည်ဟု သူ ထင်ထားခဲ့မိသည်။ ငရဲမီးလျှံများဖြင့် လောင်မြှိုက်ခံရလျှင် ဤချင်ဖုန်းကျင့် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သို့သော် ချင်မူက တောအုပ်ထဲတွင် အေးအေးလူလူ လျှောက်နေသည့်အပြင် ခေါင်းကြီးကြီး ကလေးကြီးက ငရဲမီးလျှံများကို စိတ်လှုပ်ရှားစွာ စုပ်ယူနေသည်။ ငရဲမီးလျှံများမှာ ခေါက်ဆွဲဖတ်များသဖွယ် သူ့ပါးစပ်ထဲသို့ တရွှစ်ရွှစ် ဝင်သွားပြီး သူက အားရကျေနပ်စွာ နှုတ်ခမ်းသပ်နေ၏။
‘ဒီကောင့်မှာ အားနည်းချက် မရှိဘူးလား’ လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီ ကြောက်ရွံ့လာတော့သည်။
ရုတ်တရက် အရှေ့ရှိ ကျောက်တိုင်တောအုပ်ထဲတွင် တစ်စုံတစ်ယောက် ခက်ခက်ခဲခဲ လမ်းလျှောက်နေသည်။ ၎င်းက ငရဲမီးလျှံများ တိုက်စားနေသည့် ဝိညာဉ်တစ်ကောင်ဖြစ်ပြီး မီးလျှံများအတွင်းတွင် သူ့မျက်နှာသည် တွန့်လိမ်ပုံပျက်နေ၏။ သူ၏ပါးစပ်၊ မျက်လုံးနှင့် နားတို့မှာလည်း မည်းမည်းအပေါက်ကြီးများ ဖြစ်နေကြသည်။ သူ့ကြည့်ရသည်မှာ နာကျင်စွာ အော်ဟစ်ငိုကြွေးနေသယောင် ထင်ရသည်။
“ဒါက ကောင်းကင်နတ်မင်းယွီအန်းပဲ”
လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီက ပြောသည်။ “ကောင်းကင်နတ်မင်းယွီအန်းဆိုတာ လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက နတ်ဘုရားတစ်ပါး... နဂါးဟန်ကောင်းကင်နတ်ဘုံ၊ ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ စစ်သူကြီး.. ဝေဟင်တပ်ဖွဲ့အတွက် တာဝန်ရှိတဲ့ နတ်ဘုရားတစ်ပါးပေါ့... သူက အစတုန်းက ကောင်းကင်နဲ့မြေကြီးကနေ သဘာဝအလျောက် မွေးဖွားလာတဲ့ ဧရာမဒေါင်းကြီးတစ်ကောင် ဖြစ်ခဲ့ပေမယ့် နတ်ဘုရားတစ်ပိုင်းတွေ၊ အားနည်းတဲ့ သက်ရှိသတ္တဝါတွေကို အနိုင်ကျင့်သတ်ဖြတ်စားခဲ့တယ်... သူ့ပါးစပ်တစ်လုပ်တည်းနဲ့ လူတစ်သန်း စားပစ်နိုင်တယ်.... ဒါကြောင့် သူ့မကောင်းမှုက ကြီးမားလွန်းတော့ သေပြီးတဲ့နောက်ပိုင်း ကျောက်စိမ်းအကျဉ်းထောင်တံခါးမှာ ဖမ်းချုပ်ခံလိုက်ပြီး ကျောက်တိုင်တောအုပ်ထဲမှာ နေ့ညမပျက် လမ်းလျှောက်နေရတာပဲ... သူ့အနေနဲ့ တောအုပ်ထဲမှာ မရပ်မနား လျှောက်နေရပေမယ့် နှစ်ပေါင်းဘယ်လောက်ကြာကြာ လျှောက်လျှောက် သူ့အပြစ်ကြွေးတွေ ကြေမယ့် နေ့ကို ရောက်မှာမဟုတ်ဘူး... မြေအောက်ဘုံအရှင်သခင် စားတာပဲ ခံရလိမ့်မယ်” ထိုသို့ပြောပြီးနောက် သူက ချင်မူ့ဆီသို့ တစ်ချက်ကြည့်သည်။
ချင်မူက လေးစားစွာ ပြောလိုက်၏။ “မြေအောက်ဘုံအရှင်သခင်က တရားမျှတပါပေတယ်... ဒီကိစ္စကို လှလှလေး ဖြေရှင်းလိုက်တာပဲနော်”
လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီ သူ့ဘာသာသူ တွေးမိသည်။ ‘မင်းလည်း မကောင်းမှုအများကြီး ကျူးလွန်ခဲ့တာလေ... မကြောက်ဘူးလား’
မှန်သည်၊ သူ တိုက်ရိုက်မပြောရဲပေ။
သူတို့ ရှေ့သို့ဆက်လျှောက်လာသည့်အခါ နောက်တစ်ယောက်အား တွေ့ရသည်။ ၎င်းက နတ်ဘုရားတစ်ပိုင်း၏ မူလဝိညာဉ် ဖြစ်၏။ မူလဝိညာဉ်သည် တောင်တစ်လုံးကို ထမ်းလျက် ငရဲမီးလျှံထဲ၌ လျှောက်နေရသဖြင့် မီးလောင်ကျွမ်းနေပြီး နာကျင်စွာ ငိုကြွေးနေ၏။
“ဒါက ရှဲ့ဝူချီ၊ နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ အိမ်ရှေ့မင်းသား... သူက ကောင်းကင်နတ်ဧကရာဇ်နဲ့ ကောင်းကင်နတ်ဧကရီရဲ့ သွေးဆက် ၊ အဆင့်မြင့်သိုင်းသမားတစ်ယောက်ပဲ... အရွယ်ရောက်လာလို့ သူ့အစွမ်းအစတွေက ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့ ညီမျှသွားတဲ့အချိန်မှာ ထီးနန်းရဖို့ ပုန်ကန်ခဲ့တယ်... သေသွားတော့ ဒီနေရာမှာ ဖမ်းချုပ်ခံလိုက်ရတာပဲ” လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီက ပြောသည်။
“နတ်ဘုရားတစ်ပိုင်း၊ ဧကရာဇ်ပလ္လင်အဆင့် ဟုတ်လား”
ခေါင်းကြီးကြီး ကလေးကြီးသည် သွားရည်တမြားမြား ကျလာပြီး လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်နေ၏။ ချင်မူမှာ ရုတ်တရက် အရပ်ပုသွားသလို ခံစားလိုက်ရသဖြင့် ကြည့်လိုက်ရာ ရှဲ့ဝူချီကို စားရန် လေးဖက်ထောက်သွားနေသော သူ့ကိုယ်သူ မြင်လိုက်ရသည်။
“အစ်ကိုကြီး မဆင်မခြင်မလုပ်နဲ့... အမေ့ကို တွေ့ရဖို့က ပိုအရေးကြီးတယ်”
ကလေးကြီးမှာ နှမြောတသ ဖြစ်နေသည့်အလား သက်ပြင်းချလိုက်သည်။ ထိုအခါမှ ချင်မူ သူ့ကိုယ်သူ ပြန်ထိန်းချုပ်နိုင်သွား၏။
သူတို့ ရှေ့ဆက်လျှောက်နေကြပြီး လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီက ပြောသည်။ “အတွင်းထဲမှာ ဖမ်းချုပ်ခံထားရလေလေ၊ ပြစ်မှုက ကြီးမားလေလေပဲ... အတိတ်ကနေ ယနေ့အထိ အပြစ်သားအားလုံး ဒီမှာ ဖမ်းချုပ်ခံထားရတယ်... အသက်ရှိစဉ်အခါတုန်းက ဘယ်လောက်ရက်စက်ဆိုးသွမ်းခဲ့ပါစေ၊ ဘယ်လောက် အင်အားကြီးမားခဲ့ပါစေ... သေတာနဲ့ ဒီမှာ ငရဲခံရတယ်” ထိုသို့ပြောပြီးသောအခါ သူက ချင်မူ့ကို တစ်ချက်ကြည့်လိုက်သည်။
ချင်မူက သတိမထားမိသေးပေ။
“ကျွန်တော့်အမေက ဘာပြစ်မှုမှ မကျူးလွန်ခဲ့ပါဘူး.... ဘာလို့ ကျောက်တိုင်တောအုပ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဖမ်းချုပ်ခံထားရတာလဲ”
ခေါင်းကြီးကြီး ကလေးကြီးက မကျေမနပ်ဖြစ်သွားသော အမူအရာဖြင့် ဒေါကြီးမောကြီး ပြောသည်။ “အကုန်လုံးက ငါ့အမှားကြောင့်ပေါ့.... အမေနဲ့ မဆိုင်ဘူး.. မြေအောက်ဘုံအရှင်သခင်က သက်သက်မဲ့ ဖမ်းထားတာလေ... သူ့ကို ဖမ်းမိလို့ကတော့ ခြေတွေလက်တွေ ဖြုတ်စားပစ်မယ်”
လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီမှာ ကြက်သီးတဖြန်းဖြန်း ထသွားသည်။ ‘ရက်စက်လိုက်တာဟ’
အတွင်းထဲ ရောက်လာသည်နှင့်အမျှ ဖမ်းချုပ်ခံထားရသော အဆင့်မြင့်သိုင်းပညာရှင်တို့၏ ဝိညာဉ်များ တစတစ များပြားလာသည်။ သူတို့သည် အသက်ရှိစဉ်က မည်မျှထူးချွန်ကျော်ကြားခဲ့စေကာမူ သာမန်လူများနည်းတူ ငရဲမှ မလွတ်ပေ။
ငရဲသည် အဆုံးသတ်မရှိ၊ မည်သည့်အချိန်မှ လွတ်မည်ကိုလည်း မသိနိုင်။
‘အမေလည်း ဒီလိုငရဲမျိုး ခံစားနေရတာလား’ ချင်မူ ရင်ထဲတွင် ဆို့နင့်လာသည်။
ငရဲမီးလျှံသီလကျောက်တိုင်ပေါင်း မရေမတွက်နိုင်အောင် ဖြတ်ကျော်လာပြီးနောက်ဆုံးတွင် တောအုပ်၏အဆုံးသို့ သူတို့ ရောက်လာကြသည်။
ဤနေရာတွင် ကျောက်တိုင်များသည် ခြေသုံး၊လေး၊ ငါးလှမ်းတိုင်း ပြည့်ကြပ်နေ၏။ သို့သော် မူလဝိညာဉ်များများစားစား မမြင်ရပေ။
ချင်မူ ဇဝေဇဝါ ဖြစ်နေမိသည်။ ရုတ်တရက် စက်ဝိုင်းသဖွယ် ဝိုင်းဖွဲ့နေသော အနက်ရောင်ကျောက်တိုင်များကို မြင်လိုက်ရ၏။ စက်ဝိုင်းသည် ကိုက်သုံးထောင်ခန့် ကျယ်ဝန်းပြီး အနက်ရောင်ကျောက်တိုင်များက အထပ်လိုက် ဝိုင်းနေကြသည်။
စက်ဝိုင်း၏အလယ်ဗဟိုတွင် အနက်ရောင်သံကြိုးများဖြင့် ချုပ်နှောင်ထားသည့် ကျွဲချို၊ ကျားခေါင်းနတ်ဘုရားတစ်ပါး ရှိနေသည်။ ငရဲမီးများက သူ့ခန္ဓာကိုယ်အား အဆက်မပြတ် တိုက်စားလောင်ကျွမ်းနေ၏။
ချင်မူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီဆီသို့ လှမ်းကြည့်မိသည်။ သို့သော် မိုချီမီမှာ ဖမ်းချုပ်ခံထားရသော နတ်ဘုရားကို မမြင်သည့်အလား ကွေ့ရှောင်သွားသည်။
ချင်မူ သူ့ကို လှမ်းမြှောက်ကာ မေးလိုက်သည်။ “လက်ဝဲယံဆရာကြီး၊ မြေအောက်ဘုံအရှင်သခင်က ဒီတောအုပ်ထဲမှာ ဘာလုပ်နေတာလဲ.... ဘာလို့မြေအောက်ဘုံအရှင်သခင်တစ်ယောက် ဒီမှာ ဖမ်းချုပ်ခံထားရတာလဲ”
“မဆင်မခြင်မလုပ်နဲ့”
လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီက အော်လိုက်၏။ “ပြောပြမယ့်အစား ငါ အသေပဲ ခံလိုက်မယ်”
ချင်မူက သူ့ကို ကလေးကြီးဆီသို့ ပစ်ပေးလိုက်၍ ချင်ဖုန်းကျင့်က မိုချီမီကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။ “ညီလေးက သိပ်သဘောကောင်းလိုက်တာ... ငါ စားတော့မယ်... စားဖို့ အချိန်ကျပြီ”
“ပြောပြပါ့မယ် ပြောပြပါ့မယ်”
ချင်မူ မိုချီမီအား ကပျာကယာ လှမ်းဆွဲလိုက်သဖြင့် ချင်ဖုန်းကျင့်မှာ ဒေါသထွက်သွားတော့သည်။ သူက လက်သီးဆုပ်၍ ချင်မူ့ခေါင်းကို မညှာမတာ ထုရိုက်လိုက်၏။ “ညီဆိုးလေး၊ ငါ မင်းကို သေအောင် ရိုက်သတ်ပစ်မှာနော် ဘာမှတ်”
“အဲဒါ မြေအောက်ဘုံအရှင်သခင်ရဲ့ လူဝင်စားပဲ”
လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီမှာ ကြောက်လွန်း၍ သတိလက်လွတ်ဖြစ်သွားရာမှ သူ့ခေါင်းသူ ကပျာကယာ လှမ်းထိကြည့်သည်။ ခေါင်းနှင့် လည်ပင်း ဆက်နေသေးကြောင်း သဘောပေါက်မှ သူ စိတ်သက်သာရာရသွားတော့သည်။ “နဂါးဟန်ခေတ်အစောပိုင်းကာလတုန်းက မြေအောက်ဘုံအရှင်သခင် တစ်ခါ လူဝင်စားခဲ့ဖူးတယ်... ဒီခန္ဓာကိုယ်က လူဝင်စား”
ချင်မူ့ခေါင်းမှာ ချင်ဖုန်းကျင့်ကြောင့် ဝက်ခေါင်းလို ဖူးရောင်သွားသဖြင့် ဖန်ဆင်းကောင်းကင်နတ်သိုင်းဖြင့် သွေးလှည့်ပတ်လိုက်ကာ ဒဏ်ရာများ ပျောက်ကင်းသွားစေလိုက်သည်။ သူက စပ်စုကြည့်၏။ “ဒါဆို ဘာလို့ မြေအောက်ဘုံအရှင်သခင်က သူ့လူဝင်စားကို ဒီမှာ ဖမ်းထားတာလဲ”
လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီက ပြောသည်။ “ငါက ချုံဧကရာဇ်ခေတ်မှ မွေးလာတဲ့သူ... ရှေးရှေးတုန်းက ကိစ္စတွေကို ဘယ်သိပါ့မလဲ”
ချင်မူ သူ့ကို ဂုတ်မှ ဆွဲမြှောက်လိုက်၍ မိုချီမီ ကပျာကယာ ပြောလိုက်မိသည်။ “ပြောပါ့မယ်... အကုန်လုံး ပြောပါ့မယ် ရပြီလား”
ချင်မူ သူ့ကို ပြန်ချပေးလိုက်ပြီး လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီမှာ အတန်ကြာ တွန့်ဆုတ်နေသည်။ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ ခပ်တိုးတိုး ပြော၏။ “ငါ ကြားဖူးတာက... ကြားဖူးတာပဲနော် တကယ်ဟုတ်မဟုတ်တော့ အာမမခံဘူး... ဒီသတင်းမပြန့်စေနဲ့.. ငါ ပြောတဲ့အကြောင်းလည်း သူများတွေ မသိစေနဲ့”
ချင်မူက ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။
“မြေအောက်ဘုံအရှင်သခင် အဲဒီတုန်းက လူဝင်စားခဲ့တဲ့ အကြောင်းရင်းက သူ့ကိုယ်သူ တိုးတက်လာအောင် မြှင့်တင်ပေးဖို့နဲ့ သူ့သွေးဆက်အမွေကိုလည်း လက်ဆင့်ကမ်းပေးနိုင်အောင်ပဲ... လူဝင်စားလာတော့ သူ့ပုံစံက မပြောင်းလဲပေမယ့် သူ့မှာ အသွေးအသားခန္ဓာကိုယ် ရှိလာခဲ့တယ်... အဲဒါတင်မကသေးဘူး.. စိတ်ခံစားချက် ခုနစ်မျိုးနဲ့ အလိုရမ္မက်ခြောက်မျိုးလည်း ရှိလာတယ်... ဒါပေမဲ့ သူက ရုပ်ဆိုးနေတော့....”
လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီက သနားစဖွယ် အမူအရာဖြင့် ထပ်မေးသည်။ “မင်း တကယ် မဖြန့်ပါဘူးနော်”
“မပူပါနဲ့”
ချင်မူ သူ့ရင်ဘတ်သူ ဘုန်းခနဲ ထုကာ ပြောလိုက်သည်။ “ဖြန့်မိရင် ကျွန်တော် ကောင်းကင်နဲ့မြေကြီးကနေ ပျောက်ကွယ်သွားပါစေသား... ကျေးဇူးပြုပြီး မြန်မြန်ပြောပါတော့”
ချင်ဖုန်းကျင့်လည်း သိချင်နေသောကြောင့် သူ့ကို အလျင်အမြန် လောတော့သည်။ “အရုပ်ဆိုးတော့ ဘာဖြစ်သွားလဲ”
“အရုပ်ဆိုးနေတော့ လူအတော်များများက သူ့ကို မခင်ကြဘူး”
လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီက ဂလုခနဲ တံတွေးမြိုချပြီး သတ္တိမွေးလိုက်သည်။ “အကုန်လုံး သူ့ကို အော်ဟစ်ကြိမ်းမောင်းကြတယ်... မိစ္ဆာမကောင်းဆိုးဝါးတစ်ကောင်လို့လည်း မြင်ခဲ့ကြတယ်... သူ လူဝင်စားလာမှန်း သိလို့ လာလုပ်ကြံတဲ့ ရှေးဟောင်းနတ်ဘုရားတွေလည်း ရှိတယ်... အဲဒီအချိန်က သူတို့အတွက် သူ့ကို ဖယ်ရှားဖို့ အချိန်ကောင်းမဟုတ်လား... မြေအောက်ဘုံအရှင်သခင် လူဝင်စားက သူ့အဆင့်အတန်းကြောင့် လက်တုံ့မပြန်ခဲ့ဘူး... အဲဒီလိုနဲ့ သူ့ဇနီးနဲ့ မိန်းမ အသတ်ခံလိုက်ရတဲ့နေ့ ရောက်လာတော့ မြေအောက်ဘုံအရှင်သခင်ရဲ့ မိစ္ဆာစရိုက်တွေ သောင်းကျန်းပေါက်ကွဲကုန်တယ်... ယိုတုရဲ့ စည်းမျဉ်းတွေကလည်း လူဝင်စားကို မချုပ်ချယ်ထားတော့ သူ လက်တုံ့ပြန်တော့တာပဲ”
လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်မိုချီမီမှာ ကြောက်လန့်နေသောအမူအရာဖြင့် ဆက်ပြော သည်။ “ရှေးဟောင်းနတ်ဘုရားတွေ အများကြီး သေဆုံးသွားတယ်... နတ်ဘုရားတစ်ပိုင်းတွေလည်း မရေမတွက်နိုင်အောင် သေကုန်တယ်လို့ ကြားတယ်... မြေအောက်ဘုံအရှင်သခင် ပြန်ရောက်လာတော့ သူက သူ့လူဝင်စားကို ဖမ်းပြီး ဒီနေရာမှာ ငရဲခံခိုင်းလိုက်တာ”