← Chapters

မည်သည့်နေရာတွင်မဆို တရားဥပဒေစိုးမိုးရမည်

Vol. 57 Ch. 759

မည်သည့်နေရာတွင်မဆို တရားဥပဒေစိုးမိုးရမည်

Vol. 57 Ch. 759

“မူပင်း ဘယ်လိုသေသွားတာလဲ”

ချင်မူ့အမေမှာ ဒေါ်လေးပင်းအာအတွက် ဝမ်းနည်းနေ၍ စိတ်နှင့်ကိုယ် မကပ်သေးသောကြောင့် ချင်မူ ဆက်ပြောနေသည်ကို မကြားလိုက်ပေ။

မူပင်း ချင်မူ့ကို ယိုတုထဲမှ မဟာမြို့ပျက်ဆီသို့ ခေါ်သွားခဲ့သည့်အချိန်အတွင်း မည်သည့်အရာများ ဖြစ်ပျက်ခဲ့ကြောင်း ချင်မူ မသိပေ။ အဘွားစစ်နှင့် ကျန်ရှိသူများလည်း မသိကြ။ ထိုအမျိုးသမီးက အသက်မရှိတော့သော်လည်း လက်ကျန်စိတ်စွမ်းအားဖြင့် ချင်မူ့ကို မြစ်ကမ်းဘေးသို့ ရောက်အောင် ပို့ပေးခဲ့သည့်အကြောင်းသာ သူတို့လည်း သိကြသည်။

ချင်မူ လျှို့ဝှက်ရေတံခါးတွင် သူမနှင့် ပြန်ဆုံသည့်အခါ သူမသည် မြစ်အောက်၌ အမျိုးသမီးအလောင်းတစ်လောင်း ဖြစ်နေ၏။ ချင်မူ အရွယ်ရောက်ကြီးပြင်းလာခဲ့ပြီး ကောင်း‌ကောင်းမွန်မွန် ရှိကြောင်း ကြားမှသာ သူမ ကျွတ်လွတ်သွားခြင်းဖြစ်သည်။ စိုးရိမ်ပူပင်စရာ မရှိတော့သောကြောင့် မြစ်အောက်ထဲသို့ နစ်မြုပ်သွားခဲ့၏။

ယိုတုမှ မဟာမြို့ပျက်သို့ ရောက်လာတုန်းက ချင်မူသည် နှစ်လ၊ သုံးလသားအရွယ် ကလေးသာ ဖြစ်သည့်အတွက် မည်သည်ကိုမှ မမှတ်မိပေ။ ခရီးက သိပ်မဝေးသော်လည်း မြေအောက်ဘုံအရှင်သခင် မမြင်နိုင်သည့်နေရာတွင် ချင်မူ့ကို ဖမ်းရန် သို့မဟုတ် သတ်ရန် ကြိုးစားခဲ့သူများ ရှိခဲ့လိမ့်မည်။

ထိုစဉ်အခါတုန်းက အဖြစ်အပျက်များကို ရှင်းပြနိုင်သော မူပင်း မရှိတော့သည်မှာ နှမြောစရာကောင်းပေသည်။

“အမေ၊ ကျွန်တော်ကိုယ်တိုင် ဒေါ်လေးပင်းအာရဲ့ ဝိညာဉ်ကို လိုက်ရှာမယ်... သူ့ဝိညာဉ် ဘယ်နေရာကိုပဲ ရောက်ရောက် ကျွန်တော် ပြန်ခေါ်ပေးမယ်”

ချင်မူက ပြုံးပြီး သူ့အမေကို နှစ်သိမ့်ပေးနေသည်။ “ကျွန်တော့်မှာ အခု အစွမ်းအစတွေ ရှိနေပြီ... လူတွေအများကြီးနဲ့လည်း သိထားတယ်... ဒေါ်လေးပင်းအာရဲ့ ဝိညာဉ် ပြိုကွဲသွားရင်တောင်မှ၊ သူ့ဝိညာဉ် ဖမ်းချုပ်ခံထားရရင်တောင်မှ ကျွန်တော် သေချာပေါက် ကယ်ပေးနိုင်တယ်... အမေ အစ်ကိုကြီးလည်း ဒီရောက်နေတယ်... သူလည်း အမေ့ကို အရမ်းတွေ့ချင်နေတာ”

“အစ်ကိုကြီးဟုတ်လား”

ကြင်ယာတော်မင်းသမီးကျန်းမှာ ဇဝေဇဝါ ဖြစ်သွားကာ ချင်မူ့ကို စိုးရိမ်စွာ ကြည့်သည်။ ချင်မူက တောက်ပစွာ ပြုံးပြနေ၏။ “အစ်ကိုကြီးလေ.. ကျွန်တော်တို့ မွေးလာတုန်းက ယိုတုမှာ အမေ့ကို ကာကွယ်ပေးခဲ့တဲ့ အစ်ကိုကြီးကို ပြောတာ... သူ့ကို ကျွန်တော် ခေါ်ပေးမယ်”

ချင်မူ၏ခန္ဓာကိုယ်သည် လှုပ်ရှားခြင်းမရှိတော့ဘဲ ကျောက်ရုပ်သဖွယ် ရပ်သွား၏။

“ဖုန်းကျင့်”

ကြင်ယာတော်မင်းသမီးကျန်း စိတ်ပူလာပြီး ခဏခဏ ခေါ်နေမိသည်။ “ဖုန်းကျင့်... သား ဘာဖြစ်သွားတာလဲ”

ချင်စာလုံးမြေပြင်ထဲတွင် ခေါင်းကြီးကြီးကလေးကြီးသည် လက်ပိုက်ပြီး တင်ပျဉ်ခွေထိုင်နေ၏။ နှုတ်ခမ်းကြီးလည်း ဆူကာ ခေါင်းကို တစ်ဖက်လှည့်ထားသည်။ “မသွားဘူး ... အမေ့က ငါ့ ကြောက်နေတာ”

ချင်မူက သူခေါင်းလှည့်ထားသော ဘက်သို့ လျှောက်သွားကာ ပြုံးလျက် ပြောသည်။ “အစ်ကိုကြီးဖြစ်ပြီး ကလေးကြီးလို ဘာလို့စိတ်ကောက်နေတာတုန်း... အမေ့ကို တွေ့ချင်နေတာ ကြာပြီမဟုတ်ဘူးလား... ဒါက ရှားမှရှားတဲ့ အခွင့်အရေးနော်”

“မသွားဘူး”

ကလေးကြီးက ခေါင်းကို တစ်ဖက်လှည့်သွား၏။ “အမေက မင်းကို ပိုသဘောကျတယ်... ငါ့ကို သဘောမကျဘူး... ငါက ကောက်ရတဲ့သား... မင်းကမှ သူ့သား.. မသွားဘူး”

ချိဧကရာဇ်၏ အသိစိတ်အလျဉ်က ပြောသည်။ “ဟေ့ ကလေးဖက်တီးကြီး၊ မင်း မသွားချင်လည်း မသွားနဲ့... ဒါပေမဲ့ ငါ့ကိုယ်ပေါ်က ဆင်းပေးလို့ရမလား... ငါ့အပေါ် တက်ထိုင်ထားတာ ကြာလှပြီကွ”

သူ့မှာ ကလေးကြီး၏ ဖင်အောက်တွင် ဖိနေပြီး မျက်နှာက မြေကြီးထဲ စိုက်ဝင်နေကာ လှုပ်မရပေ။

မလှမ်းမကမ်းရှိ တောင်တန်းများအနောက်တွင် ကောင်းကင်နယ်စားမင်းက ပုန်းနေပြီး ချောင်းကြည့်နေ၏။

ချင်မူက ပြုံးလျက် ချော့နေသည်။ “ငါတို့က တစ်ယောက်တည်းပဲလေ.... ငါက ဘာလို့ အမေ့သားဖြစ်ပြီး အစ်ကိုကြီးက ကောက်ရတာ ဖြစ်မှာလဲ... ဆူပုပ်မနေနဲ့တော့ အမေ့ကို သွားတွေ့လိုက်... သူ စိတ်ပူနေပြီ... အစ်ကိုကြီး မသွားရင် ငါ ပြန်သွားမှာနော်”

ခေါင်းကြီးကြီးကလေးကြီးက အလျင်အမြန် ထရပ်ကာ ကောင်းကင်သို့ ပျံတက်သွား၏။ “သွားမယ်”

ချိဧကရာဇ်၏ အသိစိတ်အလျဉ်မှာ သူ ထွက်သွားသည်ကို မြင်လျှင် ကပျာကယာ ထ၍ သူ့ကိုယ်မှ ဖုန်များကို ခါသည်။ ဖုန်မရှိသော်လည်း သူ့မှာ ဘုရင်တစ်ပါးဖြစ်ခဲ့သည့်အလျောက် အကျင့်ပါနေခြင်းဖြစ်သည်။

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက သုတ်တီးသုတ်ပျာ ပြေးလာကာ ချင်မူ့ကို စိုက်ကြည့်သည်။ “မင်း‌တော့ သေပြီ... မင်းတော့ သေပြီ.... အဲဒီမိစ္ဆာလေးကိုမှ လွှတ်ပေးလိုက်ရသလား... ကြည့်နေ မင့်ရုပ်ခန္ဓာကို ပြန်ယူရတော့မှာ မဟုတ်ဘူး... မင်းတော့ သေပြီပဲ”

ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “အစ်ကိုကြီးက အဲဒီလိုမလုပ်ပါဘူး...”

အပြင်တွင် ကြင်ယာတော်မင်းသမီးကျန်းမှာ ပျာယာခတ်နေသည်။ ရုတ်တရက် ချင်မူက သက်ပြင်းချလိုက်ပြီး သူမသား၏ခန္ဓာကိုယ် ဖောင်းကားလာသည်ကို မြင်တွေ့လိုက်ရ၏။ အရပ်ကြီးလည်း ရှည်သထက် ရှည်လာသည်။ သို့သော် သူ့အသက်က ပြန်ငယ်သွားပြီး သူမအရှေ့တွင် ဖွေးဖွေးကစ်ကစ် ကလေးကြီး ပြန်ဖြစ်လာတော့သည်။

ချင်မူ့အဝတ်အစားများသည် ယွီကျောက်ချင်း ချုပ်ထားသော ရတနာဖြစ်သည့်အတွက် ခန္ဓာကိုယ်အရွယ်အစားအတိုင်း ကျုံ့နိုင်၊ ကျယ်နိုင်သည်။ သို့သော် ဤကလေးဖက်တီးကြီး ဝတ်ထားသည့်အခါ ကောက်ညှင်းထုပ်ကြီးသဖွယ် လုံးတစ်နေသောကြောင့် ရယ်စရာကောင်းနေ၏။

ကြင်ယာတော်မင်းသမီးကျန်းမှာ သူမသားသူမ ကြည့်ရင်း အတန်ကြာသည်အထိ သတိပြန်မဝင်သေးပေ။

“အမေ ခဏစောင့်”

ဝဝကစ်ကစ်ကလေးကြီးက ထောင်ကျယ်အိတ်နှစ်အိတ်ကို ဖြုတ်၍ စိတ်လှုပ်တရှား မွှေနှောက်နေသည်။ ရုတ်တရက် သူ့မျက်လုံးများ တောက်ပသွားပြီး သူက မိုးမခသစ်ရွက်တစ်ရွက် ထုတ်ကာ သူ့နဖူး‌ပေါ် ကပ်လိုက်၏။ “ညီဆိုးလေး အခု မင်း ထွက်မလာနိုင်တော့ဘူး”

ချင်စာလုံးမြေပြင်ပေါ်တွင် ချင်မူသည် သူ့ခန္ဓာကိုယ်ကို ပြန်ယူရန် ဤကောင်းကင်နှင့်မြေကြီးထဲမှ ပျံထွက်နေ၏။ ရုတ်တရက် မိုးမခသစ်ရွက်အကြောများ ကောင်းကင်ထဲတွင် ပေါ်လာပြီး ဗုဒ္ဓအလင်းတန်းများ ဖြာထွက်လာကာ ကောင်းကင်နှင့်မြေပြင်အား ပိတ်လိုက်တော့သည်။

ချင်မူ ကြောင်အသွား၏။ “အစ်ကိုကြီး....”

“မင်း‌တော့ သေပြီပဲ”

ခေါင်းဖြူအဘိုးကြီးက ဒေါသတကြီး ဆူသည်။ “မင်းက သူ့ကို လွှတ်ပေးခဲ့တာလေ... မင်းလည်း သေပြီ၊ ငါတို့လည်း သေပြီ”

ချင်မူ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ကူကယ်ရာမဲ့နေတော့သည်။

ချိဧကရာဇ်မှာ ညည်းတွား‌နေ၏။ “ငါကတော့ ဒါက ပိုကောင်းသလို ခံစားရတယ်... အနည်းဆုံးတော့ ဒီကလေးက ငါတို့ကို အကြောင်းမဲ့ ရိုက်ပုတ်နေမှာမဟုတ်ဘူး”

“အမေ သားပြန်လာပြီ”

ဝဝကစ်ကစ်ကလေးကြီးက ပုတိုတိုလက်ကြီးနှစ်ဖက်ကို ဆန့်ကာ ကြင်ယာတော်မင်းသမီးကျန်းအား ဖက်ခိုင်းနေသည်။ သို့သော် သူက ကြီးလွန်းနေသဖြင့် သူ့အမေကို မဖက်နိုင်မှန်း သဘောပေါက်သည့်အခါ ကပျာကယာ အရွယ်အစားချုံ့လိုက်သည်။

ကြင်ယာတော်မင်းသမီးကျန်းမှာ နှစ်လသုံးလသာ ရှိသေးသော ဤကလေးကို ပွေ့သယ်လိုက်ရသည်။ သူမမျက်နှာတွင် နွေးထွေးကြင်နာသောအမူအရာ ရှိနေပြီး သူမသား ပြန်ငယ်သွားသည်ကို မြင်ရခြင်းက မိုးကောင်းကင်းဆီမှ ကောင်းချီးတစ်ခုဖြစ်သည်ဟု ခံစားနေရ၏။

ဤအချိန်တွင် လက်ဝဲယံလက်‌ထောက်ဝန်မင်းက ဖားကောက်၊ ကြက်ဖမ်းသွားရာမှ ပြန်ရောက်လာပြီး ကြင်ယာတော်မင်းသမီးကျန်း၏ ရင်ခွင်ထဲရှိ ကလေးငယ်ဆီသို့ ကြည့်လိုက်သည်။

ခေါင်းကြီးကြီးကလေးမှာ ငါးများ၊ ဖားများ သယ်လာသော သူ့ကို မြင်လျှင် စိတ်လှုပ်ရှားလာသည်။ သူက သူ့အမေ၏ ရင်ခွင်ထဲမှ ခုန်ချပြီး လေးဖက်ထောက်လျက် သူ့ဆီသို့ အလျင်အမြန် ရောက်လာသည်။

“စားပစ်မယ်”

ကလေးကြီးက ကြီးသထက် ကြီးလာပြီး လက်ဝဲယံလက်ထောက်ဝန်မင်းကို ဆွဲမြှောက်လိုက်၏။ ထို့နောက် ပါးစပ်ကြီးဟကာ လက်ဝဲယံလက်ထောက်ဝန်မင်းကို ဖားများ၊ ကြက်များနှင့်အတူ ပါးစပ်ထဲ ပစ်ထည့်ရန် ပြင်နေသည်။

သစ်သီးများ၊ အသီးအရွက်များ သွားခူးသော အမျိုးသမီးများလည်း ပြန်ရောက်လာကြ၏။ သူတို့က ကြက်နဂါးတစ်ကောင်ကိုပင် ဖမ်းလာကြပြီး ဤမြင်ကွင်းကို မြင်လျှင် ကြက်သေသေသွားကြသည်။

“ဂစ်” ကြက်နဂါး သတိလစ်သွားသည်။

လက်ဝဲယံလက်ထောက်ဝန်မင်း အစားခံရတော့မည့်အချိန်မှာပဲ ကြင်ယာတော်မင်းသမီးကျန်း၏ နူးညံ့သောအသံ ထွက်လာသည်။ “ဖုန်းကျင့် မလုပ်ရဘူး”

ကလေးကြီးမှာ အင်တင်တင်ဖြစ်သွားပြီး သစ်သားကြက်ရုပ်သဖွယ် တောင့်တင်းနေသော လက်ဝဲယံလက်ထောက်ဝန်မင်းကို နှမြောတသကြည့်လိုက်သည်။ “မတွေ့ရတာ နှစ်နှစ်ဆယ်ကျော် ကြာပြီနော်... လေးလေးက တော်တော်ကြံ့ခိုင်လာတာပဲ... တော်တော်လေးလည်း ဝါးလို့ကောင်းမှာ... ဒေါ်လေးကျွမ်အာ သားကို ဖက် သားကို ဖက်....”

သူက အမျိုးသမီးတစ်ယောက်၏ ရင်ခွင်ထဲ ခုန်ဝင်သွားသည်။ ဒေါ်လေးကျွမ်အာမှာ သူ့ကို ဖက်ထားပြီး တစ်ကိုယ်လုံး တုန်ရီနေ၏။

ခေါင်းကြီးကြီးကလေးက ဒေါ်လေးကျွမ်အာ၏ မျက်နှာကို လျက်ကြည့်ပြီး အကြည့်များ စူးရဲသွားသည်။ ဒေါ်လေးကျွမ်အာမှာ မလှုပ်ရဲတော့ပေ။ ဤအခိုက်အတန့်တွင် ကလေးကြီးမှာ သူ့ခန္ဓာကိုယ် ပေါ့သွားသလို ခံစားလိုက်ရကာ ကြင်ယာတော်မင်းသမီးကျန်း၏ ရင်ခွင်ထဲ ရောက်သွားသည်။

ချင်ဖုန်းကျင့်သည် မျက်လုံးကလေး ကလယ်ကလယ်ဖြင့် ပါးစပ်ထဲ ခြေမထည့်ပြီး စုပ်နေ၏။ သူ၏ပုတိုတိုခြေလက်လေးများက ယက်ကန်ယက်ကန် လုပ်နေသည်။

ကြင်ယာတော်မင်းသမီးကျန်းက သူ့ကို ကရုဏာသက်စွာ ကြည့်ပြီး နဖူးပေါ် နမ်းလိုက်သည်။ သူမက မလှုပ်ရဲသော ရွာသားများကို ပြုံးပြလိုက်၏။ “သွား ဟင်းတွေချက်ကြတော့... ဒါက ငါတို့သားအမိ ပြန်ဆုံစည်းတဲ့ ပျော်စရာအချိန်ပဲ”

ရွာသားများမှာ နတ်ဘုရားများဖြစ်ကြသော်လည်း ဤယိုတုဘုရင်လေးကို မကြောက်မိဘဲ မနေပေ။ အားလုံး ကတုန်ကယင်ဖြင့် ချက်ပြုတ်နေကြသည်။

ကြင်ယာတော်မင်းသမီးကျန်းက ရင်ခွင်ထဲရှိ ကလေးကို စနောက်နေပြီး နှစ်‌ယောက်သား တခစ်ခစ် ရယ်နေကြလေသည်။

များစွာမကြာလိုက်ဘဲ ဟင်းပွဲများ အဆင့်သင့်ဖြစ်သွားသော်လည်း မည်သူမျှ ထိုင်မစားရဲကြ။ အားလုံး ဘေးတွင် ရပ်နေကြပြီး ကြောက်ဒူးတုန်နေကြ၏။

ကလေးကြီး သူတို့ကို တစ်ချက်ကြည့်လိုက်သည့်အခါ အားလုံး ကပျာကယာ ထိုင်လိုက်ကြသည်။ ကလေးကြီးက ပြုံးလိုက်သည်။

ကြင်ယာတော်မင်းသမီးကျန်းက သားဖြစ်သူကို ခွံ့ကျွေးနေပြီး ချင်ဖုန်းကျင့်ကလည်း လိမ်လိမ်မာမာ စားနေသည်။ သူ အလွန်ပျော်နေ၏။ “ဒီဟင်းတွေက အရသာမရှိဘူး... ဝိညာဉ်တွေလောက် စားလို့မကောင်းပေမယ့် အမေ ခွံ့ကျွေးရင် အရသာရှိတယ်”

ထမင်းစားပြီးသည့်အခါ ကြင်ယာတော်မင်းသမီးကျန်းက သူ့ကို ဖက်၍ သားချော့တေးလေး ညည်းကာ ချော့သိပ်သည်။ ကလေးကြီးက ပုတိုတိုခြေလက်လေးများကို ကန်ကျောက်ရင်း တခစ်ခစ် သဘောကျနေသည်။ အချိန်အနည်းငယ်ကြာသော် သူ အိပ်ပျော်သွား၏။

ကြင်ယာတော်မင်းသမီးကျန်းက သားဖြစ်သူ၏မျက်နှာလေးကို အသာအယာ ပွတ်သပ်ရင်း ငေးမောနေသည်။

သူမမှာ တွန့်ဆုတ်နေသော်လည်း တတိယမျက်လုံးကို ဖုံးထားသည့် မိုးမခသစ်ရွက်ဆီသို့ လှမ်းလိုက်သည်။

ဤအခိုက်အတန့်မှာပဲ သူမရင်ခွင်ထဲရှိ ကလေးက နက်မှောင်နေသော မျက်လုံးများကို ဖွင့်ကာ သူမကို စိုက်ကြည့်၏။

“အမေ မခွာပါနဲ့နော်”

ကလေးကြီးက မျက်လုံးဖွင့်ကာ တောင်းပန်နေသော အမူအရာဖြင့် ပြောသည်။ သူက နှုတ်ခမ်းဆူနေပြီး အသံမှာလည်း ငိုသံပေါက်နေသည်။ “မခွာပါနဲ့နော်.... ဖုန်းကျင့် အမေ့ကို လွမ်းတယ်... အမေ ကျေးဇူးပြုပြီး မခွာပါနဲ့”

ကြင်ယာတော်မင်းသမီးကျန်းက သူ့ကို ပွေ့ထားပြီး သားချော့တေးဆိုလိုက်သည်။ “ဖုန်းကျင့် အမေ့သားလိမ္မာလေး... ဂျီမကျပါနဲ့ အိပ်ပါတော့ကွယ်...”

“အမေ မခွာပါနဲ့....”

ကြင်ယာတော်မင်းသမီးကျန်း မိုးမခသစ်ရွက်ကို ခွာလိုက်သည့်အခါ ကလေးကြီးက မျက်လုံးပိတ်လိုက်သည်။ သူ၏မျက်လုံးသုံးလုံးမှ မျက်ရည်များစီးကျနေပြီး သူက တစ်ဖက်သို့ ခေါင်းလှည့်သွားကာ ခပ်တိုးတိုး ပြောနေ၏။ “အမေက ဖုန်းကျင့်ကို မချစ်ဘူး.. ညီလေးကိုပဲ ချစ်တာ...”

ကြင်ယာတော်မင်းသမီးကျန်း သူ့ကို နမ်း၍ ‌ချော့လိုက်သည်။ “အမေ သားကို ချစ်တာပေါ့ကွယ်.... သား ပြဿနာရှာမှာကိုပဲ စိုးရိမ်တာပါ... သားက ကိုယ့်ကိုယ်ကို မထိန်းနိုင်ပေမယ့် သားညီကတော့ ထိန်းနိုင်တယ်လေ... အမေက သားတို့နှစ်ယောက်လုံး အသက်ရှင်နိုင်ဖို့ပဲ မျှော်လင့်တာပါ...”

သူမက ကလေးကို ဖက်ပြီး ခုတင်လေးပေါ် တင်လိုက်၏။ ချင်ဖုန်းကျင့်မှာ သက်ပြင်းချ၍ ချင်စာလုံးမြေပြင်ဆီသို့ အထီးကျန်စွာ ပြန်သွားလေသည်။

သူ၏ရုပ်ခန္ဓာသည် တဖြည်းဖြည်း ကြီးပြင်းလာကာ တခဏကြာသော် ချင်မူ မျက်လုံးဖွင့်၍ ခုတင်အပေါ်မှ ထလိုက်သည်။ သူက ကြင်ယာတော်မင်းသမီးကျန်း၏ ဒူးအရှေ့၌ ဒူးထောက်ပြီး သူ့အမေ၏ ဒူးပေါ်တွင် ခေါင်းတင်လိုက်၏။

သားအမိနှစ်ယောက် စကားမပြောကြပေ။

နှစ်ရက်ကြာသော် ကြင်ယာတော်မင်းသမီးကျန်းက ချင်မူ့ကို လောဆော်သည်။ “ဖုန်းကျင့်၊ ပြန်သင့်ပြီ.... ဒီနေရာက သား ကြာကြာနေသင့်တဲ့နေရာ မဟုတ်ဘူး”

ချင်မူ ထပြီး ပြုံးပြလိုက်သည်။ “အမေ၊ သား ပြန်လာခဲ့မယ်... နောက်တစ်ခေါက် ပြန်လာရင် အပြင်လောကမှာ အေးအေးချမ်းချမ်း နေဖို့ အမေ့ကို ခေါ်သွားပေးမယ်”

ကြင်ယာတော်မင်းသမီးကျန်းက သူ့ကို ရွာအဝင်အထိ လိုက်ပို့သည်။ ချင်မူမှာ ပြောသင့်မပြောသင့် စဉ်းစားနေပြီးနောက် နူးညံ့တိုးညှင်းသောအသံဖြင့် ပြောလိုက်၏။ “ကျွန်တော် အဖေနဲ့ တွေ့ခဲ့ပြီးပြီ... သူ အသက်ရှင်နေတုန်းပဲ”

ကြယ်ယာ်တော်မင်းသမီးကျန်း၏ ခန္ဓာကိုယ် သိမ့်ခနဲ တုန်သွားပြီး သူမက ခေါင်းယမ်းသည်။ “သား အမေ့ကို မလိမ်ပါနဲ့... အဲဒီလောက် ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ သူ ဘယ်လိုမှ အသက်မရှင်နိုင်ဘူး...”

“အဖေ တကယ် အသက်ရှင်နေသေးတယ်”

ချင်မူက ခိုင်မာပြတ်သားသောအသံဖြင့် အလေးအနက် ပြောသည်။ “ကျွန်တော် သူ့ကို ကိုယ်တိုင်မြင်ခဲ့ရတာပါ... သူ ဒီ ယိုတုထဲမှာပဲ ... ကျွန်တော်တို့ကို သယ်လာခဲ့တဲ့ သင်္ဘောထဲမှာ ရှိနေသေးတယ်... ဒါပေမဲ့ စနေဂြိုဟ်အရှင်သခင်နဲ့ မြေအောက်ဘုံအရှင်သခင်ပဋိညာဉ်ချုပ်ထားလို့ သစ်ပင်ဘဝရောက်နေတယ်... ကျွန်တော့်ကို ကြည့်မိရင် ရွှင်ပျော်ပျော်ကျေးရွာရဲ့ တည်နေရာကို စနေဂြိုဟ်အရှင်သခင်ဆီ ပြောရမယ်တဲ့လေ... ကျွန်တော် သူနဲ့ ဆုံတုန်းက ကျွန်တော့်ကို သူ မကြည့်ခဲ့ဘူး... ဒါပေမဲ့ တကယ် အသက်ရှင်နေသေးတုန်းပဲ”

ကြင်ယာတော်မင်းသမီးကျန်း မှင်သက်သွား၏။

“အမေ ကျွန်တော် ရွှင်ပျော်ပျော်ကျေးရွာဆီ ဘယ်လိုသွားရမလဲ သိချင်တယ်”

ချင်မူ တခဏ တွန့်ဆုတ်သွားသည်။ “ကျွန်‌တော် ခိုင်ဧကရာဇ်နဲ့ တွေ့ချင်တယ်”

ကြင်ယာတော်မင်းသမီးကျန်း တိတ်ဆိတ်သွားသည်။ “မသွားနဲ့”

ချင်မူ အံ့အားသင့်သွားပြီး ကျယ်လောင်စွာ မေးလိုက်မိ၏။ “ဘာလို့လဲ”

ကြင်ယာတော်မင်းသမီးကျန်းက ခေါင်းယမ်းပြသည်။ “မသွားနဲ့ အမေ သားကို သွားခွင့်မပေးဘူး”

ချင်မူ အံ့ဩသွားသည်။

“အမေ ကျန်းကျန်းမာမာ ရှိနေပါ”

ရွာအဝင်ဝတွင် ချင်မူ မြေကြီးပေါ် ဒူးထောက်၍ သုံးကြိမ်သုံးခါ အရိုအသေပေးပြီးနောက် ပြန်လှည့်သွားသည်။

မင်းသမီးကျန်းမှာ ကျောက်တိုင်တောအုပ်ထဲ သူ ဝင်သွားသည်ကို ငေးကြည့်နေ၏။ ချင်မူ နောက်ပြန်လှည့်ကြည့်သည့်အခါ ထိုနေရာတွင် ရပ်နေသေးသော သူမအား မြင်ရသည်။

ယိုတု၏ ကျောက်စိမ်းအကျဉ်းထောင်တံခါး တပ်စခန်း

ဤအချိန်တွင် စစ်သည်တော်များ စနစ်တကျ စီးတန်းနေရာယူထားကြသည်။ သူတို့တွင် ထူးခြားသောအရှိန်အဝါများ ရှိကြပြီး အားလုံး ကျောက်တိုင်တောအုပ်အတွင်းရှိ ငရဲမီးလျှံသီလကျောက်တိုင်များကို စိုက်ကြည့်နေကြသည်။

တခဏကြာသော် ချင်မူက ကျောက်တိုင်တောအုပ်ထဲမှ ထွက်လာသည်။ အလွန်အင်အားကြီးမားသည့် စစ်သည်တော်များအနက်မှ လက်ဝဲယံဝိညာဉ်အစောင့်အရှောက် မိုချိမီက ပြေးလာပြီး ခပ်လှမ်းလှမ်း၌ ရပ်လိုက်သည်။ သူက လက်သီးဆုပ်၍ အရိုအသေပေး၏။

ချင်မူ ရပ်လိုက်ပြီး ပြန်နှုတ်ဆက်လိုက်သည်။ “ကျွန်တော် အမေ့ကို ခေါ်မလာခဲ့ပါဘူး လက်ဝဲယံဆရာကြီး”

“ချင်ဖုန်းကျင့် တံခါးရဲ့ အပြင်မှာ ဘာရှိလဲ သိလား” လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်က အလေးအနက် မေးသည်။

ချင်မူ ခေါင်းခါပြမိသည်။

လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက်က ကျယ်လောင်စွာ ပြော၏။ “ကျောက်စိမ်းတံခါးရဲ့ အပြင်မှာ မင်းရဲ့ ရန်သူတွေချည်းပဲ... နတ်ဘုရားတွေ၊ မိစ္ဆာတွေ၊ ယိုတုရဲ့ အာဏာပိုင်တွေ.. တချို့က ကောင်းကင်နတ်ဘုံသားတွေပဲ... သူတို့မှာ ရုပ်ခန္ဓာကိုယ်တွေ၊ နတ်လက်နက်တွေနဲ့ ထူးခြားတဲ့ အစွမ်းအစတွေ ရှိကြတယ်... တချို့ကတော့ အသက်ရှိစဉ်တုန်းက နတ်ကောင်းကင်ခန်းမနဲ့ ဧကရာဇ်ပလ္လင်အဆင့် ရောက်ခဲ့တဲ့ မူလဝိညာဉ်တွေ... အကုန်လုံးက အင်အားကြီးမားကြပြီး သေသွားပြီးတဲ့နောက်မှာ ယိုတုထဲက နယ်မြေတွေရဲ့ အာဏာပိုင်တွေ ဖြစ်လာကြတယ်... မင်း ဒီတံခါးအပြင် ထွက်တာနဲ့ သွေးခင်းလမ်းပဲ စောင့်ကြိုနေလိမ့်မယ်”

ချင်မူ ခေါင်းကိုင်းကာ အရိုအသေပေးလိုက်သည်။ “ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်”

လက်ဝဲယံဝိညာဉ်အစောင့်အရှောက်က ပြုံး၍ အဓိပ္ပါယ်ပါပါ ပြော၏။ “မြေအောက်ဘုံအရှင်သခင်က မင်းကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးခဲ့တယ်... မင်းရဲ့အမေကိုလည်း ကောင်းကောင်းမွန်မွန် ထားပေးမယ်... သူ့ကျေးဇူးကို ပြန်ဆပ်ဖို့ မင်း ဘာလုပ်သင့်လဲ သိလား”

ချင်မူက အလေးအနက် ပြောသည်။ “တရားဥပဒေဟာ ဘယ်နေရာမှာမဆို စိုးမိုးရမယ်... အင်အားအာဏာကြောင့် ဖောက်ပြန်ပျက်စီးခြင်းမရှိရဘူး၊ တစ်ဦးတစ်ယောက်တည်းရဲ့ အကျိုးစီးပွားကို မထည့်တွက်ရဘူး... သေရမှာကို မကြောက်ဘဲ တရားမှုကိုသာ လက်ကိုင်ထားခြင်းဟာ ယောက်ျားကောင်းတစ်ယောက်၏ သတ္တိဖြစ်တယ်”

လက်ဝဲယံဝိညာဉ်အစောင့်အရှောက်က လက်မြှောက်၍ အော်ဟစ်လိုက်သည်။ “တံခါးတွေ ဖွင့်”

တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင် ထူသော ယိုတုကျောက်စိမ်းအကျဉ်းထောင်တံခါး၏ ဂိတ်တံခါးများ ဖြည်းဖြည်းချင်း ပွင့်လာ၏။

“သူတော်‌ကောင်းလေးချင်၊ ကျေးဇူးပြုပြီး”

လက်ဝဲယံဝိညာဉ်‌အစောင့်အရှောက်က အော်လိုက်သည်။ “ဗုံတွေ တီး၊ ခရာတွေ မှုတ်... သူတော်ကောင်းလေးကို အပြင်ပို့ကြမယ်”

ဗုံသံများက မိုးခြိမ်းသံသဖွယ် မြည်ဟည်းလာကြသည်။

ဒုန်း ဒုန်း

စစ်ခရာသံများလည်း ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ချင်မူက ဗုံသံများ၊ ခရာသံများအကြားမှ တံခါးအပြင် ထွက်လာသည်။ သူ့အနောက်တွင် အနက်ရောင်‌ကျောက်တိုင်များက တောအုပ်ကြီးသဖွယ် ထူမတ်နေကြပြီး ငရဲမီးလျှံများ ဟုန်းဟုန်းတောက်နေ၏။

All Chapters