← Chapters

သားသတ်ဒယ်အိုး၊ ကောင်းကင်ပိုက်ကွန်

Vol. 57 Ch. 760

သားသတ်ဒယ်အိုး၊ ကောင်းကင်ပိုက်ကွန်

Vol. 57 Ch. 760

ယိုတုကျောက်စိမ်းအကျဉ်းထောင်တံခါး၏ အပြင်တွင်

အေးစိမ့်စိမ့် လေတစ်ချက် ဝှေ့တိုက်လိုက်သည့်အခါ စုတ်ပြတ်နေသော အလံတစ်ခု တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။ အလံသည် အလွန်ဟောင်းနွမ်းနေပြီး ကောင်းကင်နတ်သိုင်းရာများနှင့် မီးလောင်ရာများကိုလည်း ရှင်းလင်းပြတ်သားစွာ မြင်နေရရာ စစ်ပွဲထဲ၌ အသုံးပြုထားပုံပေါ်၏။

ထို့အပြင် သွေးကွက်အညစ်အထေးများလည်း ရှိနေသည်။

ဤလှံကို မြှောက်ကိုင်ထားသူမှာတော့ ကိုက်သုံးရာမြင့်မားသော လက်လေးဖက် မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်သည်။ အင်မတန်မှ တုတ်ခိုင်ထွားကြိုင်းလှသော လက်ကြီးလေးဖက်က အလံတိုင်ကို ဆုပ်ကိုင်လျက်ရှိပြီး စူးရဲတောက်ပနေသော မျက်လုံးတစ်စုံသည် ကျောက်စိမ်းအကျဉ်းထောင်တံခါး၏ ဂိတ်ဆီသို့ မမှိတ်မသုန် ကြည့်နေ၏။

ရွှစ်

အလံက ခပ်ကြမ်းကြမ်း တိုက်ခိုက်လာသော လေအေးများအား ဖြိုခွဲလိုက်၍ လေအဟုန်ကြောင့် အလံစများ နောက်သို့ လွင့်လူသွားသည်။

အနောက်တွင် နတ်ဘုရားများသည် အတန်းလိုက် စီတန်း၍ စနစ်တကျ ရပ်နေကြ၏။ စုတ်ပြတ်နေသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြပြီး လက်တွင် ပျက်စီးကျိုးပဲ့နေသည့် နတ်ဘုရားလက်နက်များ၊ မိစ္ဆာလက်နက်များ ကိုင်ထားကြသည်။ သူတို့အားလုံး အလံကြီး၏အနောက်၌ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်နေကြလေသည်။

နတ်ဘုရားအရေအတွက်မှာ များပြားလွန်းသောကြောင့် မျက်စိတစ်ဆုံး အဆုံးမရှိပေ။

နတ်ဘုရားစစ်တပ်၏အလယ်တွင် အပေါက်များဖြင့် တော်ဝင်ထီးဖြူတစ်ခု ရှိသည်။ ထီးဖြူသည် ဆယ်မိုင်ကျော် ဧရိယာပတ်ပတ်လည်အား လွှမ်းမိုးထားပြီး ထီးဖြူ၏အောက်၌ တိုင်လုံးကြီးတစ်လုံးတစ်မျှ အလုံးတုတ်သော ဝင်ရိုးရှိသည်။ ၎င်း၏ဘေး၌ နဂါးအရိုးများ ရစ်ခွေဖွဲ့တည်‌ပေးထားသော ပလ္လင်ကို မြင်တွေ့ရသည်။

လေကား ကြမ်းလွန်း၏။

ပလ္လင်ပေါ်၌ ထိုင်နေသော ဧရာမနတ်ဘုရားကြီးသည် လေ၏ တိုးဝှေ့မှုကြောင့် သူ၏အနီရောင်ခြုံထည် လွင့်မထွက်သွားအောင် ထိန်းထား၏။ သူ့မျက်နှာမှာ ဖြူဖျော့နေပြီး တစ်ချက်တစ်ချက် ချောင်းတဟွတ်ဟွတ် ဆိုးတတ်သည်။

“ယိုတုသားတော်ကြောင့် ဒဏ်ရာရပြီးကတည်းက ဇာမဏီနတ်မင်း မသက်သာသေးတာလား” မြွေခေါင်း၊ လူခန္ဓာရှိသော အမျိုးသမီးတစ်ယောက်က သူ့ဆီ လျှောက်လာပြီး ယောက်ျားအသံဖြင့် စကားပြောသည်။

ဇာမဏီနတ်မင်း၏မျက်နှာမှာ သိပ်မသာယာပေ။ သူက အနိမ့်အမြင့်မရှိသော အသံဖြင့် ပြောသည်။ “ဇာမဏီနတ်မင်းတဲ့လား... ကျုပ်က သေနေပြီ၊ ဇာမဏီနတ်မင်းဘွဲ့နဲ့ မထိုက်တန်ဘူး... လက်ရှိဇာမဏီနတ်မင်းက ချီရှားယွီပဲ... ကျုပ်ကို ယန်ချန်းကျောင်းလို့သာ ခေါ်ပါ”

လုလီက နူးညံ့ချိုသာစွာ ပြုံးလိုက်သည်။ “ချုံဧကရာဇ်ခေတ် အဆုံးသတ်ခါနီးမှာ ဇာမဏီနတ်မင်းက ချီရှားယွီနဲ့ တိုက်ခိုက်ခဲ့ပြီး ရှုံးခဲ့ပေမယ့် တကယ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ရှုံးသွားခဲ့တာပါ... ဇာမဏီနတ်မင်း သေဆုံးသွားပေမယ့် ချီရှားယွီအနေနဲ့လည်း အညံ့ခံရုံအပြင် ရွေးချယ်စရာမရှိခဲ့ဘူးလေ...”

ယန်ချန်းကျောင်း ဘဝင်မကျတော့ပေ။ “တော်တော့”

“ဟုတ်ပါပြီရှင်”

လုလီက အပြုံးပန်းများ ဝေဆာစွာဖြင့် နောက်တပ်ဖွဲ့တစ်ဖွဲ့ဆီသို့ လျှောက်သွားလေသည်။ နတ်ဘုရားစစ်သည်တော်များ မျက်စိတဆုံး စီတန်းနေသော နတ်ဘုရားစစ်တပ်မှာ အင်အားအပြည့် ရောက်လာခဲ့ခြင်းမဟုတ်သေးပေ။ သူတို့က ယန်ချန်းကျောင်း၏ လက်အောက်၌ တာဝန်ကျသော နတ်ဘုရားစစ်တပ်သာ ရှိသေးသည်။

ယန်ချန်းကျောင်းသည် ယခင်တုန်းက ရှေးကောင်းကင်နတ်ဘုံ၏ ဇာမဏီနတ်မင်း ဖြစ်၏။ ချုံဧကရာဇ်ခေတ်၏ နှောင်းပိုင်းကာလတွင် ရှေးကောင်းကင်နတ်ဘုံက ချုံဧကရာဇ်ကောင်းကင်နတ်ဘုံကို ဖယ်ရှားချင်ခဲ့သည်။ ထို့ကြောင့် ဇာမဏီနတ်မင်းယန်ချန်းကျောင်းမှာ ချီရှားယွီနှင့် တိုက်ခိုက်ခဲ့ရပြီး နှစ်ယောက်စလုံး ဧကရာဇ်ပလ္လင်အဆင့် ဖြစ်ကြသော်လည်း ချီရှားယွီက မာယာကြွယ်သဖြင့် ယန်ချန်းကျောင်းကို သတ်နိုင်ခဲ့သည်။

သို့သော် ချီရှားယွီလည်း ဒဏ်ရာအပြင်းအထန် ရခဲ့သဖြင့် ရှေးကောင်းကင်နတ်ဘုံ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ သူမမှာ အညံ့ခံရန် အတင်းအကြပ် ဖိအားပေးခံခဲ့ရကာ တောင်ကောင်းကင်ဘုံ ဇာမဏီနတ်မင်းအသစ် ဖြစ်လာခဲ့၏။

ဤသည်က လုလီ စောစောက စကားစခဲ့သော ဇာတ်လမ်းဖြစ်သည်။

ယန်ချန်းကျောင်းက သေဆုံးသွားသည့်အခါ ယိုတုသို့ ရောက်လာပြီး တစ္ဆေနတ်မင်းတစ်ပါး ဖြစ်လာခဲ့သည်။ တစ္ဆေတစ်ကောင် ဖြစ်လာပြီးနောက် သူ့တွင် အနံ့အရသာခံနိုင်စွမ်း မရှိတော့ပေ။ မည်သည့်အရာစားစား အရသာမရှိသလို၊ ပန်းပွင့်များကိုပင် အနံ့မခံနိုင်ချေ။ သူ့အနေဖြင့် ယိုတု၌ ထင်ရာစိုင်းနိုင်ပါသော်လည်း ကောင်းကင်နတ်ဘုံဆီမှ အမိန့်များကို နာခံရသေး၏။ ထို့ကြောင့် မည်သူက ပျော်နိုင်ပါမည်နည်း။

လုလီ သူ့ကို သတိပေးလိုက်သဖြင့် သူ့မှာ ပို၍ပင် မပျော်တော့ပေ။

လုလီက သူ့ဘေးရှိ တပ်ဖွဲ့ဆီသို့ ရောက်သွားပြီး ဧရာမနတ်ဘုရားကြီးတစ်ပါး ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “အိမ်ရှေ့မင်းသားကျုံရှစ်၊ အမိကမ္ဘာမြေရဲ့သားတော်... ဒဏ်ရာတွေ သက်သာပြီလား”

“ဒီနှစ်တွေထဲ မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေ စားခဲ့လို့ သက်သာလာပါပြီ”

ဧရာမနတ်ဘုရားကြီး ယန်ကျုံစစ်က မဲ့သလို ပြုံးကာ ပြောသည်။ “ဒီနေ့စစ်ပွဲမှာ ငါ ယိုတုသားတော်ရဲ့‌ခေါင်းကို ရအောင် ယူပြမယ်”

သူ့လက်အောက်ရှိ နတ်ဘုရားအားလုံး နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြသဖြင့် သူသည် နဂါးဟန်ခေတ်အတွင်း နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ကြောင်း ထင်ရှား၏။

လုလီ ပြုံးလျက် ပြောလိုက်သည်။ “အိမ်ရှေ့မင်းသားကျုံရှစ်... ကျွန်မတို့က ဒီတစ်ခေါက် ယိုတုသားတော်ကို သတ်မှာမဟုတ်ဘူး... သူ့ကံကြမ္မာကို သိမ်းပိုက်ပြီး ရုပ်ခန္ဓာကိုပဲ ယူကြရမှာ”

ယန်ကျံရှစ်က နှာခေါင်းရှုံ့လိုက်ပြီး သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာ၏။ “လုလီ၊ မင်း ဘာကြံစည်နေမှန်း ငါ မသိဘူး မထင်နဲ့... မင်း ယိုတုထဲက နတ်ဘုရားအားလုံးကို ဖိတ်‌ခေါ်ပြီး ယိုတုသားတော်ကို ဖမ်းဖို့ လုပ်ခဲ့တုန်းက ငါတို့လူတွေအများကြီး ဆုံးရှုံးခဲ့ရတယ်... ဒဏ်ရာတွေလည်း ရခဲ့ကြတယ်... နောက်ပိုင်း ငါတို့အတွက် ယိုတုသားတော်ကို ဖမ်းပေးချင်လို့ နတ်ဘုရားနှိမ်နင်း ကောင်းကင်ပိုက်ကွန်လို့ ခေါ်တဲ့ နတ်လက်နက်ဖန်တီးမယ် ပြောပြီး ငါတို့အင်အားတွေကို အသုံးချခဲ့ပြန်တယ်.. ဒါပေမဲ့ နတ်ဘုရားနှိမ်နင်း ကောင်းကင်ပိုက်ကွန်ကို ဖန်တီးပြီးပြန်တော့လည်း မလှုပ်ရှားဘဲ အချိန်ဆွဲခဲ့တယ်မဟုတ်လား... လုလီ၊ မင်းက ရည်မှန်းချက်ကြီးလွန်းတယ်... မင်းက မြေအောက်ဘုံအရှင်သခင် နောက်တစ်ယောက် ဖြစ်လာဖို့ ကြံစည်နေတာ”

လုလီက သူပြောသမျှ ခေါင်းညိတ်သဘောတူ၏။ “သက်ရှိကမ္ဘာမှာ သူ့ကို ဖမ်းဖို့ အခွင့်အရေးမရခဲ့ဘူးလေ... နတ်ဘုရားနှိမ်နင်း ကောင်းကင်ပိုက်ကွန်ကလည်း သူ့ကို မသတ်နိုင်လောက်ဘူး”

သူမသည် နောက်တစ်ဖွဲ့ဆီသို့ ကူးသွားပြီး ပြုံးပြနေသည်။ “နတ်ဘုရားမရွှမ့်ဝူကျိ”

နတ်ဘုရားမဝူကျိက သူမကို တစ်ချက်ကြည့်ကာ စိတ်မဝင်စားသကဲ့သို့ ပြောသည်။ “ဆက်ပြောစရာမလိုဘူး လုလီ... ယိုတုသားတော်နဲ့ ငါက တစ်မိုးအောက်တည်း အတူမနေနိုင်လောက်တဲ့အထိ ရန်ငြိုးရှိတယ်... လုလီ ၊ နင်ကလည်း လူကောင်းမဟုတ်ဘူး... နင် ယိုတုသားတော်ကို မနိုင်လို့ ငါ့သားဆီက အကူအညီလှမ်းမတောင်းခဲ့ရင် ငါ့သား သူ စားတာ ခံခဲ့ရပါ့မလား”

လုလီသည် မဟုတ်မခံသော အသံဖြင့် ပြန်ရှင်းပြ၏။ “ယိုတုသားတော်ရဲ့ မကောင်းမှုတွေက ကြီးမားလွန်းပါတယ်... သူက ယိုတုမှာ အပြစ်အကြီးဆုံးတစ်ယောက်ပဲ.... အရှင်မင်းကြီးရဲ့ သိုင်းမိဖုရားအနေနဲ့ နတ်ဘုရားမက သိုင်းတိုက်ကွက်တွေကြောင့် ထင်ရှားပါတယ်... ဒါကြောင့် ကျွန်မလုလီ နတ်ဘုရားမကို အမြဲလေးစားနေခဲ့တာပါ... ဘာကြောင့် ကျွန်မက အရှင်သားကို တမင်တကာ သေအောင် လုပ်ကြံခဲ့မှာလဲရှင်”

သူမက တပ်ဖွဲ့နောက်တစ်ဖွဲ့သို့ ရောက်လာကာ နှုတ်ဆက်သည်။ “မဟာနေဧကရာဇ်”

ဤမဟာနေဧကရာဇ်ဆိုသည်မှာ သဘာဝအလျောက် မွေးဖွားလာသော အထွတ်အမြတ်နတ်ဘုရားတစ်ပါး၏ ယန်ဝိညာဉ်သုံးခုနှင့် မူလဝိညာဉ်ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားများတွင် ယင်ဝိညာဉ်ခုနစ်ခုမရှိဘဲ ယန်ဝိညာဉ်သုံးခုသာ ရှိကြ၏။

လက်ရှိကောင်းကင်နတ်ဘုံ၏ မဟာနေဧကရာဇ်သည် ချုံဧကရာဇ်ခေတ်၏ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် ဖြစ်သော်လည်း ယိုတုထဲရှိ ဤမူလဝိညာဉ်မှာ တကယ့် မဟာနေဧကရာဇ်ဖြစ်လေသည်။

မဟာဧကရာဇ်ကား ခြေသုံးချောင်းဖြင့် ရပ်နေသော ငှက်ကြီးတစ်ကောင်နှင့် တူသည်။ သူ၏အမွှေးအတောင်များမှာ ချောမွတ်နေပြီး ရှုပ်ပွနေခြင်း မရှိပေ။ “ဘုရင်ခံလု၊ စိတ်မပူပါနဲ့... ငါတို့ ဒီစစ်ပွဲမှာ ယိုတုသားတော်ကို အလွှတ်မပေးဘူး”

“မဟာနေဧကရာဇ်ရဲ့ အမြန်နှုန်းက ဒီကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပါတယ်... မဟာနေဧကရာဇ်ကြောင့် သူ့အတွက် သေချာပေါက် ပြေးပေါက်ရှိမှာမဟုတ်ပါဘူး”

လုလီက ရှေ့ဆက်လျှောက်သွားပြီး ယိုတု၏အာဏာပိုင်များကို အရိုအသေပေးနေသည်။ တချို့အာဏာပိုင်များသည် ရုပ်ခန္ဓာများကို ကောင်းကင်နန်းဆောင်များအသွင်ပင် ဖွဲ့တည်ထားပြီး ဧကရာဇ်ပလ္လင်များအထက်၌ ထိုင်နေကြ၏။

ဤအာဏာပိုင်များက လွန်ခဲ့သော နှစ်တစ်သန်းက သေဆုံးသွားခဲ့သည့် ဧကရာဇ်ပလ္လင်အဆင့်နှင့် နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်များ ဖြစ်ကြသည်။ ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်များ မပေါ်ထွက်လာခင် ဆောလျင်စွာ သေဆုံးသွားကြသည့် နတ်ဘုရားတစ်ပိုင်းများပင် ရောက်နေကြသည်။ သူတို့၏သိုင်းစွမ်းအားမှာ အံ့အားသင့်ဖွယ်ရာ မြင့်မားကြ၏။ သူတို့တွင် သိုင်းအဆင့်မရှိကြသော်လည်း နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များအောက် အနည်းငယ်မျှ မနိမ့်ကျပေ။

လုလီက တစ်ယောက်မကျန် သွားရောက်နှုတ်ဆက်၍ အာဏာပိုင်အယောက်တစ်ရာကျော်နှင့် ဆုံ‌တွေ့ပြီးနောက် သူမတပ်ဖွဲ့ဆီသို့ ပြန်လာသည်။

သူမ၏တပ်ဖွဲ့တွင် ယိုတုမိစ္ဆာနတ်ဘုရားများ အယောက်တစ်ရာကျော်သာ ကျန်ပြီး မကောင်းဆိုးဝါးများမှာလည်း တစ်ထောင်ခန့်သာ ရှိ၏။

ယခင်တစ်ခေါက် ဖုန်းတုကို တိုက်ခိုက်ခဲ့တုန်းက မရဏတမန်တော်သည် မပြောမဆိုဖြင့် လှည့်ပြန်သွားခဲ့သည့်အတွက် သူမမှာ စစ်တပ်ကြီးကို ပစ်၍ ယိုတုသို့ ပြန်ပြေးလာခဲ့ရလေသည်။

ကျွယ်ဟွမ်၊ ရွှမ့်မင်နှင့် ဟန်လဲ့တို့လည်း ရောက်နေကြသည်။ မိစ္ဆာနတ်ဘုရားရာဂဏန်း၊ မကောင်းဆိုးဝါးထောင်ဂဏန်းမှာ ဘုရင်လေးပါး၏ စစ်တပ်အင်အားတစ်ခုလုံး ဖြစ်၏။

ရွှမ့်မင်မှာ စိုးရိမ်ပူပန်နေပြီး မှုန်ကုပ်နေသည်။ “အရင်တစ်ခေါက်တုန်းကလည်း အဆင့်မြင့်သိုင်းပညာရှင်တွေ အများကြီး လာခဲ့ကြပေမယ့် အကုန်လုံး သူ သတ်တာခံလိုက်တယ်မလား... ငါတို့ သူ့ကို ဒီတစ်ခေါက် ဖမ်းနိုင်ပါ့မလား”

လုလီသည် ယုံကြည်ချက်အပြည့်ရှိနေ၏။ “ဒီတစ်ခေါက်‌တော့ မတူဘူး... အဲဒီအာဏာပိုင်တွေလည်း သူ့ကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိနေတယ်... အရင်တစ်ခေါက်တုန်းက တစ်ယောက်ချင်းစီ တိုက်ခိုက်ခဲ့ပြီး သူ့ကို ဝိုင်းမတိုက်နိုင်ခဲ့တာ များတော့ ရှုံးခဲ့ရတာပါ...”

သူမက ပြုံးလိုက်ပြီး ဆက်ပြောသည်။ “အခုတော့ အဲဒီလူအိုကြီးတွေ အရှက်သိက္ခာငဲ့ မနေနိုင်တော့ဘူး... ငါတို့ ဒီမှာ တပ်ချပြီး ယိုတုအကျဉ်းထောင်တံခါးကို ပိတ်ထားသရွေ့ သူ မလွတ်တာ သေချာတယ်... နတ်ကောင်းကင်ခန်းမအဆင့်၊ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တွေ ဒီလောက်အများကြီး ရောက်နေမှတော့ သူ အသက်ရှင်ပါတော့မလား...ဒါ့အပြင်”

သူမသည် တပ်ဖွဲ့၏အလယ်သို့ လှမ်းကြည့်လိုက်၏။ မိစ္ဆာနတ်ဘုရားများနှင့် မကောင်းဆိုးဝါးများက ဧရာမလက်နက်ကြီးတစ်ခုကို စောင့်ကြပ်နေကြလေသည်။

ထိုလက်နက်၏ အသွင်သဏ္ဍာန်သည် ဧရာမဒယ်အိုးကြီးတစ်လုံးနှင့် တူပြီး ဘေးမျက်နှာပြင်ထက်တွင် သင်္ကေတအမှတ်အသားများ၊ မြေ၊ ရေ၊ လေ၊ မီး၊ တောင်တန်းများ၊ မြစ်ချောင်းများ၊ ကန်များ၊ ပင်လယ်များ ခတ်နှိပ်ထား၏။ နတ်ဘုရားတစ်ပိုင်းများ၊ နဂါးခေါင်းနှင့်လူများ၊ မီးငှက်ခေါင်းနှင့်လူများ၊ ကျားခေါင်းနှင့်လူများ အစရှိသဖြင့် ရုပ်ပုံများကိုလည်း ရေးဆွဲထားကြည်။

ဒယ်အိုကြီး၏ အတွင်းမျက်နှာပြင်ပေါ်တွင် နေ၊ လ၊ ကြယ်များ ရှိပြီး အောက်ခြေ၌မူ မရေမတွက်နိုင်သော အတားအဆီးအစီအရင်များ ခတ်နှိပ်ထားသည်။

လုလီက အပြုံးတစ်ခုဖြင့် ပြောသည်။ “ဒီဒယ်အိုးက သူ့ကို ဖမ်းချုပ်ပေးမယ့် ရတနာပဲ... မြေအောက်ဘုံအရှင်သခင် လူဝင်စားတုန်းက ဒီသားသတ်ဒယ်အိုးကို သွန်းလုပ်ခဲ့တယ်... နတ်ဘုရားတစ်ပိုင်းတွေ၊ ရှေးဟောင်းနတ်ဘုရားတွေကို မရေမတွက်နိုင်‌‌အောင် သတ်ဖြတ်ခဲ့ပြီးမှ ဒီသန်မာအားအကောင်းဆုံး မိစ္ဆာလက်နက်ကို သွန်းလုပ်ခဲ့တာပဲ ... သားသတ်ဒယ်အိုးက ချင်ဖုန်းကျင့်ကို ချုပ်ပေးနိုင်တာ သေချာပေမယ့် အရေးအကြီးဆုံးက ဒါ ဖြစ်နေတုန်းပဲ”

သူမက လေးထောင့်အဖုံးတစ်ချပ် ထုတ်လိုက်သည်။ အဖုံးတွင် လုံးဝန်းသော ကောင်းကင်၊ လေးထောင့် မြေပြင် သင်္ကေတမျိုးစုံ ရေးဆွဲထား၏။

လုံးဝန်းသော ကောင်းကင်သည် ရွှမ်တုဖြစ်ကာ လေးထောင့်မြေပြင်က ယိုတု ဖြစ်လေသည်။

“ယိုတုသားတော် သူတို့နဲ့ တိုက်ခိုက်နေတဲ့ အချိန် အခွင့်အကောင်းယူပြီးတော့ သူ့ကို သားသတ်ဒယ်အိုးထဲ စုပ်ယူရမယ်... နတ်ဘုရားနှိမ်နင်း ကောင်းကင်ပိုက်ကွန်နဲ့ ဖုံးလိုက်ရင် သူ ဘာမှမတတ်နိုင်တော့ဘဲ ပိတ်မိသွားလိမ့်မယ်”

ဤအခိုက်အတန့်တွင် ကျောက်စိမ်းအကျဉ်းထောင်တံခါး၏ ဂိတ်ဝများ ပွင့်လာကာ ခရာသံများ ထွက်ပေါ်လာသည်။ လိုက်ပါလာသည့် ဗုံသံများက သူတို့၏ရင်ခေါင်းထဲ၌ပင် တုန်ခါနေစေ၏။

မရေမတွက်နိုင်သော အကြည့်များစွာသည် ပွင့်လာသော ဂိတ်ဝဆီသို့ ရောက်သွားကြပြီး အေးဆေးတည်ငြိမ်စွာ ထွက်လာနေသည့် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားတစ်ပါးအား မြင်လိုက်ကြရဿည်။

“ယိုတုသားတော်”

တပ်ဖွဲ့များမှ ဆူဆူညံညံအသံများ ထွက်လာပြီး စောစောက လွှမ်းမိုးကြီးစိုးနေခဲ့သော အရှိန်အဝါအငွေ့အသက်တို့မှာ ရုတ်ခြည်း အကြောက်တရားအဖြစ်သို့ ပြောင်းလဲသွား၏။

ကြောက်စိတ်

လွန်ခဲ့သော နှစ်ဆယ့်နှစ်က အချိုးအကွေ့ကိုးသွယ်မှ ဤနေရာအထိ တောက်လျှောက် တိုက်ခိုက်ရင်း ရောက်လာခဲ့သော ထိုတိုက်ပွဲ ပြီးဆုံးသွားသည့်နောက်တွင် အရေးပါအရာရောက်သည့် ဖြစ်တည်မှုပေါင်းများစွာ ကျဆုံးခဲ့ကြသည်။ ယိုတုသားတော်က သူတို့ကို စားပစ်ခဲ့သောကြောင့် ဝိညာဉ်များလည်း ကြေမွပြိုကွဲခဲ့ကြရသည်။

ယိုတုသားတော်သည် ဤကမ္ဘာ၏ အစွမ်းထက်သော ဖြစ်တည်မှုပေါင်းများစွာကို အပြီးတိုင် ဖယ်ရှားပစ်ခဲ့၏။

ရက်စက်လှပါသည်ဆိုသော နတ်ဘုရားတစ်ပါးပင် သူ့နာမည်ကို ထုတ်မပြောဝံ့သည့်တိုင်အောင် ကြောက်လန့်ခဲ့ရသည်။ တိုက်ပွဲဖြစ်ခဲ့သည်မှာ နှစ်ဆယ့်နှစ်နှစ် ကြာပြီဖြစ်သော်လည်း သူ၏ရက်စက်ကြမ်းကြုတ်မှုသည် သူတို့၏အသည်းထဲ၊ နှလုံးထဲ၌ စွဲထင်ကျန်ရစ်ခဲ့၏။

ချင်မူက မြို့ဂိတ်တံခါးအပြင်သို့ တစ်လှမ်းချင်း လျှောက်လျက် ထွက်လာသည်။ သူ့အနောက်တွင် ကြီးမားလေးပင်လှသော ကျောက်စိမ်းအကျဉ်း‌‌ထောင်တံခါး၏ ဂိတ်ပေါက်များသည် ဖြည်းညင်းစွာ ပြန်ပိတ်သွား၏။ ရုတ်တရက် ချင်မူ့အကြည့်က တပ်စခန်းဆီသို့ ပြန်ရောက်သွားကာ သစ်ပင်လူသားတစ်ယောက်နှင့် တူနေသော နတ်ဘုရားတစ်ပါးအား မြင်လိုက်ရသည်။

ချင်မူ မှင်သက်သွားသည့်အချိန် တံခါးသည် ဂျိန်းခနဲ ပိတ်သွား၏။

“အစ်ကိုကြီး ၊ ငါ အဖေ့ကို မြင်လိုက်သလိုပဲ” ချင်မူ ခပ်တိုးတိုး ပြောလိုက်သည်။

“အဖေ ဟုတ်လား”

သူ့လည်ပင်းဘေးရှိ ခေါင်းကြီးကြီးကလေးကြီးမှာ စိတ်ကောက်မပြေသေး၍ နှာခေါင်းရှုံ့လိုက်သည်။ “အဖေက မင်းကို ပိုချစ်မှာပါ ဟုတ်တယ်မလား... အဖေ ငါ့ကို မြင်ပြီး မင်းကိုလည်း မြင်ရင် သေချာပေါက် မင်းကိုပဲ ဖက်ပြီး နမ်းလိမ့်မယ်... ငါ့ကိုတော့ နမ်းမှာမဟုတ်ဘူး... အဖေက အရမ်းမျက်နှာလိုက်မှာ”

ချင်မူ တဟားဟား ရယ်လိုက်မိပြီး သူ့အရှေ့ရှိ နတ်ဘုရားစစ်တပ်များဆီသို့ ကြည့်လိုက်သည်။ နတ်ဘုရားများသည် အဆုံးမရှိအောင် စီတန်းနေ၏။ ကောင်းကင်ထက်တွင် စုတ်ပြတ်နေသောအလံများအား မြင်ရလေသည်။

“အစ်ကိုကြီး၊ မင်း ‘အား အား အား’ လို့ခေါ်တဲ့ ကောင်းကင်နတ်သိုင်းလေ... အဲဒါကို ဘယ်လိုထုတ်လွှတ်ရတာလဲ” ချင်မူ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

ခေါင်းကြီးကြီးကလေးကြီးက လက်ပိုက်၍ သရော်သလို ခနဲ့သည်။ “ဘာ အား အား အားလဲ”

ချင်မူ တခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “လေကို စုပ်ယူလိုက်သလို ရွှီး ရွှီး ရွှီး ဖြစ်မယ်ထင်တယ်... ဝိညာဉ်တွေနဲ့ မူလဝိညာဉ်တွေကို စုပ်ယူတဲ့ ကောင်းကင်နတ်သိုင်းလေ... ယိုတုရဲ့ ကောင်းကင်နန်းဆောင်တစ်ခုမှာ အခွံပဲ ကျန်တော့တဲ့ နတ်ဘုရားတွေကို ငါ မြင်ခဲ့ရတယ်... သူတို့ မူလဝိညာဉ်တွေကို အစ်ကိုကြီး စုပ်ယူလိုက်တာဖြစ်မယ်ထင်တယ်”

“မင်း ပြောနေတာ အဲ့ဒါလား”

ကလေးကြီးက ပြုံးလျက် ပြော၏။ “တုံးအနေတာပဲ.. လေကို ရှိုက်သွင်းလိုက်ရုံပဲကို”

ချင်မူ ကြက်သေသေသွားပြီး အော်လိုက်မိသည်။ “လေကို ရှိုက်သွင်းလိုက်ရုံပဲလား... ဒီသိုင်းကွက်နဲ့ နောက်ကွယ်က သဘောတရားကို စဉ်းစားကြည့်ဖူးလား... လေကို ရှိုက်သွင်းလိုက်တုန်းက ဘာလမ်းစဉ်သုံးတာလဲ... ဘယ်လိုအခြေခံသင်္ကေတအမှတ်အသားတွေ ပါဝင်နေတာလဲ”

ခေါင်းကြီးကြီးကလေးကြီး အူတူတူ ဖြစ်သွားတော့သည်။

ချင်မူက သက်ပြင်းချကာ အလေးအနက် ပြောလိုက်၏။ “အစ်ကိုကြီး မင်းရဲ့အရည်အချင်းတွေက မြင့်မားလွန်းအားကြီးတော့ မင့်လက်တွေ ၊ ခြေထောက်တွေ မြှောက်လိုက်တာက ကောင်းကင်နတ်သိုင်းတွေလို ဖြစ်နေပြီ... ငါက မင်းအောက် နိမ့်ကျတော့ ကောင်းကင်နတ်သိုင်းတွေကို သဘောပေါက်အောင် လုပ်ရသေးတယ်... ဒါကြောင့် သဘောတရားတွေ၊ လမ်းစဉ်၊ ကျင့်စဉ်တွေ၊ အခြေခံသင်္ကေတအမှတ်အသားတွေကို သိရမှဖြစ်မှာ.... ယိုတုရဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ မဟာတာအိုဥပဒေအားလုံးက ယိုတုဘာသာစကားထဲမှာ ကိန်းဝပ်နေတာ... မင်းက ဘယ်လိုသုံးရမှန်း သိပေမယ့် အကြောင်းရင်းကိုတော့ မသိသေးဘူး”

သူ ရှေ့ဆက်လျှောက်သွားသည့်အခါ သူ၏ခန္ဓာကိုယ်သည် ကြီးမားသထက် ကြီးမားလာသည်။ သူက ချင်ဖုန်းကျင့်ကို လက်နှစ်ဖက်ပေးလိုက်ပြီး ကျန်လေးဖက်ကို သူကိုယ်တိုင် ထိန်းချုပ်၏။

ချင်မူ ကောင်းကင်နှင့်မြေပြင်ကို ပွေ့ဖက်လိုက်သကဲ့သို့ လက်လေးဖက်အား ဆန့်ထုတ်လိုက်သည်။ ထို့‌နောက် အပြုံးတစ်ခုဖြင့် ပြောလေသည်။ “အစ်ကိုကြီး ၊ ငါ တီထွင်ထားတဲ့ ယိုတုကောင်းကင်နတ်သိုင်းတွေကို တစ်ချက်ကြည့်လိုက်”

မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်အောက်ရှိ ရှေးအကျဆုံးမြေပြင်ပေါ်တွင် သိပ်သည်းမှောင်မည်းနေသော အနက်ရောင်ချီများက ချင်မူ့ဆီသို့ တရှိန်ထိုး ပြေးဝင်လာကြသည်။ ရွေ့လျားလာသည့် အမှောင်ထုဆီမှ လျှပ်စီးမိုးကြိုးများ ဝင်းလက်ပြိုးပြက်လာကာ အသံများ ဆူညံလာ၏။

“သေပေတော့”

မိုးထစ်ချုန်းလိုက်သကဲ့သို့ ဒေါသသံသည် ကျောက်စိမ်းအကျဉ်းထောင်တံခါး၏ မျက်နှာချင်းဆိုင်မှ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော နတ်ဘုရားတို့၏ မူလဝိညာဉ်များက လက်ထဲရှိ လက်နက်များဖြင့် ပြေးတက်လာကြသည်။ ကောင်းကင်နတ်သိုင်းများ တောက်ပလင်းလက်လာ၏။

ခေါင်းကြီးကြီးကလေးကြီးမှာ စိတ်လှုပ်ရှားလာပြီး လှုပ်ရှားတော့မည့်အချိန် ချင်မူက လှည့်လိုက်သည်။ သူ၏ပထမမျက်နှာမှ ပါးစပ်ဖွင့်ကာ ထူးဆန်းသော ယိုတုနတ်ဘုရားဘာသာစကားကို ရွတ်လိုက်သည်။

ဝေါ

ပြေးတက်လာနေကြသည့် နတ်ဘုရားများမှာ ဖြူဆွတ်နေသော နှင်းလှိုင်းလုံးကြီး ရွေ့လျားလာသည်နှင့် တူနေသည်။ ဤနတ်ဘုရားတို့သည် သေဆုံးသွားပြီးနောက် သူတို့၏ရုပ်အလောင်းများအား ယိုတုဆီသို့ ရွှေ့ခဲ့ကြ၏။ မူလဝိညာဉ်များက ရုပ်ခန္ဓာထဲ ပြန်ဝင်ကာ သက်ရှိလူသားသဖွယ် နေထိုင်ခဲ့ကြသော်လည်း ယခုတွင် သူတို့၏ရုပ်ခန္ဓာများ လျင်မြန်စွာ ပုပ်ဆွေးလာကြသည်။

ချင်မူ၏ မျက်နှာနောက်တစ်ဖက်က လှည့်လာပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ပထမမျက်နှာမှာ ရွတ်ဖတ်နေဆဲ ဖြစ်ပြီး အရိုးစုများဆီမှ မူလဝိညာဉ်များ ပျံထွက်လာကြသည်။ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများ၊ ကောင်းကင်နတ်လက်နက်များနှင့် မိစ္ဆာလက်နက်များမှာ အထိန်းအကွပ်မဲ့သွားသဖြင့် လေအလယ်တွင် ပေါက်ကွဲကုန်ကြ၏။ လက်နက်အစအနများ အရပ်မျက်နှာတစ်ခွင် ဖြာထွက်ကုန်သည်။

ထိုမူလဝိညာဉ်များမှာ ချင်မူ့ဆီသို့ စုပ်ယူခံနေရလေသည်။

ချင်မူက တစ်ဖက်လှည့်လိုက်သည်။ “အစ်ကိုကြီး မင်းအလှည့်”

ခေါင်းကြီးကြီးကလေးကြီးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူက ပါးစပ်ကြီးကို ဝေလငါးကြီးသဖွယ် ဟကာ နတ်ဘုရားများ၏ မူလဝိညာဉ်တို့အား စုပ်ယူမြိုချလိုက်၏။

ချင်မူက ပြန်လှည့်လိုက်ပြီး လက်ဝါးမြှောက်လိုက်သည်။ နတ်လက်နက်များ၊ မိစ္ဆာလက်နက်များ ကောင်းကင်ထဲတွင် ရပ်တန့်သွားကြသည်။

သူ ရှေ့သို့ လျှောက်လိုက်သည့်အခါ ကောင်းကင်ထဲရှိ လက်နက်များသည်လည်း သူ့နောက်မှ လိုက်လာကာ အခြားတစ်ဖက်အပေါ်သို့ ဖိအားပေးလိုက်တော့၏။

All Chapters