ပင်လယ်သို့ ခရီးနှင်(၂)
Vol. 28 Ch. 379
အသက်လေးဆယ်ဝန်းကျင်လောက်ရှိမည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်သည် ထရပ်ကာ တောက်ပစွာ ပြုံး၍ ပြောလာသည်။
“ကြိုဆိုပါတယ်…တာအိုရောင်းရင်းဝိညာဉ်သေ…။ ကျမကတော့ နန်းတော်ခြောက်ခုအဖွဲ့အစည်းက ဖုန်းစန်းနျန်းပါ။ လူတိုင်းနဲ့အတူ ထိန်းသိမ်းရမယ့် အစီအရင်ကို ထိန်းချုပ်ရာမှာ တာဝန်ရှိသူပါ…”
သူမသည် ကျက်သရေရှိလွန်းလှသည်ဟု မပြောနိုင်သော်လည်း လှပသည့်အရိပ်အယောင်ကိုတော့ ပိုင်ဆိုင်ထားတုန်းပင်။
“တာအိုရောင်းရင်းဖန်းကို နှုတ်ဆက်ပါတယ်…” ဝိညာဉ်သေသည် နှိမ့်ချသည်လည်းမဟုတ်၊ မော်ကြွားသည်လည်း မဟုတ်သာ လေသံဖြင့် ပြန်ပြောပြီး ဟန်လိကို စားပွဲထံ ခေါ်လာသည်။
မရင်းနှီး ကျင့်ကြံသူများ၏ ပုံရိပ်များက ဟန်လိ၏ အမြင်အာရုံထဲ တိုးဝင်လာ၏။ သာမန်ရုပ်သွင်နှင့် သက်လတ်ပိုင်းအရွယ်ပညာရှိဟန်ပန်နှင့်တစ်ယောက်၊ အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိဦးမည့် စွဲဆောင်မှုရှိသော အမျိုးသမီးငယ်တစ်ယောက်၊ ခပ်မွဲမွဲမျက်လုံးအရောင်ကို ပိုင်ဆိုင်ထားသည့် အဘိုးအိုတစ်ယောက်၊ အနီရောင်အလင်းတောက်ပစွာ ဖုံးလွှမ်းထားသော လူငယ်တစ်ယောက်။ ဖန်းစန်းနျန်းနှင့်ဆို သည်နေရာတွင် စုစုပေါင်း လူငါးယောက် ရှိနေကြသည်။
စွဲဆောင်မှုရှိသော အမျိုးသမီးငယ်သည် အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ သို့ပေမည့် သူသည် ပညာရှိဟန်ပန်နှင့်လူ၏ ဘေးတွင် နီးနီးကပ်ကပ်ထိုင်နေသည်။ ကြည့်ရတာ သူတို့နှစ်ယောက်မှာ တာအိုလက်တွဲဖော်များ ဖြစ်ဟန်တူ၏။
ဟန်လိက စဉ်းစားနေစဉ် ဖန်းစန်းနျန်းသည် နှစ်လိုဖွယ်ပြုံး၍ စကားစပြောသည်။
“တာအိုရောင်းရင်းဝိညာဉ်သေက အချိန်မိလေး ရောက်လာတာပဲ။ ကျမတို့ဟာ ပန်းခြောက်ပွင့်လှိုင်းဂယက် အစီအရင်နဲ့ ပတ်သတ်ပြီး ပြောဆိုနေကြတာ။ ကျမတို့က ဒီအစီအရင်နဲ့ တင်ကြို ရင်းနှီးမှု ရှိမှ အချိန်ကျလာတဲ့အခါ ပိုပြီး ချောမွေ့အဆင်ပြေမှာ မဟုတ်လား။ ဒါပေမဲ့ ကျမတို့ အဲ့လို မလုပ်ခင် တာအိုရောင်းရင်းဝိညာဉ်သေကို ဒီမှာရှိတဲ့ ရောင်းရင်းအားလုံးနဲ့ မိတ်ဆက်ပေးပါရစေ…”
ဖန်းစန်းနျန်းသည် တခြားသူများနှင့် ဆက်ဆံပြောဆိုရာမှာ တော်၏ သူမက စကားအနည်းငယ်ဖြင့်ပင် သည်ခန်းမထဲရှိ လူတိုင်းကြား သူစိမ်းဆန်ကွာဟနေမှုကို လျော့ချပစ်နိုင်သည်။
“ဒီနှစ်ယောက်ကတော့ ကြယ်မြှီးကျွန်းရဲ့ ကျွန်းသခင် စီနီယာကျန်းထိုက်က စေလွှတ်လိုက်တာပါ။ ဒါကတော့ သူရဲ့ တပည့်ကျော်ဖြစ်တဲ့ တာအိုရောင်းရင်းမောင်နဲ့ သူ့ရဲ့ တာအိုလက်တွဲဖော်တို့ပါ…”
ဖန်းစန်းနျန်းသည် သက်လတ်ပိုင်းအရွယ်ပညာရှိဟန်ပန်နှင့် သူ့တာအိုလက်တွဲဖော်တို့ကို ဟန်လိနှင့် အရင်ဆုံး မိတ်ဆက်ပေးသည်။
ဟန်လိကို အေးစက်စက် တချက်လှမ်းကြည့်ပြီးနောက်မှာ သက်လတ်ပိုင်းအရွယ်လူသည် မောက်မာစွာဖြင့် ပြောလိုက်သည်။
“ဝိညာဉ်သေ…ခင်ဗျားက မာကြောကြယ်ကျွန်းက ကျင့်ကြံသူတစ်ယောက်လား။ ကျုပ် တော်တော်များများကို သိပါတယ်။ ဒါပေမဲ့ အရင်တုန်းက ကျုပ်က ခင်ဗျားနာမည်ကိုတော့ ဘာကြောင့်များ မကြားဖူးခဲ့ရတာလဲ…”
မည်သည့်အတွက်ကြောင့်မှန်းမသိ ထိုသူသည် ဝိညာဉ်သေကို သဘောမကျဟန်ဖြင့် ပြောလာသည်။ ဖန်းစန်းနျန်း၏ ရွှင်လန်းနေသော အမူအရာသည် ထိုခဏ၌ မသိမသာ ပျက်ယွင်းသွားသည်။
“ကျုပ်က မာကြောကြယ်ကျွန်းက ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး။ မကြာသေးခင်ကမှ အဲ့ကျွန်းပေါ်က ကျုပ်ရဲ့ သိုင်းတူလေးဟန်ဆီ လာလည်တာ။ ဒါ့ကြောင့် ကျုပ် နာမည်ကို မသိတာ ဘာမှ ထူးဆန်းမနေဘူး။ ဒါ့အပြင် ကျုပ်လည်း ခင်ဗျားရဲ့ နာမည်ကို ခုမှ ပထမဆုံး ကြားဖူးတာ…”
“မင်း…”
သက်လတ်ပိုင်းအရွယ်ပညာရှိဟန်ပန်နှင့်သူသည် ဒေါသထွက်သွားပုံ ရသည်။ သူ့မျက်နှာမှာ နက်မှောင်သွား၏။ သူက တခုခု ပြောရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် ဖန်းစန်းနျန်းက ခပ်သွက်သွက် ကြားဖြတ်ကာ ခေါင်းစဉ်လွှဲ၍ ဝင်ပြောလာ၏။
“အခုတော့ ကျမက ရွှေလိပ်ကျွန်းရဲ့ အကြီးအကဲ ရောင်းရင်း ချင်းစွန်းကျိနဲ့ မိတ်ဆက်ပေးပါရစေ။ သူ့ကို လူအနည်းအပါးပဲ သိကြပေမယ့် သူ့ရဲ့ သစ်သားဓာတ်မှော်ပညာရပ်တွေကို ယှဉ်နိုင်တဲ့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေဟာ အနည်းအကျဉ်းပဲ ရှိတယ်။ ရောင်းရင်းယန်…သူကတော့ ပိုလို့တောင် အထင်ကြီးစရာပဲ။ သူ့ရဲ့ လျှို့ဝှက်မီးဓာတ်ဖွဲ့စည်းပုံနဲ့ သူဟာ အစစ်အမှန်ယန်မီးကို သူကိုယ်တိုင် ပြီးပြည့်စုံစေနိုင်ခဲ့တယ်လေ…”
“တာအိုရောင်းရင်းချင်း…။ တာအိုရောင်းရင်းယန်….”
ဟန်လိသည် အဘိုးအိုနှင့်လူငယ်တို့ထံ ခေါင်းညိတ်ပြသည်။
ထိုနှစ်ယောက်သည်လည်း အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်များ ဖြစ်ကြသော်လည်း ဟန်လိသည် သက်လတ်ပိုင်လူထက် ယင်းနှစ်ယောက်ထံမှ ပိုအားကောင်းသော ဖိအားကို ခံစားမိပေသည်။ သူတို့၏ ကျင့်ကြံမှုမှာ မနိမ့်လှလောက်။ ဟန်လိသည် သူတို့အပေါ် ရန်မစမိချင်ပေ။
“နှုတ်ဆက်ပါတယ်…ရောင်းရင်းဝိညာဉ်သေ…”
“ကျုပ်လည်း နှုတ်ဆက်ပါတယ်…”
သူတို့နှစ်ယောက်ကလည်း ဝိညာဉ်သေကို ခပ်ရေးရေး ပြန်ပြုံးပြသည်။
ထိုသည်က သက်လတ်ပိုင်းလူကို ပို၍ စိတ်အဆင်မပြေ ဖြစ်သွားစေသည်။
သူသည် ဖန်းစန်းနျန်း ဆက်ပြောမည်ကိုပင် စောင့်မနေတော့ဘဲ ရုတ်တရက် ထရပ်ကာ သုန်မှုန်စွာဖြင့် ပြောလာ၏။
“ကျုပ် အခန်းပြန်ပြီး တရားထိုင်တော့မယ်။ မန္တာန်အစီအရင်ကိစ္စအတွက် ပြီးမှ ပြန်ထွက်လာခဲ့မယ်…”
သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ သူက လှည့်၍ သည်ခန်းမထဲကနေ ထွက်သွားလေသည်။ အမျိုးသမီးငယ်ကတော့ တခြားသူများကို တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့နောက်သို့ လိုက်သွားလေသည်။
“ဟက်…သူ့မှာ မောက်မာခွင့် ဘယ်ကနေ ရနေတာလဲ။ ဘာလဲ…သူက ကျွန်းသခင်တစ်ယောက်ရဲ့ တပည့်ဖြစ်နေလို့လား…”
အနီရောင်အလင်းတောက်ပနေသော ယန်ဆိုသော လူငယ်သည် ဒေါသသံစွက်ဟန်ဖြင့် ပြောသည်။
အဘိုးအို၏မျက်နှာကမူ အမူအရာကင်းမဲ့သွားသည်။ ဖန်းစန်းနျန်းက ဝိညာဉ်သေကို ပြုံး၍ ဝင်ထိုင်ခိုင်းသည်။
“ကျုပ်တို့ လူခြောက်ယောက်ပဲ လိုတာ မဟုတ်ဘူးမလား…” ဝိညာဉ်သေက တည်ငြိမ်စွာ မေး၍ ဝင်ထိုင်သည်။
ဖန်းစန်းနျန်းသည် ပြုံး၍ ရှင်းပြ၏။
“ငိုသံကျွန်းရဲ့ တာအိုရောင်းရင်းသွမ် ကျန်ပါသေးတယ်။ ဒါပေမဲ့ သူက ခုလက်ရှိ ကြမ်းလှတဲ့ ပညာရပ်တစ်ခုကို ကျင့်ကြံနေလို့ လွန်ခဲ့တဲ့ ရက်တချို့တည်းက အခန်းထဲကနေကို ထွက်မလာာသေးတာ…”
“အော်…ဒီလိုကို…” ဝိညာဉ်သေသည် ခေါင်းညိတ်ပြ၏။ သူက ဘာမှ ထပ်မပြောတော့ပေ။
သို့သော် ဖန်းစန်းနျန်းသည် ဝိညာဉ်သေနှင့် ပတ်သတ်ပြီး အတော်လေး သိချင်စိတ်ဖြစ်နေ၍ မေးခွန်းတချို့ မေးလာသည်။ ဟန်လိ၏ ဘေးတွင် ရပ်နေသော ဟန်လိသည် ထိုအမျိုးသမီး၏ ရည်ရွယ်ချက်ကို မသိနေဘဲ သူက အံ့အားသင့်မိသွားသည်။
သူမက ဝိညာဉ်သေကို ပန်းခြောက်ပွင့်လှိုင်းဂယက်မှော်အစီအရင်အပေါ် နားလည်လား၊ မလည်လား မေးသည့်အချိန်၌ ဟန်လိသည် ဝိညာဉ်သေကိုသာ ဖြေခိုင်းလိုက်သည်။
ထိုအမျိုးသမီးက ပြုံး၍ တခြားဘာမျှ ထပ်မပြောတော့ပေ။ ထို့နောက်တွင်တော့ သူမသည် ခုသည်မှာ ရှိနေသော ကျင့်ကြံသူသုံးယောက်ကို ထိုမန္တာန်အစီအရင်၏ အံ့ချီးဖွယ် ရှုပ်ထွေးပုံများကို ရှင်းပြပေးသည်။
အံ့အားသင့်စရာ ကောင်းလှ၏။ သည်အမျိုးသမီးဖန်းစန်းနျန်းသည် ရှားမှရှားသော အစီအရင်မန္တာန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေချေ၏။
သက်လတ်ပိုင်းအရွယ်ပညာရှိဟန်ပန်နှင့်သူသည် တခြားသူများနှင့် ကတောက်ကဆ ဖြစ်ထားသော်လည်း သူသည် နောက်နေ့၌ အစီအရင်ကို ထိန်းသိမ်းရမည့် အရေးကြီးသော အချက်အလက်များနှင့် ပတ်သတ်ပြီးတော့ လာရောက်နားထောင်ပေသည်။ တကယ်တော့ နန်းတော်ခြောက်ခုအဖွဲ့အစည်းက သူ့ကို လာဖို့ ဖိတ်ကြားထားခဲ့တာ ဖြစ်သည်။ သူ့တာဝန်တော့ သူ ယူရလိမ့်မည်သာ။
သုံးရက်ကြာပြီးနောက်မှာတော့ ကျန်သည့် ကျင့်ကြံသူသည် သူ့အခန်းထဲ၌ တံခါးပိတ်ကျင့်ကြံတာ အဆုံးသပ်သည်။ နောက်ဆုံး၌ သူက ထိုသူ့ကို မြင်ရလေပြီ။ ထိုသူမှာ ရက်စက်ဟန်မျက်နှာပေါက်နှင့် အရပ်ခုနစ်ပေလောက် ရှိသည့် လူရှည်ကြီးတစ်ယောက် ဖြစ်၏။ သူ၏ ပုံပန်းသွင်ပြင်က ကြမ်းတမ်းမည့်ပုံ ပေါ်သော်လည်း သူသည် တခြားသူများနှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုလေသည်။
သူတို့၏ နောက်ဆုံးအဖွဲ့ဝင်ပါ စုံလင်သည့်အခါ ဟန်လိနှင့် တခြားသူများသည် ဖန်းစန်းနျန်း ရှင်းပြသော အစီအရင်၏ ရှုပ်ထွေးမှုများကို နားထောင်၍ ပြီးလေပြီ။ ယင်းနောက် သူတို့၏ သင်္ဘောသည် မကြာခဏ ရပ်ပြီး သူတို့က အနီးအနား ပင်လယ်ထံ လှည့်ပတ်ပျံသန်းလျက် ပန်းပွင့်ခြောက်ခုလှိုင်းဂယက်အစီအရင်၏ အလျင်အမြန်ပုံစံအသွင်များကို အဆက်မပြတ် လေ့ကျင့်ကြံသည်။ သည်နည်းဖြင့် သူတို့သည် အချိန်ကျလာသည့်အခါ နတ်ဆိုးသားရဲကို ဖမ်းနိုင်ရာတွင် အောင်မြင်နိုင်လိမ့်မည် မဟုတ်လား။ လူတိုင်းက သည်အစီအစဉ်ကို ကျေနပ်ကြသည်။
ဤသို့ဖြင့် သင်္ဘောမှာ အရှိန်လျော့ကျသွားလေပြီ။ သို့သော် နန်းတော်ခြောက်ခုအဖွဲ့အစည်းသည် နည်းနည်းလေးမျှ စိတ်မရှည်မဖြစ်ပုံ ပေါ်၏။ အဆက်မပြတ် ရပ်နေလျှင်ပင် ဖန်းစန်းနျန်သည် သူမ၏ တောက်ပသော အပြုံးကို ထိန်းထားနိုင်တုန်း၊ စိတ်မရှည်သည့် အရိပ်အယောင် နည်းနည်းလေးမျှ မပြပေ။
မန္တာန်အစီအရင်၏ အပြောင်းအလဲ၊ လှည့်ကွက်များကို နောက်ဆုံး၌ ပြီးပြည့်စုံသည့်အထိ လေ့ကျင့်ပြီးသည့်အချိန်တွင်တော့ ဖန်းစန်းနျန်းသည် သူတို့၏ ခရီးစဉ်ကို အချိန်ထပ်မဆွဲတော့။ အမြန်နှုန်းအပြည့်ဖြင့် သင်္ဘောကို ခရီးဆက်စေတော့သည်။ တစ်လလောက် ကြာပြီးနောက်မှာတော့ သင်္ဘောမှာ အမည်မဲ့ ထီးတည်းဖြစ်သော ကျွန်းတစ်ခုထံ ရောက်လာခဲ့သည်။ ဖန်းစန်းနျန်း၏ ဦးဆောင်မှုဖြင့် ဟန်လိနှင့် တခြားသူများမှာ သင်္ဘောပေါ်ကနေ ဆင်းသက်ကြလေသည်။
သူတို့က ကျွန်းငယ်ပေါ်သို့ ခြေချရုံ ရှိသေး ကောင်းကင်ထက်မှ တောက်ပသော ရွှေရောင်အလင်းတစ်ခုသည် အောက်သို့ စုန်ဆင်း၍ ပျံသန်းလာသည်။ သူတို့၏ အထက်၌ ရုတ်တရက် လူတချို့ ပေါ်လာကြသည်။ အလင်းပျောက်ကွယ်သွားချိန်တွင် ရွှေရောင်မှိန်ဖျော့ဖျော့မျက်နှာပိုင်ရှင် အဘိုးအိုသည် သူတို့ကို အမူအရာကင်းမဲ့စွာဖြင့် လှမ်းကြည့်သည်။
ထိုသူမှာ သတိပြုမိဖွယ် မှော်စွမ်းအား ကင်းမဲ့နေသော်လည်း သေမျိုးတစ်ယောက် မဟုတ်တာတော့ သေချာသည်။ သူသည် သူ၏ နက်ရှိုင်းကာ ခန့်မှန်း၍ မရသော မှော်စွမ်းအားကို ထိန်းချုပ်ထားနိုင်စွမ်း ရှိပုံ ရ၏။ ထိုကျွမ်းကျင်သူ၏ ဟန်ပန်ကြောင့် ဟန်လိ၏ စိတ်ထဲ တုန်လှုပ်သွားမိသည်။
ဖန်းစန်းနျန်းသည် ရှေ့သို့ တိုးကာ ထိုအဘိုးအိုကို အလေးအနက် ဦးညွှတ်ပြီး လေးစားသည့် အမူအရာဖြင့် ပြောသည်။
“ငယ်သား ဖန်းစန်းနျန်းက အကြီးအကဲမြောင်ကို လေးစားသမှု ပေးပါတယ်..”
ထိုအခိုက်တွင် ဟန်လိနှင့် တခြားသူများသည်လည်း သူမ၏နောက်တွင် ရပ်ကာ လေးစားမှု ပြသကြသည်။ သူတို့သည် ထိုအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ စိတ်ကွက်သွားမှာကို မလိုချင်ကြတာ သိသာ၏။
တည်ငြိမ်သောဟန်ပန်ဖြင့် ထိုအဘိုးအိုသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုဘူး။ ဖန်းစန်းနျန်း မင်း ကောင်းကောင်း လုပ်ခဲ့တာပဲ။ မင်းအနေနဲ့ အကူအညီတွေကို ဒီလောက်မြန်မြန် ခေါ်လာနိုင်ခဲ့တယ်။ သူတို့ကကော အစီအရင်မန္တာန်နဲ့ တရင်းတနှီး ရှိပြီးကြပလား။ ကျုပ်တို့ ရင်ဆိုင်ရမယ့် နတ်ဆိုးသားရဲကောင်က အတော်လေး ဒုက္ခပေးနိုင်တယ်။ ဒါ့ကြောင့် ကျုပ်တို့ ပေါ့ဆလို့ မရဘူး…”
“အကြီးအကဲ စိတ်ချနေပါ။ လူတိုင်းက ပန်းခြောက်ပွင့်လှိုင်းဂယက်အစီအရင်ရဲ့ အလှည့်အပြောင်း အမျိုးမျိုးကို အပြည့်အဝ ကျွမ်းကျင်သွားကြပါပြီ။ ကျမတို့က ဒီသားရဲကောင်ကို ကျိန်းသေပေါက် ပိတ်လှောင်နိုင်မှာပါ…”
ဖန်းစန်းနျန်းသည် ယုံကြည်မှုရှိစွာဖြင့် ပြောလေသည်။
အကြီးအကဲမြောင်သည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများကို ဝေ့ကြည့်လိုက်၏။ထို့နောက်တွင် သူက တရင်းတနှီး ပြောသည်။
“ကောင်းတယ်…တာအိုရောင်းရင်းတို့…ကျုပ်တို့ရဲ့ နန်းတော်ခြောက်ခုအဖွဲ့အစည်းဟာ မင်းတို့ရဲ့ အကူအညီလိုအပ်တယ်။ မင်းတို့ကသာ ကောင်းမွန်အောင် လုပ်ဆောင်နိုင်သရွှေ့ ကျုပ်တို့ဘက်ကလည်း မျှမျှတတဆက်ဆံမှာကိုတော့ သံသယမရှိကြနဲ့…”
တခြားသူများ၏ အပြောကို စောင့်မနေဘဲ သက်လတ်ပိုင်းအရွယ်ပညာရှိဟန်ပန်နှင့်သူသည် အလျင်စလို ပြုံး၍ ဆိုလာသည်။
“စိတ်ချနေပါ…စီနီယာ…ကျနော်တို့ သေချာပေါက် အကောင်းဆုံး ကြိုးစားမှာပါ…”
တခြားသူများသည် ထိုသူ၏ ဖော်လံဖား စကားများကို ကြားသည့်အခါ အမူအရာများ တမျိုး ဖြစ်သွားကြသော်လည်း သူတို့သည်လည်း သဘောတူရသည်သာ။
သူတို့၏ တုန့်ပြန်ပုံကို ကျေနပ်သွားသော အကြီးအကဲမြောင်သည် ခေါင်းညိတ်၍ ပြောလာသည်။
“ကျုပ်တို့က လွန်ခဲ့တဲ့ ရက်တချို့တည်းက အစီအရင်ကို ချခင်းထားပြီး ဖြစ်တယ်။ မင်းတို့အနေနဲ့ ဒါကို ထိန်းသိမ်းပေးရုံပဲ ရှိမယ်။ အကြီးအကဲကူးကတော့ နတ်ဆိုးစားရဲနောက်ကို လိုက်လံနေပြီးနောက် အနီးအနား ပင်လယ်မှာ ရှိတယ်။ ဒါပြီးရင် ကျုပ်က သူနဲ့ သွားပူးပေါင်းမှာ။ မနက်ဖြန်မနက်ကျရင် အဲ့သားရဲကို အစီအရင်ထဲ ကျုပ်တို့အနေနဲ့ ဆွဲခေါ်နိုင်လိမ့်မယ်။ အဲ့ကျရင်တော့ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ပြသကြပေါ့။ အဲ့မတိုင်ခင်ထိတော့ မင်းတို့ ဒီကျွန်းပေါ်မှာပဲ အနားယူကြအုံး…”
ထို့နောက်တွင်တော့ အကြီးအကဲမြောင်သည် ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ကောင်းကက်ထက်သို့ ပျံသန်းသွားပြီး မျက်စိတမှိတ်အတွင်း သဲလွန်စမရှိ ပျောက်ကွယ်သွားလေတော့သည်။
ဖန်းစန်းနျန်းသည် တဖက်သို့ ခေါင်းလှည့်ကာ လေးနက်သောလေသံဖြင့် ပြောလေ၏။
“ရောင်းရင်းတို့ အကြီးအကဲမြောင် ပြောခဲ့တာကို ကြားတဲ့အတိုင်းပဲ။ ဒီနေ့တော့ နားကြစို့။ မနက်ဖြန်ကျရင် ရင်ဆိုင်ရမယ့် တိုက်ပွဲအတွက် ကြိုပြင်ဆင်ထားကြရအောင်…”
တခြားသူများကလည်း သဘောတူသည်။
သို့သော် ထိုအခိုက်တွင် တလမ်းလုံးမှာ စကားပြောခဲသော ချင်းစွန်းကျိသည် ရုတ်တရက် အသံမာမာဖြင့် ပြောလာသည်။
“ရောင်းရင်းဖန်း…ကျုပ်တို့ ရင်ဆိုင်ရမယ့် သားရဲကောင်က ဘယ်လိုသားရဲမျိုးလည်းကို ကျုပ်တို့ တလမ်းလုံး မေးလာခဲ့တာ။ ခုထိ ခင်ဗျားက ကျုပ်တို့ကို ရှင်းရှင်းလင်းလင်း မဖြေသေးဘူး။ ဒါပေမဲ့ ကျုပ်တို့က မနက်ဖြန်ဆို လှုပ်ရှားတိုက်ခိုက်ရတော့မယ်။ ဒါ့ကြောင့် ခင်ဗျားအနေနဲ့ ကျုပ်တို့ကို ရှင်းလင်းတဲ့ အဖြေတစ်ခု ပေးနိုင်မလား…”
ထိုအဘိုးအိုချင်းစွန်းကျိ၏ မေးခွန်းက တခြားသူများ၏ စိတ်နှလုံးများကိုလည်း ဂနာမငြိမ် ဖြစ်သွားစေသည်။ သူတို့အားလုံးက မေးခွန်းမေးခံရသော ဖန်းစန်းနျန်းထံ အကြည့်ရောက်သွားသည်။
ထိုနတ်ဆိုးသားရဲကောင်သည် ကြောက်မက်ဖွယ်ကောင်းပြီး မြင်ရခဲပေလိမ့်မည်။ နန်းတော်ခြောက်ခုအဖွဲ့အစည်းက ခုလောက်ထိ ရေရှည်စီစဉ်ပြီး များစွာ အားစိုက်ထုတ်ထားသည် မဟုတ်လား။ ထိုသားရဲကောင်မှာ သာမန်အဆင့်ခြောက်နတ်ဆိုးသားရဲ အမျိုးအစား မဖြစ်မှာတော့ ကျိန်းသေလေ၏။
.