← Chapters

ငါးကြင်းသားပေါက်သားရဲ

Vol. 28 Ch. 380

ငါးကြင်းသားပေါက်သားရဲ

Vol. 28 Ch. 380

ဖန်းစန်းနျန်းသည် ထိုစကားကို ကြားသည့်အခါ သူမသည် ခါးသီးစွာ ပြုံးသည်။ သူမ၏ နဖူးထက်မှ ဆံနွယ်စကို ဘေးသို့ သပ်တင်ပြီး ဖြည်းဖြည်းချင်း ပြော၏။

“တာအိုရောင်းရင်းတို့…ကျမက ရှင်တို့ကို အဲ့အကြောင်း မပြောပြချင်တာ မဟုတ်ဘူး။ ကျမတို့ ကျွန်းပေါ် မရောက်မချင်း ဒီအချက်အလက်ကို မပြောရဘူးလို့ အမိန့်ရထားလို့ပဲ။ အခု ကျမတို့ ရောက်ပြီဆိုတော့ ရှင်တို့ကို ပြောပြလို့ရပြီ။ ဘာအတားအဆီးမှ မရှိတော့ဘူး။ ကျမတို့ နန်းတော်ခြောက်ခုအဖွဲ့အစည်းက လိုချင်နေတဲ့ သားရဲကတော့ ‘ငါးကြင်းပေါက်စသားရဲ’ ပဲ။ ဒါ့ကြောင့်လည်း ကျမတို့ဟာ အနည်းနဲ့အများ ဂရုစိုက်နေရတာ…”

“ငါးကြင်းသားပေါက်သားရဲ…” ချင်းစွန်းကျိသည် သည်စကားကို ကြားသည့်အခါ တုန်လှုပ်၍ မအော်ပြောမိဘဲ မနေနိုင် ဖြစ်သွားလေသည်။

ဟန်လိကတော့ သည်အတိုင်းသာ ကြည့်နေသည်။ သူသည် သူတို့ ရင်ဆိုင်ရမည့် သားရဲအမျိုးအစားကို မသိသော်လည်း တခြားသူများ၏ ဖြူဖပ်ဖြူရော ဖြစ်သွားကြသော ဟန်ပန်များအရဆို ၎င်းသားရဲမှာ ပမွှားမဟုတ်မှန်း သိသာပေသည်။

“ခင်ဗျားတို့ နန်းတော်က ခုလောက်ထိ ဂရုစိုက်နေတာ ကျုပ် အပြစ်မတင်တော့ဘူး။ ဒီနတ်ဆိုးသားရဲသာ အမှန်ဆို ခုလောက် ဂရုစိုက်တာဟာ လုပ်သင့်လုပ်ထိုက်တယ်။ မှန်တယ်။ တခြားစွမ်းအားစုတွေကသာ ဒီအကြောင်းကို သိသွားခဲ့မယ်ဆို ပွက်လောဘလောက်ရိုက်သွားမလဲဆိုတာ ဘယ်သူသိမလဲ…”

ချင်းစွန်းကျိသည် မယုံကြည်နိုင်ဟန်ဖြင့် ခပ်တိုးတိုး ရေရွတ်နေသည်။ ဟန်လိ၏ စိတ်ထဲ သည်စကားကို ကြားသည့်အခါ ဗလောင်ဆူသွားမိသည်။

ယန်ဆိုသည့်လူငယ်နှင့် ဗလတောင့်တောင့်လူကြီးတို့၏ အမူအရာများမှာလည်း အဆက်မပြတ် ပြောင်းလဲနေသည်။ သူတို့၏ စိတ်နှလုံးများမှာလည်း မတည်မငြိမ် ဖြစ်သွားခဲ့သည်။

ပညာရှိအသွင်နှင့် သက်လတ်ပိုင်းလူတစ်ယောက်သာ ဖန်းစန်းနျန်းကို အေးစက်စက် လှမ်းပြောသည်။ “မင်းတို့ နန်းတော်ခြောက်ခုအဖွဲ့အစည်းဟာ မင်းတို့ကိုယ်မင်းတို့ အထင်ကြီးနေတာပဲ။ ဒီငါးကြင်းသားပေါက်သားရဲဟာ ခန့်မှန်းလို့ မရတဲ့ ရေဓာတ်အမျိုးအစား နတ်စွမ်းရည်တွေနဲ့ မွေးရာပါရေသားရဲမှန်း လူတိုင်းသိကြတယ်။ ဒီကောင်ဟာ အဆင့်ခြောက် ဖြစ်နေမယ်ဆိုရင်တောင် သာမန်အဆင့်ခုနစ်သားရဲတွေနဲ့ပါ ယှဉ်လို့ရတယ်။ မင်းတို့က ကျုပ်တို့ရဲ့ အကူအညီကို ရဖို့အတွက် အဆင့်ခြောက်သားရဲတစ်ကောင်လို့ပဲ ပြောခဲ့တာဟာ ကျုပ်တို့ရှိက အမြတ်ထုတ်ခဲ့တာမလား…”

သက်လတ်ပိုင်းလူသည် ထိုသို့ မေးလာခဲ့ပြီ။

ချင်းစွန်းကျိနှင့် တခြားသူများသည် သူတို့၏ တုန်လှုပ်မှုကနေ တဖြည်းဖြည်း ပြန်ကောင်းမွန်လာပြီး စိတ်မပျော်သည့်ဟန်များ ဖြစ်ပေါ်နေလေပြီ။

သူတို့အားလုံးမှာ လေလွင့်ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့အဖို့ နန်းတော်ခြောက်ခုအဖွဲ့အစည်းကို အလျင်စလို မစော်ကားဝံ့ကြပေ။ သူတို့အားလုံးသည် ဖန်းစန်းနျန်းကို စကားတခွန်းမှ မဆိုဘဲ စိုက်ကြည့်နေလျက် အဖြေတစ်ခုကို စောင့်နေကြသည်။

ဖန်းစန်းနျန်းမှာ မျက်နှာပျက်နေလေပြီ။ သူမက တစက်လေးမျှ အားနာသည့်ဟန် မရှိဘဲ ပြန်ဖြေသည်။

“တာအိုရောင်းရင်းမောင်( ပညာရှိဟန်နှင့်သက်လတ်ပိုင်းလူ)…ရှင် ပြောတာ မှားနေပြီ။ ကျမတို့ရဲ့ နန်းတော်ခြောက်ခုအဖွဲ့အစည်းဟာ ရှင်တို့ကို မလှည့်စားခဲ့ဘူး။ ဒီငါးကြင်းပေါက်သားရဲက ရင်ဆိုင်ရတာ ခက်ခဲပေမယ့် ဒီကောင်ဟာ အဆင့်ခြောက်နတ်ဆိုးသားရဲဆိုတာ အမှန်ပဲလေ။ ကျမတို့က အဆင့်ခုနစ်သားရဲကို အဆင့်ခြောက်သားရဲလို့ ပြောပြီး ရှင်တို့ကို လိမ်ခဲ့လို့လား…။ ဒါ့အပြင် ကျမတို့ရဲ့ နန်းတော်ခြောက်ခုအဖွဲ့အစည်းဟာ အဖိုးတန်လှတဲ့ မြေမှုန်ဆေးလုံးကို ပေးခဲ့တယ်ဆိုတည်းက ရှင်တို့ ရင်ဆိုင်ရမှာက သာမန်အဆင့်ခြောက်နတ်ဆိုးသားရဲ မဟုတ်ဘူးဆိုတာတော့ ရှင်တို့ နားလည်လောက်မှာပါ။ ကျမတို့ကသာ ဒီသားရဲအကြောင်းကို စတည်းက ပြောထားခဲ့မယ်ဆို ကျမတို့ နန်းတော်အဖွဲ့အစည်းရဲ့ ကြိုးစားလုပ်ဆောင်မှုတွေဟာ ဆုံးရှုံးသွားနိုင်တယ်…”

ပညာရှိအသွင်နှင့် သက်လတ်ပိုင်းလူသည် အချိန်အတော်ကြာသည့်အထိ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဟန်လိကတော့ စိတ်ထဲကနေ မျက်မှောင်ကြုံ့မိနေ၏။ ထိုအမျိုးသမီး ပြောသော စကားများက အကျိုးအကြောင်း သင့်သော်လည်း သူ့အဖို့ အတော်လေး မသက်မသာ ခံစားမိနေသည်။ သူက တခြားသူများထံသို့လည်း တချက်လှမ်းကြည့်၏။

တခြားသုံးယောက်သည်လည်း ဟန်လိနှင့် နင်လားငါလားသာ။ စိတ်ဖိစီးမှုတို့ ဖြစ်ဟန် ပေါ်နေကြ၏။

ထို့နောက်တွင် ဖန်းစန်းနျန်းသည် ဝိညာဉ်သေကို ရုတ်တရက် ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

“ကျမတို့ နန်းတော်က ငါးကြင်းပေါက်သားရဲရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်အောင် သေချာစေဖို့အတွက်ကြောင့် ဒီလို လုပ်ခဲ့တာပဲ။ ဒါ့ကြောင့် ကျမတို့ ဒီကို မလာခင်တည်းက အစီအစဉ်တွေ လုပ်ထားခဲ့တယ်။ ဒီကိစ္စပြီးရင် ရှင်တို့ လက်ခံရရှိမယ့် မြေမှုန်ဆေးလုံးအပြင် ဒီလျှို့ဝှက်ချက်ကို ထိန်းထားနိုင်ဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်ကို ကြိုပြီး ပေးထားခဲ့တယ်။ ဒါက ရှင်တို့ကို ကျေနပ်စေတယ်မလား…”

လူတိုင်း၏ မကျေမနပ်မှုသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြသည်။ သူတို့အားလုံးက ခေါင်းညိတ်ကာ သဘောတူကြ၏။

သက်လတ်ပိုင်းလူကတော့ ခုထိ မကျေမနပ် ဖြစ်နေဆဲ။ သို့သော် သူ၏ တာအိုလက်တွဲဖော် အမျိုးသမီးငယ်ကမူ သူ့နား အနားတိုး၍ တစုံတခုကို ခပ်တိုးတိုး ပြောသည်။ သူ၏ အမူအရာမှာ ပြောင်းလဲသွား၏။ သူက ငြိမ်သက်သွားသည်။

ခဏအကြာတွင် လူတိုင်းက သည်ကျွန်းပေါ်၌ သူတို့ ကိုယ်ပိုင်ဦးတည်ရာအတိုင်း ထွက်သွားကြပြီး တရားထိုင်၊ အနားယူဖို့ ငြိမ်သက်တိတ်ဆိတ်သော နေရာတစ်ခုကို ရှာကြသည်။ ဟန်လိနှင့် ဝိညာဉ်သေတို့သည် ပင်လယ်ကမ်းခြေနားရှိ ကျောက်တန်းကြီးတစ်ခုကို ရှာကာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်၍ ထိုင်နေကြသည်။

ဟန်လိ၏ အမိန့်ပေးမှုအောက်မှာ ဝိညာဉ်သေသည် ခွန်အားဖြည့်တင်းသည့် အခြေအနေထဲ ဝင်ရောက်နေ၏။ ဟန်လိသည်လည်း ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ကာ တရားစထိုင်သည်။ သို့သော် ဆယ့်ငါးမိနစ်လောက်အကြာတွင် ဟန်လိသည် မျက်မှောင်ကြုံ့ကာ မျက်လုံး ပြန်ဖွင့်လာသည်။ ထို့နောက်တွင် သူသည် ပင်လယ်လှိုင်းများထံ ကြည့်ကာ အတွေးထဲ နစ်မြောသွား၏။

အချိန်မည်မျှကြာမှန်း မသိပြီးနောက် သူသည် စိတ်မအေးသလို ခံစားမိနေသည်။ တခုခု ဆိုးရွားတာ ဖြစ်လာလေတော့မည့်အလား။ အချိန်ကြာသည့်အထိ ထိုသို့ ခံစားမိရသည့်အကြောင်းရင်းကို သူ စဉ်းစားကြည့်နေပြီးနောက်မှာတော့ ဟန်လိသည် အကူအညီမဲ့စွာသာ ပြုံးမိသည်။ သူက အကြောင်းရင်းကို နည်းနည်းလေးမျှ ရှာနိုင်စွမ်း မရှိပေ။

သူ အတော်လေး စိတ်ပူနေဆဲ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူသည် ပန်းခြောက်ပွင့်လှိုင်းဂယက်အစီအရင်နှင့်အတူ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက်ကို မနက်ဖြန်ကျလျှင် ကူညီပေးရလိမ့်မည်သာ။ ထိုနတ်ဆိုးသားရဲက အတော်ကြီး ထူးကဲလှသော်လည်း နတ်ဆိုးသားရဲကောင်မှာ နတ်ဆိုးသားရဲသာ ဖြစ်ချေသည်။ အင်အားကောင်းသော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းသားရဲသည် မည်သို့ အောင်နိုင်ချေ ရှိပါတော့မည်နည်း။

သူ့ကိုယ်သူ နှစ်သိမ့်ပေးသော စကားများဖြင့် တည်ငြိမ်စေပြီးနောက်မှာ ဟန်လိသည် အတင်းအကြပ် တရားထိုင်ရန် ကြိုးစားသည်။ သို့သော် ခဏအကြာ သူ့စိတ်က လေးလံနေတုန်းသာ။ ၎င်းခံစားချက်ကို ဖယ်မထုတ်နိုင် ဖြစ်နေ၏။

ဟန်လိက သက်ပြင်းချသည်။ သူ ထရပ်သည်။

သူက ဘေးပတ်လည်ကို အကူအညီမဲ့စွာဖြင့် ကြည့်၍ သူ၏ စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်သည်။ ကံကောင်းစွာဖြင့် အနီးဝန်းကျင်မှာ မည်သူမျှ ရှိမနေပေ။

ထိုအခါ ဟန်လိသည် သူ့သိုလှောင်အိတ်ကို အလျင်အမြန် ပုတ်၍ အစီအရင်အလံများနှင့် အစီအရင် သတ္တုပြားများကို ထုတ်ကာ ကျောက်စိမ်းရေမိုးပြာချပ်ဝတ် အစီအရင်ကို ချခင်းသည်။ ထိုအစီအရင်မှာ ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင် သို့မဟုတ် ပန်းခြောက်ပွင့်လှိုင်းဂယက်အစီအရင်များနှင့် မယှဉ်သာသော်လည်း ၎င်းသည် သာမန်မှော်အစီအရင်များထက်တော့ အများကြီး ပိုအားကောင်းချေသည်။ ထို့အပြင် ၎င်းကို ချခင်းတည်ဆောက်ရတာလည်း လွယ်ကူ၏။

ဟန်လိသည် ဝိညာဉ်သေကို ဆင့်ခေါ်ပြီး သည်ကျောက်တန်းကို အစီအရင်၏ ဗဟိုချက်အဖြစ် အသုံးပြုကာ အစီအရင်အလံများ၊ သတ္တုပြားများကို ၎င်းနှင့် မီတာရာချီအတွင်း နေရာဆက်ချခိုင်းသည်။ ဟန်လိက ဝိညာဉ်သေ အလံများကို နေရာချနေတာကို ကြည့်နေရင်း သူ့စိတ်ထဲရှိ ပူပန်မှုမှာ တဖြည်းဖြည်း လွင့်ပျောက်သွားသည်ဟု ခံစားမိရသည်။

သူသည် ပြုံး၍ သူ့ကိုယ်သူ လှောင်သည့်သဘောဖြင့် မပြောမိဘဲ မနေနိုင် ဖြစ်ရလေ၏။

“ကြည့်ရတာ ငါက သေမှာ တော်တော်လေး ကြောက်နေတဲ့ပုံပဲ…”

နောက်တစ်နေ့ နေမထွက်ခင်မှာ ဖန်းစန်းနျန်းနှင့် တခြားသူများသည် စုဝေးကြပြီး ပင်လယ်ပြင်ထဲ ငါးကီလိုမီတာထိ ပျံသန်းလာကြသည်။

ထိုစဉ် ယင်းအကွာအဝေး၌ ရွှေရောင်အလင်းတန်းတစ်ခုနှင့် အဝါရောင်အလင်းတန်းတစ်ခုတို့သည် အမည်မဲ့ကျွန်းငယ်ထံ လျင်မြန်စွာ ပျံသန်းလာကြသည်။

ယင်းအလင်းတန်းနှစ်ခု၏ နောက်တွင်တော့ မီတာလေးရာလောက်လုံးပတ်ရှိမည့် တဝီဝီလှည့်ပတ်နေသော အဖြူရောင်မြူထုကြီးက ကလေးငိုငြီးသံကို ထုတ်လွှတ်လျက် ၎င်းအလင်းတန်းတို့နောက်သို့ တူညီသောအမြန်နှုန်းဖြင့် လိုက်လံလာသည်။ ထိုငြီးသံကို ကြားရသူတိုင်း၏ သွေးများမှာ အေးစက်စွာ စီးဆင်းသွားသလိုမျိုး ခံစားရနိုင်လောက်၏။

“အကြီးအကဲမြောင်….ကျုပ် သူတို့ရှိ ဓားပျံတစ်လက် စေလွှတ်လိုက်ရမလား။ ဒါမှ သူတို့ ပြင်ဆင်ထား၊မထား သိရမှာ…” အဝါရောင်အလင်းတန်းထံမှ ရုတ်တရက် အလေးအနက်အသံတစ်သံ ထွက်ပေါ်လာသည်။

“လုပ်ပါ…” အကြီးအကဲမြောင်က ချက်ခြင်း သဘောတူသည်။ သူ့ခန္ဓာကိုယ်သည် ဝေဝါးသွားကာ အဝါရောင်အလင်းတန်း၏ ဗဟိုချက်မှာ ပြန်ပေါ်လာသည်။ တချိန်တည်းမှာ ရွှေရောင်အလင်းက သူ့အား ထွေးခြုံပြီး ရွှေရောင်သက်တံတစ်ခုအဖြစ်သို့ ပြောင်း၍ ချက်ခြင်းလက်ငင်း ပျောက်ကွယ်သွားလေသည်။

သူတို့နောက်သို့ လိုက်လံလာသော အဖြူရောင်မြူထုကြီးမှာ ယင်းအတွက်ကြောင့် ဒေါသပုန်ထသွားပြီး ကလေးငိုငြီးသံသည် ပို၍ ပြင်းထန်လာသည်။ ထိုအသံသည် မိုးကြိုးဟိန်းသံနှယ် ပြောင်းလဲကာ နားစည်ကွဲစေမတတ် ဖြစ်သွားစေ၏။

“မကောင်းတော့ဘူး…။ ဒီသားရဲကောင်က နတ်ရေကြယ်မိုးကြိုးကို အသုံးပြုတော့မယ်။ အကြီးအကဲကူး…မြန်မြန်လုပ်ချေ….”

အခုအခါတွင် ရွှေရောင်အလင်းဖြင့် ထွေးခြုံထားသော အကြီးအကဲမြောင်သည် ထိုသို့ အော်ဟစ်လေ၏။ သူသည် သူတို့၏နောက်မှ မိုးကြိုးဟိန်းသံများအပေါ် အတော်လေး လန့်နေပုံ ရသည်။

“စိတ်အေးအေးထားပါ။ ကျုပ်ရဲ့ ရှေးအတီတေဇလုံကလည်း နည်းနည်းလေးတောင် မနှေးကွေးပါဘူး…”

ထိုသို့ ပြောကာ အဝါရောင်အလင်းတစ်ခုသည် အရှိန်တိုးမြင့်ကာ သူတို့နှင့် အဖြူရောင်မြူထုကြားသို့ ချက်ခြင်း ရောက်ရှိသွားသည်။ သို့ပေမည့် အဖြူရောင်မြူထုက လက်လျော့မည့်ပုံ မရပေ။ ငြီးသံများ၊ မိုးကြိုးဟိန်းသံများကား ပင်လယ်ရေကို ဖြတ်ပိုင်းကာ ပင်လယ်ပြင်တလျှောက် လှိုင်းဖြူကြီးများ ပျံ့နှံ့စေကုန်သည်။ မျက်စိတစုံးပင်။

ဝိညာဉ်သေနှင့် တခြားသူများမှာ အစီအရင်၌ သူတို့၏ နေရာများတွင် အသင့်ပြင်ထားကြသည်။ သူတို့တစ်ယောက်ချင်းစီ၏ လက်ထဲ၌လည်း အပြာရောင်အလံကြီးတစ်ခုစီကို ကိုင်ထားကြသည်။ ထိုအလံမှာ ခြောက်မီတာလောက် ရှည်မည်။ အပြာရောင်အလင်းတန်းအမျှင်များ ဖြာထွက်လို့နေ၏။

အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူ ခြောက်ယောက်သည် အလေးအနက်ဟန်ပန်နှင့် ရှိနေကြလေ၏။ သူတို့သည် ပင်လယ်ပြင်ထက်၌ မှော်ပစ္စည်းများဖြင့် ပျံဝဲလျက် တဝက်တပျက်အသွင် စက်ဝန်းတစ်ခု၏ အနေအထားအတိုင်း ရှိနေကြသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက်က မီတာလေးရာလောက်စီ ကွာဟ၏။

ဟန်လိသည် ဝိညာဉ်သေ၏ နောက်တွင် ရပ်နေသည်။ သက်လတ်ပိုင်းအရွယ်ပညာရှိဟန်နှင့်လူ၏ တာအိုလက်တွဲဖော်ကတော့ ထိုသူ၏ဘေးမှာ စိုးရိမ်ပူပန်ဟန်ဖြင့် ရပ်နေသည်။

တအောင့်အကြာတွင် ရွှေရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ထွင်းဖောက်လာပြီး ဖန်းစန်းနျန်း၏ လက်ထဲ ကျရောက်သည်။ တခြားသူများကလည်း လှမ်း၍ အာရုံစိုက်ကုန်၏။

“လူတိုင်းပဲ…အသင့်ပြင်ကြ။ ငါးကြင်းသားပေါက်သားရဲက ရောက်လာတော့မယ်။ အဲ့သားရဲ အစီအရင်ထဲ ဝင်လာတာနဲ့ အစီအရင်ဝင်ပေါက်ကို ချက်ခြင်း ပိတ်ဆို့ပါ…”

ဖန်းစန်းနျန်းသည် သတင်းရသည်နှင့် တခြားသူများကို အလေးအနက်လေသံဖြင့် ထိုသို့ အော်ပြောလိုက်သည်။ ယင်းနောက် ရွှေရောင်အလင်းတစ်ခု ပျံသန်းထွက်ကာ ကောင်းကင်ထက်တွင် ပျောက်ကွယ်သွားလေ၏။

ဟန်လိ၏ စိတ်ထဲ၌ တင်းကြပ်နေသည်။ သူက ရွှေရောင်အလင်း ပျောက်ကွယ်သွားသော အရပ်ထံ အာရုံစိုက်၍ စိုက်ကြည့်နေသည်။

တခြားသူများမှာလည်း စိတ်ပူပန်နေသည့်ဟန်များဖြင့်သာ။

အချိန်မည်မျှကြာမှန်း မသိပြီးနောက် သူတို့သည် အကွာအဝေးတစ်ခုမှ မိုးကြိုးသံများကို ကြားရသည်။ မကြာမီ ယင်းအသံများက ပိုပိုကျယ်လောင်လာ၏။ သူတို့သည် အဝါရောင်အလင်းနှင့် ရွှေရောင်အလင်းတို့က သူတို့ထံ လျှပ်စီးအလားအမြန်နှုန်းဖြင့် ပျံသန်းလာတာကိုလည်း လှမ်းမြင်ကြလေပြီ။ ထိုအလင်းနှစ်ခု၏ နောက်တွင် အဖြူရောင်မြူထုကြီးတစ်ခုက ကပ်ပါလာသည်။

“ဒါက ငါးကြင်းသားပေါက်သားရဲလား…” ဟန်လိသည် အလင်းတန်းများနောက်မှ အဖြူရောင်မြူထုကို ရှင်းလင်းစွာ မြင်ရသော်လည်း ၎င်းအတွင်း၌ ဖုန်းကွယ်နေသော သားရဲကောင်၏ ပုံပန်းသွင်ပြင်ကိုတော့ စိတ်ကူးမှန်းဆ၍ မကြည့်နိုင်ဘဲ ဖြစ်နေချေသည်။

.

All Chapters