← Chapters

ဝူချောင်

Vol. 28 Ch. 382

ဝူချောင်

Vol. 28 Ch. 382

“လေးနက်မိစ္ဆာယင်ချီ…” အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက်သည် ထိုအနက်ရောင်အော်ရာကို သိရှိသွားပြီး အလန့်တကြား အော်သည်။ သူတို့သည် အဝေးသို့ အလျင်အမြန် ပျံသန်းကြသည်။ ထိုအနက်ရောင်အော်ရာမှာ သူတို့နောက်သို့ မလိုက်၊ မြွေတစ်ကောင်၏ အော်မြည်သံနှဘ် ပင်လယ်ထဲသို့သာ ပြန်နစ်မြုပ်သွားပြီး ငါးကြင်းသားပေါက်သားရဲ ရှိနေသော ရေခဲလုံးဘေးတွင် အနက်ရောင်ဝဲဂယက်တစ်ခုအဖြစ်သို့ သိပ်သည်းလေသည်။

ထိုအနက်ရောင်လေက ရုတ်တရက် ရပ်တန့်သွားသည့်အခါ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်တို့၏ အသွင် လှစ်ဟပေါ်လာ၏။ ထိုအမျိုးသားမှာ အရပ်ပုပုနှင့် ခပ်ပိန်ပိန်၊ မျက်နှာတွင်လည်း ကျောက်ပေါက်မာများ ရှိနေသော လူငယ်တစ်ယောက်ပင်။ အမျိုးသမီးများကတော့ လှပကျော့မော့စွာဖြင့် ဝတ်ဆင်လို့ထားသည်။ သူတို့နှစ်ယောက်လုံးကို နက်မှောင်အေးစက်သော မကောင်းဆိုးဝါးအော်ရာတစ်ခုက ထွေးခြုံ ထားလေ၏။

သည်အမျိုးသမီးနှစ်ယောက်မှာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ဟန်လိသည် လူငယ်၏ ကျင့်ကြံမှုအဆင့်ကိုတော့ ဖြတ်မမြင်နိုင်ပေ။ သူက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်မှာ သေချာသည်။

အကြီးအကဲမြောင်သည် ထိုလူငယ့်ကို ကောင်းစွာ သိ၏။

“ဝူချောင်…။ မင်း ဘာလုပ်တာလဲ။ မင်းက ကျုပ်တို့ နန်းတော်ခြောက်ခုအဖွဲ့အစည်းနဲ့ စစ်ဖြစ်ချင်လို့လား…”

လူငယ်က မောက်မာစွာဖြင့် ပြန်ပြော၏။

“စစ်ပွဲ ဟုတ်လား။ ဒီသခင်လေးက အဲ့လိုဟာတွေ စိတ်မဝင်စားဘူး။ ဒါပေမဲ့ ကျုပ်တို့ဂိုဏ်းရဲ့ ဘိုးဘေးကတော့ ပင်လယ်အနက်ပိုင်းထဲကနေ တံခါးပိတ်ကျင့်ကြံနေရာကနေ ပြန်ထွက်လာနေပြီ။ ဒါ့ကြောင့် ဒီငါးကြင်းသားပေါက်သားရဲရဲ့ အမြုတေဟာ ကျုပ် သူ့ကို ဂုဏ်ပြုလက်ဆောင်ပေးမယ့် အရာပဲ…”

“သခင်ကြီးကျိနစ်ယင်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ ဟုတ်လား…”

လူငယ်၏ စကားများက နန်းတော်ခြောက်ခုအဖွဲ့အစည်းမှ နှစ်ယောက်ကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြသည်။

အနီးအနားရှိ ကျင့်ကြံသူများ၏ မျက်နှာများမှာလည်း သေလောက်အောင် ဖြူရောသွားကြသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် အံ့အားသင့်မိသွား၏။

ထိုသခင်ကြီးကျိနစ်ယင် ဆိုသူမှာ အမှန်တကယ် ဂုဏ်သတင်းကြီးမားသူ ဖြစ်ရလိမ့်မည်။ သို့ပေမည့် သူ့ကို သိချင်စိတ် ဖြစ်မိစေဆုံးကတော့ လူငယ်၏ မကောင်းဆိုးဝါး အော်ရာပင်။ ၎င်းအော်ရာကို သူ သိနေသလို ခံစားမိနေသည်။

ခဏစဉ်းစားပြီးနောက်မှာ ဟန်လိသည် အင်ပါယာယွဲ့နှင့် ဝိညာဉ်သေတို့ ကျင့်ကြံသော နတ်သွေးအလင်း ပညာရပ်သည် ထိုလူငယ်၏ အော်ရာနှင့် ဆင်နေကြောင်းကို ခံစားမိသည်။ သူသည် အင်ပါယာယွဲ့ထံမှ ရခဲ့သော မီးခိုးရောင်ကျောက်စိမ်းပြားထဲမှ လေးနက်ယင်ကျမ်းစာ အကြောင်းကို မတွေးမိဘဲ မနေနိုင် ဖြစ်သွား၏။

ဟန်လိသည် စိတ်ထဲကနေ တွေးမိသည်။

“ဒီလေးနက်ယင်မိစ္ဆာချီနဲ့ နတ်သွေးအလင်းပညာရပ်တို့က ပတ်သတ်မှု တခုခု ရှိနေတာများလား…”

သို့ပေမည့် ဟန်လိထပ်ပြီး မတွေးနိုင်ခင်မှာ အကြီးအကဲမြောင်က ကျယ်လောင်စွာဖြင့် လှမ်းအော်သည်။

“ဝူချောင်…မင်းက စကားကြီးစကားကျယ်နဲ့။ လွန်ခဲ့တဲ့ နှစ်ရာချီက အသေအရှင် တံခါးပိတ်ကျင့်ကြံမှုက သူ့ကို အဆင့်ကြီးတစ်ခု ချိုးဖျက်စေနိုင်မယ်တဲ့လား။ မင်းတို့ရဲ့ ဘိုးဘေးက အဲ့ကာလအတွင်း စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကို ရောက်သွားနိုင်ပြီလို့တော့ ငါ့ကို လာမပြောနဲ့…”

ဝူချောင်က ထိုစကားကို ကြားသည့်အခါ အူလှိုက်အသည်းလှိုက် ရယ်မောသည်။

“ဟားဟား…မင်းတို့ရဲ့ နန်းတော်ခြောက်ခုအဖွဲ့အစည်းဟာ တယ်လဲ မောက်မာပါ့လား။ ကျုပ်တို့ဂိုဏ်းရဲ့ ဘိုးဘေးက စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကို တက်လှမ်းမယ်လို့ ဘယ်သူက မင်းကို ပြောလဲ။ ကျုပ်ရဲ့ ဘိုးဘေးဟာ ပြိုင်ဘက်ကင်းမိစ္ဆာပညာရပ်ကို ကျင့်ကြံဖို့ တံခါးပိတ်ကျင့်ကြံခဲ့တာ။ အဲပညာရပ်မှာ သူဟာ အောင်မြင်မှု ကြီးကြီးမားမား ရခဲ့တဲ့အတွက်ကြောင့် တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာခဲ့တာပဲ…”

ဝူချောင်သည် ဂုဏ်ယူစွာဖြင့် ထိုသို့ ဆိုသည်။

အကြီးအကဲမြောင်နှင့် အကြီးအကဲကူတို့သည် တွေဝေသွားကြသည်။ သူတို့သည် ဝမ်ချောင်ပြောတာ မှန်လား၊ မှားလားကို မသိဘဲ ဖြစ်နေ၏။

“ကျုပ်တို့ဂိုဏ်းဘိုးဘေးရဲ့ ကျော်ကြားမှုကို ခင်ဗျားတို့ သိမှတော့ ဒီလူငယ်သခင်လေးကပဲ ဒီငါးကြင်းသားပေါက်သားရဲကို ယူသွားတော့မယ်။ ခင်ဗျားတို့ရဲ့ နန်းတော်ခြောက်ခုအဖွဲ့အစည်းဟာ ကျုပ်တို့ ကျိနစ်ယင်ကျွန်းကို မျက်နှာသာ ပေးရာ ရောက်တာပေါ့…”

ဝူချောင်သည် ထိုသို့ ပြောရင်း သူတို့နှစ်ယောက်၏ အမူဟန်ပန်များကို တချက်လှမ်းကြည့်သည်။

ထိုစကားများကို ကြားသည့်အခါ အကြီးအကဲမြောင်၏ မျက်နှာသည် ဖြူရော်သွားပြီး အကြီးအကဲကူကမူ တစုံတစ်ခုကို တွေးမိပြီး သူ့မျက်လုံးမှာ ဖြတ်ခနဲ အရောင်လက်သွားသည်။ သို့သော် သူတို့နှစ်ယောက်လုံးမှာ ငြိမ်သက်နေကြ၏။

တခြားသူများကမူ နောက်သို့ ခြေလှမ်းအနည်းငယ် မဆုတ်မိဘဲ မနေနိုင် ဖြစ်ရ၏။ သူတို့က သည်အရှုပ်ထဲ၌ မပါချင်ကြချေ။

ဖန်းစန်းနျန်းက ထိုသည်ကို မြင်သည့်အခါ အကူအညီမဲ့စွာဖြင့် မျက်မှောင်ကြုတ်မိသည်။ သည်မှာ ရှိသောလူတိုင်းက နတ်ဆိုးသားရဲကောင်ကို ရင်ဆိုင်ဖို့အတွက်သာ သူမ ခေါ်ထားခဲ့တာ ဖြစ်၏။ သူတို့သည် နန်းတော်ခြောက်ခုအဖွဲ့အစည်း၏ လက်အောက်မှ မဟုတ်ကြပေ။ ခုလက်ရှိ အခြေအနေအောက်တွင် နန်းတော်ခြောက်ခုသည် အခြေအနေဆိုးနေလေပြီ။

နန်းတော်ခြောက်ခုအဖွဲ့အစည်း၌ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက် ရှိသော်ငြားလည်း သူတို့၏ မူလချီများသည် ရှေးဟောင်း ရတနာများ ဖြစ်သော ကောင်းကင်ဆန့်ကျင်လှံများကို အသက်သွင်းဖို့ များစွာ ထိခိုက်ခံထားရသည်။ ဝူချောင်ကမူ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း သူက ပြန့်ကြဲကြယ်ပင်လယ်များရှိ ကောင်းမွန်လှသော နတ်ဆိုးပညာရပ် ဖြစ်သည့် လေးနက်ယင်ပညာရပ်ကို လေ့ကျင့်ထားသူပင်။ သူသည် ပုံမှန်အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများထက် သာလွန်သူ ဖြစ်၏။

ထို့အပြင် သူ့မှာ ပြန့်ကြဲကြယ်ပင်လယ်များ၌ မည်သူမျှ အလွယ်တကူ ရန်မစဝံ့သော မကောင်းဆိုးဝါးနတ်ဆိုးအရှင်ဟု သိကြသော သခင်ကြီးကျိနစ်ယင် ဟူသော နောက်ခံ ရှိနေသည်။

သို့ပေမည့် ဝူချောင်ကို ငါးကြင်းသားပေါက်သားရဲကို သူတို့၏ မျက်စိရှေ့မှာတင် ယူသွားခွင့် ပြုခြင်းသည် နန်းတော်ခြောက်ခုအဖွဲ့အစည်းကို အကြီးအကျယ် အရှက်ရစေလိမ့်မည်။ သူတို့၏ ကြိုးစားအားထုတ်မှုများမှာလည်း အဟောသိကံ ဖြစ်ရရုံသာမ သူတို့သည် အလွယ်တကူ အနိုင်ကျင့်၍ရသည်၊ အားနည်းသည်ဟူသော ပုံရိပ်ကိုလည်း ထင်စေမည် ဖြစ်သည်။

ထိုအခိုက်တွင် အကြီးအကဲကူနှင့် အကြီးအကဲမြောင်တို့က တိတ်တဆိတ် စဆွေးနွေးကြသည်။ သူတို့၏ အမူဟန်ပန်များက ကြည်လင်သွားလိုက်၊ သုန်မှုန်သွားလိုက်ဖြင့် အဆက်မပြတ် ပြောင်းလဲနေ၏။

ဝူချောင်က အေးစက်စက် နှာခေါင်းရှုံ့ကာ ငါးကြင်းသားပေါက်၏ ဘေးနားသို့ မောက်မာသည့်ဟန်ပန်ဖြင့် လှမ်းလျှောက်သွားသည်။ သူ့လက်မှ အနက်ရောင်အလင်းက ဖြာထွက်သွားပြီး မဟူရာမိစ္ဆာဆေဘာဓားတစ်လက် သူ့လက်ထဲတွင် ပေါ်လာသည်။

နတ်ဆိုးသားရဲကောင်၏ ထူးဆန်းသော ဦးခေါင်းကို ထိုဓားဖြင့် ခုတ်ပိုင်းပြီးနောက်မှာ သူသည် ၎င်းဦးခေါင်းထဲမှ နတ်ဆိုးအမြုတေကို ချက်ခြင်း ရှာဖွေသည်။ သူနှင့်အတူ ပါလာသော အမျိုးသမီးနှစ်ယောက်ကတော့ အကြီးအကဲမြောင်နှင့် အကြီးအကဲကူတို့ကို သတိထားကာ စောင့်ကြည့်နေသည်။

ဖန်းစန်းနျန်းမှာ မျက်နှာအပျက်ပျက် ဖြစ်နေပြီ။ သို့သော် အကြီးအကဲနှစ်ယောက်က မည်သို့မျှ မပြောသည့်အတွက် သူမသည်လည်း ဘာမျှ မလှုပ်ရှားဝံ့ပေ။

သိပ်မကြာခင်မှာ ဝူချောင်သည် နတ်ဆိုးသားရဲ၏ ဦးခေါင်းထံမှ ကျောက်စိမ်းပြာရောင်ရှိ အလုံးတစ်ခုကို ထုတ်ယူသည်။ သူ့မျက်နှာတွင်လည်း ကျေနပ်အားရမှုတို့ အထင်းသား။ သို့သော် ထို့နောက်တွင် သူ့အကြည့်က နတ်ဆိုးသားရဲကောင်၏ လက်လေးဖက်တွင် ကိုင်ဆောင်ထားသော တန်ဖိုးရှိသော ပစ္စည်းလေးခုထံ ရောက်သွားသည်။ သူ့ဟန်ပန်၌ လောဘတက်ဟန် ပေါ်လာသည်။ သူက လက်ထဲရှိ ဆေဘာဓားကို ပင့်မြှောက်စဉ် အကြီးအကဲကူက သူ့ကို လှမ်းဟန့်တားသည်။

“ကျွန်းသခင်လေး…မင်းရဲ့ ဘိုးဘေးဟာ ကျုပ်တို့ နန်းတော်နဲ့ မိတ်ဆွေဟောင်းတွေလို့ ပြောလို့ ရနိုင်တယ်။ ဒါ့ကြောင့် မင်း အနေနဲ့ ဒီငါးကြင်းသားပေါက်သားရဲရဲ့ တခြားအရာတွေကို ယူနိုင်တယ်။ ဒါပေမဲ့လည်း ကျုပ်တို့ နန်းတော်ခြောက်ခုအဖွဲ့အစည်းဟာ ဒီနတ်ဆိုးအမြုတေကို လိုအပ်နေတယ်။ ဒါ့ကြောင့် ကျုပ်တို့ ဒါကို ရမှာ ပြန်နိုင်မယ်။ မဟုတ်ရင်တော့ ကျုပ်တို့ လက်ဗလာနဲ့ မပြန်နိုင်ဘူး…”

အကြီးအကဲကူက မထူးမခြားလေသံဖြင့် ပြော၏။ သူ့လေသံတွင် စိတ်ခံစားချက် ကင်းမဲ့နေသည်။

ဝူချောင်က ထိုစကားကို ကြားသည့်အခါ အေးစက်စက် ရယ်မောပြီး ခုတ်ပိုင်းမှုကို ဆက်လုပ်သည်။ အကြီးအကဲကူ၏ စကားကို လစ်လျူရှုထားး၏။ နတ်ဆိုးသားရဲ၏ လက်ထဲမှ ဆုပ်ကိုင်ထားသော အရာများကို ချိုးဖျက်ပြီးနောက် သူသည် သူ့လက်ထဲ၌ အပြာရောင်သလင်းကောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်သည်။

ထိုသည်ကို မြင်သည့်အခါ အကြီးအကဲကူ၏ ဟန်အမူအရာသည် ပျော့ပြောင်းသွားပြီး သူက သက်ပြင်းချ၍ ဝူချောင်ထံ အကူအညီမဲ့စွာဖြင့် အသံပို့လွှတ်သည်။

ထိုသည်ကို ကြားသည့်အခါ ဝူချောင်သည် သူ့ဆေဘာဓားကို ရုတ်တရက် ပြန်သိမ်းသည်။ သူ့ဟန်အမူအရာမှာလည်း အံ့အားသင့်ထိတ်လန့်ဟန် ဖြစ်ပေါ်သည်။ သူက လက်ထဲရှိ ဓားကို အောက်သို့ စိုက်ချပြီး မယုံကြည်နိုင်ဟန်ဖြင့် ပါးစပ် ဟန်ပြင်သည်။ သူက တခုခုကို ပြောချင်နေပုံ ရ၏။ ထို့နောက်တွင်မူ အကြီးအကဲကူသည် အမူဟန်ပန် ကင်းမဲ့စွာဖြင့် နောက်ထပ် စကားအနည်းငယ်ကို ထပ်ပြောလိုက်သည်။

ထိုထူးခြားသော မြင်ကွင်းက ဟန်လိနှင့် တခြားသူများကို စဉ်းစားရကြပ်သွားစေသည်။ အကြီးအကဲမြောင်ကတော့ လေထဲတွင်သာ မလှုပ်မယှက် ရှိနေပြီး ဖြစ်ပျက်သမျှကို မမြင်လေသည့်အလား။

“ကျုပ် ခင်ဗျားကို မယုံဘူး။ ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ ပတ်သတ်ပြီး သက်သေသာဓက ပြပါ…” ဝူချောင်သည် ရုတ်တရက် ခေါင်းခါကာ အေးတိအေးစက် လှမ်းအော်သည်။

သူက အသံပို့လွှတ်ခြင်း မဟုတ်ဘဲ ရုတ်တရက် ထိုသို့ အော်ဟစ်လိုက်တာ ဖြစ်သည်။ ဟန်လိနှင့် တခြားသူများက ထိုစကားများကို ကြားသည့်အခါ စဉ်းစားမရ ဖြစ်ကုန်သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်လှမ်းကြည့်မိကြသည်။ အကြီးအကဲကူနှင့် မြောင်တို့မှာ ဒေါသထွက်ဟန် အမူအရာများ ဖြစ်ပေါ်ကုန်၏။

“ကောင်းပြီ။ ဒီမှာ ကျုပ်တို့ရဲ့ အဆင့်အတန်းအတွက် သက်သေ…”

အေးစက်စက်ဟန်ပန်ဖြင့် အကြီးအကဲကူက လက်ဝေ့ယမ်းသည်။ အနက်ရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်၏။ ဝူချောင်က ၎င်းကို ဖမ်းယူသည်။

ဟန်လိသည် ထိုအဖြစ်ကို စိတ်နှလုံးခုန်ပေါက်စွာဖြင့် အာရုံစိုက်ကာ ကြည့်နေသည်။ သို့သော် ၎င်းပစ္စည်းကို သူ၏ အားကောင်းလှသောစိတ်ဝိညာဉ်အာရုံကြောင့်သာ သူ တစ်ယောက်တည်းကသာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်းမှာ အမိန့်ပေးတံဆိပ်ပြားတစ်ခု ဖြစ်ပြီး ယင်းပေါ်၌ အနက်ရောင်ချီ ခပ်ရေးရေး ထုတ်လွှတ်နေသော တစ္ဆေဦးခေါင်းပုံစံကို ရေးဆွဲထားသည်။ ၎င်းကို သေချာ ကြည့်ပြီးနောက်မှာ ဝူချောင်သည် သိသွားပုံ ပေါ်၏။

ဟန်လိမှာ တခုခု ဆိုးဝါးတာ ဖြစ်လာတော့မည်ဟု ခံစားမိနေသည်။ သူက တဖက်သို့ အလျင်အမြန် ခေါင်းလှည့်ကြည့်သည်။ သူ တွေ့မြင်ရသည့်အရာကြောင့် ထိတ်လန့်သွားရသည်။

တခြားသူများသည် အံ့အားတသင့် ဖြစ်ဟန်ဖြင့် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ သုံးယောက်၏ အပြုအမူများကို အကြောင်သား ကြည့်နေကြသည်။ သို့ပေမည့် ချင်းစွန်းကျိ၏ မျက်နှာမှာ သေလောက်အောင် ဖြူရောနေသည်။ သူသည် လက်သီးတင်းတင်းဆုပ်၍ နောက်သို့ တိတ်တဆိတ် ခြေလှမ်းသွားသည်။ မျက်စိတမှိတ်အတွင်း သူက မီတာတစ်ရာသို့ ရောက်သွားခဲ့လေပြီ။ သူသည် ဟန်လိက သူ့ကို လှမ်းကြည့်နေတာ မြင်သည့်အခါ စစချင်း မင်သက်သွားပြီးနောက် မျက်နှာအပျက်ပျက်ဖြင့် ပြုံးပြသည်။ ယင်းနောက် သူက စကားတခွန်းမှ မဆိုလေဘဲ မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်းကာ သူ၏ အမြန်ဆုံးနှုန်းဖြင့် အဝေးသို့ ထွက်ပြေးလေတော့သည်။

ထိုမြင်ကွင်းက ဟန်လိကို ခြောက်ချားသွားစေသည်။ သူက ချက်ခြင်း တုန့်ပြန်သည်။ သူ့သိုလှောင်အိတ်ကို ပုတ်၍ သူ့နတ်လေလှေကို အလျင်အမြန် ထုတ်ယူသည်။ ဝိညာဉ်သေကို ၎င်းလှေပေါ်သို့ တင်ကာ မကြာခင် သူလည်း အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၍ အမည်မသိကျွန်းငယ်ရှိနေသော အရပ်ထံ အလျင်အမြန် ထွက်ပြေးလေတော့သည်။

ချင်းစွန်းကျိနှင့် ဟန်လိတို့၏ ထူးခြားသော လှုပ်ရှားမှုက ဖန်းစန်းနျန်းနှင့် တခြားကျင့်ကြံသူများကို မင်သက်သွားစေပြီး လုံးဝ စဉ်းစားရ ကြပ်သွားစေသည်။

အကြီးအကဲကူနှင့်‌ မြောင်တို့သည် ထိုသည်ကို မြင်သည့်အခါ အေးတိအေးစက်ဟန်ပန်များ ဖြစ်ပေါ်ကြသည်။ ထို့နောက်တွင်တော့ အကြီးအကဲကူသည် ယုတ်မာမည့်လေသံဖြင့် ပြောလေသည်။

“ကျုပ်တို့ ဒီထွက်ပြေးသွားတဲ့ နှစ်ယောက်ကို သတ်ဖို့ တာဝန်ယူမယ်။ ညီအစ်ကိုဝူ…ကျန်တဲ့သူတွေကိုတော့ မင်းနဲ့အတူ ထားခဲ့လိုက်ပြီ…”

ဝူချောင်၏ တုန့်ပြန်မှုကို စောင့်မနေဘဲ အကြီးအကဲကူနှင့် မြောင်တို့သည် အလင်းတန်းများအဖြစ်သို့ ပြောင်းကာ ဟန်လိနှင့် ချင်းစွန်းကျိတို့ ထွက်ပြေးသွားကြသော အရပ်များထံ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

ဝူချောင်သည် အေးစက်စက် နှာခေါင်းရှုံ့သည်။ သူ့အကြည့်က သည်မှာ ကျန်နေခဲ့သော အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများထံသို့ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ရောက်ရှိလာသည်။

“ဟား…ဟား…။ မင်းတို့အကုန်လုံး ကံမကောင်းမှာ သေချာတယ်။ မင်းတို့ မသိသင့်တဲ့ဟာ မျက်မြင်တွေ့သွားခဲ့ကြပြီ။ အခု ဒီသခင်လေးက မင်းတို့ရဲ့ စိတ်ဝိညာဉ်ကို ယူဆောင်မယ်…”

ဝူချောင်သည် သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။ အနီးအနားရှိ ကောင်းကင်နှင့်မြေကြီးသည် ချက်ခြင်းလက်ငင်း အနက်ရောင်မကောင်းဆိုးဝါးလေပြင်းက ဖုံးလွှမ်းသွားပြီး ဖန်းစန်းနျန်းနှင့် တခြားသူများထံ ဖိအားက ချက်ခြင်း ကျရောက်လာလေ၏။

.

All Chapters