← Chapters

အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် တိုက်ခိုက်ခြင်း

Vol. 28 Ch. 383

အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် တိုက်ခိုက်ခြင်း

Vol. 28 Ch. 383

ဟန်လိ၏ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံမှုကြောင့် နဂိုတည်းက မြန်ဆန်ပြီး ဖြစ်သော နတ်လေလှေသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းနှယ် လေထုကို ထွင်းဖောက်လာသည်။ ဟန်လိသည် မနီးမဝေးတွင် ကျောက်တန်းကို လှမ်းမြင်ရသည့်အခါ စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။ သို့သော် သူက ခေါင်းလှည့်ကြည့်ချိန်တွင်တော့ သူ့သွေးများ အေးစက်သွားသည့်နှယ် ခံစားမိပြီး တစုံတခုက သူ့ထံ တိုးဝင်လာနေတာကို ကြားမိ၏။

ထိုသို့ တုန်လှုပ်နေရင်း ဟန်လိသည် အလိုအလျောက် တုန့်ပြန်မိကာ သူ့နတ်လေလှေကို အောာက်သို့ စုန်ဆင်းပြီး ဘေးသို့ လမ်းကြောင်းပြောင်းသည်။ ယင်းနောက် နတ်လေလှေသည် မီတာလေးဆယ်လောက်အကွာသိ့ ရောက်သွားသည်။

တချိန်တည်းလိုလို အဝါရောင်အလင်းတန်းတစ်ခုသည် ဟန်လိ အစောလေးက ရှိခဲ့သော နေရာကို ဖြတ်သန်းသွားသည်။ မီတာတစ်ရာလောက်အကွာတွင် ထိုအလင်းက ရပ်၏။ အရိပ်တစ်ခု ပေါ်လာသည်။ ဟန်လိသည် အေးစက်စက်ချွေးများကို အလျင်အမြန် သုတ်ကာ ထိုသူ့ကို ခါးသီးစွာ ပြုံး၍ ကြည့်သည်။

သူ့ရှေ့တွင် ပေါ်လာသူမှာ ဆံပင်များ ရှုပ်ပွနေသော နန်းတော်ခြောက်ခုအဖွဲ့အစည်း၏ အကြီးအကဲကူပင်။

တအောင့်အကြာတွင် အကြီးအကဲကူသည် သူ၏ အဝါရောင်သတ္တုပြားဝိုင်းမှော်ရတနာပေါ်မှာ ရပ်၍ ဟန်လိကို တိတ်တဆိတ် လှမ်းကြည့်သည်။ သူ့အမြင်တွင် ဟန်လိသည် သေလူ ဖြစ်နှင့်နေပြီးပင်။

ဟန်လိ ချထားသော အစီအရင်ကမူ သူ၏နောက်ဘက် မီတာလေးဆယ်အကွာတွင် ရှိနေသည်။

ဟန်လိသည် အခုအခါမှာ မေးခွန်းများ မေးခြင်း သို့မဟုတ် ခွင့်လွှတ်ရန် အသားနားခံခြင်းသည် အချည်းနှီးသာ ဖြစ်မှန်း ကောင်းကောင်း သဘောပေါက်သည်။ သူက အမြုတေဖွဲ့စည်းခြင်းအဆင့် စီနီယာထံမှ သူ့အသက်ကို လုရပေတော့မည်။ ထိုသူ့ကို အစီအရင်ဖြင့် ပိတ်လှောင်ထားနိုင်၊ မနိုင်ကိုလည်း စောင့်ကြည့်ရတော့မည်သာ။

ထိုအတွေးဖြင့် ဟန်လိ၏ စိတ်နှလုံးသည် တည်ငြိမ်လာပြီ။ သူက ဝိညာဉ်သေကို အမိန့်များပေး၏။ ဝိညာဉ်သေမှာ ဝေဝါးသွားပြီး ဟန်လိ၏ ရှေ့တွင် ကာစီးပေးသည်။ တချိန်တည်းမှာ သူ့ခန္ဓာကိုယ်ထံမှ သွေးနံ့နှင့်အတူ ခပ်ဖျော့ဖျော့ သွေးနီရောင်အလင်းကို ထုတ်လွှတ်သည်။ ဟန်လိ၏ လက်နှစ်ဖက်မှာလည်း တောက်ပသွားပြီး သူ့လက်ကြားထဲ၌ မှော်ပစ္စည်းများ ပေါ်လာသည်။

ဟန်လိနှင့် ဝိညာဉ်သေတို့သည် ခေါင်းမာမာဖြင့် ခုခံချင်နေတာ မြင်သည့်အခါ အကြီးအကဲကူ၏ မျက်လုံးမှာ ဖြတ်ခနဲ လင်းလက်သွား၏။ ထို့နောက်တွင် သူ၏ သတ္တုပြားဝိုင်းမှော်ရတနာထံမှ ငိုငြီးသံအရှည်ကြီး ထွက်ပေါ်လာသည်။ အဝါရောင်အလင်း ဖြာထွက်မှုနှင့်အတူ သူ့ခန္ဓာကိုယ်ကို ထိုအလင်းက လွှမ်းခြုံထွေး၏။

ယင်းနောက်တွင် အကြီးအကဲကူသည် သူ့လက်နှစ်ဖက်ကို ရုတ်တရက် ပင့်မြှောက်သည်။ ကြက်သွေးရောင်အလင်းနှင့် လက်ဝါးအရွယ်အစားရှိသော ဓားသွားအုပ်တစ်ခုသည် ဟန်လိနှင့် ဝိညာဉ်သေတို့ထံ ပျံသန်းဝင်လာသည်။

ဟန်လိသည် အတော်လေး အလန့်တကြား ဖြစ်မိသွားသည်။ သူသည် စိတ်လည်း အေးသွား၏။ သူ၏ မှော်ရတနာ တိုက်ခိုက်မှုမှာ ဟန်လိ အရင်တုန်းက မြင်ဖူးခဲ့သော လိုင်ဝမ်ဟဲ၏ တိုက်ခိုက်မှုများနှင့် အမြန်နှုန်းတူတူလောက်မှန်းကို သိပေသည်။ ထိုအခွင့်အရေးကို အသုံးချကာ သူ့အသက်ကိုယ်သူ ရှင်သန်အောင် လုပ်ရပေမည်။

ဟန်လိက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်သည်။ လက်တစ်ဖက်ဖြင့် သူသည် လိပ်ခွံကို ပစ်လွှတ်၏။ ကျန်တစ်ဖက်ဖြင့် သူသည် ကြေးမုံတစ်ချက်ကို ထုတ်ဖော်သည်။ ယင်းကြေးမုံက မိုးပြာအလင်းမြူတစ်ခုကို ပန်းထုတ်ကာ တိုးဝင်လာသော ဓားသွားအုပ်ထံ ဦးတည်ဝင်ရောက်သွား၏။

ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်သည်။ ဓားသွားအုပ်သည် မိုးပြာမြူအလင်းကြောင့် အရှိန်လျော့ကျသွား၏။ သို့သော် ခဏအကြာတွင် ကျန်သည့်ဓားသွားများက မိုးပြာအလင်းထဲ တိုးဝင်ကာ ယင်းအလင်းအား တစစီဖြစ်သွားစေ၏။

ခရက်။ တချိန်တည်းမှာ ဟန်လိ၏ လက်ထဲရှိ ကြေးမုံသည် နှစ်ပိုင်းထွက်သွား၏။

ဟန်လိသည် ထိုကြေးမုံကို ချက်ခြင်း ပစ်သွင်းကာ သူ့သိုလှောင်အိတ်ကို ပုတ်၏။ ထိုအခါ အနက်ရောင်အလင်းတန်းနှစ်ခုနှင့် အဖြူရောင်အလင်းတန်းငါးခုတို့သည် သူ၏ သိုလှောင်အိတ်ထံမှ ထုတ်လွှတ်လာသည်။ ထိုအလင်းတန်းများက သူ့ ဘေးပတ်လည်တွင် လခြမ်းအသွင် ဖြစ်ပြီးနောက်မှာ အစီအစဉ်ကျနစွာ ပျံသန်းထွက်သွား၏။

ထိုမျှက ဟန်လိအဖို့ မလုံလောက်သေးပေ။ သူ့ဘေးပတ်လည်တွင် နောက်ထပ်အဖြူရောင်အလင်းရှစ်ခုက လင်းလက်ပြီး သူ့ဘေးတစ်ဖက်စီမှာ ရုပ်သေးလေးခုစီ ပေါ်လာကြသည်။ ထိုရုပ်သေးများက သူတို့၏ လေးများကို ဆွဲတင်ကာ လှုပ်ရှားတိုက်ခိုက်ရန် အသင့်ပြင်သည်။

ယင်းနောက် အလင်းဓားသွားအုပ်က လိပ်ခွံကို ထိုးစိုက်လာသည်။ ထိုအခါ လိပ်ခွံပေါ်၌ မရေမတွက်နိုင်သော ခပ်နက်နက်အက်ကြောင်းများ ဖြစ်ပေါ်သွားသည်။ ခဏသာ ကြသည်။ ထိုကြေးခွံမှာလည်း အလင်းဓားသွားအုပ်ကြောင့် တစစီ ဖြစ်သွားလေသည်။

ထိုအချိန်ကို အခွင့်ကောင်း ယူကာ ဟန်လိ၏ ထိပ်တန်းမှော်ပစ္စည်းခုနစ်ခုက ဝိညာဉ်သေ၏ ရှေ့သို့ ရောက်သွားပြီး သူ့ကို အဆက်မပြတ်လှည့်ပတ်ကာ အဖြူအနက်အလင်းတန်းအရံအတားတစ်ခုကို ဖွဲ့စည်းသည်။

ထိုထိပ်တန်းမှော်ပစ္စည်းများက အားနည်းလာပြီဖြစ်သော အလင်းဓားသွားတိုက်ခိုက်မှုများကို ခုခံနိုင်ပေ၏။ နဂါးနက်လက်သည်းတစုံနှင့် အဖြူရောင်ဓားသွားငါးခုတို့သည် တစ်ခုနှင့်တစ်ခု ယှက်လိမ်ကာ လှည့်ပတ်လျက် ပိုးစုန်းကြူးများကဲ့သို့ ဖြစ်လာ၏။ သွေးရောင်အလင်းဓားသွားအုပ်သည် မည်သည့်တားဆီးမှုမျှ မရှိသည့်အခါ ၎င်းတို့သည် ဟန်လိ၏ရှေ့တွင် ရပ်နေသော ဝိညာဉ်သေကို ခုတ်ပိုင်းလာသည်။

“ယား…” ဝိညာဉ်သေသည် ရုတ်တရက် မာန်သွင်းအော်ဟစ်၏။ သူ့ခန္ဓာကိုယ် ဝန်းရံထားသော သွေးနီရောင်အလင်းကို ခါထုတ်ပစ်သည်။ မျက်စိတမှိတ်အတွင်း ထိုအလင်းသည် အနီရောင်နဂါးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းကာ ရှေ့သို့ ထိုးထွက်သွားသည်။

၎င်းနှင့် သွေးရောင်အလင်းဓာအုပ်တို့ ထိပ်တိုက်တွေ့ချိန်တွင် ဟန်လိဘက်ခြမ်းမှာ ရှိနေသော ရုပ်သေသးများက အလင်းမြားများကို ထုတ်လွှတ်ကာ နဂါးအသွင်တိုက်ခိုက်မှုကို အားဖြည့်ပေးသည်။

အကြီးအကဲကူသည် အံ့အားတသင့် ဖြစ်နေသည်။ သို့သော် ခဏအကြာတွင် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ ဖြစ်သော သူက နှာခေါင်းရှုံ့၏။ သူ့လက်နှစ်ဖက်ကို ပင့်မြှောက်၏။ အဝါရောင်အလင်းသည် သူ၏နောက်မှ ဖြာထွက်လာသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် အလန့်တကြား ပိုဖြစ်သွားသည်။ သူသည် ထိုသူ၏ သွေးအလင်းတိုက်ခိုက်မှုများကို တားဆီးနိုင်ဖို့ သူ့အဖိုးတန်ဆုံး မှော်ပစ္စည်းများကို အသုံးပြုခဲ့ရပေသည်။ ရန်သူကသာ နောက်ထပ် တိုက်ခိုက်မှုများ လုပ်လာခဲ့ပါက သူ၏ အဆုံးသပ်ကို ကြုံရတော့မှာ သေချာနေပြီ။

ဟန်လိသည် ထိုသို့ ကြောက်ရွှံ့နေစဉ် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ၏ကူ၏ အသားအရေမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့ပါးပြင်နှစ်ဖက်မှာ အနီရောင်တောက်ပသွားပြီး မကြာခင်မှာ ဖြူရော်သွား၏။ ယင်းနောက် သူ့ခန္ဓာကိုယ်နောက်မှ အဝါရောင်အလင်းသည် မှိန်ဖျော့သွားသည်။ နာကျင်မှုကြောင့် သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ အကြီးအကဲကူသည် ရုတ်တရက် ဒေါသလည်းထွက်၊ လန့်လည်းလန့်သွားလေသည်။

ဤသည်မှာ အစောပိုင်းတုန်းက ထိခိုက်သွားသော သူ၏ မူလချီက ပြန်မကောင်းမွန်သေးဘဲ သူက သူ၏ အစစ်အမှန်မူလအစွမ်းကို အလျင်စလို အသုံးပြုခဲ့သောကြောင့် ဖြစ်တာကို သူ ကောင်းကောင်း သတိထားမိသွားသည်။ သို့သော် သူသည် ဟန်လိကို သတ်ဖို့အတွက် ယင်းဒဏ်ရာများကို ခဏ ဖိနှိပ်ထားရုံသာ လိုအပ်၏။

ထိုအလှည့်အပြောင်းက ဟန်လိကို ဝမ်းမြောက်သွားစေ၏။ သူသည် ချက်ခြင်း တုန့်ပြန်သည်။ သည်အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ဟန်လိက ဝိညာဉ်သေကို လှမ်းဆွဲခေါ်ပြီး အမည်မဲ့ကျွန်းထံ အရှိန်အဟုန်ပြည့်ဖြင့် ပြေးလေတော့သည်။ သူ၏နောက်တွင်မူ နဂါးနှင့် ရုပ်သေးတပ်သားများ ကျန်ခဲ့ပေသည်။ သူသည် ၎င်းတို့ကို ပြန်ရုတ်သိမ်းဖို့ အချိန် မရှိတော့ပေ။

အကြီးအကဲကူသည် ရှက်ရမ်းရမ်းကာ ဒေါသပုန်ထသည်။ သူ့လက်ထဲမှ ဟန်လိကသာ အမှန်တကယ် လွတ်မြောက်သွားခဲ့ပါက သူက အရူးတစ်ယောက် ဖြစ်ရတော့မည်သာ။ ဒေါသထွက်လွန်းသဖြင့် သူ့ဒဏ်ရာများက ပိုဆိုးသွား၏။ သူက အံတင်းတင်းကြိတ်ကာ သူ့ခန္ဓာကိုယ်၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို အသုံးပြုကာ အစောပိုင်းက ရရှိခဲ့သော ဒဏ်ရာများကို အတင်းအကြပ် ဖိနှိပ်ပြီး အဝါရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ဟန်လိနောက်သို့ လိုက်လံတော့သည်။

ဟန်လိသည် ချက်ခြင်းလိုလို မီတာရာချီအကွာသို့ ရောက်နှင့်နေပြီ။ သူက မန္တနာ်အစီအရင်၏ အဝန်းအဝိုင်းထဲ ခြေလှမ်းဝင်ပြီးပြီးချင်း အဝါရောင်အလင်းတန်းတစ်ခုက သူ့နောက်သို့ လိုက်လာကာ တချိန်တည်းနီးပါး အစီအရင်ထဲ ဝင်ရောက်လေတော့မည်။

အကြီးအကဲကူသည် မသတီစရာ ပြုံး၍ ဟန်လိတို့နှစ်ယောက်ကို တချက်တည်းဖြင့် အသေသတ်နိုင်တော့မည်ဟု တွေးကာ သူ့မျက်လုံးတို့သည် ရုတ်တရက် အရောင်လက်သွားသည်။ ထိုစဉ်မှာပင် သူက သူ့ဝန်းကျင်အနေအထားမှာ ကြီးစွာ ပြောင်းလဲသွားတာကို မြင်လိုက်ရ၏။ သူသည် မည်သည့်နေရာကနေ ပေါ်လာမှန်း မသိရသော ကျွန်းတစ်ခုကို တွေ့မြင်ပြီး သူ၏ အထက်တွင် သူ့အပေါ် ဖိအားပေးနေသော ကြီးမားသော ကျောက်စိမ်းပင်လယ်တစ်ခု ရှိနေတာကို တွေ့ရှိလိုက်ရသည်။

“အစီအရင်မန္တာန်လား…” အကြီးအကဲကူ၏ အမူအရာမှာ အလေးအနက် ဖြစ်သွားသည်။

သူသည် သည်နေရာ၌ အစီအရင်တစ်ခု ရှိနေတာကြောင့် တုန်လှုပ်သွားသော်လည်း အကြီးအကျယ် ထိတ်လန့်ပြာယာခပ်သွားတာတော့ မဖြစ်မိပေ။ တကယ်တော့ အစီအရင်၏ လှိုင်းဂယက်များက ကြီးကျယ်ခမ်းနားသော အစီအရင် တခုခု မဟုတ်မှန်း ညွှန်ပြနေလေသည်။ သူသည် ၎င်းအစီအရင်ကို ချိုးဖျက်နိုင်လိမ့်မည်ဟု ယုံကြည်မှု အပြည့် ရှိ၏။

ထိုအတွေးဖြင့် အကြီးအကဲကူ၏ အမူအရာမှာ အေးစက်လာသည်။ သူ၏ခန္ဓာကိုယ်သည် အဝါရောင်လင်းထိန် တောက်ပလာသည်။

ဟန်လိ တွေ့မြင်ရသော ကျောက်စိမ်းရေမိုးပြာချပ်ဝတ်အစီအရင်ကတော့ အမြုတေဖွဲ့စည်းခြင်းစီနီယာ မြင်ရသော ရှုထောင့်နှင့် လုံးဝ ကွဲပြားပေသည်။ သူ့ နတ်လေလေနှင့် အကြိမ်အနည်းငယ်လောက် ပျံသန်းပြီးနောက်မှာ သူသည် အနှီအစီအရင်ထံမှ လွယ်ကူစွာ ထွက်လာသည်။ သူသည် တတ်နိုင်သမျှ အဝေးသို့ ထွက်ပြေးရန် အတွေးဖြင့် အစီအရင်ထံ ခေါင်းလှည့်ကာ ပြန်ကြည့်သည်။

ဟန်လိ၏ အမူအရာမှာ သုန်မှုန်သွားလေသည်။ သူက အကြီးအကဲကူသည် အဝါရောင်လျှပ်စီးတန်းအဖြစ်သို့ အသွင်ပြောင်း၍ အစီအရင်မန္တာန်၏ အတားအဆီးများကို အကြမ်းပတမ်းတိုက်ခိုက်နေတာအား မြင်သည်။ ဟန်လိက ထိုသူ ချိုးဖျက်နိုင်တော့မည်ကို မြင်သည့်အခါ သူ့အမူအရာမှာ ဆက်တိုက် ပြောင်းလဲသွားသည်။

သူ ထွက်ပြေးခဲ့လျှင် ထိုသူမှာ အစီအရင်ထဲကနေ လွတ်လာသည်နှင့် သူ၏နောက်သို့ ထပ်မံ လိုက်လံမည်သာ။ လိုက်လံသူ၏ မှော်ရတနာနှင့် သူ၏ နတ်လေလှေတို့၏ အမြန်နှုန်းခြင်း ကွာဟချက်ကြောင့် ၎င်းအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူသည် သူ့နောက်သို့ ကျိန်းသေပေါက် မှီလာမည်သာ။

ဟန်လိ ချိတုံချတုံ ဖြစ်နေစဉ် အစီအရင်မန္တာန်၏ အတားအဆီးအလွှာများသည် ကျိုးပျက်သွားလေပြီ။

ဆုံးဖြတ်ချက်တစ်ခု ချပြီးနောက်မှာ ဟန်လိ၏ မျက်လုံးထဲ သတ်ဖြတ်ချင်စိတ်တို့ ဖြတ်ပြေးသွားသည်။ သူက ဝိညာဉ်သေကို ချက်ခြင်း ဆင့်ခေါ်ပြီး မန္တာန်အစီအရင် ဖုံးကွယ်မှု အောက်မှာ ရှိနေသော အကြီးအကဲကူထံ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်လာသည်။

သို့သော် သူတို့သည် အကြီးအကဲကူထံ ချဉ်းကပ်လာစဉ် ပျက်စီးတော့မည့် အစီအရင်ထဲရှိ အကြီးအကဲကူသည် ရုတ်တရက် ရပ်တန့်ပြီး သူ့ဘေးပတ်လည်သို့ သတိထားကာ ကြည့်သည်။ ဟန်လိက မျက်မှောင်ကြုတ်သွား၏။ သူ့လက်ထဲတွင် မိုးပြာအလံငယ်တစ်ခု ပေါ်လာသည်။ ၎င်းအလံမှာ အစီအရင်ကို ထိန်းချုပ်သည့်အလံ ဖြစ်၏။

မန္တာန်တစ်ခုကို ခပ်တိုးတိုး ရေရွတ်ပြီးနောက်မှာ ဟန်လိသည် အလံကို ရုတ်တရက် ပစ်လွှတ်သည်။ ထိုအလံသည် မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်းကာ အစီအရင်နှင့် ပေါင်းစပ်သွားသည်။ ယင်းနောက် အကြီးအကဲကူ၏ မျက်လုံးရှေ့ရှိ မြင်ကွင်းမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ အခုအခါ သူသည် မုန်တိုင်းတစ်ခု၏ ဝန်းရံထားခြင်းကို ခံရကာ သူ့အား ဖိနှိပ်ထားသော ဖိအားက ရုတ်တရက် တိုးပွားလာကာ သူ့ခန္ဓာကိုယ်ကို နှေးကန်လေးလံသွားစေသည်။

.

All Chapters