← Chapters

အကျိုးအမြတ်

Vol. 28 Ch. 384

အကျိုးအမြတ်

Vol. 28 Ch. 384

အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူကူ၏ ခန္ဓာကိုယ်သည် အစီအရင်ကြောင့် အရှိန်နှေးကွေးသွားစဉ် သူ့နောက်ဘက်မှ ရေခဲလှံဆယ့်နှစ်ချောင်းသည် တိုးဝင်လာသည်။

ရုတ်တရက် ထိုအကြီးအကဲကူသည် သွက်လက်စွာ ပြန်လှုပ်ရှားနိုင်သွားသည်။ သူက တဖက်သို့ လှည့်ကာ သူ့လက်ကို ပင့်မြှောက်ပြီး အဝါရောင်လခြမ်းကို ပစ်သွင်းသည်။ မျက်စိတမှိတ်အတွင်း သူက ရေခဲလှံများကို ခြေမွပစ်သည်။ သို့သော် နည်းနည်းလေးမျှ နှောင့်နှေးခြင်း မရှိလေဘဲ ရေခဲမြွေတစ်ကောင်က သူ့ထံ တခြားနေရာကနေ တိုးဝင်လာပြန်သည်။

အလားတူပင် အကြီးအကဲကူ၏ အနောက်ဘက်မှ ပင်လယ်ရေသည် ကွဲထွက်ကာ သွေးနီရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ ထိုအလင်းတန်းက နီးကပ်က မြန်ဆန်လွန်းသဖြင့် အကြီးအကဲကူသည် အစီအရင်မန္တာန်၏ အတားအဆီးများအောက်တွင် အလျင်မိ မရှောင်နိုင်ဘဲ ဖြစ်သွားသည်။ သူသည် ထိုတိုက်ခိုက်မှုများကို ကာကွယ်တားဆီးဖို့အတွက် သူ့ခန္ဓာကိုယ်ကို အဝါရောင်အလင်းဖြင့် ခြုံလွှမ်းစေသည်။

လက်မောင်းလုံးခန့် ရှိသော သွေးနီရောင်အလင်းက ထိုးစိုက်လာ၏။ အကြီးအကဲကူကို ရှေ့သို့ ယိုင်သွားစေပြီး သူသည် ဟန်ချက်ပျက်သွားသည်။ တချိန်တည်းမှာ သူ့ဘေးတွင် မိုးပြာအလင်းတစ်ခု လင်းလက်ကာ မိုးပြာဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ခုတ်ပိုင်းဝင်လာသော ဟန်လိ၏ ပုံရိပ်သည် ရုတ်တရက် ပေါ်လာပြန်သည်။ အကြီးအကဲကူသည် အတော့်ကို သတိထားသွားသည်။ အစောပိုင်းတုန်းက သည်နေရာမှာ မည်သူမျှ မရှိတာ သေချာသည်။ သို့သော် ဟန်လိက မည်သို့ ပေါ်လာသနည်း။ ထိုလှုပ်ရှားမှုပညာရပ်က မည်မျှ ထူခြားလိုက်လေသနည်း။

အကြီးအကဲကူမှာ ထိတ်လန့်သွားသော်လည်း သူက ချက်ခြင်း တုန့်ပြန်သည်။ ဟန်လိ၏ဓားချက်ကို ခုခံကာကွယ်ဖို့ သူ့ခန္ဓာကိုယ်မှ အဝါရောင်အလင်းက ရုတ်ချည်း မြင့်တက်လာသည်။

ဟန်လိသည် တဟားဟား ရယ်မောကာ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။ ထို့နောက်တွင်တော့ အကြီးအကဲကူသည် သူ့ဘေးပတ်လည်တွင် လေတိုးသံများကို ကြားရသည်။ အနီရောင်အမျှင်တန်းဆယ်ခုကျော်က သူ့ထံ တိုးဝင်လာတာ သူ မြင်၏။

“အပ်ပျံတွေ…” အကြီးအကဲကူမှာ ပင့်သက်ရှိုက်မိသွားသည်။ သူသည် ထိုလက်နက်ပုန်းများအကြောင်း ကောင်းကောင်း သိပေသည်။ ယင်းတို့မှာ ကျင့်ကြံခြင်းလောက၌ ကျော်ကြားလှသည် မဟုတ်လား။ သူ၏ခန္ဓာကိုယ်မှ အဝါရောင်အလင်းသည် ထိုအပ်ပျံတို့ကို ဖျက်စီးပစ်ချင်သည့်အလား လွန်စွာ တောက်ပသွားသည်။ သူက ဟန်လိ၏ ထောင်ချောက်အတွင်း ကျရောက်ခံမည် မဟုတ်ပါ။

“ဘန်း…” ဟန်လိသည် သူ၏နောက်မှာ ပြန်ပေါ်လာပြီး ဓားဖြင့် ခုတ်ပိုင်း၏။ အဝါရောင်အလင်းမှာ ဝေ့ခါသွား၏။ ထိုအခါ အဝါရောင်အလင်းထံ အနီရောင်ကြိုးမျှင်များက ထွင်းဖောက်လာသည်။ ခဏအတွင်း ယင်းတို့သည် တစ်မီတာလောက်ထိ ထွင်းဖောက်ကာ ဆက်၍ အကြမ်းပတမ်းဆန်စွာ တိုးဝင်လာသည်။

ဒေါသလည်းထွက်၊ လန့်လည်းလန့်သွားခြင်းနှင့်အတူ အကြီးအကဲကူက သူ့သိုလှောင်အိတ်ထံ လက်လှမ်းသည်။ သူသည် မန္တာန်အစီအရင်နှင့် ထူးခြားသော တိုက်ကွက်များ၊ သူ့မူလချီကလည်း အစောပိုင်းတည်းကလည်း ဒဏ်ရာရထားခြင်း စသည့်အချက်များကြောင့် သူ၏ အဝါရောင်အလင်းအရံအတားမှာ တည်မြဲဖို့ ခက်ခဲမည်မှန်း သဘောပေါက်သည်။

သို့သော် သူ တခုခု ထုတ်ယူနေတာကို စောင့်မနေဘဲ လက်မအရွယ်ခန့်ရှိသော သွေးနီရောင်အလင်းတန်းနှစ်ခုက သူ့ရှေ့တွင် ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထံ အတင်းအကြပ် ထိုးစိုက်တိုးဝင်လာသည်။

ဟန်လိ၏ တိုက်ခိုက်မှုကို ခံရပြီး အပ်ပျံများ၏ ပိတ်ဆို့ခြင်းကို ခံရချိန်တွင် အကြီးအကဲကူ၏ ခန္ဓာကိုယ်မှ အဝါရောင်အလင်းသည် ကြီးစွာ အားပျော့သွားသည်။ သွေးနီရောင်အလင်းတန်းသည် သူ၏ အဝါရောင်အလင်းကို ထွင်းဖောက်သွားလေ၏။

အကြီးအကဲကူ၏ မျက်နှာမှာ သေလောက်အောင် ဖြူရောသွားသည်။ သို့ပေမည့် သူက အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်သာ။ သွေးနီအလင်းတန်းက သူ၏ အဝါရောင်အလင်းထဲ တိုးဝင်လာတာကို ခံစားမိစဉ် သူ့ ရတနာများကို အချိန်မီ မထုတ်နိုင်တော့တာကို သိသည့်အခါတွင် သူ့ခန္ဓာကိုယ်ခွန်အားတစ်ခုလုံးကို ထုတ်နှုတ် အသုံးပြု၍ ရှောင်လေသည်။ ခဏအကြာ သွေးနီရောင်အလင်းတန်းနှစ်ခုလုံးက ထိုးစိုက်သွားသည်။ တစ်ခုက သူ့နားကို ထိမှတ်ကာ နား၏ အသားစများကို ယူဆောင်သွားသည်။ တခြားတစ်ခုကမူ သူ၏ သေတွင်းသေကွက်များကို လွဲချော်သွားသော်လည်း သူ့ပုခုံးထက်တွင် အပေါက်ငယ်တစ်ခု ထင်ကျန်စေကာ သွေးများ ပန်းထွက်လာစေသည်။ အကြီးအကဲကူသည် ဒူးကွေးညွှတ်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်၏။

ဤသည်မှာ ဟန်လိ၏ နောက်ဆုံး တိုက်ကွက်များ မဟုတ်ပေ။ ဝိညာဉ်သေလည်း ပေါ်လာပြီး သူ့လက်နှစ်ဖက်ကို ဖြန့်ကား၍ သွေးနီရောင်အလင်းတန်းနှစ်ခုကို ထုတ်လွှတ်သည်။

တချိန်တည်းမှာ ဟန်လိသည် သူ့လက်တစ်ဖက်ဖြင့် ငွေရောင်ဓားကို ကိုင်ဆောင်ထားပြီး ငွေရောင်ဓားစက်ဝန်းများကို ဖြစ်စေပြီး အဝါရောင်အလင်းထံ အဆက်မပြတ် ခုတ်ပိုင်းသည်။ ကျယ်လောင်စူးရှသောအသံများ ပဲ့တင်ထပ်၏။ တခြားလက်တစ်ဖက်ဖြင့် ဟန်လိသည် အဆောင်များကို လက်တဆုပ်ထုတ်ယူကာ တိုက်ခိုက်သည်။ မရေမတွက်နိုင်သော မီးလုံးများနှင့် ရေခဲဆူးများက အကြီးအကဲကူ၏ အဝါရောင်အလင်းကို ထိုးနှက်လာသည်။ ယင်းနောက်တွင် ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်သည်။

နာကျင်မှုကနေ သတိပြန်ဝင်လာသည့်အခါ အကြီးအကဲကူသည် အလွန်အမင်း ထိတ်လန့်သွားသည်။ သူသည် အစီအရင်မန္တာန်၏ ဖိအား၊ ရန်သူ၏ အကင်းပါးလှသော တိုက်ခိုက်မှုများ၊ ရှေးအတီတေဇလုံကို အသုံးပြုခဲ့သဖြင့် သူ့မှော်စွမ်းအား လျော့ပါးသွားမှုတို့ကြောင့် သူ၏ အကာအကွယ်အဝါရောင်အလင်းသည် တောင့်မခံနိုင်တော့တာ သူ ခံစားမိသည်။

အကျိုးဆက်ကို လုံးဝ ထည့်မတွက်တော့ဘဲ သူက သူ့မှော်စွမ်းအားများ ပြန်ရရန် လျှို့ဝှက်မန္တာန်တစ်ခုကို အသုံးပြုသည်။ သို့သော် သူ ထိုပညာရပ်ကို အပြည့်အဝ အသုံးမပြုခင်မှာပင် ဟန်လိ၏ မန္တာန်ထံမှ အေးစက်လှသော အသံတစ်သံကို ထုတ်လွှတ်လာသည်။

ရုတ်တရက် အကြီးအကဲကူ ပတ်လည်ရှိ ပင်လယ်ရေများသည် စတင်၍ လှည့်ပတ်လာသည်။ သူ့အပေါ် သက်ရောက်သော ဖိအားမှာ များစွာ တိုးတက်လာသည်။ သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော အဝါရောင်အလင်းသည် နောက်ဆုံး၌ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ ထိုအခါ မည်သည့်အတားအဆီးမျှ မရှိတော့သည်ဖြစ်၍ အပ်ပျံများသည် အနီရောင်လင်းလက်ကာ သူ၏ သေကွင်းသေကွက်များထံ ချက်ခြင်း ထွင်းဖောက်သွားပြီး အကြီးအကဲကူကို ဒူးထောက်ကျသွားစေသည်။

ငွေရောင်လင်းလက်မှုနှင့်အတူ ဟန်လိက သူ့ဘေးတွင် ပေါ်လာလေသည်။

ထို့နောက်တွင်တော့ နန်းတော်ခြောက်ခုအဖွဲ့အစည်း၏ အကြီးအကဲကူ၏ ဦးခေါင်းသည် ဆယ်မီတာကျော်လောက်မှာ လိမ့်ဆင်းကျသွားလေ၏။

ယင်းနောက်မှာ ထိုဦးခေါင်းပြတ်အလောင်းထံမှ သွေးများက ပန်းထွက်လာပြီး လေထဲတွင် သွေးနံ့များ လှိုင်ထွက်သွားသည်။

ဟန်လိသည် သက်ပြင်းရှည်ကြီး ချမိ၏။ သို့သော် သူက ထိုအလောင်းဘေးနားသို့ အလျင်အမြန် ရောက်လာပြီး သိုလှောင်အိတ်ကို ယူသည်။ တချိန်တည်းမှာ ဝိညာဉ်သေက မှော်ရတနာဖြစ်သော အဝါရောင်ဇလုံကို သိမ်းဆည်းလိုက်သည်။

ထို့နောက်တွင်တော့ ဟန်လိနှင့် ဝိညာဉ်သေတို့သည် အစီအရင်ထံကနေ နတ်လေလှေနှင့်အတူ အလျင်အမြန် ပျံသန်းလာခဲ့သည်။ ဆယ့်ငါးမီတာလောက်ထိ ပျံသန်းပြီးနောက်မှာ ဟန်လိသည် ပင်လယ်ထဲသို့ သူ့လှေကို ထိုးစိုက်ချပြီး ပင်လယ်အောက်ဘက် မီတာတစ်ရာလောက်တွင် သူ့ကိုယ်သူ နစ်မြုပ်နေစေသည်။

ယင်းနောက်မှာ သူက သူ့နတ်လေလှေကို သိမ်းဆည်းပြီး အနီရောင်ဝတ်ရုံရှည်တစ်ခုကို ထုတ်ကာ ဝိညာဉ်သေနှင့်သူ့ကိုယ်သူအပေါ် ထွေးခြုံရစ်ပတ်ပစ်သည်။ ထို့နောက်တွင်တော့ သူတို့သည် သူတို့၏ ချီများကို ထိန်းနိုင်ဖို့ အမည်မဲ့မန္တာန်တစ်ခုကို အသုံးပြုလေသည်။

သူတို့ ထိုသို့ ပြုလုပ်ပြီး သိပ်မကြာခင်မှာ ဒေါသတကြီးဖြင့် အားကောင်းလှသော စိတ်ဝိညာဉ်အာရုံတစ်ခုသည် အနီးအနားသို့ ရောက်လာပြီး ပင်လယ်အနီးတဝိုက်ကို ရှာဖွေလေတော့သည်။

ထိုစိတ်ဝိညာဉ်အာရုံသည် သေချာရှာဖွေပြီးသော်လည်း သူက ဟန်လိနှင့် ဝိညာဉ်သေတို့၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ပေ။ ဒေါသတကြီးဖြင့် သည်အနီးအနားဧရိယာကို သူ့စိတ်ဝိညာဉ်အာရုံအား ထပ်မံ လွှမ်းခြုံစေပြီးနောက်မှာ သူက တခြားနေရာတစ်ခုထံ အလျင်အမြန် ဦးတည်သွားသည်။

ထိုအခါကျမှ ဟန်လိသည် နောက်ဆုံး၌ အမှန်တကယ် စိတ်အေးနိုင်တော့သည်။ သူသည် ချက်ခြင်းပင်လယ်ထဲမှ ပြန်ထွက်လာသည့်အထိတော့ ရူးမိုက်မည် မဟုတ်မှာ သဘာဝပင်။ ထိုအစား သူက သူနှင့် ဝိညာဉ်သေတို့ကို အပြာရောင်အလင်းအရံအတားဖြင့် ပင်လယ်ကနေ ပိုင်းခြားစေကာ ဝိညာဉ်သေကို ချီကျင့်ကြံနေစေသည်။

ပင်လယ်အတွင်း ပုန်းကွယ်နေတာ လဝက်ကျော်လောက် ရှိလာခဲ့လေပြီ။

ထိုရက်များအတွင်း အားကောင်းလှသော စိတ်ဝိညာဉ်အာရုံပိုင်ရှင်သည် လက်မလျော့လေဘဲ သည်အနီးအနား ပင်လယ်ကို လေးငါးခြောက်ကြိမ်လောက် ထပ်ခါထပ်ခါ လာရှာဖွေသေးသည်။ သို့သော် ဟန်လိက သူ ရောက်လာတာကို သတိပြုမိကာ သူ့ချီကို တင်ကြို၍ ထိန်းချုပ်ထားသဖြင့် ထိုသူမှာ ရှာဖွေတာ မအောင်မြင်ခဲ့ပေ။

အခု ၎င်းစိတ်ဝိညာဉ်အာရုံ မပေါ်လာခဲ့တာ ရက်များစွာ ရှိနေခဲ့ပြီ။ သို့အခါကျမှ နောက်ဆုံး၌ ဟန်လိသည်လည်း လှုပ်ရှားဝံ့တော့သည်။

ကီလိုမီတာ ငါးဆယ်ကျော်လောက်အထိ တဖြည်းဖြည်းချင်း ခရီးနှင်လာခဲ့ပြီးမှ ဟန်လိသည် ပင်လယ်ရေထဲကနေ ပျံသန်းထွက်ကာ အမြန်ဆုံးနှုန်းဖြင့် အဝေးသို့ ထွက်လာလေသည်။

သူ့အနေဖြင့် မာကြောကြယ်ကျွန်းကို ပြ၍ မရတော့တာ သဘာဝပင်။ သူ နေဖို့ တခြားနေရာတစ်ခုခုကို ရှာရလိမ့်မည်။ သူသည် နန်းတော်ခြောက်ခုအဖွဲ့အစည်းနှင့် ဝမ်ချောင်ဆိုသူတို့ကြား မည်သည့်ပတ်သတ်မှု ရှိမှန်း မသိသော်လည်း ထိုသူများက သူ့ကို ကျိန်းသေပေါက် ရှာဖွေ သတ်ဖြတ် နှုတ်ပိတ်မှာတော့ သေချာသည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့်ဖြစ်သော သူသည် ကျန်နေသေးသော အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်ကို မယှဉ်နိုင်သည်ဖြစ်ရာ သူတို့၏ လွှမ်းမိုးမှုနှင့် အဝေးဆုံးသို့ သွားတာကသာ ပိုကောင်းပေလိမ့်မည်။

ကံမကောင်းသည်မှာ ဟန်လိသည် အစွယ်အပွားကျွန်းရှိ သူ၏ အင်မောတယ်လှိုဏ်ဂူ၌ ချထားခဲ့သော သူ့မန္တာန်အစီအရင် အစုံသုံးစုံကိုတော့ ဆုံးရှုံးရပေတော့မည်။ ထို့အပြင် သူသည် အကြီးအကဲကူနှင့် တိုက်ခိုက်ခဲ့ရစဉ်ကလည်း သူ့ မှော်ရတနာများကို ဆုံးရှုံးခဲ့ရသေးသည်။ ဟန်လိအဖို့ အတော်လေး ကြီးကြီးမားမားဆုံးရှုံးမှုကို ခံစားခဲ့ရပေသည်။

ဟန်လိသည် တတ်နိုင်သမျှ အမြန် ခရီးနှင်လာနေရင်း ခါးသီးစွာ ပြုံး၍ သူ့ကိုယ်သူ ရယ်မိလေသည်။

သို့သော် တခြားအခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများ၏ ဆိုးဝါးလှသော ကံကြမ္မာနှင့် ယှဉ်ပါက သူ့အနေဖြင့် အပုံကြီးသာပေသည်။ သူက သူ့အသက်ကိုယ်သူ ထိန်းသိမ်းနိုင်ခဲ့ပေသည်။

ဟန်လိက သူ့ကိုယ်သူ နှစ်သိမ့်နေရင်း သူ့စိတ်ထဲ ရုတ်တရက် လှုပ်ရှားသွား၏။ သူက အကြီးအကဲကူ၏ သိုလှောင်အိတ်ကို ထုတ်ယူကြည့်သည်။ ပင်လယ်အောက်တွင် ရှိခဲ့သော အချိန်မှာတုန်းက ဟန်လိသည် သည်သိုလှောင်အိတ်ကို မစူးစမ်းကြည့်ခဲ့ရပေ။ အခုမှ ကြည့်ရပေတော့မည်။ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်သည် မဆင်းရဲမှာတော့ သေချာပါ၏။ ကံကောင်းလျှင် သူသည် သူ ဆုံးရှုံးခဲ့တာများထက် ပိုကာမိသော အကျိုးအမြတ်များကိုပါ ရသွားနိုင်သေးသည်။

သူ့စိတ်ဝိညာဉ်အာရုံကို ထိုသိုလှောင်အိတ်ထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်နေစရင်း ဟန်လိသည် အလယ်အလတ်အဆင့် ကျောက်တုံးရှစ်ဆယ်ကို မြင်ရသည့်အခါ သူက ပျော်ရွှင်သွားသည်။ ထိုအကြီးအကဲကူမှာ အမှန်တကယ် အတော်လေး ချမ်းသာပေသည်။ သူသည် ထိုမျှများပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများကို သူနှင့်အတူ တကယ်ကြီး သယ်ဆောင်လာခဲ့သည်။

ထိုအကြီးအကဲကူသည် သူကဲ့သို့ပင် ပိုင်ဆိုင်မှုများကို ကိုယ်နှင့်မကွာ ယူဆောင်တတ်သူများ ဖြစ်နေနိုင်လား။ ထိုသို့သာဆိုလျှင် ဤပမာဏသည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်၏ ပုံမှန်ပိုင်ဆိုင်မှုသာ။ စိတ်ထဲ ထိုသို့ တွေးမိပြီး ဟန်လိက သူ့စိတ်အာရုံကို ကျောက်တုံးများကနေ သွေဖယ်၍ သိုလှောင်အိတ်ထဲရှိ တခြားအရာများထံ ကျရောက်စေသည်။

တစ်လက်မမျှ အမြင့်ရှိသော အဝါရောင်ကျောက်စိမ်းပုလင်းတစ်ခု၊ အဝါရောင်နှင့် အပြာရောင်တောက်ပနေသော အဆောင်နှစ်ခု၊ စာအုပ်တစ်အုပ်၊ အပြာရောင်အလင်းဖြာထွက်နေသော စက်လုံးတစ်လုံး။ ကျန်သည့်အရာများကတော့ အနည်းအပါးသာ တန်ဖိုး ရှိကြသည်။ စာအုပ်ကတော့ ထူးခြားမနေပေ။ မြေကမ္ဘာမီးပညာရပ် ဖြစ်၏။ ၎င်းမှာ အဆင့်မြင့်ပညာရပ်တစ်ခု ဖြစ်ကာ ရှားပါးသော်လည်း ဟန်လိ ကျင့်ကြံနိုင်မည့်အရာ မဟုတ်တာ သေချာသည်။

ဟန်လိကို ပို၍ ပျော်ရွှင်သွားစေသည်က ရတနာအဆောင်နှစ်ခုဟု ယူဆ၍ရသော အဆောင်နှစ်ခုပင်။ ၎င်းတို့၏ အမည်ကိုတော့ ဟန်လိ မသိပေ။ တစ်ခု၏ အပေါ်တွင် ရွှေရောင်ဓားငယ်တစ်ခုကို ရေးဆွဲထားပြီး ကျန်တစ်ခုတွင်တော့ အပြာရောင်ရေနဂါးတစ်ကောင် ဖြစ်၏။

ထို့နောက်တွင်တော့ ဟန်လိသည် စက်ဝန်းကို ထုတ်ကာ ကြည့်သည်။ တဖြည်းဖြည်းဖြင့် ၎င်းမှာ အလွန်အဖိုးတန်လှသော အဆင့်ငါးနတ်ဆိုးသားရဲတစ်ကောင်၏ အမြုတေဖြစ်မှန်း သေချာလာသည်။ ကျန်သည့်တစ်ခုမှာ ပုလင်းတစ်ခု။ ဟန်လိက ၎င်းပုလင်းကို ဖွင့်ကြည့်သည့်အခါ လက်မအရွယ်ခန့်ရှိသော အဝါရောင်ဆေးလုံးငါးလုံးကို တွေ့ရသည်။ ထိုဆေးလုံးများက ပုံစံတူများ ဖြစ်ကြ၏။ ဆေးနံ့လည်း သင်းသင်းကြိုင်နေသည်။

“မြေမှုန်ဆေးလုံးတွေ…” ဟန်လိသည် အံ့အားသင့်ထိတ်လန့်မှုဖြင့် လက်ထဲရှိ ထိုဆေးလုံးများကို စိုက်ကြည့်နေသည်။

သူသည် အရင်က ထိုဆေးလုံးများကို မမြင်ဖူးသော်လည်း ယင်းဆေးလုံးများသည် ဆေးလုံးတာအိုအဖွင့်ကျမ်းတွင် သူ တွေ့ခဲ့ဖူးသော ဖော်ပြချက်များနှင့် ကွက်တိပင်။ မြေမှုန်ဆေးလုံးများကလွဲ၍ တခြား ဘာဖြစ်နိုင်ဦးမည်နည်း။

.

All Chapters