လေးနှစ်အကြာမှာ အမြုတေဖွဲ့စည်းခြင်း
Vol. 28 Ch. 386
ဟန်လိသည် စိတ်ဝိညာဉ်ဆေးဝါးများကို သောက်ပြီးနောက်မှာ ရက်အတော်အတန်ကြာသည့်အထိ လျှို့ဝှက်အခန်းထဲမှာ တရားထိုင်နေသည်။ သူ၏ အထွတ်အထိပ်အခြေအနေသို့ ရောက်လာပြီးနောက်မှာတော့ သူက ကောင်းကင်မီးရည်ပါသော ပုလင်းငယ်တစ်ခုကို ထုတ်ယူသည်။
သူက ခေါင်းမော့ကာ အရည်စက်တချို့ကို ပါးစပ်ထည့်သို့ ထည့်သည်။ ယင်းနောက် ပုလင်းကို အလျင်အမြန် ပိတ်သည်။ ထို့နောက်တွင်တော့ သူက မျက်လုံးမှိတ်ကာ ဆေးအာနိသင် တက်လာမည်ကို စောင့်၏။ တအောင့်အကြာတွင် ဟန်လိသည် သူ့သွေးကြောများက စပူလာတာကို ခံစားမိသည်။ သူ၏ အစစ်အမှန်မူလမှာ ရေနွေးဆူဆူကဲ့သို့ ဖြစ်လာပြီး သူ့သွေးကြောများတလျှောက် အလျင်အမြန် စတင် စီးဆင်းသည်။
ဟန်လိသည် စစချင်းတော့ မင်သက်ကြောင်ရီသွားသေးသည်။ သို့သော် သူက အမျိုးအမည် မသိရသော ဆေးလုံးတစ်လုံးကို ခပ်မြန်မြန် ထုတ်ကာ မြိုချသည်။ ထို့နောက် သူက အဆင့်ချိုးဖျက်နိုင်ဖို့ငှာ မိုးပြာအနှစ်သာရဓားပညာရပ်ကို စတင်ကျင့်ကြံသည်။
ဟန်လိသည် ခုနစ်ဆင့်ထိ ချိုးဖျက်နိုင်မည့် နေ့တွင် သူ့အဖို့ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိပေမည်။
သည့်မတိုင်ခင် သူ့နှင့် အနီးလှိုဏ်ဂူတွင် ရှိနေသော ဝိညာဉ်သေကိုလည်း ကောင်းကင်မီးရည်နှင့် တခြားဆေးဝါးများကို သောက်သုံးဖို့ သူ့စိတ်ဝိညာဉ်အာရုံဖြင့် ညွှန်ကြားထားပြီး ဖြစ်သည်။
ဝိညာဉ်သေ ကျင့်ကြံသော နတ်သွေးအလင်းသည် မိစ္ဆာတာအိုကျင့်ကြံခြင်းပညာရပ်ကို အလျင်အမြန် အောင်မြင်မှု ရစေသော ပညာရပ်ဟု ယူဆနိုင်သည်။ ပုံမှန်ဆို ၎င်းသည် အမြုတေဖွဲ့စည်းခြင်းသို့ ရောက်ဖို့ မဖြစ်နိုင်ပေ။ သို့သော် ဒြပ်စင်ငါးခုသွေးအမြုတေများကြောင့် သူ၏ အမြုတေဖွဲ့စည်းနိုင်ဖို့ အခွင့်အရေးသည် ဟန်လိနှင့် အတူတူပင်။
ဝိညာဉ်သေသည် အမြုတေဖွဲ့စည်းသည့် ကျင့်ကြံခြင်းပညာရပ်တစ်ခုကို အသုံးမပြုချေ။ ထိုအစား သူက ဒြပ်စင်ငါးခုသွေးအမြုတေများကို မြိုချကာ မိစ္ဆာအမြုတေဖွဲ့စည်းနိုင်ရန် အမြုတေများ၏ စွမ်းအားကို သန့်စင်သည်။
နှိုင်းယှဉ်ရပါက သူ၏ အမြုတေဖွဲ့စည်းခြင်း ဖြစ်စဉ်သည် ဟန်လိထက် များစွာ ပိုရိုးရှင်းသည်။ ဟန်လိသည် ဝိညာဉ်သေကို အမိန့်များ ထပ်ပေးနေဖို့ အာရုံစိုက်နေရန် မလိုတော့ပေ။
ဟန်လိ၏ အမြုတေဖွဲ့စည်းနိုင်ချေမှာ မသေချာလှသော်လည်း သူက အသည်းအသန် ကြိုးစားရမည်သာ။ သူ ကျရှုံးခဲ့လျှင်ပင် နောက်တစ်ကြိမ်အတွက် အတွေ့အကြုံများစွာ ရပေလိမ့်မည်။
ထိုအတွေးဖြင့် ဟန်လိသည် ပြင်ပလောကကနေ သူ့စိတ်ဝိညာဉ်အာရုံကို တဖြည်းဖြည်း ခွဲထုတ်ကာ ခါးသီးပြင်းထန်သော ကျင့်ကြံခြင်း၌သာ အာရုံနစ်မြုပ်ထားလေတော့သည်။
ထိုအခိုက်တွင် ဟန်လိသည် ပြင်ပလောကနှင့် လုံးဝ အဆက်အသွက် ပြတ်တောက်သွားလေတော့သည်။ တနေ့ပြီးတစ်နေ့ အချိန်ကုန်လာခဲ့သည်။ နွေရာသီများ ကုန်လွန်၍ ဆောင်းရာသီတို့ ရောက်ခဲ့သည်။
လေးနှစ်တာ ကြာမြင့်လာပြီးနောက်မှာ သည်ပင်လယ်လူဝံကျွန်းတွင် အတော်လေး သက်ဝင်လှုပ်ရှားနေပေသည်။ ခုလက်ရှိ ကျွန်း၏ မြို့များနှင့် ဆိပ်ကမ်းများတွင် စိတ်လှုပ်ရှားဖွယ် အငွေ့အသက်တစ်ခု ရှိနေသည်။ သည်နေ့၏ နေ့လယ်ခင်းချိန်။ ကျွန်း၏ လူသူကင်းမဲ့သော တောင်တစ်ခုတွင် တ့ခါးပိတ်ကျင့်ကြံရာကနေ ထွက်လာသော ကျင့်ကြံသူတစ်ယောက်သည် သူ တွေ့မြင်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
သူက အပြာရင့်ရောင်ကောင်းကင်ထက်တွင် တိမ်စိုင်များ ကင်းစင်နေရာကနေ ရုတ်တရက် တိမ်များ၊လေပြင်းများဖြင့် ပြည့်နှက်လာတာ မြင်ရသည်။
သိပ်သည်းထူထဲသော အနက်ရောင်တိမ်ထုတစ်ခုသည် မည့်သည့်နေရာကနေ ပေါ်လာမှန်း မသိရလေဘဲ သည်တောင်၏ သစ်ပင်များ မပေါက်ရောက်သော ကျက်တီးမြေ တချို့တဝက်ကို ခြုံလွှမ်းလာသည်။ ငွေရောင်လျှပ်စီးတန်းများ တဖြတ်ဖြတ်၊ မိုးကြိုးသံတို့က တဂျိန်းဂျိန်း။
တချိန်တည်းမှာ ထိုကျက်တီးမြေ၏ ဘက်ပေါင်းစုံမှ ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီတို့သည် ၎င်းကို စတင်လှည့်ပတ်ကာ သံရှည်မြည်ဟီးသံတစ်ခုကိုပါ ကြားရသည်။ တိမ်စိုင်တိမ်နက်ထုကြီး၏ အောက်ဘက်မှာ နှစ်ကီလိုမီတာလောက် ရှိမည့် ဝဲကတော့ကြီးတစ်ခု လှည့်ပတ်လာပြီး ဆယ်ကီလိုမီတာကျော်ရှိ စိတ်ဝိညာဉ်ချီတို့ကို စုပ်ယူသည်။ အနီးအနားရှိ လေလွင့်ကျင့်ကြံသူများမှာ ကြီးစွာ ထိတ်လန့်အံ့အား သင့်နေကြသည်။
သူတို့အားလုံးသည် ကျင့်ကြံနေသော နေရာများကနေ လှမ်းထွက်လာကာ ကျက်တီးမြေတောင်ထံ အလျင်အမြန် ပျံသန်းလာကြသည်။
ထိုကျင့်ကြံသူများသည် သတင်းအချက်အလက် ကောင်းကောင်းမွန်မွန် မသိကြသော်ငြားလည်း သူတို့ထဲမှ အများစုကတော့ ထိုအံ့ချီးထိတ်လန့်ဖွယ် မြင်ကွင်းသည် စီနီယာတစ်ယောက်က အမြုတေဖွဲ့စည်းရာတွင် အောင်မြင်သောကြောင့် ဖြစ်ပေါ်လာမှန်းကိုတော့ သဘောပေါက်ကြသည်။
ပြန့်ကြဲကြယ်များ ပင်လယ်၌ နောက်ထပ် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် ပေါ်လာခဲ့လေပြီ။ သို့ပေမည့် တစုံတစ်ယောက်က ခုလောက်ထိ စိတ်ဝိညာဉ်ချီ ပါးလှပ်သော နေရာဒေသတွင် အမြုတေဖွဲ့စည်းဖို့ ကြိုးစားသည့်အပေါ်ကိုတော့ လေလွင့်ကျင့်ကြံသူများမှာ အံ့ဩ၍မဆုံး ဖြစ်နေတော့သည်။
သူတို့က လေးလည်းလေးစားမိ၊ ကြောက်လည်းကြောက်မိ ဖြစ်နေကြပြီး သည်ရလဒ်ကို မြင်ချင်နေသည်။ သူတို့၌ ထိုစီနီယာနှင့် ဆက်ဆံရေး တချို့ တည်ဆောက်ကာ သူ၏ တပည့်ဖြစ်လာဖို့ထိပင် မျှော်လင့်နေကြလေပြီ။
သူတို့ ရောက်လာမည်ကို စောင့်မနေလေဘဲ အကွာအဝေးတစ်ခုတွင် ရှိနေသော ထိုဝဲကတော့မှာ လုံလောက်သော စိတ်ဝိညာဉ်ချီတို့ကို စုပ်ယူပြီး၍ ဖီးနစ်အော်မြည်သံတစ်သံနှင့်အတူ ၎င်းမှာ ပြိုလဲပျက်စီးလျက် ကြွင်းကျန်သော စိတ်ဝိညာဉ်ချီတို့သည် ပြန့်ကြဲသွားလေသည်။ ထို့နောက်တွင်တော့ ပြန့်ကြဲသွားသော စိတ်ဝိညာဉ်ချီတို့သည် သက်တံအလင်း တောက်ပကာ လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးလေ၏။
ယင်းနောက်တွင် တိမ်စိုင်များသည် ပြန့်ကြဲသွားပြီး လျှပ်စီးနှင့် မိုးကြိုးတို့လည်း ပျောက်ကွယ်သွားကြသည်။ အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်ကာ နေသာသောရာသီဥတုအခြေအနေသို့ ပြန်ရောက်သွားသည်။
ထိုအချိန်တွင် ကျက်တီးတောင်၏ အနီးအနားသို့ ပျံသန်းလာကြသော လေလွင့်ကျင့်ကြံသူများသည် ရုတ်တရက် အလွန်တရာ အေးစက်လှသော အသံတစ်သံကို ကြားရသည်။
“ဒီတောင်နားကို ခွင့်ပြုချက် မရှိဘဲ ချဉ်းကပ်လာတဲ့သူ မှန်သမျှ သေရမယ်…”
ထိုအသံတွင် စိတ်ခံစားမှု ကင်းမဲ့လေသည်။ အနီးအားတွင် ရှိနေသော အဆင့်နိမ့်ကျင့်ကြံသူများစွာသည် ဖြူရော်ကုန်သည်။ သူတို့အားလုံးက ရုတ်တရက် ရပ်၍ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်သွားသော ထိုစီနီယာသည် မည်သူကမျှ သူ့ကို မနှောက်ယှက်စေချင်တာ သိသာသည်။
တစ်ယောက်နှင့်တစ်ယောက် ခဏ ကြည့်မိကြပြီးနောက်မှာ သူတို့အားလုံးသည် နာခံစွာဖြင့် ရှေ့သို့ ဆက်မသွားတော့ဘဲ တိတ်တဆိတ် ပြန်ထွက်သွားကြသည်။
တအောင့်အကြာတွင်တော့ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်သွားသော ကျင့်ကြံသူအသစ်တစ်ယောက်၏ သတင်းသည် ပင်လယ်လူဝံကျွန်းတခွင် ပျံ့နှံ့သွားလေပြီ။
သူတို့သည် အဘယ်ကြောင့် ထိုကျင့်ကြံသူမှာ ပင်လယ်လူဝံကျွန်း၌ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောင်သလဲဟု အတော့်ကို စဉ်းစားမရ ဖြစ်နေကြသည်။ များမကြာမီတွင် အဆင့်နိမ့်ကျင့်ကြံသူ မြောက်များစွာမှာ ထိုကျက်တီးတောင်၏ ဗဟိုချက်နားမှာ အင်မောတယ်လှိုဏ်ဂူအသစ်များစွာကို စတင် တည်ဆောက်ကြတော့သည်။
အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူက သတိပေးထား၍ သူတို့သည် တောင်အနားသို့ မချဉ်းကပ်ဝံ့ကြသော်လည်း လေလွင့်ကျင့်ကြံသူအားလုံးမှာ ထိုပုဂ္ဂိုလ်နှင့် တွေ့ရလေမလားဟု မျှော်လင့်ချက်ဖြင့် ၎င်းတောင်၏ အနီးဝန်းကျင်မှာ ကျင့်ကြံဖို့ ရွေးချယ်ကြလေသည်။
အချိန်တစ်ခုကြာသည့်အထိ သည်ဝန်းကျင်ဒေသတွင် လူများ သောင်းသောင်းဖျအောင် များပြားနေတော့သည်။
သို့သော် သူတို့ မသိသည်မှာ ထိုကျက်တီးတောင်မှာ စွန့်ပစ်သွားခဲ့တာ ကြာပြီ ဖြစ်ပြီး ထိုအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူသည် ကီလိုမီတာတစ်ထောင်ခန့်ရှိ ကောင်းကင်ထက်၌ ပျံသန်းနေတာကိုပင်။ ထိုကျင့်ကြံသူသည် အမြုတေဖွဲ့စည်းခြင်း မအောင်မြင်ခဲ့သော ဟန်လိကိုပါ ခေါ်၍ ပျံသန်းနေတာ ဖြစ်၏။
ဟန်လိသည် ဝိညာဉ်သေကို ကြည့်ကာ သူ့မျက်နှာထက်၌ တည်ငြိမ်နေသည်။ စိတ်ထဲတွင်တော့ သူက အတော်လေး ကျေနပ်နေပေသည်။
အမှန်တော့ သူသည် စိတ်ဝိညာဉ်ဆေးဝါးများ သုံးစွဲပြီး သုံးနှစ်လောက် ကျင့်ကြံနေပြီးနောက်မှာ လွန်ခဲ့သော တစ်နှစ်တည်းက တံခါးပိတ်ကျင့်ကြံရာကနေ ပြန်ထွက်လာခဲ့တာ ဖြစ်သည်။ သူ့အဖို့ လက်လျှော့၍ မရ ဖြစ်ခဲ့ရပေသည်။ သူ့အတွက် အမြုတေဖွဲ့စည်းဖို့ ကြိုးစားမှုသည် ကျိန်းသေပေါက် ကျရှုံးရမည်သာ။ သူ၏ အစစ်အမှန်အနှစ်သာရမှာ သိပ်သည်းဖွဲ့စည်းမည့် အရိပ်အယောင်ဟူ၍ နည်းနည်းလေးမျှ မရှိခဲ့လေပေ။ သို့ဖြစ်၍ သူသည် သူ၏ ကျင့်ကြံခြင်းကို ရပ်ကာ ဝိညာဉ်သေ အမြုတေဖွဲ့စည်းဖို့အတွက်သာ ကူညီပေးနိုင်ဖို့ကို အာရုံစိုက်ခဲ့လေသည်။
တခြားသော စိတ်ဝိညာဉ်ဆေးဝါးများ၏ အားကောင်းမောင်းသန်း အကူအညီနှင့်အတူ ဝိညာဉ်သေသည် လွန်ခဲ့သော ရက်အချို့က အောင်မြင်မှု ကြီးကြီးမားမား ရပ်ကာ မိစ္ဆာအမြုတေကို တဖြည်းဖြည်း ဖွဲ့စည်းနိုင်ခဲ့ပေသည်။
ထိုဖြစ်စဉ်မှာ ချောမွေ့လွန်းသဖြင့် ဟန်လိသည်ပင် အတော်လေး အံ့အားသင့်ခဲ့ရပေသည်။ ကျေနပ်သည်ထက် ပိုခဲ့ရသည်။
ဟန်လိသည် လေလွင့်ကျင့်ကြံသူများ တောင်အနားသို့ မလာရန် အော်ငေါက်ခဲ့ပြီးနောက်မှာတော့ သူသည် အင်မောတယ်လှိုဏ်ဂူကို ချက်ခြင်း စွန့်ပစ်ကာ ဝိညာဉ်သေကို ပင်လယ်မျောက်ဝံကျွန်း၏ အဝေးသို့ တိတ်တဆိတ် ခေါ်လာခဲ့ပေသည်။
ခုချိန်တွင် ဟန်လိသည် အစွယ်အပွားကျွန်းထံ ပြန်သွားချင်နေပြီ။ သူ၏ အင်မောတယ်လှိုဏ်ဂူမှာ ရှိလေဦးမလား သူ မြင်ချင်သည်။ သူ၏နောက်သို့ လိုက်လံသူများမှာ စိတ်ရှည်ဦးမည်ဆိုလျှင်ပင် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ကတော့ ၎င်းကျွန်းကို စောင့်နေရန် ကျန်ခဲ့လိမ့်မှာ မဟုတ်ဟု သူ ယုံကြည်သည်။
ထိုသို့ဖြစ်ခဲ့လျှင် သူက သူ၏ အစစ်အမှန်အင်မောတယ်လှိုဏ်ဂူမှ အံ့ချီးဖွယ်အင်းဆက်အားလုံးကို ပြန်သိမ်းယူပြီး အဝေးသို့ ထွက်သွားကာ ထိုအနောက်တောင်ပိုင်းပင်လယ်ကို လုံးဝ စွန့်တော့မည် ဖြစ်သည်။ ပြန့်ကြဲကြယ်ပင်လယ်များသည် အလွန်ကြီးမားကျယ်ပြန့်ပြီး ဝိညာဉ်သေမှာလည်း အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်၍ ဟန်လိအနေဖြင့် သင့်တော်သော နေရာဒေသတစ်ခုကို ကျိန်းသေပေါက် ရှာနိုင်စွမ်း ရှိမှာ သေချာသည်။
ထို့အပြင် ဝိညာဉ်သေသည် တောက်ပသောအစိမ်းရောင်ဓားကို အသုံးမပြုနိုင်သော်လည်း သူ၏ စိတ်ဝိညာဉ်ရင်းမြစ်ကြောင့် သူက အကြီးအကဲကူ၏ မှော်ရတနာ ဖြစ်သော ရှေးပတီဇလုံ ကိုတော့ အသုံးပြုနိုင်ရုံ ရှိပေသည်။
သူက ထိုရတနာကို လုံးဝ မသန့်စင်နိုင်ဘဲ ၎င်း၏ ခွန်အားကို အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိလျှင်ပင် တခြားသော အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ရာတွင်တော့ ၎င်းကို အသုံးပြုနိုင်စွမ်း ရှိနေဆဲသာ။
ထို့အပြင် သူ့၌ ရွှေရောင်ဓားငယ်ရတနာအဆောင်နှင့် ရွှေရောင်အရိုးခေါင်း ရတနာအဆောင်တို့ကို ဝိညာဉ်သေထံ ပေး၍ ရသေးသည်။ ဆေဘာဓားရတနာအဆောင်ငယ်ကိုတော့ သူ့အတွက် သိမ်းထားသည်။
ဝိညာဉ်သေ၏ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံခြင်းနှင့်ဆိုလျှင် သူသည် ရတနာအဆောင်ကို ပိုမြန်ဆန်သောနှုန်းဖြင့် အသက်သွင်းနိုင်ကာ ရန်သူများကို ချက်ခြင်း တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။
ထိုအတွေးဖြင့် ဟန်လိသည် သူ၏ နတ်လေလှေကို အမြန်ဆုံးနှုန်းဖြင့် အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းစေကာ မာကြောကြယ်ကျွန်းထံ ဦးတည် ပျံသန်းလာခဲ့လေ၏။
တလလောက်ကြာပြီးနောက်မှာ ဟန်လိနှင့် ဝိညာဉ်သေတို့သည် အစွယ်အပွားကျွန်းထံ တဖန် ပြန်ရောက်လာခဲ့လေပြီ။
အစွယ်အပွားကျွန်းကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် ရှာဖွေကြည့်ပြီး ခုလက်ရှိတွင် မည်သည့်ကျင့်ကြံသူမျှ မတွေ့သည့်အခါ သူနှင့် ဝိညာဉ်သေတို့သည် ကျွန်းထံ ဝင်လာခဲ့ကြပြီး ဆိပ်ကမ်းမှ တဆင့် သူ၏ အင်မောတယ်လှိုဏ်ဂူ ရှိနေသော တောင်တန်းများထံ ဦးတည်လာသည်။ ထိုတောင်တန်းများနှင့် အဝေးတွင် ရှိနေဆဲ ဖြစ်သော်လည်း ဟန်လိက သူ့စိတ်ဝိညာဉ်အာရုံဖြင့် တင်ကြို၍ ရှာဖွေစူးစမ်းကြည့်ပြီး ဖြစ်သည်။
သူက လုံးဝ မင်သက်သွား၏။ သူ၏ အစစ်အမှန် လှိုဏ်ဂူကော၊ အတုအယောင်လှိုဏ်ဂူကောသည် မထိမခိုက် ရှိနေဆဲ ဖြစ်ရုံသာမက သူ ချထားခဲ့သော အစီအရင်များသည်ပင် မူလအတိုင်းသာ ရှိနေခဲ့ပေသည်။ ဤသည်မှာ ဟန်လိ စိတ်ကူးထားသည်ထက် ကျော်လွန်နေတာတော့ အမှန်ပင်။
ထိုထူးခြားသော တွေ့ရှိမှုက ဟန်လိကို ပို၍ သတိထားသွားစေသည်။ သူ့ နတ်လေလှေကို အကွာအဝေးခပ်လှမ်းလှမ်းမှာ ရပ်စေသည်။ သူက အစီအရင်မန္တာန်ထဲ ဝင်မသွားချေ။ ထိုအစား သူသည် သုန်မှုန်စွာဖြင့် ဘေးပတ်ဝန်းကျင်ထံ ခပ်သွက်သွက် ကြည့်ရှု၏။
အဆုံးသပ်တွင် သူသည် တောင်များနှင့် ပတ်သတ်ပြီး တခုခု ထူးခြားတာကို မတွေ့မှ ခေါင်းငုံ့ပြီး တီးတိုးရေရွတ်သည်။ ရုတ်တရက် သူက နတ်လေလှေပေါ်ကနေ ခုန်ဆင်းကာ အောက်ဘက်ရှိ အစီအရင်ထံ အရှိန်အဟုန်ဖြင့် ပျံသန်းဝင်လာသည်။
ထိုအစီအရင်မန္တာန်များမှာ လွန်ခဲ့သော လေးနှစ်က အတိုင်း အတိအကျသာ။ တွေဝေနှိုင်းဆနေပြီးနောက်မှာတော့ ဟန်လိက သူ၏ အင်မောတယ်လှိုဏ်ဂူထဲ ဝင်လာခဲ့သည်။ သူက ပိုနိမ့်သောတောင်တွင် ရှိသည့် သူ၏ အတုအယောင်အင်မောတယ်လှိုဏ်ဂူနှင့် ပတ်သတ်၍ ဂရုမစိုက်။ ထိုအစား အစစ်အမှန်အင်မောတယ်လှိုဏ်ဂူထဲ ဝင်ရောက်ပြီး အံ့ချီးဖွယ်အင်းဆက်များရှိနေသော လျှို့ဝှက်ခန်းထံ တန်းသွားသည်။
ဟန်လိသည် ထိုလျှို့ဝှက်ခန်းရှေ့သို့ ရောက်လာသည့်အခါတွင် သူ့မေးရိုး ပြုတ်ကျသွားသည်နှယ် ကြောင်ရီသွား၏။ သူ တွေ့မြင်ရသည့် အရာကြောင့် သူသည် မင်သက်သွားလေသည်။
.