← Chapters

ရွှေဝါးမြိုခြင်းပိုးတောင်မာများ

Vol. 28 Ch. 387

ရွှေဝါးမြိုခြင်းပိုးတောင်မာများ

Vol. 28 Ch. 387

ဟန်လိသည် အရွယ်အစားမတူညီသော ကွယ်ဖုံးထားသည့် ကျောက်အခန်းများထဲတွင် အံ့ချီးဖွယ်အင်းဆက်များကို ထိန်းသိမ်းထားခဲ့ပေသည်။ ၎င်းအင်းဆက်များ လွတ်မြောက်သွားမည်ကို စိုးရိမ်၍ ဟန်လိသည် အခန်းတိုင်းတွင် အစီအရင်ငယ်တစ်ခုစီ ချခင်းထားခဲ့ပေသည်။ သို့ဖြစ်၍ ထိုအင်းဆက်များသည် အခန်းနံရံများကို ချိုးဖျက်နိုင်ကြတော့မည် မဟုတ်ပေ။

ဟန်လိ၏ အတွေးစိတ်ကူးအရ ထိုအင်းဆက်များသည် အဆင့်မြင့်သော်လည်း ငယ်ရွယ်ကြသော်လည်း ထိုအတားအဆီးများသည် ၎င်းတို့ကို ထိန်းသိမ်းထားနိုင်ဖို့ လုံလောက်ပေသည်။ သို့သော် ခုချိန်တွင် သူ၏ အတားအဆီးအစီအရင်များသည် မရှိလေတော့။ ကျောက်တံခါးများတွင် ခြောက်ထောင့်ပုံစံအကွက်များစွာ ပြည့်နှက်နေ၏။

ဟန်လိသည် ပင့်သက်ရှိုက်မိသွားသည်။ သူက ဝိညာဉ်သေကို ရှေ့သို့ ခြေလှမ်းစေကာ အနီးဆုံးကျောက်တံခါးကို ဖွင့်ခိုင်းသည်။ အခန်းထဲတွင် သက်ရှိဟူ၍ အလျင်းကင်းမဲ့ကာ လုံးဝ ဗလာနတ္ထိ ဖြစ်နေသည်။

ဟန်လိက သက်ပြင်းချမိ၏။ သူသည် ကြိုပြင်ဆင်ထားသော်လည်း စိတ်တော့ ပျက်သွားမိသည်သာ။ အခန်းထဲ ဝေ့ဝိုက်ကြည့်ရှုပြီးနောက်မှာ သူက နောက်လှည့်ပြီး ကျောက်တံခါးကို ကြည့်သည်။ ထို့နောက်တွင်တော့ သူက လှမ်းလျှောက်လာပြီး ကျိုးပျက်နေသော တံခါးရှေ့တွင် ဆောင့်ကြောင့်ထိုင်၏။

ထိုကျောက်တံခါးမှာ အလွန်ထူးခြားစွာ ထိခိုက်ထားတာပင်။ ၎င်းတလျှောက်၌ အရွယ်တူ အပေါက်ငယ်များ ပြည့်သပ်ကျပ်နေသည်။ သို့သော် ဟန်လိသည် ထိုအပေါက်များသည် မည်သည့်အတွက်ကြောင့် အကြမ်းဆန်နေသလဲကို နားမလည်နိုင်တာ ဖြစ်၏။ ၎င်းတို့မှာ မှော်ပစ္စည်းများဖြင့် ပိုင်းဖြတ်ထားသကဲ့သို့ ညီညာနေခြင်း မရှိပါ။

ဟန်လိသည် မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြန်ထရပ်၏။

သူက မျက်လုံး ဖြည်းဖြည်းချင်း မှိတ်၍ သူ့စိတ်ဝိညာဉ်အာရုံကို ကျန်အခန်းများထံသို့ ဖြန့်ကျက်ကြည့်သည်။ တခြားအခန်းများတွင်လည်း ထိုနည်းတူသာ ဖြစ်နေမှန်း တွေ့ရသည့်အခါ ဟန်လိ၏ စိတ်ထဲ အတော်လေး နာကျင်မိသွားသည်။

သို့ပေမည့် သူ၏ မျက်နှာဟန်အမူအရာမှာ ရုတ်တရက် လှုပ်ရှားသွားသည်။ သူက မျက်လုံးပြန်ဖွင့်လာ၏။ အေးစက်စက်အကြည့်ကို ထုတ်ဖော်ကာ ဖုံးကွယ်ထားသော မတူညီသည့် အခန်းတစ်ခုထံ လျှောက်လှမ်းသွားသည်။

ထိုအခန်း၌လည်း ဗလာနတ္တိသာ။ သို့သော် ဟန်လိက ချက်ခြင်း ဝင်လာပြီး ကျောက်သား ကြမ်းပြင်ပေါ်မှ တစုံတစ်ခုကို ကောက်ယူ၍ သူ့လက်ဝါးပေါ်မှာ တင်ကြည့်သည်။ ထို့နောက်တွင် သူက ၎င်းကို မျက်စိနားသို့ ကပ်ကြည့်သည်။ ၎င်းမှာ ပဲစေ့အရွယ်လောက်ရှိသည့် ငွေရောင်တလက်လက် တောက်ပနေသော အင်းဆက်ကြေးခွံတစ်ခု ဖြစ်နေသည်။ ထိုကြေးခွံမှာ တော်တော်လေး လှသည်။ ငွေဖြင့် ဖန်တီးထားသည့်နှယ်။ ယင်းနောက် ဟန်လိသည် ထိုကြေးခွံမှာ အလွန်တရာ ချောမွတ်ပြီး မာကြောလွန်းတာကို တွေ့ရှိရသည်။

ခေါင်းငုံ့ကာ စဉ်းစားနေပြီးနောက်မှာ ထိုကြေးခွံသည် သူ မွေးမြူခဲ့သော အင်းဆက်၏ ကြေးခွံမဟုတ်မှန်း သေချာသွားသည်။ ဟန်လိ၏ မျက်နှာမှာ လေးနက်သွားပြီး သူ့မျက်လုံးက မှေးစင်းသွားသည်။

အခန်းအလယ်တွင် ဟန်လိသည် သူ့အင်မောတယ်လှိုဏ်ဂူ၏ နေရာတိုင်းကို သူ့နတ်ဘုရားအာရုံဖြင့် တစ်လက်မမကျန် စတင်ရှာဖွေသည်။ ဟန်လိသည် သူက တခုခုကို ရှာတွေ့နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေ၏။

ထိုအချိန်တွင် ဟန်လိသည် သူ့ဆေးဥယျာဉ်၌ အံ့အားသင့်ဖွယ်ကောင်တာတစ်ခုကို တွေ့ရှိသည်။ ပန်းပင်တစ်ပင်၏ ရိုးတံထူထူပေါ်၌ ငွေရောင်စက်ဝန်းတစ်ခုသည် တွဲခေါ်နေသည်။ ၎င်းမှာ သူ့အင်မောတယ်လှိုဏ်ဂူသို့ မကြာသေးခင်မှ ရောက်လာသည့်အရာ ဖြစ်တာ သံသယ ရှိစရာ မလိုချေ။

ဟန်လိသည် ဝိညာဉ်သေကို ခေါ်ကာ ထိုဆေးဥယျာဉ်ထံ လျှောက်သွားသည်။ ငွေရောင်စက်ဝန်းမှာ ကြီးမားခြင်း မရှိ။ ကလေးငယ်တစ်ယောက်၏ ဦးခေါင်းအရွယ်လောက်သာ။ သို့သော် ၎င်း၏ တောက်ပလှသော ငွေရောင်ကတော့ မျက်စိဖမ်းစားနိုင်လွန်းသည်။

ဟန်လိသည် ဆေးဥယျာဉ်ဝင်ပေါက်မှာ ရပ်၍ တိတ်တဆိတ်ဖြင့် ၎င်းငွေရောင်စက်ဝန်းကို အာရုံစိုက်ကာ စိုက်ကြည့်နေသည်။ သူသည် ၎င်းငွေရောင်စက်ဝန်းနှင့် ပတ်သတ်ပြီး အရင်ကြ သိခဲ့ဖူးသကဲ့သို့ ခံစားမိသည်။ သို့သော်ငြားလည်း အခုအခိုက်တန့်တွင် သူသည် ၎င်းနှင့် ပတ်သတ်၍ ဘာကိုမျှ ပြန်မစဉ်းမိဘဲ ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ ထိုစက်ဝန်းသည် သူ အစောပိုင်းတုန်းက ရှာတွေ့ခဲ့သော ငွေရောင်အင်းဆက်ကြေးခွံနှင့်တော့ ဆက်စပ်မှု ရှိရပေမည်။

အင်းဆက်ကြေးခွံ။ ဟန်လိ၏စိတ်ထဲ တစုံတခုကို ရုတ်တရက် တွေးမိသွားသည်။

ဟန်လိသည် သူ့သိုလှောင်အိတ်ကို ခပ်သွက်သွက် ထိပုတ်သည်။ ကျောက်စိမ်းပြားတစ်ခုက သူ့လက်ထဲ၌ ပေါ်လာသည်။ ၎င်းမှာ အရင်တုန်းက ဝိညာဉ်သေ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့သော ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူ၏ အင်းဆက်များနှင့် ပတ်သတ်သော အတွေ့အကြုံများကို ဖော်ပြထားသော ကျောက်စိမ်းပြားပင်။

သူ့စိတ်ဝိညာဉ်အာရုံကို ၎င်းအတွင်းသို့ ထည့်သွင်းပြီးနောက် ဟန်လိသည် အဆင့်ဆယ့်နှစ်အင်းဆက် ဖော်ပြချက်တစ်ခုကို ရှာတွေ့သည်။

“ရွှေဝါးမြိုခြင်းပိုးတောင်မာများ။ အံ့ချီးဖွယ်အင်းဆက်တွေကြားမှာ အဆင့်ဆယ့်နှစ်။ အုပ်စုလိုက် ကြမ်းတမ်းစွာ ခရီးသွားလာနိုင်။ တခြားအင်းဆက်တွေကို စားသောက်ရတာ နှစ်သက်။ သတ္တုငါးမျိုးနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ချီအပေါ်မှာ ကျွမ်းကျင်မှုရှိ။ အပူနဲ့အမေးကိုလည်း မမှု။ ရက်စက်ကြမ်းကြုတ်ပြီး စက်ဝန်းအဖြစ် ပြောင်းနေလေ့ရှိ။ စိတ်ဝိညာဉ်သစ်ပင်တွေပေါ်မှာ ခိုကပ်ပြီးနေထိုင်။ ကျောက်စိမ်းနဲ့ သစ်သားကို ဒီအင်းဆက်ကောင်ကို ဖမ်းဖို့အတွက် အသုံးပြုနိုင်။ ပင့်ကူအမျိုးအစား အင်းဆက်ကောင်တွေက ဒီကောင်တွေကို ထိန်းချုပ်နိုင်စွမ်းရှိ…”

ကျောက်စိမ်းပြားရှိ ၎င်းစာပိုဒ်ကို ဖတ်ရှုပြီးသည့်နောက်မှာ ဟန်လိသည် ကျေနပ်အံ့အားသင့်သွားပြီး ထိုငွေရောင်စက်ဝန်းထံ နောက်ထပ်လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သွားသည်။ ထိုအင်းဆက်များကို မည်သို့ပြုစုပျိုးထောင်ရမည်နည်းဟု အသေးစိတ် မဖော်ပြထားသော်လည်း သူ့အနေဖြင့်ဆို ထိုအင်းဆက်ကောင်အတွက် ရွှေနောက်ကျောဓားခုတ်ကောင်သားရဲထက် အဆင့်နိမ့်သော အင်းဆက်အားလုံးနှင့် လဲလှယ်ရမည်ဆိုလျှင်ပင် လဲလှယ်ချင်လိမ့်မည်သာ။

ကျောက်စိမ်းပြားတွင် ဖော်ပြထားချက်အရဆို ရွှေဝါးမြိုခြင်းပိုးတောင်မာသည် ကျောက်စိမ်းနှင့်သစ်သားကလွဲ၍ မည်သည့်အရာကိုမဆို စားပစ်နိုင်သည် ဟူ၍ပင်။ ၎င်းတို့ကို လိုက်လံဖမ်းစီးဖို့မှာလည်း အတော်လေး ခက်လှသည်။ သို့သော် ကံကောင်းတာကတော့ ဟန်လိတွင် သွေးကျောက်စိမ်းပင့်ကူနှစ်ကောင် ပိုင်ဆိုင်ထားခြင်းပင်။ ထိုပင့်ကူတို့မှာ ရွှေဝါးမြိုခြင်းပိုးတောင်မာများထက် အတော်လေး အဆင့်နိမ့်လှသော်လည်း ၎င်းကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။ ကျောက်စိမ်းပြားထဲ၌ ဖော်ပြထားသည့်အတိုင်းဆို ငွေရောင်ရှိသော ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် အဆင့်တစ်အထက်တွင် ရှိသည့် ပင့်ကူအမျိုးအစား သားရဲများအတွက် အထူးတန်ဖိုးရှိလှသည် ဟူ၍ပင်။ ဥပမာ ဟန်လိ၏ ပင့်ကူနှစ်ကောင်ကဲ့သို့ပင်။

သို့ရာတွင် ဟန်လိသည် ဦးဆုံးအနေဖြင့် ၎င်းအင်းဆက်မှာ ကျောက်စိမ်းပြားတွင် ဖော်ပြထားသည့်အတိုင်း ကြမ်းလှသလားကို စမ်းသပ်ကြည့်ချင်သေးသည်။

ဝိညာဉ်သေသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တိုးသွားကာ သူ့ရှေ့မှာ ရပ်သည်။ ဝိညာဉ်သေသည် သွေးနီရောင်အလင်းတစ်ခုကို ထုတ်လွှတ်ပြီး သူ့လက်နှစ်ဖက်ကို ဖြန့်ကားသည်။ ထိုအခါ အနီရောင်အလင်းတန်းတစ်ခုသည် ရုတ်တရက် ပျံသန်းထွက်သွားသည်။ သူသည် ထိုငွေရောင်စက်ဝန်းကို ဘာပြဿနာမှ မရှိဘဲ ဖမ်းမိနိုင်သည်။ ၎င်းက နည်းနည်းလေးမျှ တုန့်ပြန်မှု မပြပေ။

ဟန်လိက နှာခေါင်းပွတ်ကာ စိတ်ပျက်မိသွားသည်။ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူက ထိုအင်းဆက်၏ ကြမ်းတမ်းပုံကို အတော်လေး ဖော်ပြထားခဲ့၏။ သို့သော် ၎င်းက အခု ဘာကြောင့်များ နှေးကွေးလွန်းနေသလဲ။

ခဏ တွေဝေနေပြီးနောက်မှာ ဟန်လိသည် ဝိညာဉ်သေကို နောက်ထပ် နည်းလမ်းများဖြင့် စမ်းသပ်ကြည့်ခိုင်းသည်။

ဝိညာဉ်သေ၏ မျက်လုံးထဲတွင် အရောင်တစ်ခု လင်းလက်သွားပြီး သူက လက်ဝေ့ယမ်းသည်။ ထိုအခါ အစိမ်းရောင်မှော်ပညာရပ်တစ်ခုက သွေးအလင်းတစ်ခုကို ထုတ်လွှတ်၍ ငွေရောင်စက်ဝန်းကို ခြုံလွှမ်းသွားသည်။ ရုတ်တရက် ထိုသွေးအလင်းသည် ပန်းရောင်အဖြစ်သို့ ပြောင်းလဲပြီး မိစ္ဆာမီးအဖြစ် အလျင်အမြန် လောင်ကျွမ်းသည်။

မိစ္ဆာမီးက ငွေရောင်စက်ဝန်းကို အပူဖြင့် တိုက်လေပြီ။ တဖြည်းဖြည်းဖြင့် ငွေရောင်စက်ဝန်းသည် ငွေရောင်အလင်းစက်များအဖြစ်သို့ စတင် ပြိုကွဲလာလေသည်။

ဟန်လိက ၎င်းဖြစ်အင်ကို သေချာ ကြည့်နေသည်။ ငွေရောင်အလင်းစက်များသည် ပဲစေ့ခန့် အရွယ်ရှိသော ပျံသန်းနိုင်သည့် အင်းဆက်များ ဖြစ်နေချေသည်။ ၎င်းတို့၏ ထက်ရှလှသော သွားများကို ပကတိမျက်စိဖြင့် မြင်နိုင်သည့်အပြင် ၎င်းတို့၏ ပုံပန်းသွင်ပြင်သည် သာမန်ပိုးတောင်မာနှင့် အလွန်တူသည်။ နည်းနည်းလေးမျှ ထူးခြားနေတာ မရှိလေပေ။

ဟန်လိသည် စိတ်ရှုပ်သွား၏။ ၎င်းမှာ ရွှေဝါးမြိုခြင်းပိုးတောင်မာ မဟုတ်လေဘူးလား။ သူများ မှားသွားသလား။

သို့သော် ခဏ ထပ်စောင့်ကြည့်ပြီးနောက်မှာတော့ ဟန်လိသည် မင်သက်သွားသည်။

ဝိညာဉ်သေ၏ မိစ္ဆာမီးသည် ထိုပိုးတောင်မာများကို တစက်လေးမျှ မလောင်ကျွမ်းပစ်နိုင်ပေ။ ထိုမျှသာမကသေး။ ၎င်းတို့က ထိုမိစ္ဆာမီးကို အလွန်မြန်ဆန်သောနှုန်းဖြင့် ဝါးမြိုစားသောက်ပစ်နေသေးသည်။ မျက်စိတမှိတ်အတွင်း ခရမ်းရောင်မီးတောက်တစ်ဝက်သည် ပျောက်ကွယ်သွားလေပြီ။ အံ့အားတသင့် ဖြစ်နေရာကနေ ပြန်သတိဝင်လာသည့်နောက်မှာတော့ ဟန်လိသည် အတော်လေး ကျေနပ်ပျော်ရွှင်သွား၏။

သူက ချက်ခြင်းပင် သူ့ခါးမှ သားရေအိတ်ကို ဖွင့်ကာ သူ၏ သွေးကျောက်စိမ်းပင့်ကူနှစ်ကောင်ကို ထုတ်လွှတ်သည်။ သူက ယင်းပင့်ကူတို့ကို ပိုးတောင်မာများကို အသက်ရှင်လျက် ဖမ်းဆီးရန် ချက်ခြင်း အမိန့်ပေးသည်။

ပိုးတောင်မာများသည် မိစ္ဆာမီး၏ နောက်ဆုံးမီးတောက်ကို ဝါးမြိုစားသောက်ပြီးချိန်တွင် ဟန်လိ၏ ပင့်ကူနှစ်ကောင် ပါးစပ်ထဲမှ အဖြူရောင်တော်ကတောက် အရည်များကို ထွေးထုတ်သည်။ ၎င်းအရည်များသည် သုံးမီတာလောက် အကျယ်ရှိသည့် ပိုက်ကွန်များအဖြစ်သို့ ပြောင်းလဲသွား၏။

ရွှေရောင်ပိုးတောင်မာများက အန္တရာယ်ကို ထောက်လှမ်းမိကာ ငွေရောင်မြားအဖြစ်သို့ ချက်ခြင်း ပြောင်းလဲပြီး ပင့်ကူအိမ်ကို အကြမ်းပတမ်း တိုက်ခိုက်ရန် ကြိုးစားသည်။

ပင့်ကူနှစ်ကောင်၏ ပင့်ကူအိမ်များမှာ ငွေရောင်မြားများဩ တိုက်ခိုက်မှုကို ခိုင်မာစွာ တောင့်ခံနိုင်ပြီး ထိုပင့်ကူအိမ်သည် အလုံးတစ်ခုအဖြစ်သို့ ပြောင်းကာ ရွှေဝါးမြိုခြင်းပိုးတောင်မာများအား ဗျာများသွားစေသည်။ ၎င်းပိုးတောင်မာများက ၎င်းတို့၏ သွားများဖြင့် ပင့်ကူအိမ်များကို စတင်၍ ဆုတ်ဖြဲနေပြီး ပင့်ကူအိမ်ကနေ ချိုးဖျက်ကာ လွတ်မြောက်နိုင်ရန် ကြိုးစားသည်။

ပင့်ကူနှစ်ကောင်ကတော့ ထိုကဲ့သို့သော အခွင့်အရေး သူတို့ကို မပေးချေ။ ပါးစပ်အပြည့် အဖြူရောင်အရည်များကို ဆက်တိုက် ထွေးထုတ်ကြသည်။ မျက်စိတမှိတ်အတွင်း ထိုပိုးတောင်မာများသည် ကြီးမားသော ပင့်ကူအိမ်လုံးကြီးအတွင်း ပိတ်မိသွားချေသည်။

ဟန်လိသည် ထိုပင့်ကူအိမ်မှာ အနှီရွှေပိုးတောင်မာများကို အချိန်ကြာကြာ ပိတ်လှောင်ထားနိုင်စွမ်း မရှိတာ သိသည်။ ထို့ကြောင့် သူက ခပ်မြန်မြန် ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်၍ ပင့်ကူအိမ်လုံးပေါ် ၎င်းထဲသို့ အလျင်အမြန် ထည့်သည်။ ယင်းနောက်တွင် သူက ထိုသေတ္တာကို ပိတ်ပြီး သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။

ပုံမှန်အားဖြင့် နတ်ဆိုးသားရဲများသည် အထူးပြုထားသော စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ထဲ၌သာ ထည့်သိမ်း၍ ရသည်။ မဟုတ်ပါက လေကင်းမဲ့ကာ အသက်ရှုကြပ်သွားနိုင်သည်။

သို့သော် အဆင့်မြင့်အံ့ချီးဖွယ်အင်းဆက်များကမူ အသက်ဓာတ်ပြင်းလှသဖြင့် သိုလှောင်အိတ်ထဲတွင် လေမရှိလျှင်ပင် ရှင်သန်နိုင်ကြသည်။ သို့မဟုတ်ပါက ဝိညာဉ်ထိန်းချုပ်ဂိုဏ်းမှ ကျင့်ကြံသူသည် သူ့သိုလှောင်အိတ်ထဲ၌ အင်းဆက်များစွာကို ထည့်သိမ်းထားခဲ့လိမ့်မည် မဟုတ်ချေ။

သူက ထိုသားရဲများကို တိုက်ခိုက်ဖို့အတွက် အမှန်တကယ် အသုံးပြုချင်လျှင်တော့ စိတ်ဝိညာဉ်သားရဲများအတွက် အထူးပြုထားသော သိုလှောင်အိတ်ကသာ အကောင်းဆုံး ဖြစ်တာကတော့ သဘာဝသာ။ ယင်းသို့သော သိုလှောင်အိတ်နှင့်ဆို သူက ၎င်းတို့ကို အလယ်တကူ ဆင့်ခေါ်နိုင်ရုံသာမက ၎င်းတို့အား ပျိုးထောင်လေ့ကျင့်ဖို့လည်း ပို၍ အဆင်ပြေစေမည်။

ပို၍ အရေးကြီးသည်မှာ ထိုအထူးပြုထားသော သိုလှောင်အိတ်သည် သားရဲများကို အရွယ်အစားပါ လျော့ကျစေနိုင်သည်။ သို့ဖြစ်၍ အံ့ချီးဖွယ်အင်းဆက်သားရဲ ဖြစ်နေခဲ့လျှင်ပင် ၎င်းတို့ကသာ အရွယ်အစား ကြီးလွန်းနေလျှင် စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ထဲတွင်သာ သိမ်းဆည်းရမည် ဖြစ်၏။

ထိုကျောက်စိမ်းသေတ္တာကို သိမ်းဆည်းပြီးနောက်မှာ ဟန်လိက သူ့အင်မောတယ်လှိုဏ်ဂူကို နောက်တစ်ကြိမ် စိတ်ဝိညာဉ်အာရုံဖြင့် ခြုံလွှမ်းကြည့်သည်။ သူက တခုခု ကျန်ခဲ့မှာကို စိုးရိမ်၍ ဖြစ်၏။ ဟန်လိမှာ တခြားထူးခြားတာ ဘာကိုမျှ ထပ်မတွေ့တော့ပါ။

သူ၏ လှိုဏ်ဂူအခန်းများတွင် ဖြစ်ပေါ်နေသော တွင်းပေါက်ငယ်များကတော့ ရွှေဝါးမြိုခြင်းပိုးတောင်မာများက သူ့အင်မောတယ်လှိုဏ်ဂူထဲ တူးဆွချိန်၌ ကျန်ခဲ့‌သော အမှတ်အသားများသာ ဖြစ်နိုင်သည်။

ဟန်လိသည် သည်အင်မောတယ်လှိုဏ်ဂူမှာ ဆက်၍ ကြာကြာ မနေဝံ့လေရာ သူက ချက်ခြင်း ပြန်ထွက်ခွာလာပြီး သူ့ မှော်အစီအရင်သုံးခုကို ပြန်ရုတ်သိမ်းပြီးနောက်မှာတော့ လေထဲသို့ ပျံတက်လာခဲ့တော့သည်။

( မှတ်ချက်။ ။ သတ္တုငါးခု : ရွှေ၊ ငွေ၊ ကြေး၊ သံ နှင့် သံဖြူ)

.

All Chapters