ကောင်းကင်ကြယ်မြို့နှင့် ကြယ်နန်းတော်
Vol. 28 Ch. 389
ဟန်လိသည် သူပါဝင်မိခဲ့သည်မှာ မည်သို့သောပြဿနာမှန်း သိဖို့ နည်းလမ်း ရှိမနေပေ။ အခု သူသည် အနောက်တောင်ပိုင်းပင်လယ်တွင် ဆက်နေပါက ရာဇဝတ်သားအဖြစ် သတ်မှတ်ခံထားရပြီး ဖြစ်၍ သူ့အဖို့ ဂရုတစိုက်ဖြင့် အရှေ့မြောက်အရပ်ထံ ဆက်လက် ပျံသန်းလာခဲ့ပေသည်။ သို့ပေမည့် သူက မည်သို့နေရာသို့ သွားသည်ဖြစ်စေ ထိုဧရိယာဒေသ၏ မြေပုံတော့လိုမည်သာ။ သူ့တွင် အနောက်တောင်ပင်လယ်၏ မြေပုံတစ်ချပ်သာ ရှိနှင့်ထား၏။ သို့ဖြစ်၍ ဟန်လိသည် တစ်လလောက် ပျံသန်းလာပြီးနောက်မှာ အဆင်ပြေရာကျွန်းတစ်ခုပေါ်မှာ ခရီးတထောက် ရပ်သည်။
ထိုကျွန်းက ကြီးမားလှခြင်း မရှိသော်လည်း စည်ကားသော ဈေးမြို့တစ်ခု ရှိနေသည်။ ၎င်း၏ တည်နေရာမှာ အနောက်တောင်ပင်လယ်နှင့် တခြားဒေသများကြား အစပ်တွင် တည်ရှိသောကြောင့်ပင်။
ဂရုတစိုက်ဖြင့် ဟန်လိသည် လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုကာ သူနှင့် ဝိညာဉ်သေတို့၏ အသွင်ဟန်ပန်များကို ဖုံးကွယ်ထားသည်။ ယင်းနောက် ဝတ်ရုံရှည်ကိုပါ ဝတ်လိုက်သေးသည်။
ထိုတနေ့လုံး ဟန်လိသည် ထိုကျွန်း၏ ဈေးမြို့မှ သတ္တုအမယ်များစွာကို ပြန်ဖြည့်တင်းပြီး ပြန့်ကြဲကြယ်ပင်လယ်များနှင့် ပတ်သတ်သည့် ရှေးဟောင်းမှတ်တမ်းများစွာကို ဝယ်ယူခဲ့ပေသည်။ သက်ဆိုင်ရာကျွန်းဒေသများ၏ မြေပုံများလည်း ပါသည်။ သူသည် အတော်လေး ကုန်ကျသွားခဲ့၏။
ကျွန်းပေါ်တွင် ဆိုင်များစွာ ရှိသဖြင့် ဟန်လိကဲ့သို့ သုံးမည့်စွဲမည့်သူတစ်ယောက် ရောက်လာသည့်အပေါ် ဝမ်းမြောက်ကြမည်သာ။
သူ လိုချင်သော အရာအားလုံးကို ဝယ်ယူပြီးနောက်မှာ ဟန်လိက သည်ကျွန်းမှာ ဆက်မနေဝံ့တော့ဘဲ ထိုနေ့မှာပင် ကျွန်းကနေ ထွက်လာခဲ့သည်။
သူ၏ နတ်လေလှေပေါ်တွင် ထိုင်နေလျက် ဟန်လိသည် ကျောက်စိမ်းပြားတစ်ခုပြီးတစ်ခုကို ထုတ်ကာ သေချာ ဖတ်ကြည့်သည်။ အချိန်မည်မျှကြာမှန်း မသိသွားပြီးနောက် သူက သက်ပြင်းရှည်ကြီး မှုတ်ထုတ်ကာ သိုလှောင်အိတ်ထဲသို့ ကျောက်စိမ်းပြားများကို ပြန်ထည့်၍ အလေးအနက် စဉ်းစားခန်းဝင်သည်။
ထိုကျောက်စိမ်းပြားများကို သေချာ ကြည့်ရှုပြီးနောက် ဟန်လိသည် ပြန့်ကြဲကြယ်ပင်လယ်များအကြောင်း ယေဘုယျနားလည်သွားသည်။
ပြန့်ကြဲကြယ်ပင်လယ်များသည် ကြီးမားလွန်း၏။ မည်သူကမျှ ၎င်း မည်မျှကျယ်ပြောလှတာကို အမှန်တကယ် မသိကြချေ။ သည်ပင်လယ်ပြင်ကြီး တခွင်လုံးကို စူးစမ်းဖော်ထုတ်ဖို့ လုံလောက်အောင် ရူးမိုက်သည့်သူ မည်သူမျှ မရှိသ၍ ပင်လယ်မြေပုံများသည် ပြန့်ကြဲကြယ်ပင်လယ်များ၏ အစိတ်အပိုင်းငယ်တစ်ခုကိုသာ ဖော်ထုတ်ညွှန်ပြနိုင်မည်သာ။ ဤသည်မှာ ပြန့်ကြဲကြယ်ပင်လယ်များရှိ ကျင့်ကြံသူအားလုံး သိရှိထားကြသော အချက်အလက်ပင်။
ရှာတွေစူးစမ်းထားသော ပင်လယ်ဒေသများကိုတော့ အတွင်းကြယ်ပင်လယ်များဟု ရည်ညွှန်းကြသည်။ မဖော်ထုတ်ရသော ပင်လယ်ဒေသများကိုတော့ ပြင်ပကြယ်ပင်လယ်များဟု သိရှိ၏။ တစုံတယောက်က ပြန့်ကြဲကြယ်ပင်လယ်များဟု ပြောသည့်အခါ၌ သူတို့သည် အတွင်းကြယ်ပင်လယ်များကို ရည်ညွှန်းတာ ဖြစ်၏။
ပြင်ပကြယ်ပင်လယ်များကို နတ်ဆိုးပင်လယ်များဟု ကြောက်မက်ဖွယ်အမည်တစ်ခုအဖြစ် သိရှိကြသည်။ ဧရာမနတ်ဆိုးသားရဲကြီးများ၏ ကွန်းခိုရာပင်။ ထိုနတ်ဆိုသားရဲများမှာ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများထက် အားမနည်းဟု ပြောကြ၏။ ပြင်ပကြယ်ပင်လယ်အကြောင်း သေချာ မသိကြသော အဆင့်နိမ့်ကျင့်ကြံသူများသည် ထိုအကြောင်းကို ကြားသည့်အခါ၌ သူတို့၏ မေးရိုးများ အချိန်အတော်ကြာ ပြုတ်ကျသည့်အထိ အံ့ဩထိတ်လန့်ခြင်း ဖြစ်သွားကြသည်သာ။
ရှေးအချိန်များတည်းက ရှိခဲ့သော မှတ်တမ်းများထဲ၌ အတွင်း သို့မဟုတ် ပြင်ပ ပင်လယ်များ ဖြစ်ပါစေ နတ်ဆိုးသားရဲများက အကြွင်းမဲ့ အုပ်စိုးသည် ဟူ၍ပင်။ ကျင့်ကြံသူများကတော့ သေးငယ်ကာ ထီးတည်းဖြစ်သော ကျွန်းများ၌ လှောင်ပိတ်မိနေခဲ့ကြသည်ဟု ဆိုသည်။ အချိန်မည်မျှ ကြာမှန်း မသိခဲ့ပြီးနောက် ပြန့်ကြဲကြယ်ပင်လယ်များ၏ အရင်မျိုးဆက်များက နတ်ဆိုးသားရဲများကို တစ်ကောင်ပြီးတစ်ကောင် သတ်ခဲ့ကာ ခုလက်ရှိ အတွင်းပင်လယ်များဟူ၍ ဖွံ့ဖြိုးတိုးတက်လာအောင် လမ်းဖောက်ခဲ့ကြသည်။
ယနေ့ခေတ်တွင် ပြန့်ကြဲကြယ်ပင်လယ်များ တစ်ခုလုံးကို ‘ကြယ်နန်းတော်’ အမည်ရ အကြွင်းမဲ့စွမ်းအားက အုပ်ချုပ်ပေသည်။ ထိုအကြွင်းမဲ့စွမ်းအား၏ တည်ရှိမှုသည် အချိန်ကြာမြင့်လွန်းခဲ့ပြီ။ ရှေးမှတ်တမ်းများ၌ပင် ၎င်းတို့ စတင်ဖွဲ့စည်းခဲ့ချိန်ကို မဖော်ပြထားနိုင်ပေ။
ထိုအင်အားစု၏ ဇစ်မြစ်ကတော့ မရေမရာ။ တချို့က နတ်ဆိုးသားရဲများကို သုတ်သင်ခဲ့သော ရှေးအကြီးအကဲများက တည်ထောင်ခဲ့သည်ဟူ၍ ဆို၏။ တခြားသူများကတော့ ထိုစဉ်တုန်းက ပြန့်ကြဲကြယ်ပင်လယ်များကို စုစည်းခဲ့သော ရှေးသူရဲကောင်းတစ်ယောက် ရှိသည် ဟူ၏။ တခြားကောလဟာလ စကာများလည်း အတောမသပ်နိုင်အောင် ရှိနေကြသေးသည်။
ခုလက်ရှိ ကြယ်နန်းတော်ကတော့ ပြန့်ကြဲကြယ်ပင်လယ်များ၏ ဗဟိုချက်ဒေသ ကျွန်းကြီးပေါ်မှာ သူတို့၏ ကြီးကျယ်ခမ်းနားလှသော ကောင်းကင်ကြယ်မြို့တော်ကို တည်ထောင်ထားသည်။ မြို့သခင်နှစ်ယောက် ရှိပြီး သူတို့နှစ်ယောက်က မြို့ရှိ ဂိုဏ်းအားလုံးကို အုပ်စိုးသည်။ ထိုမြို့သခင်နှစ်ယောက်ကို ကောင်းကင်ကြယ်ပညာသခင်များဟု ခေါ်၏။
ထိုမြို့သခင်နှစ်ယောက်သည် အင်မတန် ထူးခြားဆန်းကြယ်ပြီး ကောင်းကင်ကြယ်မြို့ကနေ ဘယ်သောအခါမှ မထွက်ကြ၊ သို့မဟုတ် လူမြင်ကွင်းတွင် လူလုံးမပြကြပေ။ ထိုအခါ အပြင်လူများမှာ သူတို့၏ ပုံပန်းသွင်ပြင်အမှန်ကို မမြင်ဖူးကြချေ။ သို့သော် ထိုပညာသခင်နှစ်ယောက်သည် စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်များ မဟုတ်ကြ၊ ထိုအစား နတ်အသွင်ပြောင်းလဲခြင်းအဆင့် နတ်ဘုရားဖြစ်တည်မှုများဟု ကောလဟာလ ရှိပေသည်။
တကယ်တော့ ကောင်းကင်ကြယ်ပညာသခင်များသည် ကျော်ကြားခဲ့တာ နှစ်ပေါင်းတစ်ထောင်နီးပါး ရှိခဲ့လေပြီ။ သာမန်ကျင့်ကြံသူများက ထိုမျှ အဘယ်သို့ အသက်ရှည်ကြပါ့မည်နည်း။
ကောင်းကင်နန်းတော်နှင့် ကောင်းကင်ကြယ်မြို့တို့အပြင် အတွင်းကြယ်ပင်လယ်များကို ပြင်ပနယ်မြေရှစ်ခုနှင့် အတွင်းနယ်မြေလေးခုဟူ၍ ပိုင်းခြားထားသေးသည်။ အကြီးများဆုံးကျွန်းကြီးသုံးခုက သူတို့၏ သက်ဆိုင်ရာ နယ်နိမိတ်ဒေသများကို တိုက်ရိုက် အုပ်ချုပ်ကြသည်။ ပြင်ပကြယ်ကျွန်းနှစ်ဆယ့်လေးခုနှင့် အတွင်းကြယ်ကျွန်းဆယ့်နှစ်ခုအဖြစ် ထိုမြို့များကို သိရှိကြသည်။ ယင်းတို့အားလုံးမှာ ကောင်းကင်ကြယ်မြို့ကြီး၏ လက်အောက်တွင် ရှိသည်။
ဟန်လိနေထိုင်ခဲ့သော မာကြောကြယ်ကျွန်းသည် ကောင်းကင်ကြယ်မြို့၏ ပြင်ပကျွန်းများထဲမှ တစ်ခု ဖြစ်သည်။
တခြားသော လက်အောက်ခံကြယ်ကျွန်းငယ်များကိုပါ ထည့်ပေါင်းပါက ကြယ်နန်းတော်သည် အတော်လေး အာဏာစက်သက်ရောက်တာတော့ အမှန်ပင်။
အတွင်းကြယ်ကျွန်းဆယ့်နှစ်ခုကို ကျွန်းသခင်ပညာသခင်နှစ်ယောက်က ရွေးချယ်သော လူခြောက်ယောက်က တာဝန်ယူသည်။ ပြင်ပကြယ်ကျွန်းနှစ်ဆယ့်လေးခုကိုတော့ ကောင်းကင်ကြယ်မြို့တွင် ပြိုင်ပွဲကျင်းပပြီး အနိုင်ရသူက ကျွန်းသခင် ဖြစ်လာကာ အုပ်ချုပ်သူအဆင့်အတန်းကို စံစားရမည် ဖြစ်သည်။
ကောင်းကင်ကြယ်မြို့တွင် ကျင်းပသော ထိုပြိုင်ပွဲကို ကြယ်ရွေးချယ်ပွဲဟု သိကြသည်။ ၎င်းကျင်းပသည့်အခါတိုင်း ပြန့်ကြဲကြယ်ပင်လယ်များမှ အဆင့်မြင့်ကျင့်ကြံသူအားလုံးသည် မြို့သို့ လာရောက်စုဝေးကြသည်။ အချို့ကတော့ ကျွန်းသခင်တစ်ယောက်ဖြစ်လာရန် အိပ်မက်စိတ်ကူးနှင့် လာရောက်သည်။ တခြားသူများကတော့ သူတို့၏ အမြင်များ ကျယ်ရန် သို့မဟုတ် အသိမိတ်ဆွေများရရန်အတွက် လာကြတာပင်။ ဆေးဝါးများ၊ သတ္တုအမယ်များ၊ ကျင့်ကြံခြင်းပညာရပ်များကို အရောင်းအဝယ် လုပ်နိုင်ရန် အခွင့်အရေးတစ်ခုအနေဖြင့် လာကြသူများလည်း ရှိသည်။ ထိုအချိန်တွင် ကောင်းကင်ကြယ်မြို့တွင် လူများ ပြည့်သပ်ကျပ်လောက်အောင် စည်ကားလွန်းသည်။ သို့ပေမည့် ကြယ်ရွေးချယ်ပွဲ မရှိလျှင်ပင် ကောင်းကင်ကြယ်မြို့သည် သူရဲကောင်းများကော၊ လူဆိုးများကော ကျင်လည်ကျက်စားပြီး စည်ကားသိုက်မြိုက်နေသည်သာ။
မြို့ထဲ၌ တိုက်တာခိုက်တာကို တားမြစ်ထားခြင်းနှင့် ရေရှည်နေထိုင်ဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို အဖိုးအခ ပေးရခြင်းကလွဲ၍ ကြယ်နန်းတော်က သည်မြို့ကို အဆင့်အမျိုးမျိုးရှိ ကျင့်ကြံသူအားလုံး စိတ်ကြိုက် ဝင်ထွက်သွားလာခွင့် ပေးထားပေသည်။ အလိုရှိသည့် ဆိုးယုတ်သော ကျင့်ကြံသူများကိုလည်း သူတို့သာ မြို့ထဲတွင် ပြဿနာ မရှာပါက ကြယ်နန်းတော်သည် သူတို့အား ဖမ်းဆီးလိမ့်မည် မဟုတ်ပေ။
မဟာကုန်သည်ဂိုဏ်းကြီးများသည် ထိုကဲသို့ လွတ်လပ်သော ဝန်းကျင်ကို အတော်လေး သဘောခွေ့ကျေနပ်ကြသည်။ သူတို့က တစ်နှစ်ပတ်လုံး မြို့ထဲ၌ ဆိုင်ခန်းများ ခင်းကျင်းထာသည်။ သူတို့အားလုံးသည် သူတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင်ရွေးကောက်ပွဲများကိုလည်း ကျင်းပသည်။
ပြန့်ကြဲကြယ်ပင်လယ်များ၏ နှစ်စဉ်နှစ်တိုင်း ရရှိသော ရှားပါးပစ္စည်းအမျိုးအမည်များမှာလည်း ကောင်းကင်ကြယ်မြို့တွင် ရရှိလေသည်။
ထို့အပြင် ကျင့်ကြံသူများစွာကို စွဲဆောင်နေသော ကောင်းကင်ကြယ်မြို့၏ နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ ကြယ်နန်းတော်က ပြင်ပကြယ်ပင်လယ်များထံ တိုက်ရိုက်ဦးတည်သော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုကိုလည်း မြို့တွင်း၌ တည်ဆောက်ထားသည်။
တစုံတယောက်က လုံလောက်သော စိတ်ဝိညာဉ်ကျောက်တုံးများစွာ ပေးသ၍ ပြင်ပကြယ်ပင်လယ်ရှိ အရွယ်အစားအမျိုးမျိုးရှိသည့် နတ်ဆိုးသားရဲကျွန်းများထံ တည်နေရာ ရွှေ့ပြောင်းနိုင်ပေသည်။ ယင်းသို့ သီးခြားဖြစ်တည်သော ကျွန်းများကို အရင်မျိုးဆက်များက တည်ဆောက်ခဲ့တာ ဖြစ်ပြီး စိတ်ဝိညာဉ်ချီလည်း ရှိကြသည်။ လူတစ်ယောက်သည် ထိုကျွန်းများပေါ်သို့ ရောက်သည်နှင့် အနီးအနားပင်လယ်များရှိ နတ်ဆိုးသားရဲမျိုးစုံကို သတ်နိုင်စွမ်း ရှိပြီး နတ်ဆိုးသားရဲအမြုတေများကို ကောင်းကင်ကြယ်မြို့တွင် ပြန်ရောင်းချနိုင်သည်။
စိတ်ဝိညာဉ်ကျောက်တုံးများ၏ တန်ဖိုးကမူ အဆင့်ငါးနတ်ဆိုးသားရဲတစ်ကောင်၏ အမြုတေဆို စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်နီးပါးနှင့် ရောင်းချနိုင်သည်။ အဆင့်ခြောက်သားရဲအမြုတေ၏ တန်ဖိုးကတော့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက် တသက်လုံး ရှာဖွေထားသည့် ပမာဏလောက်ကို ရှိလိမ့်မည်။ သို့ဖြစ်၍ ကျင့်ကြံသူ အများအပြားက ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုရန် ကောင်းကင်ကြယ်မြို့ထံ နှစ်စဉ်နှစ်တိုင်း လာရောက်ကြပေသေည်။
တကယ်တော့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးမပြုဘဲ ပြင်ပပင်လယ်များထံ တိုက်ရိုက်ပျံသန်းခြင်းသည် အချိန်ပိုကြာရုံသာမက အန္တရာယ်လည်း အလွန်များသည်။
ထိုအကြောင်းအရာများကို တွေးနေရင်း ဟန်လိသည် ကောင်းကင်ကြယ်ကျွန်းသို့ သွားဖို့ ဆုံးဖြတ်ထားသည်။ ဘေးကင်းလုံခြုံမှုအတွက် ဖြစ်စေ၊ နတ်ဆိုးအမြုတေများအတွက် ဖြစ်စေ သူ့ကို ထိုမြို့က စွဲဆောင်နေပေသည်။
တကယ်တော့ ပြန့်ကြဲကြယ်ပင်လယ်များ၌ ကြယ်နန်းတော်အပြင် တခြားသော အင်အားစု အမျိုးမျိုးလည်း ရှိကြသေးသည်။ လွတ်လပ်သောကုန်သည်ကြီးလေးဦး မဟာမိတ်အဖွဲ့၊ မိစ္ဆာညှို့ငင်ခြင်းဂိုဏ်း၊ အင်မောတယ်သုံးဖော်ဂိုဏ်း၊ ညနဂါးကျွန်း စသဖြင့်ပင်။ ကျိနစ်ယင်ကျွန်းနှင့် နန်းတော်ခြောက်ခုအဖွဲ့အစည်းတို့သည်လည်း စွမ်းအားကောင်းကြသည်။
ဟန်လိသည် စိတ်ထဲ၌ ထိုအချက်အလက်များကို ခွဲပိုင်းခြားနေပြီးနောက် သူက ပြန့်ကြဲကြယ်ပင်လယ်များ မြေပုံကို ထုတ်ယူပြီး သေချာ ကြည့်ရှုသည်။ သူ သွားရမည့်နေရာကို ဆုံးဖြတ်ပြီးသည်နှင့် ဟန်လိက လေထဲသို့ ထိုးတက်ကာ နတ်လေလှေမှာ အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။
လပေါင်းများစွာ ကြာပြီးနောက်မှာ အဖြူရောင်အလင်းတန်းတစ်ခုသည် ပင်လယ်အထက်ရှိ လေထုကို ဖြတ်သန်းလာသည်။ လှေပေါ်တွင် ရပ်နေသူကတော့ မရပ်တန်း ခရီးရှည်ကြီး နှင်လာသော ပင်ပန်းနွမ်းနယ်နေသည့် ဟန်လိပင်။
ထိုသို့ ကြာမြင့်လှသော ခရီးစဉ်က ဟန်လိကို အတွေ့အကြုံ ရစေတာကတော့ အမှန်ပင်။ သူ၏ ခရီးစဉ်၌ ဟန်လိသည် သူ့နတ်လေလှေက ပျံသန်းနေစဉ် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံဖို့ ကြိုးစားခဲ့သည်။
စစချင်းတော့ ကိစ္စရပ်များကို ပြိုင်တူလုပ်ခြင်းသည် အတော်လေး စိန်ခေါ်မှု ဖြစ်ခဲ့သည်။ မြောက်များစွာသော ရုပ်သေးများကို ထိန်းချုပ်နိုင်ဖို့ လူတစ်ယောက်၏ အသိစိတ်ကို ခွဲထုတ်သည့် ပညာရပ်မှာ လွယ်ကူလှသည်တော့ မဟုတ်ချေ။ သူက ကျင့်ကြံနေစဉ်အတွင်း သူ့အာရုံစိုက်မှုကို ခွဲထုတ်ချိန်၌ အမှားများစွာ ခဏခဏ ဖြစ်ခဲ့သည်။
နတ်လေလှေသည် မကြာဆိုသလို ဦးတည်ရာ ပြောင်းပြောင်းသွားတတ်ပြီး သူ့နတ်ဘုရားအာရုံကို ခွဲထုတ်ခြင်းမှာ အာရုံမစူးစိုက်နိုင် ဖြစ်စေသည်။ သူသည် ရက်အတော်အတန်ကြာသည့်အထိ မည်သည့်တိုးတက်မှုမျှ မဖြစ်ခဲ့ပေ။ သို့ပေမည့် စိတ်ရှည်ရှည်နှင့် လေ့ကျင့်ခြင်းက ပြီးပြည့်စုံခြင်းကို ဖြစ်စေနိုင်သည် မဟုတ်လား။ ကြိမ်ဖန်များစွာ အထပ်ထပ် လေ့ကျင့်နေသောအခါ ဟန်လိသည် တဖြည်းဖြည်းဖြင့် ပျံသန်းနေရင်း မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံလာနိုင်ခဲ့သည်။
သို့သော် ဟန်လိသည် ကိစ္စရပ်များစွာ တပြိုင်နက်တည်း လုပ်ဆောင်ခြင်းကိုတော့ လက်လျှော့ကာ သူ့နတ်လေလှေရှေ့တွင် ရပ်၍ ရှေ့သို့ ပျံသန်းနိုင်ရန်သာ အာရုံစိုက်ထားသည်။
လဝက်လောက်ကြာပြီးနောက်မှာတော့ ဟန်လိသည် သူက ကောင်းကင်ကြယ်မြို့မှ စီမံသော လူသူကင်းမဲ့သည့်ကျွန်းများအပေါ်ကနေ ဖြတ်သန်းသွားနေပြီကို သိသည်။ သူ့စိတ်ထဲ စိတ်လှုပ်ရှားမှုကို ခံစားမိရ၏။
နောက်ထပ် အချိန်ခဏကြာ ဆက်၍ ပျံသန်းလာပြီးနောက်မှာ ဟန်လိသည် အကွာအဝေးတစ်ခုရှိ ကြီးမားလွန်းဟန်ရသော အနက်ရောင်အစက်အပြောက်တစ်ခုကို ဝိုးတဝါး လှမ်းမြင်ပြီးနောက် သူ့အမူအရာမှာ မသိမသာ ပြောင်းလဲသွားသည်။
ဟန်လိက သူ၏ နတ်လေလှေကို ခြေစောင့်နင်းလိုက်သည်။
.