နေထိုင်ရာအသစ်
Vol. 28 Ch. 391
လုအာက ခဏ စဉ်းစားပြီးနောက် သူက ဟန်လိနှင့် ဝိညာဉ်သေတို့၏လက်များထံ အကြည့်ရောက်လာသည်။
အနီရောင်လက်စွပ်များကို မြင်သည့်အခါ သူသည် ဖြတ်ခနဲ သိမြင်သွားပြီး ဟန်လိကို နှိုင်းနှိုင်းဆဆဟန်ဖြင့် ရှင်းပြလာသည်။
“ဒီတော့ အင်မောတယ်နှစ်ယောက်က ရေရှည်နိုင်ကြမယ်နဲ့ တူတယ်။ ဒီကိစ္စဟာ အတော်လေး ရိုးရှင်းပါတယ်။ အင်မောတယ်အရှင်တွေက ဟိုးပညာရှိတောင်ပေါ်က အဆောက်အဦကို မြင်တယ်မလား။ အရှင်တို့ ကျင့်ကြံချင်တယ်ဆို အဲ့ကို သွားပြီး အဆောက်အဦတစ်ခု ငှားရုံပါပဲ။ အင်မောတယ်အရှင်တွေ ပြောတာ ကျနော် ကြားဖူးတာကတော့ ဒီပညာရှိတောင်မှာ သဘာဝစိတ်ဝိညာဉ်သွေးကြောတစ်ခု ရှိတယ်တဲ့။ အဆောက်အဦ ပိုမြင့်လေလေ ချီဓာတ် ပိုကြွယ်ဝလေပဲ။ တန်ဖိုးလည်း ပိုမြင့်လာတာပေါ့လေ။ အရှင်တို့က အဆောက်အဦတစ်ခု မငှားချင်ဘူးဆိုလည်း ကိုယ်ပိုင်အင်မောတယ်လှိုဏ်ဂူတစ်ခုကို ရှာလို့ရတယ်။ ကုန်ကျစရိတ်ကတော့ ပုံမှန်နေထိုင်မှုထက် အဆများစွာ ပိုကုန်မှာ။ အဆောက်အဦဖြစ်ဖြစ်၊ လှိုဏ်ဂူဖြစ်ဖြစ် နှစ်တစ်ရာကြာတိုင်း အခကြေးငွေ ပေးဖို့လိုတယ်။ အချိန်ကျလာလို့ မပေးဘူးဆိုရင်တော့ ကြယ်နန်းတော်က အဲ့နေရာကို အတင်းအကြပ် ပြန်သိမ်းယူမှာ ဖြစ်တယ်…”
“အို…ဒါဆို ကျုပ်မှာ လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိနေသရွှေ့ ကျုပ်အနေနဲ့ အမြင့်ဆုံးမှာ ရှိတဲ့ ကျင့်ကြံခြင်းနေရာကိုလည်း ငှားနိုင်တာပေါ့…”
ဟန်လိက စိတ်ဝင်စားနေသည်။
လုအာသည် ခေါင်းခါသည်။ သူက အရှက်ရသွားဟန်ဖြင့် ပြောလာသည်။ “အင်မောတယ်အရှင်ကတော့ နောက်ပြီ။ အဲ့လို မဖြစ်နိုင်တာ အသိသာကြီးပါ။ ပညာရှိတောင်ပေါ်က အဆောက်အဦတွေကို အလွှာတစ်ခုလို့ ယူဆနိုင်တယ်။ စုစုပေါင်း အလွှာရှစ်ဆယ့်တစ်ခု ရှိတယ်။ ပထမဆုံးအလွှာငါးဆယ်က သူစိမ်းကျင့်ကြံသူတွေအတွက် ဖွင့်ပေးထားတာ ဖြစ်ပြီး စိတ်ဝိညာဉ်ကျောက်တုံး တတ်နိုင်တာနဲ့ အဲ့ကျင့်ကြံခြင်းနေရာတွေကို ငှားယမ်းနိုင်ပါတယ်။ ကျန်တဲ့အလွှာသုံးဆယ်ကတော့ ကြယ်နန်းတော်က အကြီးအကဲတွေ အတွက်ပဲ။ နောက်ဆုံးအလွှာကတော့ ကြယ်နန်းတော်ရဲ့ အရှင်သခင်နှစ်ယောက် ဖြစ်တဲ့ အရှင်ပညာသခင်နှစ်ယောက်အတွက်ပဲ။ ဘယ်သူမှ ဝင်ခွင့်မရှိဘူး…”
ခဏ စဉ်းစားပြီးနောက်မှာ ဟန်လိသည် ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ကောင်းပြီ။ လမ်းပြပါ။ ကျုပ် အရင်ဆုံး နေရာတစ်ခု ရှာမယ်…”
“ကောင်းပြီ…ကျနော်က အရှင်ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်။ အင်မောတယ်အရှင်က တောင်ခြေကိုပဲ ဦးတည်ပြီး ပျံသန်းသင့်ပါတယ်။ အဲ့မှာ ဒီကိစ္စတွေအတွက် ဆောင်ရွက်တဲ့ အဆောက်အဦတွေ ရှိပါတယ်…”
သူ ပြောပြီးသည်နှင့် နတ်လေလှေသည် အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ အကွာအဝေးတစ်ခုရှိ ဧရာမတောင်ကြီးထံ ဦးတည်ပျံသန်းသွားလေသည်။
ထိုတောင်က နီးသည်ဟု ထင်ရသော်ငြားလည်း တကယ့်တကယ် ပျံသန်းသည့်အခါ ၎င်းတောင်ခြေသို့ ရောက်ရန် အမြန်နှုန်းအပြည့်ဖြင့် ပျံသန်းလာတာတောင် ဆယ့်ငါးမီနစ်လောက် ကြာသေးသည်။ လုအာ၏ လမ်းညွှန်ပေးမှုအောက်မှာ နတ်လေလှေသည် ထည်ဝါသောအဆောက်အဦတစ်ခု၏ ရှေ့မှာ သက်ဆင်းသည်။
ဝင်ချည်၊ထွက်ချည် လုပ်နေသော ကျင့်ကြံသူများလည်း ရှိကြသည်။
ထိုဧရိယာကို ခပ်မြန်မြန် စူးစမ်းကြည့်ပြီးနောက်မှာ ဟန်လိသည် ဝိညာဉ်သေနှင့် လုအာတို့ကို မိုးထိမြင့်မားသောအဆောက်အဦထံ ခေါ်လာ၏။
ထိုအဆောက်အဦထဲ ဝင်လာသည့်အခါ ဟန်လိသည် ကျင့်ကြံသူဆယ့်နှစ်ယောက်လောက်ကို တွေ့သည်။ သူတို့ထဲမှ ခြောက်ယောက်က ကျောက်သားထိုင်ခုံတစ်စုံနားမှာ ထိုင်နေပြီး အဖြူရောင်ဝတ်စုံဖြင့် ကျင့်ကြံသူများနှင့် စကားပြောဆိုနေသည်။ အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူများ၏ အမူအရာများက ဆိုးဝါးနေကာ ထိုခြောက်ယောက်ထဲမှ နှစ်ယောက်သည် သနားစရာကောင်းလောက်အောင်ပင် တောင်းပန်နေကြသည်။ စိတ်ဝင်စားစရာကောင်းသော မြင်ကွင်းတစ်ခုပင်။
ဟန်လိက ဘေးကနေ ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေ၏။
“အင်မောတယ်အရှင်…ဟိုနားက စားပွဲမှာ ဘယ်သူမှ ရှိမနေဘူး။ ကျနော်တို့ သွားမလား…”
ခဏကြာပြီးနောက် လုအာက ဟန်လိကို သေချာလေး ခေါ်၏။ ဟန်လိက ခေခါင်းလှည့်ကာ လူရှင်းနေသော ကျောက်စားပွဲကို လှမ်းကြည့်ပြီး ခေါင်းညိတ်ပြသည်။
သို့သော် သည်တစ်ကြိမ်၌ ဦးဆောင်သွားသူကတော့ ဝိညာဉ်သေပင်။ လုအာမှာ အံ့အားတသင့်ဖြစ်ကာ ကျန်ခဲ့ပေသည်။ သူက ဟန်လိကို သခင်ဖြစ်မည်ဟု ထင်မှတ်ထားခဲ့တာ မဟုတ်လား။
“စီနီယာက ပညာရှိတောင်မှာ နေအိမ်တစ်ခု ငှားချင်တာလား။ ဘယ်အလွှာကိုများ သဘောကျပါသလဲ။ အလွှာပိုမြင့်လေလေ ဈေးကတော့ ပိုကြီးလေပါ..”
ကြယ်နန်းတော်မှ ကျင့်ကြံသူက ဝိညာဉ်သေကို ခဏ စူးစမ်း၏။ ထို့နောက်တွင် သူက တလေးတစားလေသံဖြင့် ပြောသည်။
ကြည့်ရတာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများသည် နေရာဒေသကို ထည့်တွက်စရာ မလိုလေဘဲ တန်ဖိုးထားခံရပုံ ပေါ်၏။ ထို့ကြောင့်လည်း ဟန်လိက ဝိညာဉ်သေကို ရှေ့ကနေ သွားစေခဲ့တာပင်။
“ကျုပ် လှိုဏ်ဂူတစ်ခု လိုချင်တယ်။ ဘယ်ဟာတွေ ရနိုင်မလဲ။ အလွှာပိုမြင့်လေလေ ပိုကောင်းလေပဲ…” ဝိညာဉ်သေက အမူအရာကင်းမဲ့စွာဖြင့် ပြော၏။
“လှိုဏ်ဂူလား။ စီနီယာက အတော်လေး ချမ်းသာတာပဲ။ ကျနော် တချက်လောက် သွားကြည့်ပေးပါမယ်…”
ဝိညာဉ်သေ၏ မော်ကြွားသော စကားကို ကြားသည့်အခါ အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာ သေချာ စရှာဖွေ၏။
“တွေ့ပြီ။ အလွှာသုံးဆယ်မှာ လှိုဏ်ဂူသုံးခု၊ သုံးဆယ့်ကိုးခုမှာက လေးခု၊ လေးဆယ့်ခုနစ်ခုမှာကတော့ နှစ်ခု။ လှိုဏ်ဂူတွေရဲ့ တန်ဖိုးနဲ့ သူတို့ရဲ့ အခင်းအကျင်း ပုံစံ၊ စွမ်းဆောင်ရည်တွေကတော့ ဒီမှာပါ…”
ထိုကျင့်ကြံသူက ကျောက်စိမ်းပြား လေးငါးခြောက်ခုကို စားပွဲပေါ်သို့ တင်လိုက်သည်။
ဝိညာဉ်သေက ထိုစကားကို ကြားသည့်အခါ သူသည် စားပွဲပေါ်ရှိ ကျောက်စိမ်းပြားများကို ယူ၍ သူ့စိတ်ဝိညာဉ်အာရုံဖြင့် ကြည်ရှုသည်။
ဟန်လိသည် သူ့၌ စိတ်ဝိညာဉ်ကျောက်တုံးများ မကင်းမဲ့၊ သူက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများကြား၌ပင် အတော်လေး ကြွယ်ဝသူဟု ယုံကြည်မှု ရှိထားသည်။ သူ့အနေဖြင့် လှိုဏ်ဂူတစ်ခု၏ ကုန်ကျစရိတ်ကိုတော့ တတ်နိုင်လိမ့်မည်သာ။ သို့သော် သူက တန်ဖိုးများကို ကြည့်သည့်အခါ စိတ်ဓာတ်ချောက်ခြားသွားတော့သည်။
သုံးဆယ့်ကိုးလွှာရှိ လှိုဏ်ဂူတစ်ခု၏ ကုန်ကျစရိတ်မှာ ဟန်လိ၏ စိတ်နှလုံးကို နာကျင်သွားစေသည်။ ကျန်သည့် လေးဆယ့်ခုနစ်လွှာရှိ လှိုဏ်ဂူဆို ပြောနေရန်ပင် မလိုတော့ပေ။ ထို့အပြင် သည်ကုန်ကျစရိတ်မှာ နှစ်တစ်ရာလောက်သာ။ တန်ဖိုးမှာ စိတ်ဝိညာဉ်ကျောက်တုံးသုံးထောင် ဖြစ်နေ၏။ အကျိုးအကြောင်းပင် မသင့်တော့သော တန်ဖိုးတစ်ခုပင်။
ဝိညာဉ်သေသည် တိတ်ဆိတ်သွားတာ မြင်သည့်အခါ အဖြူရောင်ဝတ်စုံနှင့်ကျင့်ကြံသူက ဝိညာဉ်သေ၏ အတွေးကို ခန့်မှန်းမိသည်။ သူက ပြုံး၍ ရှင်းပြသည်။
“စီနီယာ…ကျုပ်တို့က ပြန့်ကြဲကြယ်ပင်လယ်များမှာ ဒီပညာရှိတောင်ရဲ့ စိတ်ဝိညာဉ်သွေးကြောဟာ အကောင်းဆုံးလို့တော့ မပြောဝံ့ပါဘူး။ ဒါပေမဲ့ ဒီသွေးကြောဟာ ထိပ်ဆုံးငါးခုထဲမှာ ပါမှာကတော့ သံသယ ရှိစရာကို မလိုတာပါ။ ပညာရှိတောင်ခြေမှာ ကျင့်ကြံရင်တောင် သာမန်စိတ်ဝိညာဉ်သွေးကြောရဲ့ အကောင်းဆုံးနေရာမှာ ကျင့်ကြံရတာထက် အများကြီး သာလွန်ပါတယ်။ အလွှာသုံးဆယ်အထက်ဆို ကျင့်ကြံမှုအမြန်နှုန်းဟာ လေးဆထိ မြင့်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဈေးဟာ တန်တယ်လို့ ဆိုနိုင်ပါတယ်…”
ဟန်လိသည် မျက်မှောင်ကြုတ်သွားသည်။ ဝိညာဉ်သေက ကျောက်စိမ်းပြားများကို နောက်တကြိမ် ထပ်ဖတ်ကြည့်သည်။
“ကျုပ် ဒီတစ်ခုကို ယူမယ်…” ဟန်လိ၏ အမိန့်ပေးမှုအောက်မှာ ဝိညာဉ်သေက ကျောက်စိမ်းပြားများကို ပြန်ပေး၍ သုံးဆယ့်ကိုးလွှာရှိ လှိုဏ်ဂူတစ်ခုကို ရွေးလိုက်သည်။
ဝိညာဉ်သေသည် ဈေးမြောက်လွန်းသော လှိုဏ်ဂူတစ်ခုကို ငှားယမ်းချင်နေသည့်အခါ အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူက စိတ်လှုပ်တရှားဖြင့် ခပ်သွက်သွက် တုန့်ပြန်သည်။
“နားလည်ပါပြီ။ ဒီအတွက် ကုန်ကျစရိတ်ကတော့ စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင်ခုနစ်ရာပါ…”
သည်တစ်ကြိမ်တွင် ဟန်လိက ဝိညာဉ်သေကို မလုပ်ဆောင်ခိုင်းတော့ပေ။ သူကိုယ်တိုင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ခုနစ်ရာကို ထုတ်ကာ ပေးလိုက်သည်။
“ဒါက အဲ့လှိုဏ်ဂူရဲ့ အခွင့်အာဏာတံဆိပ်ပြားပါ။ ဒါက စီနီယာကို ဒီလှိုဏ်ဂူထဲ စိတ်ကြိုက် ဝင်နိုင်၊ ထွက်နိုင်ခွင့် ရှိစေပါလိမ့်မယ်။ ဒါပေမဲ့ နှစ်တစ်ရာ ကြာပြီးရင်တော့ ဒီတံဆိပ်ပြားဟာ ပျက်စီးသွားမှာပါ။ ကျေးဇူးပြုပြီး ဒါကို သေချာ ဂရုစိုက်ပေးပါ…”
စိတ်ဝိညာဉ်ကျောက်တုံးများကို ရယူပြီးနောက်မှာ ထိုသူသည် အဝါရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူ၍ ဝိညာဉ်သေကို လှမ်းပေးသည်။
တံဆိပ်ပြားကိုယူကာ ဝိညာဉ်သေသည် စကားမဆိုတော့ဘဲ လှည့်ထွက်လာသည်။ ဟန်လိနှင့် လုအာတို့က သူ့နောက်သို့ နီးနီးကပ်ကပ် လိုက်ပါလာကြ၏။
“တုန်လှုပ်ဖို့ကောင်းတဲ့ဈေးနှုန်းပဲ။ လုံခြုံတဲ့ ကျင့်ကြံခြင်းနေရာတစ်ခုဟာ တကယ့်ကို စိတ်ဝိညာဉ်ကျောက်တုံး အများအပြား ကုန်ကျစေတာပဲ…”
ထိုအဆောက်အဦထဲကနေ ထွက်လာပြီးနောက်မှာ ဟန်လိသည် တကိုယ်တည်း ရေရွတ်ပြီး သက်ပြင်းရှည်ကြီး ချမိသည်။
လုအာသည် ဟန်လိကို တချက် ခိုးကြည့်ကာ လေသံတိုးတိုးဖြင့် လှမ်းမေးသည်။
“အရှင်အင်မောတယ်နှစ်ယောက် တခြား ဘယ်နေရာကိုများ သွားချင်သေးပါသလဲ…”
ဟန်လိသည် ထိုမျှ များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံး အများအပြားကို သုံးစွဲခဲ့သည့်အပေါ် လုအာမှာ ကြီးစွာ တုန်လှုပ်ခဲ့ရသည်။ သူသည် တခြားကျင့်ကြံသူများကို လမ်းပြခဲ့သည့်အချိန်က ထိုသူများသည် အများဆုံးမှ စိတ်ဝိညာဉ်ကျောက်တုံးဆယ်ချီကို အသုံးပြုခဲ့တာသာ မြင်ဖူးခဲ့သည်။ စိတ်ဝိညာဉ်ကျောက်တုံးသုံးထောင်နီးပါးကို တချိတည်း အသုံးပြုခဲ့သော သူမျိုးကိုတော့ သူသည် ခုမှ ပထမဆုံးမြင်ဖူးတာပင်။
လုအာသည် ဟန်လိအပေါ် ပို၍ လေးစားသွားလေ၏။ အခုအခါ သူ့အနေဖြင့် ဆုလဒ်ကောင်းကောင်း ပိုရကောင်းရနိုင်လိမ့်မည်ဟု ယုံကြည် ရှိနေလေပြီ။ တကယ်တော့ ဟန်လိသည် အတော်လေး ငွေကြေးသုံးနိုင်ပေသည်။ လုအာသည် သူ့ကို ကျေနပ်စေခဲ့လျှင် သူက ကျိန်းသေပေါက် စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ကိုတော့ ပေးမည်သာ။
ဟန်လိသည် လုအာကို ခပ်မြန်မြန် ကြည့်ပြီး ပြောလိုက်သည်။
“ဒီမြို့ရဲ့ ဈေးမြို့ကို ငါ့အတွက် လမ်းညွှန်ပေး။ ပြီးတော့ ဆိုင်ကြီးတွေအကြောင်းကိုပါ မိတ်ဆက်ရှင်းပြ…”
ယင်းနောက်တွင် နတ်လေလှေသည် ကောင်းကင်ထက်သို့ အလင်းတန်းအဖြစ် ပြောင်းလဲကာ ဦးတည်သွားသည်။
နေ့တစ်ဝက်လောက် ကြာပြီးနောက်မှာ ဟန်လိသည် အိပ်ယာပေါ်တွင် ခေါင်းပေါ်လက်တင်ထားလျက် ရှိသည်။
သိပ်မကြာသေးခင်တုန်းက လုအာသည် သူ့ကို ကောင်းကင်ကြယ်မြို့၏ အရေးကြီးဆုံးတည်နေရာများကို မိတ်ဆက်ရှင်းပြခဲ့ပေသည်။ ထို့နောက်တွင် ဟန်လိက လုအာကို သူပေးစရာရှိတာ ပေးပြီး သူတို့သည် လမ်းခွဲခဲ့ကြသည်။
ထိုလှိုဏ်ဂူသည် ကျောက်စိမ်းပြားတွင် ဖော်ပြာထားသည့်အတိုင်း ကွက်တိပင်။ ၎င်းလှိုဏ်ဂူမှာ တသီးတသန့်တည်ရှိပြီး ဆိတ်ငြိမ်ရုံသာမက ဆေးဥယျာဉ်ကြီးတစ်ခုပင် ရှိနေသေးသည်။ ဟန်လိကို အကျေနပ်စေဆုံးကတော့ စိတ်ဝိညာဉ်ချီများ ပေါကြွယ်နေခြင်းသာ။ သည်တောင်၏ စိတ်ဝိညာဉ်သွေးကြောမှာ သာမန်ထက် သာလွန်တာ အမှန်ပင်။ ကောင်းကင်တောင်ပိုင်းဒေသမှာတုန်းက သူ့အရင် လှိုဏ်ဂူသည်ပင် ၎င်းကို မယှဉ်နိုင်လောက်ပေ။ ထိုကောင်းကျိုးများကြောင့် ဟန်လိသည် သူ ပေးခဲ့ရသော စိတ်ဝိညာဉ်ကျောက်တုံးများအတွက် ကျေနပ်သွားရသည်။
လှိုဏ်ဂူ၏ အစီအရင်မန္တာန်မှာ အတော်လေး အထင်ကြီးဖို့ ကောင်း၏။ ၎င်းသည် ရိုးစင်းအောင် ပြုပြင်ထားသော ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ထက် လားလားမျှ အားနည်းမနေချေ။
သို့ဆိုပေမည့်လည်း ဟန်လိက ထိုအစီအရင်လောက်ဖြင့် သူ့ကိုယ်သူ အကာအကွယ် ဖြစ်စေသည်ဟု စိတ်အေးမနေပါ။ သူက ခဏ အနားယူဖို့ ဆုံးဖြတ်၏။ နောက်နေ့မနက်ကျမှ သူ့အစီအရင်များကို နေရာချမည်။ နောက်ဆုံးတွင်တော့ သူ့နေအိမ်မှာ လုံခြုံဘေးကင်းပြီဟု ခံစားမိပြီးနောက်မှ သူ့အနာဂတ်ကျင့်ကြံခြင်းအတွက် အစီအစဉ်များကို ပြုလုပ်ရမည်။
ထိုအတွေးဖြင့် ဟန်လိမှာ အိပ်မောကျသွားတော့သည်။ သူသည် ပြီးခဲ့သောလက်များတည်းက မနားမနေ ခရီးနှင်လာခဲ့ရသည် ဖြစ်၍ အမှန်တကယ်တော့ အတော်လေးကို ပင်ပန်းနေခဲ့ပြီ။
နောက်တနေ့ မနက်ပိုင်းတွင် ဟန်လိက အိပ်ယာနိုးသည်နှင့် အလုပ်စရှုပ်လေပြီ။
ဟန်လိသည် သူ့လှိုဏ်ဂူအပြင်ဘက်တွင် မဟာအစီအရင်သုံးခုကို နေရာချသည်။ ယင်းနောက် အနာဂတ်တွင် ရင့်မှည့်နိုင်စေဖို့အတွက် ဗလာကင်းမဲ့နေသော ဥယျာဉ်တွင် စိတ်ဝိညာဉ်ဆေးပင်မျိုးစုံကို စိုက်ပျိုးသည်။ နောက်ဆုံးတွင် သူက ဈေးမြို့သို့ သွားပြီး အဆင့်မြင့်ကျောက်စိမ်းပြားများစွာကို ဝယ်လာခဲ့သည်။ သူ့လှိုဏ်ဂူကို ပြန်ရောက်လာပြီးနောက်မှာတော့ ထိုကျောက်စိမ်းပြားများကို မီတာလေးဆယ်ကျယ်သောအခန်းတွင် တစ်လက်မကျန် မြှုပ်နှံ့သည်။ အခန်း၏ အပေါ်ယံမျက်နှာပြင်ကို ကျောက်စိမ်းပြားများဖြင့် လုံးဝ ဖုံးလွှမ်းသွားတာ သေချာမှ ဟန်လိသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများကို အခန်းထဲသို့ ဂရုတစိုက် လွှတ်၏။
သူသည် ထိုအဆင့်မြင့်သော အံ့ချီးဖွယ်အင်းဆက်များအပေါ် မြင့်မြင့်မားမား မျှော်လင့်ထားပြီး အနာဂတ်၌ သူတို့က သူ့ကို ကူညီပေးနိုင်ရန် လေ့ကျင့်ပေးဖို့ စီစဉ်ထားသည်။
.