အင်းဆက်များကို ပျိုးထောင်ခြင်း
Vol. 28 Ch. 392
ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ထူးခြားဆန်းပြားသော အင်းဆက်များကြား၌ အဆင့်မြင့်သည့်အထဲ ပါဝင်သော်လည်း ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူ၏ ကျောက်စိမ်းပြားထဲတွင်တော့ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားမှာ အလွန်အကန့်အသတ် ရှိသည်ဟု ဖော်ပြထား၏။ ၎င်းတို့၏ အရေအတွက်များခြင်းအပေါ်တွင်သာ မှီခို၍ အောင်မြင်မှု ရနိုင်၏။ ထိုပိုးတောင်မာအုပ်က ဆယ့်နှစ်ကောင် သို့မဟုတ် အကောင်သုံးဆယ်လောက်ထိသာ ရှိနေလျှင် ၎င်းတို့ အရွယ်ရောက်သည့်အခါတွင် သိပ်အသုံးတည့်လိမ့်မည် မဟုတ်ပေ။ အရေအတွက်ရာချီ သို့မဟုတ် ထောင်သောင်းချီ ဖြစ်ခဲ့လျှင်တော့ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းနှင့် ထိုက်တန်သော စွမ်းအားကို ပြသနိုင်စွမ်း ရှိပေလိမ့်မည်။
ကောင်းကင်တွင် ပွက်လောထနေသော မရေမတွက်နိုင်သည့် ပိုးတောင်မာအုပ်စု၏ မြင်ကွင်းကို စိတ်ကူးကြည့်မိပြီး ဟန်လိပါ မသိစိတ်ကနေ တုန်ရင်မိသွားရသည်။
ခုချိန်တွင် သူသည် ထိုရွှေဝါးမြိုခြင်းပိုးတောင်မာများကို အလျင်အမြန် တိုးတက်ပွားများစေချင်နေသည်။ ၎င်းတို့၏ အရေအတွက်ကို တိုးတက်စေချင်သည်။
သို့သော် အလုပ်ထက် အပြောက ပိုလွယ်၏။ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ကောင်းကင်တောင်ပိုင်းဒေသတွင် ရှေးအချိန်ကာလတုန်းကသာ တည်ရှိခဲ့ပြီး ခုလက်ရှိ၌ မျိုးသုဉ်းနေခဲ့လေပြီ။ ထိုအခါ ၎င်းတို့ကို ကျွေးမွေးပျိုးထောင်သည့် နည်းလမ်းအသေးစိတ်များမှာ ပျောက်ကွယ်သွားခဲ့တာ အတော်ကြာခဲ့လေပြီ။ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူ၏ ကျောက်စိမ်းပြားတွင် ပါဝင်သော အချက်အလက်၌ ရှေးမှတ်တမ်းများတွင် ဖော်ပြထားသည့် ထိုအင်းဆက်၏ အသွင်လက္ခဏာများအကြောင်းသာ ဖြစ်နေသည်။ ၎င်းတို့ကို မည်သို့မည်ပုံ ပြုစုပျိုးထောင်လေမည်နည်းဟူသည့် အသေးစိတ်နည်းလမ်းများ မပါရှိသည်ဖြစ်၍ ဟန်လိသည် အချိန်တစ်ခုကြာ စိတ်ကသိကအောက် ဖြစ်ရသည်။
တကယ်တကယ့် ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ခုလက်ရှိကာလတွင် မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်ရုံသာမက ကြည့်ရတာ ထူးခြားဆန်းပြားသော ထိပ်ဆုံးအဆင့်သုံးဆယ်ရှိ အင်းဆက်များမှာလည်း ကျင့်ကြံခြင်းလောက၌ မျိုးသုဉ်းနေခဲ့လောက်ပေပြီ။ အကြောင်းမှာ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူသည် ရှေးဟောင်းမှတ်တမ်းများကို စူးစမ်းလေ့လာခဲ့ခြင်း၊ သူ ကိုယ်တိုင် သုတ်သင်ခဲ့သော အင်းဆက်များကိုသာ တဘက်သပ်အားဖြင့် ထိုစာရင်းကို စီခဲ့တာ ဖြစ်သည်။ သူ သတ်မှတ်စီစဉ်ထားခဲ့သော ထူးခြားဆန်းပြားသည့် အင်းဆက်များ၏ ရှေ့ပိုင်းအဆင့်များက မည်မျှ အကိုးအကား ပြု၍ ရတာ၊ မရတာကိုတော့ မိုးကောင်းကင်ကသာ သိနိုင်ပေလိမ့်မည်။
ဟန်လိအနေဖြင့် မျိုးတုံးပျောက်ကွယ် လေပြီဖြစ်သော ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ရလိုက်နိုင်ခြင်းသည် ကံကောင်းထောက်မ၍ တိုက်ဆိုင်မှုတစ်ခုကြောင့်သာ ဖြစ်သည်။ မည်သည့်အကြောင်းရင်းကြောင့် မျိုးပွားကျန်ရစ်ခဲ့သနည်းဟု မသိရသော ထိုရွေဝါးမြိုခြင်းပိုးတောင်မာများသည် အစွယ်အပွားကျွန်းပေါ်တွင် အကြောင်းတစ်ခုခုကြောင့် ရှေးအချိန်များတည်းက တည်ရှိနေခဲ့ပုံ ရသည်။
မြေငလျင်များ၊ မုန်တိုင်းများကြောင့်လည်း ၎င်းထူးခြားဆန်းကြယ်အင်းဆက်များသည် နိုးထမလာနိုင်တာက အကျိုးအကြောင်းသင့်သည်ဟု ဆိုနိုင်သည်။ သို့သော် ဟန်လိက သူ့လှိုဏ်ဂူကို တည်ဆောက်ပြီးနောက်မှာ သူ ယူလာခဲ့သော ဆန်းကြယ်အင်းဆက်များက ၎င်းပိုးတောင်မာများကို နိုးထစေလာခဲ့တာ ဖြစ်ရမည်။ ဟန်လိ၏ အင်းဆက်အမျိုးမျိုး အငွေ့အသက်က မြေအောက်သို့ ဖြည်းဖြည်းချင်း စိတ့်ဝင်ကာ ရွှေပိုးတောင်မာများ၏ စားချင်သောက်ချင်စိတ်ကို မြင့်တက်လာစေခဲ့တာ ဖြစ်လိမ့်မည်။
အစတုန်းကတော့ ၎င်းပိုးတောင်မာများသည် ဟန်လိ၏ အင်းဆက်များကို တိုက်ခိုက်လာနိုင်သော်လည်း ၎င်းတို့၏ သဘာဝရန်သူတော် ဖြစ်သည့် သွေးကျောက်စိမ်းပင့်ကူများကို ကြောက်လန့်နေသောကြောင့် ဟန်လိ၏ လှိုဏ်ဂူအနီးအနားထံ နီးကပ်စွာ ချဉ်းကပ်မလာဝံ့တာ ဖြစ်ခဲ့လိမ့်မည်။ ထို့ကြောင့် ယင်းပိုတောင်မာများသည် အစွယ်အပွားကျွန်းတွင် ပုန်းကွယ်နေရင်း ဟန်လိ၏ လှိုဏ်ဂူကို စောင့်ကြည့်နေကြတာ ဖြစ်ခဲ့လိမ့်မည်။
နောက်ဆုံးတစ်ခေါက် ပင်လယ်သို့ ခရီးနှင်သည့်အခါတုန်းက ဟန်လိသည် သူ၏ သွေးကျောက်စိမ်းပင့်ကူများကိုပါ ခေါ်ဆောင်လာခဲ့သည်ဖြစ်၍ အနှီရွေဝါးမြိုခြင်းပိုးတောင်မာများသည် ပေါ်တင် ထွက်ပေါ်လာခဲ့တာပင်။ နောက်ပိုင်း ဟန်လိက အစွယ်အပွားကျွန်းထံ ပြန်လာသည့်အခါ သူ တွေ့မြင်ခဲ့ရသည်က ၎င်းရွှေဝါးမြိုခြင်းပိုးတောင်မာများက သူ မွေးထားခဲ့သော အင်းဆက်များအားလုံးကို စားပစ်ခဲ့ပြီး ၎င်းတို့၏ အသိုက်ကို ဆေးဥယျာဉ်တွင် အထိုင်ချခဲ့တာကိုပင်။ ဟန်လိသည် ခိုးကြောက်ခိုးဝှက် ပြန်လာသည့်အခါ သူက ယင်းပိုးတောင်မာများကို တထိုင်တည်း ဖမ်းနိုင်ခဲ့တာ ဖြစ်လေ၏။
ဟန်လိထံ၌ ထိုအင်းဆက်များကို မည်သို့ပျိုးထောင်ရမလဲနှင့် ပတ်သတ်ပြီး မသိမှတော့ ဟိုစမ်းစမ်းဒီစမ်းစမ်း လုပ်ကြည့်ရပေတော့မည်။
ဦးဆုံးအနေဖြင့် ဟန်လိသည် အခန်းထဲ၌ အင်းဆက်များကို အစာအဖြစ် ကျွေးသည်။ ပိုးတောင်မာ ရာချီက ချက်ခြင်းပင် ၎င်းအင်းဆက်များကို စားသောက်ပစ်၏။ ထိုသည်ကို တွေ့ရသည့်အခါ ဟန်လိမှာ အတော်လေး ကျေနပ်သွားသည်။ သို့သော် ဟန်လိ၏ ပျော်ရွှင်မှုက လအနည်းငယ်သာ ခံလိုက်သည်။ ပိုးတောင်မာများကို အစာမြောက်များစွာ ကျွေးပြီးနောက်မှာလည်း ၎င်းတို့သည် နည်းနည်းလေးမျှ ကြီးထွားမလာတာကို သူ တွေ့ရသည် မဟုတ်လား။ ဟန်လိ၏ စိတ်ထဲ၌ သုန်မှုန်မိသွားသည်။ သူက နောက်ထပ်တခြားနည်းလမ်းတစ်ခုကို အသည်းအသန် စဉ်းစားကြည့်၏။
ယင်းပိုးတောင်မာများသည် ဒြပ်စင်ငါးခုနှင့် စိတ်ဝိညာဉ်ချီတို့ကို စားသောက်ရတာ နှစ်သက်၍ ဟန်လိသည် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးတချို့နှင့် သတ္တုများကိုပါ ကျွေးကြည့်သည်။ ၎င်းတို့ကို ဝါးမြိုပြီးနောက်မှာ ပိုးတောင်မာများသည် နည်းနည်းလေးမျှ ပြောင်းလဲမသွားသေး။ ဟန်လိမှာ အတော့်ကို စိတ်ဓာတ်ကျသွားပြန်သည်။
ထိုအခါ သူသည် ၎င်းပိုးတောင်မာအခန်းထဲ၌ ရွှေနောက်ကျောဓားခုတ်ကောင်ထံမှ ရခဲ့သော ၎င်း၏ သက်မဲ့ဥများကို ပစ်ထည့်ပေးသည်။ ထိုဥများကို စားသောက်ပြီးသည့်နောက်မှာ ပိုးတောင်မာများ၏ စိတ်ဝိညာဉ်ချီသည် နောက်ဆုံး၌ စတင် ပြောင်းလဲသည်။ ပို၍ ကြမ်းလာပုံ ပေါ်သည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် အံ့အားသင့်ကျေနပ်သွားသည်။ သူက ပို၍လည်း ပူပန်မိသွား၏။ ၎င်းရွှေပိုးတောင်မာများသည် တခြားသော အင်းဆက်များကို စားသောက်ပြီးမှသာ အရွယ်ရောက်နိုင်သည်လား။ ဤသည်မှာ ပြဿနာကြီးတစ်ခုပင်။ သူ့၌ သူ၏ သွေးကျောက်စိမ်းပင့်ကူများကလွဲ၍ နောက်ထပ် အင်းဆက်များ မရှိနေတော့ပေ။
အကူအညီမဲ့စွာဖြင့် ဟန်လသိည် သိုးနှင့်ဝက်ထီးအသားတို့ကိုပါ ပိုးတောင်မာများ၏ အခန်းထဲသို့ ပစ်ထည့်ပေးသည်။ ထိုပိုးတောင်မာများသည် ပို၍ ကြမ်းကြုတ်ရက်စက်လာသည်ကလွဲ၍ နည်းနည်းလေးမျှ တိုးတက်လာသော အရိပ်အယောင်များကို မပြသပေ။
တခြားရွေးချယ်စရာ မရှိ၍ ဟန်လိသည် စိတ်ဝိညာဉ်ဆေးပင်များကို တဖြည်းဖြည်း ရင့်မှည့်စေကာ ဝိညာဉ်အစာဆေးလုံးများကို စတင်ဖော်စပ်ကြည့်သည်။
အရင်တုန်းက ဟန်လိသည် ဆေးလုံးများကို သူ့ကိုယ်ပိုင်မှော်စွမ်းအား တိုးတက်ရန်အတွက်သာ သန့်စင်ခဲ့တာ ဖြစ်သည်။ အခုမှ ပထမဆုံးအကြိမ်အဖြစ် သည်ဆေးလုံးကို သန့်စင်ဖူးတာ ဖြစ်၏။
ရက်အချို့ ကြာပြီးနောက်မှာတော့ ဟန်လိသည် သူ၏ ပထမဆုံးသော ဝိညာဉ်အစာဆေးလုံးများကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့သည်။ ဟန်လိသည် ရွေဝါးမြိုခြင်းပိုးတောင်မာများကို ၎င်းဆေးလုံးတို့အား ကျွေးသည်။ သူ့ပင့်ကူနှစ်ကောင်ကိုလည်း တစိတ်တပိုင်း ကျွေးသည်။ ရလဒ်က ဟန်လိကို အပျော်လွန်သွားစေသလို စိုးရိမ်ပူပန်မှုလည်း ဖြစ်ပေါ်သွားစေသည်။
ထိုဝိညာဉ်အစာဆေးလုံးများက နတ်ဆိုးသားရဲများကိုကော၊ အင်းဆက်များကိုကောပါ အကျိုးအာနိသင်ရှိစေတာ တွေ့ရသည့်အခါ သူ့အနေဖြင့် ပျော်ရွှင်သွား၏။ သို့ပေမည့် ရွှေဝါးမြိုခြင်းအင်းဆက်များနှင့် သွေးကျောက်စိမ်းပင့်ကူများ၏ ပြောင်းလဲမှုတို့က လုံးဝ ကွဲပြားသွားသည့်အပေါ် သူသည် စိုးရိမ်ပူပန်လာသည်။
သူသည် သွေးကျောက်စိမ်းပင့်ကူနှစ်ကောင်ကိုလည်း ဝိညာဉ်အစာဆေးလုံးငါးလုံးစီ ကျွေးခဲ့သည်။ နောက်တနေ့၌ ၎င်းတို့၏ စိတ်ဝိညာဉ်ချီသည် သိသိသာသာ တိုးလာခဲ့သည်။ ရွှေဝါးမြိုခြင်းပိုးတောင်မာများကတော့ သိသိသာသာ ထူးခြားသွားတာ မရှိပေ။ မသိမသာ တိုးတက်လာရုံလောက်သာ။
ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ အရေအတွက်က များပြားလွန်းသောကြောင့် ၎င်းတို့၏ ကြီးထွားမှုက လျော့နည်းတာဟု ခန့်မှန်းမိသည်။ ထိုနည်းလမ်းသည် အကျိုးအမြတ်များစွာကို ဖြစ်စေနိုင်လောက်မည် မဟုတ်ပေ။
သည်ပိုးတောင်မာအုပ်က အရေအတွက်ရာချီ၏။ သူက ၎င်းတို့၏ အစစ်အမှန်ခွန်အားကို ပြသရန် အရေအတွက်ထောင်သောင်းချီ လိုအပ်သည့်အကြောင်း တွေးမိသည့်အခါတွင်တော့ ဟန်လိသည် ထိုအင်းဆက်များကို ဆက်ပြုစုပျိုးထောင်မည့် အတွေးကို ဆုံးရှုံးသွားတော့သည်။
ထိုသို့ ကောက်ချက်ချပြီးနောက်မှာ ဟန်လိသည် ၎င်းတို့ကို ပြုစုပျိုးထောင်ဖို့ စိတ်မဝင်စားတော့ဘဲ ကျန်သည့် ဝိညာဉ်အစာဆေးလုံးများကို သူ့ သွေးကျောက်စိမ်းပင့်ကူနှစ်ကောင်ကိုသာ ကျွေးပစ်တော့သည်။ ပိုးတောင်မာများကို နေ့စဉ် အင်းဆက်အနည်းငယ်သာ ကျွေးတော့သည်။
ဤသို့ဖြင့် ကောင်းကင်ကြယ်မြို့ကို ဟန်လိ ရောက်လာခဲ့တာ နှစ်တစ်ဝက်လောက် ရှိလာခဲ့ပေပြီ။
သူ့အင်းဆက်များကို ပျိုးထောင်ခြင်းအပြင် ဟန်လိကိုယ်တိုင်မှာလည်း တံခခါးပိတ်ကျင့်ကြံနေခဲ့ပြီး အဆင့်နှစ်ရုပ်သေးများနှင့် အဆောင်မျိုးစုံကို အရူးအမူး သန့်စင်ဖန်တီးနေခဲ့သည်။
ဟန်လိသည် ခုထိ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ မရောက်သေးသည် ဖြစ်၍ သူသည် အလယ်အလတ်အဆင့် မှော်ပညာရပ်များကို မဖမ်းဆုပ်နိုင်သေး၊ အလယ်အလတ်အဆင့် အဆောင်များကို မသန့်စင်နိုင်သေးပေ။ အဆောင်များစွာကို ဖန်တီးခဲ့ပြီးနောက်မှာ သူ့အဖို့ အဆင့်နိမ့်အဆောင်များကို ဖန်တီးသည့်နေရာတွင် မြင့်မားသောအောင်မြင်မှုနှုန်းကို ရရှိလာခဲ့ပြီ။
အဆင့်နှစ်ရုပ်သေးများကို ဖန်တီးရာတွင် အဓိက လိုအပ်သော ပစ္စည်းအမယ်မှာ နှစ်ရာချီသက်တမ်းရှိသော သံသစ်သားဖြစ်၏။ ဟန်လိသည် သံသစ်သားကို အလျင်အမြန် သက်တမ်းရင့်မှည့်စေနိုင်သည် ဖြစ်၍ ရုပ်သေးတစ်ရုပ် ဖန်တီးပြုလုပ်သည့်အခါ သူ့အတွက် ကုန်ကျစရိတ်သည် တဝက်ကျော်ထိ သက်သာသွားသည်။
ရုပ်သေးများ သန့်စင်ဖို့အတွက် လိုအပ်သော စိတ်ဝိညာဉ်များကိုတော့ အင်ပါယာယွဲ့၏ ဝိညာဉ်စုဝေးခြင်းခွက်တွင် အသိဉာဏ်ဆုံးရှုံးသွားတာ ကြာပြီဖြစ်သော စိတ်ဝိညာဉ်အရိုင်းများစွာ ရှိပေသည်။
နောက်ဆုံးတွင်တော့ ပုံစံတူ ရုပ်သေးနှစ်ရာလောက်ကို ဖန်တီးနိုင်ခဲ့ပြီးနောက်မှာ ဟန်လိသည် အတော့်ကို စိတ်ကျေနပ်သွားသည်။ သို့သော် ထိုရုပ်သေးများဖန်တီးခြင်းသည် ဟန်လိ၏ စိတ်ဝိညာဉ်ကျောက်တုံးများကို သိသိသာသာ ကုန်သွားစေခဲ့သည်။ ရုပ်သေးတစ်ကောင်ကို ဖန်တီးဖို့အတွက် ကုန်ကျစရိတ်က သိပ်များလှသည် မဟုတ်သော်ငြား ရုပ်သေးနှစ်ရာအတွက်ကတော့ လူတစ်ယောက်ကို စွန့်အသွားစေနိုင်သည့် ပမာဏလောက်ထိကို ဖြစ်သွားသည်။
ခုချိန်ခါတွင် ဟန်လိ တံခါးပိတ်နေခဲ့တာ နှစ်နှစ်တင်းတင်း ရှိလာခဲ့ပေပြီ။
ထိုနှစ်နှစ်အတွင်း ဟန်လိသည် ဝိညာဉ်အစာဆေးလုံးများနှင့် သူ့သွေးကျောက်စိမ်းပင့်ကူနှစ်ကောင်ကိုလည်း အစာ ကျွေးမွေးခဲ့သည်။ အားကောင်းလှသော ဆေးစွမ်းအား၏ အကူအညီဖြင့် ထိုသားရဲကောင်နှစ်ကောင်၏ အဆင့်မျာလည်း တိုးတက်လာပြီး အဆင့်တစ်အထွတ်အထိပ်နတ်ဆိုးသားရဲကောင်များ ဖြစ်လာခဲ့ချေပြီ။
ထိုအချိန်အတွင်း ဝိညာဉ်သေသည် ရှေးပတီခွက်ကို လုံးဝသန့်စင်နိုင်လုပြီး ဖြစ်၏။ သူက ထိုမှော်ရတနာကို ဖန်တီးသူ မဟုတ်၊ သူ့စိတ်ကို ၎င်းအထဲသို့ ပေါင်းစပ်နိုင်ခြင်း မရှိသော်ငြားလည်း သူသည် ၎င်းကို သူ၏ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စုပ်ယူနိုင်ခဲ့ကာ ထိုမှော်ရတနာ၏ ခုနစ်ဆယ်ရာခိုင်နှုန်းခွန်အားကို ထုတ်ဖော်နိုင်ပြီ ဖြစ်၏။
ဟန်လိသည် အရင်တုန်းက ဝိညာဉ်သေကို သူ၏ ကိုယ်ပိုင်မှော်ရတနာကို ဖန်တီးစေဖို့ စဉ်းစားခဲ့ဖူးသည်။ သို့သော် မှော်ရတနာများ ဖန်တီးဖို့အတွက် သတ္တုအမယ်များ၏ ကုန်ကျစရိတ်က အမှန်တကယ် မပေါ့လှပေ။ သူ့တွင် ကျန်နေသော စိတ်ဝိညာဉ်ကျောက်တုံးများဖြင့်ဆို သူ့အနေဖြင့် သာမန်မှော်ရတနာတစ်ခုကိုပင် မဖန်တီးနိုင်မှာကို စိုးမိခဲ့သည်။ ထို့အပြင် မှော်ရတနာဟူသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်အတွင်း လွယ်လင့်တကူ ဖန်တီးနိုင်သည့် အရာမျိုး မဟုတ်ပေ။ အနည်းဆုံး ထိုမှော်ရတနာ၏ စဦးအဆင့်ခွန်အားကို ထုတ်ဖော်နိုင်ဖို့ဆို အချိန်အားဖြင့် နှစ်သုံးဆယ်လောက် ယူရလိမ့်မည်။ သို့ပေမည့် ဟန်လိမှာ ထိုမျှအချိန် ရှိမနေပေ။
သူ့အတွက် အသည်းအသန် အလိုအပ်ဆုံးမှာ စိတ်ဝိညာဉ်ဆေးများ သန့်စင်ဖော်စပ်ဖို့အတွက် နတ်ဆိုးသားရဲအမြုတေ အမြောက်အများပင်။ သို့မှသာ သူသည် အနှစ်သာရသုံးခုဆင့်ကဲပြောင်းလဲခြင်း ပညာရပ်၏ ဒုတိယမြောက်စက်ဝန်းအတွက် ကြိုပြင်ဆင်နိုင်မှာ မဟုတ်လား။
တံခါးပိတ်နေပြီး သူ၏ ဆန်းကြယ်သော အင်းဆက်များကို ပျိုးထောင်ခြင်း သို့တည်းမဟုတ် ရုပ်သေးအမြောက်အများကို သန့်စင်ဖန်တီးခြင်းတို့သည် နတ်ဆိုးသားရဲများကို အမဲလိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်နေခြင်းသာ။ ဟန်လိသည် ဝိညာဉ်သေကို အဓိကအင်အားအဖြင့် ထားပြီး သူ့ရုပ်သေးများ၊ သွေးကျောက်စိမ်း ပင့်ကူများ၊ မန္တာန်အစီအရင်များနှင့် သူကိုယ်တိုင်တို့က အကူအင်အားအဖြစ် လှုပ်ရှားမည် ဆိုလျှင် အဆင့်ငါးနတ်ဆိုးသားရဲများကို များစွာ အခက်အခဲ မရှိဘဲ အမဲလိုက်နိုင်မလားဟု သိချင်နေမိသည်။
ထိုအတွေးစိတ်ကူးဖြင့် နောက်ဆုံးမှာတော့ ဟန်လိသည် သူ၏ လှိုဏ်ဂူထဲကနေ ဝိညာဉ်သေကိုပါ ခေါ်၍ ကောင်းကင်ကြယ်မြို့သို့ ထွက်လာခဲ့ပေသည်။ သူသည် ပြင်ပပင်လယ်များသို့ သွား၍ အဆင့်မြင့်နတ်ဆိုးသားရဲများကို အမဲလိုက်ချင်သည် ဖြစ်၍ သူ့အဖို့ နတ်ဆိုးများ၏ အချက်အလက်၊ သူ့ကို ခေါ်ဆောင်ပေးမည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ ဧရိယာတို့အကြောင်းကို သိဖို့လိုသည်။ ထိုသို့ဖြင့် ဟန်လိသည် သူ့အတွက် လိုအပ်သော အရာများကို ရလေမလားဟု မျှော်လင့်ချက်ဖြင့် ဈေးမြို့ထဲသို့ လာခဲ့တော့သည်။
ကောင်းကင်ကြယ်မြို့၏ ဈေးသည် ပညာရှိတောင်၏ ပထမဆုံးအလွှာမှာ တည်ရှိ၏ ပထမဆုံးအလွှာ၏ နေရာအများစုကို နေရာယူထား၏။
ထိုဈေးတွင် နေ့စဉ် ရောင်းဝယ်နေကြသော သတ္တုအမယ်ပစ္စည်းများနှင့် မှော်ပစ္စည်းများ၏ ပမာဏသည် ဟန်လိ အရင်က မြင်ဖူးခဲ့သော မည်သည့်မြို့ထက်မဆို အဆမတန်ပိုများပြားပြီး ပိုကြွယ်ဝပိုစည်ပင် လှသည်။