ကျောက်စိမ်းနက်ကျွန်း
Vol. 29 Ch. 393
ပြီးခဲ့သော နှစ်နှစ်အတွင်း ဟန်လိသည် သူ့ရုပ်သေးများအတွက် လိုအပ်သော သတ္တုအမယ်များကို ဖြည့်တင်းဖို့အတွက် တံခါးပိတ်နေရာကနေ လေးငါးကြိမ်လောက် အပြင်သို့ ထွက်ခဲ့ရသည်။ သူသည် ထိုခရီးစဉ်များအတွင်း ကြီးကြီးမားမား ဝယ်ယူခဲ့သောကြောင့် ဆိုင်ရှင်အများက သူ့မျက်နှာကို အတော်အတန် ရင်းနှီးခဲ့ပေပြီ။ နည်းနည်းပါးပါး စပ်စုပြီးနောက် ဆိုင်ရှင်များထံမှ သူ့အတွက် လိုအပ်သော သတင်းအချက်အလက်များကို ရခဲ့ပြီး ဟန်လိသည် ဂိတ်တံခါးဖြူအဆောက်အဦဟု ခေါ်သော စာအုပ်ဆိုင်တစ်ခုသို့ သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ထိုဆိုင်တွင် ပြန့်ကြဲကြယ်ပင်လယ်များတွင် ခုလက်ရှိ၌ သိရှိကြသော နတ်ဆိုးသားရဲများအားလုံး၏ အချက်အလက်များကို စုဆောင်းထားသည်။ ဟန်လိက စိတ်ဓာတ်တက်ကြွသွားပြီး စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်ကျော်သုံးကာ ၎င်းအချက်အလက်များကို ပုံတူရခဲ့ပေသည်။ ပြင်ပကြယ်ပင်လယ်များရှိ နတ်ဆိုးသားရဲကျွန်းနှင့် ပတ်သတ်သည့် အချက်အလက်များကိုတော့ ထိုဆိုင်ကနေ အနည်းအကျဉ်းသာ သိခဲ့သည်။
သူ၏ ရည်ရွယ်ချက်များ အောင်မြင်သည် ဖြစ်၍ ဟန်လိသည် သူ နေထိုင်သော လှိုဏ်ဂူသို့ ပြန်လာရန် စီစဉ်ထားခဲ့သည်။ သို့သော် အပြန်လမ်းတွင် သူက သိုလှောင်အိတ်များနှင့် ဝိညာဉ်သားရဲသိုလှောင်အိတ်များ ကို အထူးပြုထားသော ဆိုင်တစ်ဆိုင်ကို ဖြတ်ကျော်သည်။ ခုလက်ရှိတွင် သူ့ကိုယ်ပေါ်၌ သယ်ဆောင်လာသော ပစ္စည်းများက များလွန်းနေပြီ။ သူ့သိုလှောင်အိတ်လေးခုတွင် ရုပ်သေးနှစ်ရာနှင့် ပြည့်နေသဖြင့် ၎င်းတို့ကို အသုံးပြုရတာ အဆင်သိပ်မပြေမှန်း ဟန်လိ တွေ့ရှိရ၏။ ထို့အပြင် သူသည် နတ်ဆိုးသားရဲများကို အမဲလိုက်ဖို့ ပင်လယ်သို့ ခရီးထွက်ရန် စီစဉ်ထားသည် ဖြစ်ရာ သူ့အဖို့ ထိုသားရဲများ၏ အဖိုးတန်သော ခန္ဓာကိုယ်အစိတ်အပိုင်များကို သိမ်းဆည်းဖို့အတွက် နေရာလွတ် ပိုလိုနေသည်။
သို့ဖြစ်၍ သူသည် များများ ပိုဆန့်သော သိုလှောင်အနည်းငယ်ကို ပြင်ဆင်ထားချင်၏။
တစ်နာရီလောက်ကြာပြီးနောက်မှာ ဟန်လိသည် အဆင့်မြင့်စွမ်းဆောင်ရည်နှင့် သိုလှောင်အိတ်နှစ်ခုကို စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်ကျော် သုံးခဲ့ရပြီးနောက်မှာတော့ ဆိုင်ထဲကနေ စိတ်နှလုံး အနည်းငယ် နာကျင်ဟန်ဖြင့် ပြန်ထွက်လာခဲ့တော့သည်။ ယင်းသိုလှောင်အိတ်တို့က သူ၏ အရင်သိုလှောင်အိတ်များထက် ဆယ်စလောက် ပိုစွမ်းဆောင်ရည်ကောင်းမှတော့ သူ၏ ပစ္စည်းအမယ်မျိုးစုံကို ထည့်သိမ်းရန် လုံလောက်နိုင်လောက်ပြီ။
ယင်းနောက်တွင်တော့ ဟန်လိသည် ကောင်းကင်ကြယ်မြို့၏ ထိပ်ဆုံးအဆင့်ရှိသည့် ရက်ရက်ရောရောလေလံအိမ်နားကနေ ဖြတ်လျှောက်လာစဉ် ၎င်းအဆောက်အဦထဲသို့ တချက် လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သွားသည်။
ထိုလေလံပွဲအတွက် ပစ္စည်းအမယ်အသေးစိတ်က ဟန်လိကို ငမ်းငမ်းတပ်လိုချင်စိတ် ဖြစ်မိစေသည်။ အဆင့်ခြောက်နတ်ဆိုးရဲသုံးကောင်၏ အမြုတေများသာမက မှော်ရတနာသန့်စင်ဖန်တီးဖို့အတွက် လိုအပ်သော အဆင့်မြင့် မှော်ပစ္စည်းများလည်း ပါသည်။ သူ တခါမျှ မကြားဖူးခဲ့သော ရှားပါးပစ္စည်းအမယ်များစွာကိုတော့ ပြောနေရန်ပင် မလိုတော့ပေ။
ကံဆိုးသည်ကတော့ ဟန်လိကဲ့သို့ စိတ်ဝိညာဉ်ထောင်ချီသာ ပိုင်ဆိုင်သော ကျင့်ကြံသူများသည် ဘာကိုမျှ ဝယ်ယူရန် မတတ်နိုင်တာပင်။ အကြောင်းကား သည်လေလံပွဲအဆောက်အဦထဲသို့ ရှားပါးပစ္စည်းအမယ်များ ရောက်သွားသည့်အခါ မူလတန်ဖိုးထက် တဝက်ကျော်လောက် တိုးမြင့်သွားဖို့ များသောကြောင့်ပင်။
နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိသော စိတ်ဝိညာဉ်ပင်များသည် ရှားပါးပြီး မြင့်မားသောဈေးမြို့ လေလံတင်၍ ရနိုင်သည်။ သို့ပင်ငြားလည်း ဟန်လိသည် မည်သည့်ပြဿနာကိုမျှ စွဲဆောင်မိသလို မဖြစ်ချင်ပေ။ တကယ်တော့ သူ့၌ စိတ်ဝိညာဉ်ကျောက်တုံးများ ကင်းမဲ့နေသည်ဟုတော့ သူ ခံစားရကောင်း ခံစားမိနိုင်သော်လည်း သူသည် တအား ဆင်းရဲသွားသော အဆင့်တော့ ဟုတ်မနေပေ။ သို့ဖြစ်၍ မလိုလားအပ်သော ပြဿနာများကို ရှောင်တာက ပိုကောင်းသည်။
ဈေးမြောက်လွန်းသော လေလံပစ္စည်းအမယ်များကို တချက်လောက် ထပ်ကြည့်ပြီးနောက်မှာတော့ ဟန်လိသည် သူ့လှိုဏ်ဂူထံသူ ပြန်လာသည်။
တစ်လလောက်ကြာပြီးနောက်မှာတော့ ဟန်လိသည် သူ့အတွက် စီစဉ်စရာ ရှိတာများကို လက်စသပ်ပြီးပြီ။ ထိုအချိန်အတွင်း သူက ပြင်ပနယ်မြေရှိ နတ်ဆိုးသားရဲများ၏ အားနည်းချက်များနှင့် ဝိသေသများကို အထူးပြု၍ လေ့လာထားခဲ့သည်။
သို့ပေမည့် သည်နေ့တွင် ဟန်လိသည် ရုတ်တရက် အားပါးတရ ထရယ်ကာ ပျော်ရွှင်မြူးထူးသွားလေ၏။ သူ့လက်ထဲတွင်လည်း ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားလျက်။ ထို့နောက်တွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူက လှိုဏ်ဂူထဲကနေ ပြေးထွက်ကာ ဈေးမြို့ထံ ပျံသန်းလာခဲ့သည်။
သည်လိုဖြင့် မျက်စိတမှိတ်အတွင်း နှစ်ဝက်လောက် ကုန်လွန်သွားခဲ့လေပြန်ပြီ။ ဟန်လိနှင့် ဝိညာဉ်သေတို့သည် ကောင်းကင်ကြယ်မြို့၏ ငါးဆယ်မြောက်အလွှာတွင် ပေါ်လာပြီး သလင်ကျောက်များဖြင့် တည်ဆောက်ထားသော ခန်းမတစ်ခုရှေ့မှာ ရပ်နေကြသည်။ ထိုခန်းမ၏ အဝင်ဝအပေါ်တွင် ဆယ်မီတာကျော်လောက်အရှည်ရှိမည့် ကောင်းကင်ကြယ်နန်းတော် ဟူသည့် ရွှေရောင်စာလုံးများဖြင့် ရေးသားထားသော ဆိုင်းဘုတ်တစ်ခု ရှိနေသည်။ ခုလက်ရှိ သည်ခန်းမအပြင်ဘက်တွင် မည်သူမျှ ရှိမနေပေ။
ဟန်လိသည် ဝိညာဉ်သေနှင့်အတူ အထဲသို့ တည်တည်ငြိမ်ငြိမ် လျှောက်လာသည်။ သေးသယ်ပြီး တိုတောင်းသော လျှောက်လမ်းတစ်ခုကို ဖြတ်ကျော်လာပြီးနောက်မှာတော့ ဟန်လိ၏ အမြင်တွင် ပေခုနစ်ဆယ်ကျော်လောက် အမြင့်ရှိမည့် ခန်းမကြီးတစ်ခု ပေါ်လာသည်။ ထိုခန်းမအတွင်း၌ အမျိုးသားလေးယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် ကြယ်နန်းတော်မှ အဖြူရောင်ဝတ်စုံဖြင့် ကျင့်ကြံသူတစ်ယောက်နှင့် စကားပြောနေကြသည်။ သူတို့၏နောက်တွင် အရွယ်တူ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များသည် တတန်းတည်း တည်ရှိနေသည်။ ထိုတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုချင်းစီ၏ ရှေ့တွင် ကျောက်ပြားငယ်တစ်ခုစီ ရှိကြသည်။ ထိုကျောက်ပြားငယ်များပေါ်တွင် အစီအရင်၏ ပန်းတိုင်နေရာများ၏ အမည်များကို ရေးထိုးထားသည်။
ဟန်လိသည် ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များအပေါ် ထပ်မံ အာရုံမစိုက်တော့၊ သူ့စိတ်ဝိညာဉ်အာရုံဖြင့် တခြားကျင့်ကြံသူများကို ဝေ့ဝိုက်ကြည့်ရှုသည်။ သူ တုန်လှုပ်အံ့အားသင့်သွားသည်။ သည်နေရာတွင် ရှိနေသောသူများ၏ တဝက်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်များ ဖြစ်ကာ တခြားတဝက်ကတော့ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်များပင်။ ဟန်လိနှင့် ဝိညာဉ်သေတို့ ဝင်လာသည့်နောက်မှာ ထိုထဲမှ ခြောက်ယောက်သည် မသိမသာ အံ့အားသင့်သွားကြသည်။
အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူများသည်လည်း ဟန်လိနှင့် ဝိညာဉ်သေတို့ ထွက်ပေါ်လာမှုကြောင့် စဉ်းစားမရ ဖြစ်သွားသည်။ တခြားငါးယောက်ကမူ ဟန်လိတို့နှစ်ယောက် ရောက်လာသည့်အပေါ် ပျော်ရွှင်ဟန် ပြကြသည်။
“ဒီရောင်းရင်းနှစ်ယောက်ကလည်း နတ်ဆိုးကျွန်းတွေဆီ သွားချင်တာများလား။ ကျမတို့နဲ့ တူညီတဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဝင်ပူးပေါင်းပြီး ကုန်ကျစရိတ်ကို မျှခံကြမလား…”
အသက်သုံးဆယ်ဝန်းကျင်လောက်ရှိမည့် စွဲဆောင်မှုရှိသော အမျိုးသမီးသည် ရုတ်တရက် ချိုသာစွာ ပြုံး၍ ပြောလာသည်။ ဟန်လိသည် ခဏ ကြောင်သွားပြီး သူက ချက်ခြင်း မတုန့်ပြန်ပေ။ ထိုအစား သူက သည်အစီအရင်တွင် တာဝန်ရှိသော အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူထံ လှမ်းကြည့်ကာ အနည်းငယ်စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။
“စီနီယာ…အဲ့လိုမျိုး လက်ခံလို့ရလား…”
“ရတာပေါ့။ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုတာက လူအရေအတွက်ကို အခြေခံထားတာ မဟုတ်ဘူး။ တစ်ယောက်တည်းပဲ သွားသွား ဒါမှမဟုတ် ခုနစ်ယောက်ပဲ သွားသွား ကုန်ကျစရိတ်ကတော့ စိတ်ဝိညာဉ်ကျောက်တုံး ခုနစ်ရာပဲ။ ဒါပေမဲ့ တကြိမ်မှာတော့ ခုနစ်ယောက်ပဲ အများဆုံး တည်နေရာရွှေ့ပြောင်းပေးတယ်…”
အဖြူရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် မထူးခြားနားစွာ ပြောသည်။
ဟန်လိသည် သူ၏ ရှင်းပြမှုအတွက် တလေးတစားဖြင့် ကျေးဇူးတင်ကြောင်း ပြောသည်။ ထို့နောက်တွင် သူက အမျိုးသမီးထံ လှည့်ကာ ပြုံး၍ မေးသည်။
“ခင်ဗျားတို့ကလည်း နတ်ဆိုးသားရဲကျွန်းကို သွားဖို့ ဆုံးဖြတ်ထားကြတာလား။ ကျုပ်ရဲ့ ဦးလေးနဲ့ ကျုပ်ကတော့ ကျောက်စိမ်းနက်ကျွန်းကို သွားချင်နေတာ…”
“ကျောက်စိမ်းနက်ကျွန်းလား…” ထိုအမျိုးသမီးသည် ခဏ မင်သက်သွားသည်။ သူမနောက်မှ သူများထံ လှည့်ကြည့်ပြီးနောက်မှာတော့ ရယ်ကာမောကာဖြင့် ချက်ခြင်း ပြန်ဖြေသည်။
“တိုက်ဆိုင်လိုက်တာ။ ကျမတို့လည်း ကျောက်စိမ်းနက်ကျွန်းကို သွားမလို့ စီစဉ်ထားကြတာ…”
ဟန်လိ၏ အမူအရာသည် မပြောင်းလဲသွားပေ။ သို့သော် သူက စိတ်ထဲကနေတော့ နှာခေါင်းရှုံ့သည်။
“တိုက်ဆိုင်တယ်တဲ့လား…”
ထိုသူများသည် သူတို့ သွားမည့်ကျွန်းကို အရေးမစိုက်တာ သိသာသည်သာ။ သို့ပေမည့် ဟန်လိက သူတို့နှင့်အတူ သွားပါက စိတ်ဝိညာဉ်ကျောက်တုံးများကို သက်သာစေမည် ဖြစ်၍ သူလည်း သဘောတူကာ ခေါင်းညိတ်ပြသည်။
အုပ်စုတစ်စုချင်းစီက စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာကို အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူထံ ကမ်းပေးလိုက်ပြီးနောက် သူတို့အားလုံးသည် ကျောက်စိမ်းနက်ကျွန်းပေါ် ဦးတည်မည့် အစီအရင်ပေါ်တွင် ရပ်ကြသည်။ ထို့နောက်တွင် အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူသည် သူတို့၏ခန္ဓာကိုယ်များအပေါ် တည်နေရာရွှေ့ပြောင်းခြင်း အဆောင်တစ်ခုစီကို နေရာချပေးသည်။ ထိုအဆောင်သည် မဟာရွှေ့ပြောင်းခြင်းတံဆိပ်ပြားကဲ့သို့ အလားတူ သက်ရောက်မှု ရှိပုံ ပေါ်ကာ အဝေးသို့ တည်နေရာရွှေ့ပြောင်းစဉ် ကြုံရမည့် ဘေးဒုက္ခများအား တားဆီးပေးနိုင်တာ ဖြစ်ချေလိမ့်မည်။
ယင်းအဆောင်သည် ထိုသို့ အကာအကွယ်ပေးနိုင်သော်လည်း အကွာအဝေးတစ်ခုလောက်ထိသာ သက်ရောက်မှု ရှိမည် ဖြစ်ကာ တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ မဟာရွှေ့ပြောင်းခြင်းတံဆိပ်ပြားကမူ ၎င်းထက် အပြတ်အသာ သာလွန်၏။ သို့ပေမည့် မည်သို့ပင်ဖြစ်ပါစေ ၎င်းအဆောင်မှာ ကြယ်နန်းတော်မှ အဆောင်ဆရာသခင်များသာ ဖန်တီးနိုင်သော ရှားပါးပစ္စည်းတစ်ခုသာ။ ယင်းတို့ကို အပြင်ဘက်တွင် မရောင်းချကြပေ။
ဟန်လိသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ပတ်ပတ်လည်ရှိ စိတ်ဝိညာဉ်ကျောက်တုံးများက အဖြူရောင်အလင်းတောက်ပသွားသည့်အခါ နည်းနည်းတော့ စိတ်ပူမိသည်။ ထိုအလင်း လွင့်ပြယ်သွားပြီးနောက်မှာတော့ ဟန်လိနှင့် တခြားသူများက ရိုးရှင်းသော အခန်းတစ်ခုထဲ၌ ရောက်နေကြပြီ။ သူတို့က ဘာပြဿနာမှ မရှိလေဘဲ တည်နေရာရွှေ့ပြောင်းတာ အောင်မြင်ခဲ့လေပြီ။ ထို့အပြင် အသစ်ရောက်လာသော ဟန်လိတို့ ခုနစ်ယောက်အပြင် ကြယ်နန်းတော်မှ ကျင့်ကြံသူတစ်ယောက်သည်လည်း အခန်းထဲ၌ ဟန်အမူအရာကင်းမဲ့စွာဖြင့် ခပ်တည်တည် ရှိနေ၏။
ကြယ်နန်းတော်မှ ကျင့်ကြံသူသည် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူ ဖြစ်ကာ အခန်းထောင့်တွင် ထိုင်နေ၏။ တည်နေရာရွှေ့ပြောင်း၍ ပြီးသည့်အခါ သူက ဟန်လိနှင့် တခြားသူများကို ဟန်အမူအရာကင်းမဲ့စွာဖြင့် တချက် ကြည့်ပြီးနောက် မျက်လုံး ပြန်မှိတ်ကာ သူတို့အား ဆက်၍ အာရုံစိုက်မနေတော့ပေ။
ဟန်လိသည် သည်အခန်းထဲ၌ ပုံမှန်မဟုတ်သော စိတ်ဝိညာဉ်ချီအနည်းငယ်ကို ခံစားမိသည်။ သည်ကျောက်သားအခန်းက ကြီးမားပြီး တံခါးတချပ် ပွင့်နေ၏။ ထိုပွင့်နေသော တံခါးချပ်ကနေ အပြင်ဘက်မှ ခပ်တိုးတိုး စကားပြောသံကို ကြားရနိုင်ပြီး တချက်တချက် အလင်းအရိပ်များ ဖြတ်ဖြတ်သွားတာကိုပါ မြင်ရသည်။
ဟန်လိက အခန်းပတ်လည်ကို သိချင်စိတ်ဖြင့် ကြည့်မိနေရင်း တခြားသူများသည် အစီအရင်ထဲကနေ စိတ်ထဲ၌ အကြံကိုယ်စီဖြင့် လှမ်းထွက်လာသည်။ သို့ပေမည့် အသက်ကြီးကြီး အနီရောင်မျက်နှာပိုင်ရှင် အမြုတေဖွဲ့စည်းခြင်းကျင်ကြံသူတစ်ယောက်က ရုတ်တရက် ခေါင်းလှည့်ကာ မေးသည်။
“ရောင်းရင်းကကော ကျုပ်တို့နဲ့အတူတူ ပူးပေါင်းချင်ပါသလား။ နတ်ဆိုးအမြုတေတွေကို ရောင်းချပြီးရင် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ကျုပ်တို့ ခွဲဝေကြမယ်လေ…”
“မလိုပါဘူး။ ကျုပ်နဲ့ ကျုပ် သိုင်းတူလေးမှာ တခြားအစီအစဉ် ရှိလို့ပါ။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ကြပါ…”
ဝိညာဉ်သေက မျက်နှာသေဖြင့် ထိုကမ်းလှမ်းချက်ကို ပယ်ချလိုက်၏။
ထိုအဘိုးအိုသည် အငြင်းခံရမှုအပေါ် နည်းနည်းတော့ စိတ်ပျက်သွားပြီး သူက သက်ပြင်းချကာ ပြောသည်။
“တကယ်ကို စိတ်မကောင်းစရာပဲ။ ရောင်းရင်းသာ ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆို အဆင့်ခြောက်နတ်ဆိုးသားရဲတွေကို အမဲလိုက်ဖို့က သိပ်ပြဿနာ ရှိမှာ မဟုတ်လောက်ဘူး…”
“ကြည့်ရတာ ခင်ဗျားတို့နှစ်ယောက်က ခုမှ နတ်ဆိုးသားရဲကျွန်းကို လာဖူးတာနဲ့ တူတယ်။ ကျုပ် ခင်ဗျားတို့ကို အကြံတစ်ခုတော့ ပေးလိုက်အုံးမယ်။ ခင်ဗျားတို့ဟာ ဒီမှာ ရှိတဲ့ အဆင့်မြင့်နတ်ဆိုးသားရဲတွေနဲ့ ပတ်သတ်ပြီးတော့ ပူပန်ရမယ့်အပြင် စိတ်ယုတ်တဲ့ ကျင့်ကြံသူတွေရဲ့ အလစ်အငိုက်တိုက်ခိုက်တာကိုပါ သတိထားဖို့တော့ လိုလိမ့်မယ်။ အဲ့လို ဖြစ်လာနိုင်တဲ့အတွက် အုပ်စုလိုက် သွားလာလှုပ်ရှားတာက ပိုကောင်းတယ်။ ခင်ဗျားသာ စိတ်ပါရင်တော့ ကျုပ်တို့က ပျော်ပျော်ကြီး ကြိုဆိုပါတယ်…”
ဟန်လိသည် ခဏ တိတ်ဆိတ်သွားသည်။ ထို့နောက်တွင် ဝိညာဉ်သေသည် တဟားဟား ရယ်မောကာ အခန်းထဲကနေ ထွက်သွားလေတော့သည်။
“ဒါက ဘာများလဲ…” ဟန်လိသည် ဘေးပတ်ဝန်းကျင်ကို အံ့အားတသင့်ဖြင့် ကြည့်ရှုမိသွား၏။
သည်နေရာရှိ နေရာတိုင်းတွင် လမ်းသွယ်လေးများ ရှိနေသည်ဟု ဆိုပါက မှားလိမ့်မည် မဟုတ်ပါ။ အကြောင်းကတော့ သည်နေရာတွင် စီးပွားရေးမျိုးစံကို အနှံ့အပြား လုပ်နေကြသောကြောင့်ပင်။ အဆောင်များ၊ မှော်ပစ္စည်းများ၊ ပစ္စည်းကောင်းများ၊ အကျိုးအမြတ်များ ရောင်းချခြင်း စသဖြင့် စုံလင်လှသည်။ ဆိုင်တိုင်းတွင်လည်း အထဲ၌ ပျင်းရိပျင်းတွဲထိုင်နေသော ဆိုင်ရှင်တစ်ယောက်သာ ရှိ၏။
ထိုဆိုင်များသည် အတော်လေးက ဆောက်လုပ်ထားတာ ပုံစံမကျပေ။ ၎င်းဆိုင်များကို ကျောက်သားသုံး၍ ဆောက်ထားတာ မဟုတ်။ သစ်လုံးများဖြင့် ဆောက်ထား၏။ ဟန်လိသည် ထိုဆိုင်များမှာ လေပြင်းတချက် တိုက်ခိုက်လျှင်ပင် ခံနိုင်ပါ့မလားဟု သံသယ ဖြစ်မိ၏။
ထို့အပြင် သည်ဆိုင်ခန်းများသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အခန်းကို ဗဟိုထားကာ ဝိုင်းပတ်၍ ပျံ့နှံ့ တည်ရှိနေတာပင်။ အစီအကျတော့ မကျလှပါ။ ဆိုင်ကို အစဉ်လိုက်အတန်းလိုက် ကြည်ရှုသူများအဖို့တော့ မြင်ကွင်းက သိပ်မကောင်းလှဟု ခံစားရနိုင်သည်။