← Chapters

ကျွန်းငယ်ပေါ်ရှိ ကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများ

Vol. 29 Ch. 394

ကျွန်းငယ်ပေါ်ရှိ ကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများ

Vol. 29 Ch. 394

ဟန်လိကို စဉ်းစားမရ အဖြစ်စေဆုံးကတော့ သည်ဆိုင်များ ဝန်းကျင်မှာ ငြိမ်သက်တိတ်ဆိတ်နေခြင်းပင်။ ဆိုင်အပြင်ဘက်တွင် လူတစ်ဦးတစ်လေမျှ ရှိမနေပေ။

တကိုယ်တည်း တီးတိုးရေရွတ်ပြီးနောက်မှာတော့ သူက တိတ်တဆိတ် ပြုံးသည်။ သူ ဘယ်လောက် မေ့လိုက်သလဲ။ သည်နေရာမှာ အတွင်းပိုင်းကြယ်ပင်လယ်များကဲ့သို့ သာယာသော နေရာ မဟုတ်လေပေ။ သည်ကျွန်းများထံ အသစ်ရောက်လာသော သတ္တိကောင်းသည့်သူများသည်ပင် အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်တွင် ရှိကြသည်။ သူတို့အားလုံးမှာ သားရဲများကို အမဲလိုက်ဖို့အတွက်သာ လာကြတာ မဟုတ်လား။

ထို့နောက်တွင်တော့ ဟန်လိသည် ဘေးပတ်ပတ်လည်သို့ တချက်ကြည့်သည်။ တောင်ငယ်တစ်ခု၏ အနောက်ဘက်ခြမ်းမှာ တည်ဆောက်ထားသော နေရာတစ်ခုကို သူ တွေ့သည်။

ခဏ စဉ်းစားပြီးနောက်မှာ သူသည် ထိုဆိုင်ထံ ဦးတည်လျှောက်လာသည်။

“အနီးအနားပင်လယ်ရဲ့ ပင်လယ်မြေပုံအသစ်တွေဘာတွေ ရှိနိုင်မလား…”

ဟန်လိက သည်မလာခင် နတ်ဆိုးသားရဲကျွန်းများ၏ မြေပုံများက အဆက်မပြတ် ပြောင်းလဲနေတတ်တာကို သိခဲ့ပြီး ဖြစ်သည်။ အသစ်အဖြစ်ဆုံး မြေပုံများကသာ အသုံးတည့်ဆုံး ဖြစ်နိုင်လိမ့်မည်။

“ကျနော်တို့မှာ ရှိတာပေါ့။ ကျနော်တို့မှာ ယေဘုယျမြေပုံတွေကော အသေးစိတ်မြေပုံတွေကော ရှိပါတယ်။ စီနီယာ ဘယ်တစ်ခုကိုများ လိုချင်တာများလဲ…”

ထိုဆိုင်ရှင်မှာ သက်လတ်ပိုင်းအရွယ် ချီစုဆောင်းခြင်းကျင့်ကြံသူတစ်ယောက်ပင်။

“အသေးစိတ်မြေပုံ…” ဟန်လိက ချက်ခြင်း ပြန်ဖြေသည်။

“အသေးစိတ်မြေပုံကတော့ စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာ ကျသင့်ပါတယ်…”

သက်လတ်ပိုင်းလူက ပြောင်ပြောင်တင်းတင်း ဈေးစကားဆိုသည်။

“တစ်ရာ ဟုတ်လား…” ဟန်လိသည် သူများ နားကြားမှားသွားသလားဟု ခံစားမိသည်။ သို့သော် တအောင့်အကြာတွင် သူ့မျက်နှာ သုန်မှုန်ကာ ဒေါသတကြီးဟန် ပေါက်၏။ သူသည် မည်သည့်ပြဿနာမျှ မဖြစ်ချင်သော်ငြားလည်း သည်အဆင့်နိမ့်ကျင့်ကြံသူလေးက သူ့အပေါ် တင်တင်စီးစီးဖြင့် မဖြစ်သင့်သော ဈေးလာခေါ်တာကိုတော့ ခွင့်မပြုနိုင်ပေ။

“စီနီယာ…နားလည်မှု လွဲတာပါ။ ဒီဈေးက ကျနော် ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ကျနော်ရဲ့ အထက်သူကြီးတွေက သတ်မှတ်တာပါ။ ကျနော်က အမိန့်နာခံရုံပါပဲ။ ဒါ့အပြင် တခြားကျင့်ကြံသူတွေက ကျနော်တို့ကို ရောင်းချတဲ့ မြေပုံအသစ်တွေရဲ့ ဈေးကလည်း မြောက်လှပါတယ်…”

ဟန်လိ၏ တုန့်ပြန်မှုကို မြင်သည့်အခါ ထိုကျင့်ကြံသူက ကြောက်ရမည့်အစား သေချာ ရှင်းပြလာသည်။

“မင်းရဲ့ အကြီးအကဲတွေ ဟုတ်လား။ မင်းတို့ရဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းက ဘာလဲ…”

ဟန်လိသည် ဒေါသ ပြေသွားပြီးနောက်မှာ မျက်မှောင်ကြုတ်၍ မေးသည်။ သူက သည်ဆိုင်ခန်းငယ်လေးများသည် နတ်ဆိုးသားရဲကျွန်းများပေါ်၌ စီးပွားရေး လုပ်နိုင်မည် မဟုတ်မှန်း ကောင်းကောင်းနားလည်သည်။ သည်ဆိုင်များမှာ ဓာတ်လေးပါးကုန်သွယ်ရေးအဖွဲ့၏ အခွဲတစ်ခုပင် ဖြစ်နိုင်လောက်မည်။

ခဏ တုန့်ဆိုင်းပြီးနောက်မှာ ထိုသက်လတ်ပိုင်းလူသည် ပြုံး၍ တုန့်ပြန်သည်။

“ဟားဟား…စီနီယာက ဗဟုသုတကြွယ်ဝတာပဲ။ ဂျူနီယာက ရက်ရက်ရောရော ကုန်သွယ်ရေးအဖွဲ့ကြီးရဲ့ လက်အောက်ကပါ…”

“ဒါက ကောင်းကင်ကြယ်မြို့တော်မှာရှိတဲ့ ရက်ရက်ရောရောလေလ့အိမ်နဲ့ အဖွဲ့အစည်းချင်း တူတူပဲပေါ့။ ဓာတ်လေးပါး ကုန်သွယ်ရေးအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်တစ်ခုလား…”

“အမှန်ပါပဲ…စီနီယာ…”

စကားဆက်ရှည်မနေတော့ဘဲ ဟန်လိက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ဆိုင်ရှင်ထံ ပစ်ပေးလိုက်သည်။ ဆိုင်ရှင်ကလည်း ရယ်ကာမောကာဖြင့် ဟန်လိကို ကျောက်စိမ်းပြားတစ်ခု လှမ်းပေးသည်။

ဟန်လိသည် ထိုကျောက်စိမ်းပြားကို ယူပြီးနောက်မှာ တခြားဆိုင်များကို တချက်ကြည့်ကာ မေးလိုက်သည်။

“တခြားဆိုင်တွေကလည်း ရက်ရက်ရောရောကုန်သွယ်ရေးအဖွဲ့ရဲ့ အစိတ်အပိုင်းတွေပဲလား…”

“ဘယ် ဟုတ်ပါ့မလဲ။ အနောက်ဘက်မှာ ရှိတဲ့ ကုန်လှောင်ရံတစ်ခုက လွဲလို့ တခြားစီးပွားရေးတွေဟာ တခြားကုန်သွယ်ရေး အဖွဲ့အစည်းတွေက တည်ထောင်ထားတာ ဖြစ်ပြီး ကျနော်တို့နဲ့ ပတ်သတ်မှု မရှိပါဘူး…”

ထိုသူသည် တခြားဆိုင်များထံ တချက်ကြည့်ပြီးနောက်မှာ အနည်းငယ် ရန်လိုဟန်ဖြင့် ပြောပြသည်။

သည်စကားကို ကြားပြီးနောက်မှာ ဟန်လိသည် တဖက်သို့ လှည့်ကာ နောက်ထပ်စကားမဆိုတော့ဘဲ ဝိညာဉ်သေကို ခေါ်၍ ထွက်လာခဲ့တော့သည်။

သူ၏ နတ်လေလှေနှင့် ပျံသန်းရင်း တွေးနေစဉ်မှာ ကောင်းကင်ထက်ကနေ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ဆင်းသက်လာပြီး သည်ဆိုင်ရှေ့မှာ ခြေချသည်။ ထိုအလင်း ပျောက်ကွယ်သွားချိန် ဗလတောင့်တောင့် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် ပေါ်လာသည်။

“ကောင်လေးဖန်…မင်း အဆင်ပြေနေတာပေါ့…” ထိုသူသည် ဆိုင်သို့ ရောက်လာပြီးနောက်မှာ ကျယ်လောင်စွာ အော်ဟစ်သည်။ ထို့နောက်တွင် သူ့ရင်ဘက်ထဲမှ သိုလှောင်အိတ်တစ်ခုကို ထုတ်ကာ ပစ်ပေးလိုက်သည်။ သက်တံအလင်းဝဲဂယက်တစ်ခု ဖြာထွက်ခြင်းနှင့်အတူ ဆယ်မီတာလောက်ရှိမည့် ကြောက်မက်ဖွယ်ငါးတစ်ကောင်၏ အလောင်းတစ်ခုသည် မြေပြင်ထက်တွင် ပေါ်လာသည်။

၎င်းက ငါးတစ်ကောင် ဖြစ်သည်ဟု ဆိုသော်ငြားလည်း ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်ကြေးခွံများကသာ ငါးနှင့်တူသည့်အရာဟူ၍ ရှိလေသည်။ ၎င်းသည် စပါးအုံးဦးခေါင်းနှင့် ဝမ်းဗိုက်၌လည်း လက်သည်းကြီးများ ပိုင်ဆိုင်ထားပေသည်။ ၎င်း၏ ကျောအထက်ပိုင်းတွင် သွေးစိမ့်နေသော အပေါက်ကြီးတစ်ပေါက် ရှိသည်။ ၎င်း၏ သားရဲအမြုတေသည် ထုတ်ယူခံရပြီးပုံ ပေါ်၏။

“စီနီယာ…ရောက်လာပြီပဲ။ ဒီကျောက်စိမ်းကြေးခွံငါးက သက်ဖို့အတော်လေး ခက်ခဲတယ်။ ဒီကောင့်ကို သတ်နိုင်တယ်ဆိုတော့ စီနီယာမှာ တကယ်ကို အရည်အချင်း ရှိနေတာပဲ…”

ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူသည် ဆိုင်ထဲကနေ အလျင်အမြန် ပြေးထွက်လာကာ ၎င်းနတ်ဆိုးသားရဲကို ခပ်သွက်သွက်ကြည့်ကာ စူးစမ်းသည်။ သူက ထိုဗလတောင့်တောင့်လူကြီးကို ချီးကျူးစဉ် ထိုသူသည် အားပါးတရ ရယ်မောလေ၏။ သူ့ပုံစံက သူရဲကောင်းတစ်ယောက်၏ ဟန်ပန်မျိုးနှင့်ပင်။

ရုတ်တရက် သူက ဟန်လိနှင့် ဝိညာဉ်သေတို့ဘက်သို့ လှည့်ကြည့်သည်။ သူတို့ကို ခဏ စူးစမ်းကြည့်ပြီးနောက်မှာတော့ ထိုသူက လှမ်းအော်သည်။

“မင်းတို့ကို မတွေ့ဖူးဘူးပဲ။ မင်းတို့က ခုမှ ရောက်လာတာနဲ့ တူတယ်။ မင်းတို့ ကျုပ်နဲ့အတူတူ နတ်ဆိုးသားရဲတွေကို အမဲလိုက်ချင်စိတ် ရှိလား…”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် စိတ်ထဲကနေ ပြုံးမိသည်။ ဝိညာဉ်သေက ခေါင်းယမ်းကာ ငြင်းဆန်၏။

ထိုသူမှာ စိတ်ပျက်လက်ပျက်ဟန် ဖြစ်သွားသည့် အရိပ်အယောင် ပေါ်၏။ သို့သော် သူက ခပ်တင်းတင်း ဆက်ပြောသည်။

“ကျုပ်က ဟောင်ယွမ်ထျန်ပဲ။ ဒီကျောက်စိမ်းနက်ကျွန်းအကြောင်း ကျုပ်က တော်တော်လေး သိထားတယ်။ ခင်ဗျား စိတ်ပြောင်းခဲ့ရင် ကျုပ်ကို လာရှာပါ…”

ထိုသို့ပြောကာ သူသည် ဆိုင်ရှင်ထံမှ စိတ်ဝိညာဉ်ကျောက်တုံးများပါသော အိတ်ကို ယူကာ တချက် စစ်ဆေးကြည့်ပြီး အစိမ်းရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၍ ထွက်သွားလေသည်။

ဟန်လိသည် စဉ်းစားနေရင်း သူ့မူလနေရာမှာသာ ရပ်နေသည်။

အနီရောင်မျက်နှာနှင့်လူကော၊ သည်ဟောင်ဆိုသည့်လူကောက သူတို့နှင့် ပူးပေါင်းရန် သူ့ကို ဖိတ်ခေါ်ခဲ့ပေသည်။ ကျောက်စိမ်းနက်ကျွန်းသို့ ရောက်လာသော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အရေအတွက်က အတော်လေးများ၏။ ထိုသူတို့မှာ အုပ်စုလိုက် သွားလာပါက နတ်ဆိုးသားရဲများကို အမဲလိုက်ရာတွင် ဘေးကင်းနိုင်လောက်သည်။ သည်အကြောင်းကို ဟန်လိသည် လေ့လာထား၍ သိရှိထားပြီး ဖြစ်သည်။ သူ့စိတ်ထဲ၌သာ ကိုယ်ပိုင်အစီအစဉ်များ ရှိမနေခဲ့လျှင် သူ့အနေဖြင့် သူတို့ထဲမှ တစ်ယောက်ယောက်၏ ဖိတ်ခေါ်မှုကို လက်ခံမိလောက်မည်။

သူသည် ခုလေးမှ ဝယ်ယူခဲ့သော ကျောက်စိမ်းပြားမြေပုံကို သေချာ ကြည့်ရှု၍ နတ်လေလှေနှင့် ကျွန်း၏ အစွန်းထံ ဦးတည် ပျံသန်းလာခဲ့သည်။

ကျောက်စိမ်းနက်ကျွန်းမှာ တအား မကြီးမားပေ။ တအောင့်ကြာပြီးနောက်မှာ ဟန်လိသည် ကျွန်းအစွန်အဖျားကို ရောက်လာသည်။ နတ်လေလှေပေါ်တွင် ရပ်၍ ဘေးဘီဝန်းကျင်ကို ကြည့်သည်။ သူ့မျက်လုံးမှာ စိတ်အားတက်ကြွမှုဖြင့် အရောင်တောက်သွားသည်။ သူက ဦးတည်ရာတစ်ခုကို ရွေးချယ်ကာ အဆုံးမဲ့ပင်လယ်များထံ ပိုနက်နက်သို့ ပျံသန်းလာခဲ့သည်။

သူသည် ကျင့်ကြံမှုနက်နဲသော နတ်ဆိုးသားရဲများ၏ ကွန်းခိုရာရေပြင်နှင့် နီးနီးကပ်ကပ် မသွားလာဝံ့ပေ။ ထိုသားရဲများက ပင်လယ်ကြမ်းပြင်တွင် ကွယ်ဝှက်နေထိုင်ကြသော်လည်း သူတို့အထက်၌ ဖြတ်သွားသော သက်ရှိများကို မကြာဆိုသလို စားသောက်တတ်ကြပေသည်။ သို့ဖြစ်၍ ဟန်လိသည် အတော်လေးကို ဂရုစိုက်နေ၏။

အလားတူပင် ဟန်လိသည် ပြင်ပပင်လယ်ပြင်၌ ခပ်မြင့်မြင့်ကနေလည်း မပျံသန်းဝံ့ပေ။ ပင်လယ်သားရဲများကသာ သည်ပင်လယ်တွင် ကျက်စားကြတာ မဟုတ်။ ငှက်အမျိုးအစား သားရဲများသည်လည်း ပင်လယ်ပြင် အထက်ကောင်းကင်မှာ လှည့်လည်သွားလာလေ့ ရှိသည်။ လူတစ်ယောက်က သူတို့၏ အမြင်အာရုံထဲ ကျရောက်သွားပါက အလွန်အန္တရာယ်များသွားနိုင်သည်။

မည်သို့ပင်ဖြစ်စေ ဤနည်းလမ်းမှာလည်း အမြဲတမ်းတော့ မှန်နေတာတော့ မဟုတ်ပေ။ ပင်လယ်ပြင်နယ်နိမိတ်တစ်ခုချင်းစီမှာ အခြေအနေများ ခပ်ယောင်ယောင် ကွဲပြားမှု ရှိသည်သာ။ လူတစ်ယောက်၏ ဘေးကင်းလုံခြုံမှုကို ရာနှုန်းပြည့် အာမမခံနိုင်ပေ။ နှစ်စဉ်နှစ်တိုင်း နတ်ဆိုးသားရဲများ၏ အမြုတေများအတွက် အမဲလိုက်ချင်၍ နတ်ဆိုးသားရဲကျွန်းများထံ တည်နေရာရွှေ့ပြောင်းလာခဲ့သော ကျင့်ကြံသူများ ရှိကြသည်။ သို့ပေမည့် သူတို့ထဲ၌ လုံးဝ ပြန်မလာနိုင်သော အရေအတွက်မှာ သိသိသာသာကို ရှိနေသည်။ ပြောကြသည်မှာ အဆင့်မြင့်နတ်ဆိုးသားရဲများသည် အမြုတေဖွဲ့စည်းခြင်းအဆင့် အမဲလိုက်သူများကို ဝါးမြိုပစ်ခဲ့ကြသည် ဟူ၍ပင်။

ပြင်ပကြယ်ပင်လယ်များတွင် နတ်ဆိုးသားရဲများကို အမဲလိုက်နိုင်ခြင်းမှာ ကြီးမားလှသော အကျိုးအမြတ်များကို ရနိုင်တာ ရှင်းလင်းထင်ရှားသော်ငြားလည်း တချိန်တည်းမှာ အန္တရာယ်လည်း များလွန်းသည်ပင်။ သို့ဖြစ်၍ သည်ကျွန်းများသို့ ရောက်လာကြသော ကျင့်ကြံသူအားလုံးမှာ သဘောတူညီမှုများထား၍ အုပ်စုဖွဲ့ကာ အတူတကွ အမဲလိုက်လေ့ ရှိသည်။ သို့မှသာ သူတို့၏ ဘေးကင်းမှုက တိုးလာနိုင်မည် မဟုတ်လား။

သို့ပေမည့် အရေအတွက်များစွာ အုပ်စုဖွဲ့ခြင်းကိုတော့ တားမြစ်ထားသည်။ အရင်တုန်းက နတ်ဆိုးသားရဲကျွန်းများပေါ်ရှိ ကျင့်ကြံသူအားလုံးက အတူတကွ အမဲလိုက်ခဲ့ကြသည်။ သူတို့သည် အချိန်တခုလောက်တော့ အောင်မြင်ခဲ့သေးသည်။ ယင်းနောက်မှာတော့ ထိုသို့ လူအများအပြား အုပ်စုဖွဲ့ခြင်းသည် အဆင့်ခုနစ်နှင့် ၎င်းအထက်ရှိ နတ်ဆိုးသားရဲအုပ်များကို အာရုံစိုက်စရာ ဖြစ်စေခဲ့သည်။ ထိုအခါ သေတာကြေတာကို ပြောမနေတော့နှင့်။ ကျွန်းတစ်ခုလုံးပါ အလုံးစုံ ဖျက်စီးခံခဲ့ရသည်။

ထိုသို့ နှစ်ကြိမ်နှစ်ခါ ဖြစ်ပြီးနောက်မှာ မည်သူကမျှ အတိတ်တုန်းကကဲ့သို့ လူများစွာဖြင့် အုပ်စုမဖွဲ့ဝံ့ကြတော့ပေ။ ယနေ့ခေတ်တွင် သူတို့သည် အများဆုံးမှ ဆယ့်နှစ်ယောက်အုပ်စုသာ ဖွဲ့၍ အုပ်စုငယ်လေးများအဖြစ်သာ အမဲလိုက်ကြတော့သည်။

အရင်က ထိုအကြောင်းများက သူ့စိတ်ထဲ ပေါ်လာသည့်အခါ ကျောက်စိမ်းနက်ကျွန်းမှ ပျံသန်းထွာလာခဲ့ပြီးနောက် ဟန်လိ၏ အမူအရာသည် ပျက်ယွင်းနေတော့သည်။

သူက သူ့အားကောင်းလှသော စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်၍ သူ့ခန္ဓာကိုယ် မီတာတစ်ရာ ပတ်လည်ထိ ဖြန့်ကျက်ဝန်းရံထားစေရုံသာမက သူ့နတ်လေလှေကိုလည်း အမြန်ဆုံးနှုန်းဖြင့် လေထုကို ဖြတ်သန်း၍ ခရီးနှင်လာခဲ့သည်။

ခြောက်နာရီလုံးလုံး ဟန်လိသည် မရပ်ခဲ့ပေ။

ဟန်လိ၏ ကံကတော့ အတော်လေး ကောင်းသည်ဟု ဆိုရမည်။ လမ်းတလျှောက်တွင် သူသည် အတော်လှမ်းလှမ်း အကွာအဝေးတစ်ခုတွင် ကျက်စားနေသော အဆင့်ငါးသားရဲတစ်ကောင်ကို လွယ်ကူစွာ ရှောင်ခဲ့ရသည်ကလွဲ၍ တခြား ဘာပြဿနာမှ မကြုံခဲ့ရပေ။

သုံးရက်လုံး မနားမနေ ပျံသန်းလာပြီးနောက်မှာတော့ ဟန်လိသည် မီးကဲ့သို့ နီရဲရဲ ကျွန်းငယ်တစ်ခုကို လှမ်းမြင်လေပြီ။ သူ ပိုနီးကပ်စွာ ပျံသန်းလာနေသည်။ သူသည် ထိုကျွန်းမှာ ကြက်သွေးရောင်သန္တာတို့ကြောင့် ဖြစ်ပေါ်နေသောကျွန်းဟု မြင်ရပြီ။ နေအလင်းရောင်ကပါ ရောင်ပြန်ဟပ်နေသည့်အတွက် အနှီကျွန်းသည် တော်တော့်ကို လှပသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ဟန်လိသည် ထိုကျွန်းပေါ်၏ အထက်တွင် ရပ်၏။ သူ၏ မျက်နှာထက်တွင် ပျော်ရွှင်ဟန် ဖြစ်ပေါ်သွားသည်။

All Chapters