← Chapters

ခါးသီးစွာဖြင့် တံခါးပိတ်ကျင့်ကြံခြင်း

Vol. 29 Ch. 397

ခါးသီးစွာဖြင့် တံခါးပိတ်ကျင့်ကြံခြင်း

Vol. 29 Ch. 397

ဟန်လိသည် ကျောက်စိမ်းရင့်ကျွန်းပေါ်သို့ ပြန်လာသည့်အခါတွင် သူသည် ဂရုတစိုက်နေထိုင်ခဲ့ပေသည်။ ရုပ်သေးများ သို့မဟုတ် အစီအရင်မန္တာန်များ မရှိဘဲ ပြင်ပကြယ်ပင်လယ်များကို အလျင်စလို ဖြတ်သန်းသွားလာခြင်းမှာ အလွန်အန္တရာယ်များမှန်း သူ သိသည်။

အဆင့်ငါးသားရဲတစ်ကောင်ဆိုလျှင်တော့ ပြဿနာ သိပ်မရှိလှပေ။ သို့ပေမည့် အဆင့်ခြောက်သားရဲတစ်ကောင်၏ အာရုံစိုက်တာကို ခံလိုက်ရပါက သေခြင်းတရားကနေ ရှောင်ဖို့တိမ်းဖို့ ခက်ခဲသွားပေလိမ့်မည်။

သူ့အထင် သူ ရရှိခဲ့သော အမြုတေများသည် အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်းပညာရပ်၏ ဒုတိယတိုးတက်ခြင်း သို့မဟုတ် တတိယတိုးတက်ခြင်းတို့ကို ဖြတ်သန်းရန်အတွက် လုံလောက်ပြီဟု သူ ခန့်မှန်းထားသည်။ သူ ရရှိခဲ့သော ရှားပါးသားရဲများ၏ အစိတ်အပိုင်းများမှာလည်း စိတ်ဝိညာဉ်ကျောက်တုံးများစွာ ထိုက်တန်မည်သာ။ သို့သော် ဟန်လိက လောဘ၏ လွှမ်းမိုးမှုကိုတော့ မခံပေ။ သို့ဖြစ်၍ သားရဲများကို ဆက်၍ အမဲလိုက်ခြင်းမှာ အန္တရာယ်ပိုများလာသည်ဖြစ်၍ သူက ချက်ခြင်းပင် ပြန်ရန် ဆုံးဖြတ်ခဲ့တာ ဖြစ်၏။

ခုချိန်တွင်တော့ သူသည် ပြင်ပကြယ်ပင်လယ်များထံ အတော်ဝေးဝေးထိ ခရီးနှင်ခဲ့ပြီးလေပြီ။ သူ့မြေပုံပေါ်တွင် ထူးခြားသောကျွန်းများအားလုံးကို မှတ်တမ်းမတင်ထားခဲ့လျှင် သူ့အနေဖြင့် နောက်ထပ် သည်ကျွန်းများကို ပြန်ရှာနိုင်လောက်မည် မဟုတ်ပေ။ သူက ပြန်လှည့်ခဲ့လျှင်ပင် လပေါင်းများစွာ အချိန်ကြာမည်ကို သိ၏။ သူက သူ့အသက်ကိုသူ အင်မတန် တန်ဖိုးထားပေ၏။ သို့ဖြစ်၍ သူ့အပြန်လမ်းတွင် ကြမ်းလှသော နတ်ဆိုးသားရဲများနှင့် တွေ့ကြုံရမှာ သို့မဟုတ် သူ့ကို ဓားပြလာတိုက်မည့် ကျင့်ကြံသူများကို စိုးရိမ်နေပေသည်။

နတ်ဆိုးသားရဲများကတော့ ပြဿနာ မဟုတ်လောက်။ သူ့အနေဖြင့် ၎င်းတို့ကို လှည့်ပတ်၍ သွားနိုင်သည်။ မကောင်းကြံမည့် ကျင့်ကြံသူများကတော့ သူ့ကို ကျိန်းသေပေါက် လွှတ်ပေးကြလိမ့်မည် မဟုတ်ပေ။ သူ၏ သားရဲအမြုတေများကို ကာကွယ်ဖို့ ခက်ပေလိမ့်မည်။

ထိုသို့ဖြင့် ဟန်လိနှင့် ဝိညာဉ်သေတို့သည် အပြန်ခရီးစဉ်တွင် သတိကို အမြင့်ဆုံး ထားထားသည်။ သူတို့သည် တခြားကျင့်ကြံသူများ၏ အရိပ်အယောင်ကို မြင်သည်နှင့် ချက်ခြင်း ပုန်းချင်ပုန်း သို့မဟုတ် ထွက်ပြေးကြသည်။

သည်လိုဖြင့် ဟန်လိသည် ဘာပြဿနာမျှ မတတ်လေဘဲ ကျောက်စိမ်းရင့်ကျွန်းသို့ တဖြည်းဖြည်း ပြန်ရောက်လာခဲ့တော့သည်။ ထိုအခါကျမှ သူက စိတ်အေးကာ သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။

ဟန်လိသည် ကျောက်စိမ်းရင့်ကျွန်းပေါ်ရှိ ရှုပ်ထွေးပြွတ်သိပ်နေသော လမ်းငယ်များထဲသို့ ဝင်လာခဲ့သည်။ ဆိုင်ရှင်နှစ်ယောက် လူစားလဲသွားတာကလွဲ၍ အရာအားလုံးသည် သူ စထွက်လာခဲ့တုန်းကနှင့် အတူတူသာ။ ဆိုင်ရှင်များ၏ စိတ်ဝင်စားနေသော အကြည့်များကို အာရုံစိုက်မနေဘဲ ဟန်လိသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိနေသော ကျောက်အခန်းထဲသို့ ဦးတည် လျှောက်လာခဲ့သည်။

ထိုအခန်းထဲရှိ ကြယ်နန်းတော်မှ ကျင့်ကြံသူကို သက်လတ်ပိုင်းလူတစ်ယောက်ဖြင့် အစားထိုးထားသည်။ ဟန်လိနှင့် ဝိညာဉ်သေတို့ ဝင်လာတာ မြင်သည့်အခါ သူက ခပ်ရေးရေး ပြုံး၍ မေးသည်။

“ခင်ဗျားတို့ နှစ်ယောက်က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုကြမလို့လား…”

ဟန်လိသည် သူ၏ အိပ်ယာထပ်သို့ တိုးဝင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေပြီ။

ခုလက်ရှိတွင် သူသည် ကောင်းကင်ကြယ်မြို့ရှိ သူ၏ သုံးဆယ့်ကိုးလွှာထပ်ရှိ လှိုဏ်ဂူသို့ ပြန်ရောက်နေခဲ့ပေပြီ။ သူ့စိတ်ကော၊ ကိုယ်ကောက ပင်ပန်းလွန်းနေပြီ ဖြစ်၍ တခြားဘာကိစ္စကိုမျှ မလုပ်နိုင်သေးပေ။ သူက အရင်ဆုံး သုံးလေးရက်လောက် နှစ်ခြိုက်စွာ အိပ်ပစ်ခဲ့သည်။ ယင်းနောက်မှ သူသည် အားအင်အပြည့်ဖြင့် ပြန်နိုးလာခဲ့ပေသည်။

ပြင်ပကြယ်ပင်လယ်များကို ဖြတ်၍ ခရီးနှင်ရခြင်းမှာ သူ့ကို နည်းနည်းနောနော ပင်ပန်းစေခဲ့တာ မဟုတ်ပေ။ နိုးလာပြီးနောက်မှာ ဟန်လိသည် သူ့လှိုဏ်ဂူ ဘေးပတ်လည်ကို လျှောက်ကြည့်သည်။ သူသည် သည်နေရာကို မရောက်တာ နှစ်ပေါင်းများစွာ မရှိသေးသော်ငြားလည်း သူ့ကိုယ်သူ ဒီနေရာထိုင်ခင်းနှင့် အသားပြန်ကျအောင် လုပ်သင့်သည်ဟု ခံစားမိသည်။

သူ အင်းဆက်များထည့်ထားသော အခန်းထဲသို့ သွားသည့်အခါတွင်တော့ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် နောက်တစ်ကြိမ် ငွေရောင်အလုံးအဝိုင်းကြီးအဖြစ်သို့‌ ပြောင်းကာ အခန်းမျက်နှာကြက်တွင် တွဲခိုနေတာကို မြင်ရလေသည်။

ခဏအကြာတွင် ဟန်လိသည် ဈေးမြို့သို့ သွားကာ ဈေးမြို့တွင် ရောင်းချသော ဆေးဖော်စပ်နည်းများကို ဝယ်ယူလာခဲ့သည်။ ထို့နောက်တွင် သူက ဆေးလုံးဖော်စပ်ခြင်းတွင် သူ့ကိုယ်သူ နှစ်မြုပ်ထားလိုက်တော့သည်။

ဤသို့ဖြင့် ဟန်လိသည် နှစ်နှစ်လုံးလုံး သူ့လှိုဏ်ဂူထဲ၌ ဆေးလုံးမြောက်များစွာကို ဖော်စပ်ရင်း အချိန်ကုန်ဆုံးခဲ့သည်။

သည်အတောအတွင်း သူက သူ့အတွက် မလိုအပ်သော သားရဲခန္ဓာအစိတ်အပိုင်းများကို ကောင်းကင်ကြယ်မြို့ကို လာလည်သော ခရီးသွားကုန်သည်များထံ တဖြည်းဖြည်း ရောင်းချခဲ့ပေသည်။ သို့ဖြစ်၍ သူ့အတွက် အချိန်တစ်ခုလောက်ကတော့ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ပတ်သတ်ပြီး ပူပန်ဖို့ မလိုတော့ပေ။

သည်ကိစ္စများ လက်စသပ်ပြီးနောက်မှာတော့ ဟန်လိသည် သူ့လှိုဏ်ဂူကို ချိပ်ပိတ်ကာ သူ့ကျင့်ကြံမှုကို ဖြိုခွဲရန် စပြင်ဆင်သည်။ သို့သော် ပြင်ပကြယ်ပင်လယ်များတွင် ရှိစဉ်က သားရဲများကို ဖြားယောင်းဖို့အတွက် အသုံးပြုခဲ့သော သက်တမ်းရာချီရှိ သက်တံမြက်ပင်များစွာ ကျန်နေသေးသည်။ ၎င်းမြက်ပင်တို့မှာ များများစားစား ရောင်း၍ ပြု၍လည်း မရပေ။ သို့သော် ဖျက်စီးပစ်ရမှာလည်း နှမြောဖို့ ကောင်းသည်။ ထို့အပြင် ဟန်လိသည် ၎င်းအပင်၏ နတ်ဆိုးသားရဲများကို စွဲဆောင်နိုင်သည့် အာနိသင်အပေါ် သူက စိတ်ဝင်စားမိနေသေးသည်။ သူက ၎င်းမြက်ပင်ကို သေချာလေ့လာကြည့်ချင်၏။

ဟန်လိသည် သူ့အရှေ့ရှိ သက်တံမြက်ပင်၏ ကိုင်းတစ်ခုကို ကြည့်နေပြီး စိတ်ထဲ၌ ထူးခြာသော အတွေးတစ်ခု ပေါ်လာသည်။ ထိုအတွေးက ပိုပိုအားကောင်းလာ၏။

သူက ခေါင်းမော့လာပြီးနောက် သက်တံမြက်ပင်ကို ယူကာ ရွှေဝါးမြိုခြင်းပိုးတောင်မာများ ရှိနေသော အင်းဆက်ခန်းထဲသို့ ရုတ်တရက် လျှောက်လှမ်းလာသည်။ ထို့နောက်တွင် သူက ၎င်းမြက်ပင်များကို အခန်းထဲသို့ ပစ်ထည့်သည်။ သို့သော် ရွေဝါးမြိုခြင်းပိုးတောင်မာများသည် နည်းနည်းလေးမျှ တုန့်ပြန်ဟန် မပြပေ။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် သူ့ကိုယ်သူ လှောင်ရယ်မိသည်။ ခဏ တုန့်ဆိုင်းနေပြီးနောက်မှာ သူက ဝိညာဉ်သေကို ဆေးဥယျာဉ်၌ ထားထားသော သန္တာကျောက်စိုင်ကြီးပေါ်၌ သက်တံမြက်ပင်ကို စိုက်ပျိုးခိုင်းသည်။

ခဏအကြာတွင် ဟန်လိသည် လျှို့ဝှက်အခန်းထဲ ပြန်ဝင်လာပြီး အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်း ပညာရပ်အတိုင်း သူ၏ ကျင့်ကြံမှုကို ပြန့်ကြဲစေသည်။

တည်ငြိမ်ဖို့နှင့် ဘေးကင်းစေဖို့အတွက် ဟန်လိသည် သူ၏ ကျင့်ကြံမှုကို ဖြည်းဖြည်းမှန်မှန် ပြန့်ကြဲစေသည်။ သူက တလလုံးလုံး သူ၏ ကျင့်ကြံမှုကို ဖြည်းဖြည်းချင်း ပြန့်ကြဲစေပြီး သူ့ ဦးတည်ချက်ဖြစ်သော အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ထိ လျော့ကျသွားစေသည်။ ထိုအဆင့်သို့ ရောက်လာသည့်အခါ ဟန်လိသည် တံခါးပိတ်နေရာကနေ ထွက်လာသည်။

အရင်ဆုံး ဆေဝါးများ၏ အကူအညီဖြင့် အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်းပညာရပ်ကို မလေ့ကျင်ခင်မှာ သူ့ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ရဦးမည် ဖြစ်သည်။

ဟန်လိသည် သက်တံမြက်တစ်ပင်ကို ရင့်မှည့်စေရန် အစိမ်းရောင်အရည်စက်တစ်စက်ကို အသုံးပြုပြီး အင်းဆက်အခန်းထဲသို့ ၎င်းအပင်ကို ထပ်ထည့်သည်။ ထို့နောက်တွင် သူက အခန်းအပြင်ဘက်တွင် ရပ်ကာ တံခါးခပ်ဟဟကနေ အထဲသို့ စိုက်ကြည့်နေသည်။ သူ စိတ်ပျက်မိရပြန်သည်။ ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ ငွေရောင်အဝန်းအဝိုင်းသည် နည်းနည်းလေးမျှ မလှုပ်ရှားပေ။ ဤသည်က ဟန်လိကို နည်းနည်းတော့ အံ့အားသင့်စေသော်လည်း တအား စဉ်းစားမရတော့ မဖြစ်စေပေ။ အကြောင်းမှာ သက်တံမြက်သည် နတ်ဆိုးသားရဲအားလုံးအပေါ်သို့ စွဲဆောင်နိုင်သော သက်ရောက်မှု မရှိနေသောကြောင့်ပင်။ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် အဆင့်မြင့်နတ်ဆိုးသားရဲများ ဖြစ်ကြသည့်အတွက် ၎င်းတို့ကို သည်မြက်ပင်၏ ရနံ့က မစွဲဆောင်နိုင်တာ ဖြစ်နိုင်သည်ပင်။

ဟန်လိသည် သက်ပြင်းချမိကာ နောက်ထပ် ထိုမြက်ပင်အပေါ် အစိမ်းရောင်အရည်ကို ထပ်မဖြုံးတီးချင်တော့ပေ။ ထိုအစား သူက သူ့သွေးကျောက်စိမ်းပင့်ကူနှစ်ကောင်ကို ကျွေးဖို့အတွက် ဆေးလုံးများ ဖန်တီးရန်သာ သူ့ရင်းမြစ်များနှင့် အချိန်ကို အပြည့်အဝ အာရုံစိုက်တော့မည်ဟု တွေးနေသည်။ သို့ပေမည့် သူ ထိုသို့တွေးနေစဉ် ပိုးတောင်မာများ၏ ငွေရောင်အဝန်းအဝိုင်းသည် ရုတ်တရက် ကွဲအက်လာသည်။

ရွှေဝါးမြိုခြင်းပိုးတောင်မာရာချီ၏ မျက်လုံးသည် အနီရောင် တလဲ့လဲ့ တောက်ပလာကာ သက်တံမြက်ပင်များထံ အုပ်လိုက်ကြီး ရွှေ့လျားလာကြသည်။ ချက်ခြင်းပင် ၎င်းမြက်ပင်ကို ဝါးမြိုပစ်ကြပြီးနောက် ၎င်းတို့သည် ခပ်တိုးတိုး အော်ငြည်းနေကြသည်။ မတင်းတိမ်ကြသည့် သဘောဖြစ်နိုင်၏။

ထိုမြင်ကွင်းကြောင့် ဟန်လိမှာ မင်သက်သွား၏။ သို့သော် သူက ကျေနပ်ပျော်ရွှင်ဟန်လည်း ဖြစ်ပေါ်မိသည်။

ဟန်လိသည် အင်းဆက်အခန်းကနေ စိတ်လက်ကြည်နူးစွာဖြင့် ထွက်လာပြိး ဝိညာဉ်သေကို သက်တံမြက်ပမာဏတစ်ခု ပစ်ထည့်ရန် အမိန့်ပေးသည်။

တအောင့်အကြာတွင် ဟန်လိသည် သူ့လျှို့ဝှက်အခန်းထဲသို့ သူ့ဆေးဝါးများအားလုံးကို ယူလာခဲ့ပြီး အခန်းတံခါးကို ချိပ်ပိတ်လိုက်တော့သည်။ သူသည် အောင်မြင်သည့်အထိ သို့တည်းမဟုတ် အစွမ်းကုန်အားကုန် ကြိုးစား၍ လေ့ကျင့်တော့မည်ဟု စိတ်ပိုင်းဖြတ်ထားပေသည်။

ဟန်လိသည် အပြည့်အဝ ပြင်ဆင်ထားခဲ့ပြီးပင်။ သည်အခန်းထဲကနေ သူ၏ ကျင့်ကြံမှု အပြည့်အဝ ပြန်မရမချင်း ခြေတလှမ်းမှ မထွက်တော့ရန် ဆုံးဖြတ်ထားသည်။ သူ့လှိုဏ်ဂူရှိ ကျန်သည့် ကိစ္စများကိုတော့ သူ၏ ကိုယ်ပွားဝိညာဉ်သေ ရှိနေသည်မဟုတ်လား။ ဝိညာဉ်သေက ထိုအရေးကိစ္စများကို ဂရုစိုက်ပေးလိမ့်မည်။ သို့ဖြစ်၍ သူ့၌ ပူပန်မှု သိပ်ရှိမနေပေ။

ဟန်လိသည် ပုလင်းထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ကာ မြိုချသည်။ ယင်းနောက် သူက မျက်လုံးမှိတ်၍ ကျင့်ကြံခြင်းအခြေအနေထဲ ဝင်ရောက်လေသည်။

လာမည့်နေ့များတွင် အခန်းအပြင်ဘက်ရှိ ကိစ္စများကို စီမံဖို့ ဝိညာဉ်သေကို အမိန့်ပေးသည်ကလွဲ၍ ဟန်လိသည် ချီသန့်စင်ခြင်းတွင်သာ အာရုံအပြည့်စိုက်နှစ်ထားပေသည်။

အချိန် ကုန်လွန်လာခဲ့သည်နှင့်အမျှ ဟန်လိ၏ စိတ်မှာလည်း လိုအင်ဆန္ဒတို့ မရှိသကဲ့သို့ ခံစားမိလာသည်။ သူက သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်ချီ ကင်းမဲ့သည်ဟု ခံစားမိသည့်အချိန်တိုင်း ဆေးလုံးတစ်လုံး ထုတ်သောက်ကာ ဆက်၍ ကျင့်ကြံသည်။

ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ အပြင်းအထန် ရောက်ချင်စိတ်ဖြင့် တစ်နှစ်ပြီးတစ်နှစ် အပြင်းအထန် ကျင့်ကြံနေတော့သည်။

မျက်စိတမှိတ်အတွင်း ဆယ်စုနှစ်တစ်ခု ကုန်လွန်ခဲ့သည်။ လျှို့ဝှက်အခန်း တံခါးသည် အခုထိ တစ်စက်လေးမျှ မပွင့်ဟလာသေးပေ။ နှစ်နှစ်ဆယ် ကုန်လွန်သွားခဲ့ပြန်ပြီ။ တံခါးက ပိတ်နေတုန်း။

နှစ်သုံးဆယ်….။

အချိန်က ဆက်၍သာ စီးဆင်းနေသည်။ နေ့တွေညတွေက အလီလီ ပြောင်းလျက်။

နှစ်ပေါင်းခြောက်ဆယ်အတွင်း တနေ့၌ ဟန်လိ၏ လှိုဏ်ဂူအထက်တွင် အနက်ရောင်တိမ်တိုက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ရာသီဥတုမှာ ကြီးမားစွာ ရုတ်ချည်း ပြောင်းလဲသွားသည်။

တချိန်တည်းနီးပါးမှာ ကီလိုမီတာရာချီအနီးအနားရှိ စိတ်ဝိညာဉ်ချီ အမျှင်တန်းများသည် ဟန်လိ၏ လှိုဏ်ဂူထံသို့ မြူးကြွလာလေသည်။ မျက်စိဖြင့်ပင် မြင်နိုင်သော စိတ်ဝိညာဉ်ချီဝဲကတော့ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။

ထိုမြင်ကွင်းသည် အနီးအနားရှိ ကျင့်ကြံသူများကို အလန့်တကြား ဖြစ်သွားစေသည်။ အနီးအနားတွင် နေထိုသူများဖြစ်စေ ဖြတ်သွားဖြတ်လာဖြစ်စေ သူတို့အားလုံးသည် ရပ်တန့်ကြသည်။ သို့မဟုတ် သူတို့၏ လှိုဏ်ဂူများထဲမှ ထွက်လာကာ အံ့အားသင့်ဖွယ်မြင်ကွင်းကို ငေးကြည့်ကြသည်။

“အမြုတေဖွဲ့စည်းခြင်း၊ တစုံတစ်ယောက်က အမြုတေဖွဲ့စည်းနေတယ်…” ကျင့်ကြံသူများစွာသည် ထိုမြင်ကွင်းကို ကြည့်နေကြရင်း တီးတိုးရေရွတ်ကုန်ကြသည်။

သူတို့အားလုံးသည် မနာလိုအားကျမှုနှင့် စိတ်ရှုပ်ထွေးခြင်းများ ဖြစ်နေကြသည်။ အများစုကတော့ လေးစားအားကျသော အကြည့်များ ဖြစ်ပေါ်နေသည်။

တချိန်တည်းမှာ သည်ကျွန်းပေါ်ရှိ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ သို့မဟုတ် အဆင့်မြင့်ကျင့်ကြံသူများသည် ကောင်းကင်ကြယ်ကျွန်းပေါ်၌ စိတ်ဝိညာဉ်ချီသည် ထူးခြားစွာ ပြောင်းလဲနေတာကို သတိပြုမိကြသည်။ သူတို့အားလုံးသည် သူတို့၏ အားကောင်းလှသော စိတ်ဝိညာဉ်အာရုံများဖြင့် ထောက်လှမ်းကြည့်ကြရန် သူတို့၏ နေထိုင်ရာနေရာများကနေ ထွက်လာကြသည်။

သူတို့အားလုံးက ဟန်လိ၏ လှိုဏ်ဂူထံ အကြည့်ရောက်သွားကြပြီး သူတို့ထဲမှ အချို့ကတော့ အမူအရာကင်းမဲ့နေသည်။ သို့တည်းမဟုတ် စိတ်လှုပ်တရှား ဖြစ်နေကြသည်။ သူတို့ထဲမှအချို့ဆို မျက်မှောင်ကြုတ်၍ပင် နေသေးသည်။

All Chapters