← Chapters

အမြုတေဖွဲ့စည်းခြင်းနှင့် မှော်ရတနာများ

Vol. 29 Ch. 398

အမြုတေဖွဲ့စည်းခြင်းနှင့် မှော်ရတနာများ

Vol. 29 Ch. 398

လှိုဏ်ဂူထဲရှိ လျှို့ဝှက်အခန်းတံခါးသည် နောက်ဆုံး၌ ပွင့်သွားခဲ့လေပြီ။

အခန်းထဲမှ လူရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း လှမ်းထွက်လာသည်။ သူ့မျက်နှာကို ရှည်လျားသော အမွှေးအမျှင်တို့က ဖုံးအုပ်ထားလျက်။ အဝါရောင်အလင်းတန်းတစ်ခုသည် ထိုအရိပ်ဘေးနားသို့ ဖြတ်ခနဲ ရောက်လာပြီး မာကြောကြော ဟန်ပန်ဖြင့် ဝိညာဉ်သေ၏အသွင် လှစ်ဟပေါ်သည်။

“ဟားဟား…အမြုတေဖွဲ့စည်းခြင်း။ နောက်ဆုံးတော့ ကျုပ်က အမြုတေဖွဲ့စည်းနိုင်ခဲ့ပြီ…”

လျှို့ဝှက်အခန်း၏ အပြင်ဘက်ရှိ ဝိညာဉ်သေကို ကြည့်ပြီးနောက် သူသည် ခေါင်းမော့ကာ အားပါးတရ ရယ်မောလေ၏။

မျက်နှာတခုလုံး ဆံပင်ရှည်များ ဖုံးနေသည့်သူမှာ နှစ်ပေါင်းခြောက်ဆယ်လုံးလုံး တံခါးပိတ်ကျင့်ကြံနေခဲ့သော ဟန်လိသာ။ သူ၏ မျက်လုံးတို့ကမူ တောက်ပနေ၏။ သူ၏ လှုပ်ရှားမှုတိုင်းမှာ ဖိအားတစ်ခုကို သယ်ဆောင်ထားသည်။ သူသည် လုံးဝ မတူကွဲပြားသောသူတစ်ယောက် ဖြစ်လာသည့်နှယ်။

အားပါးတရ ရယ်မောပြီးသည့်နောက်မှာ ဟန်လိသည် လျှို့ဝှက်အခန်းရှိ အပြင်ဘက် မြင်ကွင်းကို ကြည့်သည်။ သူသည် အပြင်လောကကို နှစ်ပေါင်းခြောက်ဆယ်လုံး လစ်လျူရှုထားခဲ့ပြီးနောက်မှာ အရာအားလုံးသည် အတူတူသာ ဖြစ်နေခဲ့သော်လည်း ကြီးမားစွာ ပြောင်းလဲသွားသည်ဟု ခံစားမိရသည်။ သူက သူ့အိပ်ယာထံ လာခဲ့၏။

ဆယ့်ငါးမီနစ်လောက်ကြာပြီးနောက်မှာတော့ ဟန်လိသည် တောက်ပသောအပြုံးတစ်ခုဖြင့် အိပ်ခန်းထဲကနေ ပြန်ထွက်လာသည်။ သူ့မူလအသွင်အပြင်အတိုင်း အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရုပ်သွင် ပြန်ဖြစ်သွားခဲ့လေပြီ။

အေးစက်စက်ဟန်ပန်ဖြင့် ဟန်လိသည် အင်းဆက်အခန်းထံ တည်ငြိမ်စွာ လျှောက်လာခဲ့သည်။

သည်နှစ်ကာလများတွင် ရွှေရောင်ဝါးမြိုခြင်းပိုးတောင်မာများသည် အကြီးအကျယ် ပြောင်းလဲခဲ့ပေပြီ။ ၎င်းတို့၏ အရေအတွက်သာ ထောင်သောင်းချီထိ တိုးပွားခဲ့ရုံသာမက မူလငွေရောင်ကြေးခွံများမှာလည်း ရွှေရောင်အစက်အပြောက်များအဖြစ် ထင်ပေါ်လာခဲ့ပြီ။ ၎င်းတို့သည် အရင်ကထက် ပိုကြမ်း၊ ပိုအရိုင်းဆန်လာပုံ ပေါ်၏။

ဟန်လိသည် နည်းနည်းလေးမျှ အံ့အားမသင့်သွားပေ။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက သူ့ကိုယ်ပွား ဝိညာဉ်သေထံမှ သည်ပိုးတောင်မာများအကြောင်း သိနှင့်ထားခဲ့ပြီး မဟုတ်လား။

ဟန်လိသည် သက်တံမြက်ကို ရွှေဝါးမြိုခြင်းပိုးတောင်မာများအား ကျွေးကြည့်မည်ဟူသော အရင်တုန်းက သူ့စမ်းသပ်မှုသည် မထင်မှတ်စွာဖြင့် ထိုပိုးတောင်မာများကို အစာကျွေးပျိုးထောင်ရမည့် ပြဿနာကို ပြေလည်သွားစေခဲ့မည်ဟု မထင်ထားမိခဲ့ပေ။

သူ တံခါးပိတ်ကျင့်ကြံနေစဉ် ဝိညာဉ်သေသည် ရွှေပိုးတောင်မာများကို အရွက်များ ပွင့်လန်းပြီးသော သက်တံမြက်များအား အစာကျွေးနေခဲ့သည်။ ထိုပိုးတောင်မာများက ယင်းမြက်ပင်များကို အငမ်းမရ စားသောက်ခဲ့ကြသည်။ လေးနှစ်တာ စားသောက်ပြီးသည့်နောက်တွင်တော့ ရွှေပိုးတောင်မာများသည် ပြောင်းလဲမှု ဖြစ်လာခဲ့သည်။

တနေ့တွင် သက်တံမြက်များကို စားသောက်ပြီးသည့်နောက်မှာ ပိုးတောင်မာများသည် စတင် တိုက်ခိုက်ကြသည်။ တစ်ကောင်နှင့်တစ်ကောင် စားကြသည်။ ရက်အနည်းငယ် ကြာပြီးနောက်မှာ မူလတုန်းက ရာချီသည် ဒါဇင်လောက်သာ ကျန်ခဲ့သည်။ သို့သော် ရှင်သန်ကျန်ခဲ့သော ပိုးတောင်မာများသည် ပို၍ ဖွံ့ဖြိုးကာ လှပလာခဲ့၏။

မကြာမီမှာ ၎င်းတို့က ဥများချလာကြသည်။ ဥတစ်ရာစီလောက် မျိုးစေ့ချပြီးနောက်မှာတော့ ထိုအကောင်များက ဖြည်းဖြည်းချင်း သေကုန်ကြသည်။ ဤသို့ဖြင့် ဟန်လိအတွက် အင်းဆက်ဥပေါင်းတစ်ထောင်ကျော်လောက် ကျန်ခဲ့သည်။ နောက်တစ်နှစ်လောက်ကြာတော့ ဝိညာဉ်သေက ၎င်းဥများ အကောင်ပေါက်လာသည့်အခါ သက်တံမြက်များကို အစာအဖြစ်ကျွေးခဲ့သည်။ တစ်ကောင်နှင့်တစ်ကောင် ဇာတ်တူသား စားကြပြန်သည်။ ဥများထပ်မံ ချပြန်သည်။

ထိုသို့လေးငါးကြိမ်လောက် ထပ်တလဲလဲ ဖြစ်ပြီးနောက်မှာ ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ အရေအတွက်သည် လန့်စရာကောင်းလောက်အောင် စတင် တိုးပွာလာခဲ့တော့သည်။

သူ ရင့်မှည့်အောင် လုပ်နိုင်သော သက်တံမြက်များက အကန့်အသတ်ရှိသောကြောင့်သာ မဟုတ်ပါက သူသည် ထိုအင်းဆက်များကို တစ်ကောင်နှင့်တစ်ကောင် မကြာခဏ ဇာတ်တူသားစားစေပြီး ၎င်းတို့၏ အရေအတွက်ကို အဆက်မပြတ် တိုးအောင် လုပ်နိုင်ပေလိမ့်မည်။ သို့သော် အံ့အားသင့်ဖို့ အကောင်းဆုံးကတော့ ရှင်သန်ကျန်ရစ်ခဲ့သော ပိုးတောင်မာများမှ မျိုးချသည့် ဥများသည် ပိုပို၍ သန်မာလာခဲ့ကာ ပိုကြမ်းလာခဲ့ခြင်းပင်။ ထို့အပြင် ၎င်းတို့၏ ငွေရောင်ကြေးခွံများ၌ ရွှေရောင်အစက်အပြောက်များ ပိုများလာခဲ့သည်။

၎င်းတို့၏ကြေးခွံများက လုံးဝ ရွှေရောင်ပြောင်းသွားသည့်နောက်မှာ ၎င်းတို့၏ အဆင့်သည် တိုးလာလေဦးမလားဟု ဟန်လိက သိချင်နေမိသည်။

အင်းဆက်အခန်း၏ အပြင်ဘက်တွင် ရပ်နေလျက် ဟန်လိသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများကို နေ့တဝက်လောက် စိတ်အားတက်ကြွစွာ စောင့်ကြည့်နေသည်။ သူသည် ရွှေဝါးမြိုခြင်းပိုးတောင်များကို အစာကြွေးသည် သည်နည်းလမ်းမျာ ရှေးအချိန်တုန်းက သားရဲထိန်းချုပ်သူများ အသုံးပြုခဲ့သော လမ်းရိုးလမ်းစဉ် မဟုတ်တာ ကျိန်းသေမှန်း သဘောပေါက်သည်။

အကြောင်းမှာ သူ၏ ဆန်းကြယ်သောပုလင်းငယ်၌ သက်တမ်းရင့်မှည့်စေနိုင်သော တမူထူးသည့် အာနိသင် ပိုင်ဆိုင်ထားသောကြောင့်ပင်။ သည်နည်းလမ်းမှာ အရင်တုန်းက ပိုင်ဆိုင်ခဲ့သူများ အသုံးပြုသော နည်းလမ်းထက် ပိုကောင်းချင်ကောင်းနေနိုင်သည်။

ဟန်လိသည် ထိုသို့တွေးကာ ပြုံးယောင်သမ်းမိ၏။ ထို့နောက်တွင်တော့ သူက သူ၏ သွေးကျောက်စိမ်းပင့်ကူများရှိနေသော နောက်ထပ်အခန်းသို့ သွားသည်။

ဟန်လိသည် ဝိညာဉ်သေကို အစိမ်းရောင်အရည် အစိတ်အပိုင်းအနည်းငယ်အား အသုံးပြုခိုင်းပြီး ထိုပင့်ကူတို့အတွက် ဝိညာဉ်အစာဆေးလုံးများကို ထုတ်လုပ်ခိုင်းခဲ့သည်။ အချိန်ကြာမြင့်စွာ ဆေးလုံးမြောက်များစွာကို သုံးစွဲပြီးနောက်မှာတော့ သွေးကျောက်စိမ်းပင့်ကူများသည် အဆင့်ပိုမြင့်လာခဲ့ပေသည်။ အခုဆို ၎င်းတို့သည် အဆင့်လေးအထွတ်အထိပ်သားရဲများ ဖြစ်လာခဲ့ကြပြီ။

ထိုပင့်ကူနှစ်ကောင်သည် ဟန်လိနှင့် စိတ်ချင်း ဆက်နေသဖြင့် သူ ရောက်လာတာကို ကောင်းကောင်း အာရုံခံမိကြသည်။ သူတို့က ချက်ခြင်းပင် ကျောက်တံခါးထံ ခုန်ပေါက်ဝင်လာပြီး ဟန်လိနှင့် ဆော့ကစားချင်ကြသည်။

ဟန်လိလည်း ပျော်မြူးသွားပြီး တံခါးဖွင့်ပေးကာ ၎င်းတို့ကို သူ့အပေါ်သို့ တက်ခွင့်ပြုသည်။ ယင်းနောက်မှာတော့ ထိုပင့်ကူများသည် ဟန်လိ၏ခန္ဓာကိုယ်ကို လှည့်ပတ်၍ ဆော့ကစားနေသည်။ ဟန်လိသည် ပင့်ကူနှစ်ကောင်၏ အရောင်တဖိတ်ဖိတ်တောက်နေသော နောက်ကျောကို အံ့အားသင့်စွာ ကြည့်နေမိသည်။ ယင်းနောက် သူက ၎င်းတို့ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းပြီး သည်အခန်းကနေ ထွက်လာခဲ့သည်။

ရွှေဝါးမြိုခြင်းပိုးတောင်မာများနှင့် ပတ်သတ်ပြီး၍တော့ ၎င်းတို့ကို အနည်းအကျဉ်းသာ အသုံးပြုဦးမည်ဟု သူ ကြံထားသည်။ သူက ၎င်းတို့ကို နောက်ထပ်မျိုးဆက်များ ထပ်ပွားကာ ၎င်းတို့၏ကြေးခွံများ လုံးဝ ရွှေရောင်ဖြစ်လာပြီးနောက်မှ သူ၏ ဝှက်ဖဲအဖြစ် အသုံးပြုမည်ဟု စီစဉ်ထားသည်။

ထို့နောက်တွင်တော့ ဟန်လိသည် သူ့အိပ်ခန်းထံ ပြန်လျှောက်လာသည်။ သူ့အိပ်ယာထက်တွင် လှဲလျောင်းနေရင်း ဟန်လိသည် လျှို့ဝှက်အခန်းထဲ၌ သူ့အမြုတေကို ဖွဲ့စည်းခဲ့သည့်အကြောင်း ပြန်တွေးနေမိသည်။

အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ အလျင်အမြန် အောင်မြင်မှု ရခဲ့ခြင်းမှာ ဟန်လိ မျှော်လင့်ထားသည့်အရာ မဟုတ်ခဲ့ပေ။ သူက အနှစ်သာရသုံးခုပြောင်းလဲခြင်းပညာရပ်၏ တတိယဆင့်ကဲပြောင်းလဲမှုကို မကျင့်ကြံခဲ့။ ထိုအစား သူသည် နှစ်သုံးဆယ်လုံးလုံး ဒုတိယမြောက်ဆင့်ကဲပြောင်းလဲခြင်းကိုသာ ကျင့်ကြံရင်း အချိန်ကုန်ခဲ့သည်။

ထိုပညာရပ်ကို ဆေးလုံးများ အားကိုး၍ ကျင့်ကြံခြင်းဖြင့် သူ၏ ကျင့်ကြံမှုအမြန်နှုန်းမှာ ထင်ထားသည်ထက် ပိုမြန်ခဲ့သည်။ သူသည် တတိယဆင့်ကဲတိုးတက်ခြင်းကို ကျင့်ကြံခြင်းသည် မဖြစ်နိုင်လောက်ဟု စစချင်းတုန်းက ယုံကြည်ခဲ့ပေသည်။ ၎င်းကို အောင်မြင်နိုင်ဖို့ အချိန်များစွာ ပေးရနိုင်မည်။ သို့သော် ဒုတိယမြောက်ဆင့်ကဲပြောင်းလဲခြင်းကို နှစ်သုံးဆယ်တွင် ပြီးမြောက်အောင် ကျင့်ကြံခဲ့ပြီးနောက်မှာ သူ့အတွက် အချိန်လုံလောက်စွာ ကျန်နေသည်။

ထိုစဉ်က တချို့အတွေးများ တွေးမိပြီးနောက်မှာ ဟန်လိသည် သူ့အမြုတေဖွဲ့စည်းနိုင်ဖို့ကို သည်အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်းပညာရပ်အပေါ်တွင်သာ မမှီခိုဖို့ ဆုံးဖြတ်ခဲ့သည်။

တကယ်တော့ ထိုပညာရပ်သည် သီအိုရီသာ ရှိထားခဲ့သည်။ မည်သူမျှ အောင်မြင်အောင် မစမ်းသပ်ခဲ့ရသေးပေ။ ထို့အပြင် တတိယဆင့်ကဲတိုးတက်မှုကို ပြီးမြောက်အောင် ကျင့်ကြံနိုင်ခဲ့လျှင်ပင် အမြုတေဖွဲ့စည်းနိုင်ဖို့အတွက် အောင်မြင်နိုင်ချေသည် ငါးဆယ်ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုနိုင်သည်။ တနည်းအားဖြင့် သူ့အဖို့ ကျရှုံးနိုင်ချေ ငါးဆယ်ရာခိုင်နှုန်း ရှိသည် ဟူ၍ပင်။

ထိုအချက်က သူ့စိတ်ကို ကြီးစွာ ပူပန်စေခဲ့သည်။ သူ့အနေဖြင့် အမြုတေဖွဲ့စည်းနိုင်ဖို့ သူ့အခွင့်အရေးကို ပိုတိုးတက်စေနိုင်မည့် နောက်ထပ်နည်းလမ်းတစ်ခုကို မရွေးချယ်ဘဲ မနေနိုင် ဖြစ်ခဲ့ရသည်။

ဟန်လိသည် ဝါးတစ်ထောင်ကျောင်းတော်၏ လူငယ်သခင်ဟောင်းဖြစ်သူ၊ စီနီယာအစ်ကိုလီကို မသတ်ပစ်ခင်က သူ ပြောခဲ့သော မဟာဖွံဖြိုးခြင်းပညာရပ်ကို ကျင့်ကြံခြင်းသည် အမြုတေဖွဲ့စည်းနိုင်ချေကို ပိုမြင့်မားစေမည်ဟူသော အချက်ကိုပါ စကားတို့ကိုပါ ပြန်စဉ်းစားမိခဲ့သည်။ ထို့ကြောင့် သူသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ တတိယအဆင့်ကိုပါ ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့၏။

(မှတ်ချက်။ ။ ဝါးတစ်ထောင်ကျောင်းတော်မှ လူငယ်သခင်ဟောင်း စီနီယာအစ်ကိုလီ အကြောင်းကို အခန်း(၂၃၂)တွင် ဖော်ပြထားခဲ့ပါသည်။ )

ထိုစဉ်တုန်းက ဟန်လိ၏ အကြောင်းပြချက်မှာ ထိုစီနီယာအစ်ကိုလီ လိမ်ခဲ့သည်ဖြစ်စေ၊ မလိမ်ခဲ့သည်ဖြစ်စေ ၎င်းပညာရပ်ကို ကျင့်ကြံခြင်းက ဘေးအန္တရာယ်မဖြစ်စေနိုင် ဟူ၍ပင်။

မျှော်လင့်ထားသည့်အတိုင်းသာ။ မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ တတိယအဆင့်ကို ကျင့်ကြံရခြင်းမှာ ဒုတိယအဆင့်ထက် အဆများစွာ ပိုခက်ခဲသည်။ ထိုတတိယအဆင့်ကို အောင်မြင်ဖို့အတွက် ဟန်လိသည် နှစ်ပေါင်းနှစ်ဆယ်လောက်ကို ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပေသည်။ အချိန်ပေးခဲ့ရသည်။ မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ စတုတ္ထအဆင့်ကိုတော့ ဟန်လိသည် ကျင့်ကြံဖို့ အတွေးမရှိပေ။ သူ့မှာ ထိုမျှ အချိန်ပို ရှိမနေသည် မဟုတ်လား။

ယင်းနောက်မှာ ဟန်လိသည် တခြားစိတ်ဝိညာဉ်ဆေးမျိုးစုံကို သောက်သုံးခဲ့ပြီး သူ၏ နောက်နှစ်များစွာတွင် အမြုတေဖွဲ့စည်းနိုင်ဖို့ကို စတင်ကြိုးစားခဲ့သည်။

အမှန်တိုင်း ဆိုရပါမူ အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်းပညာရပ်၏ ပထမဆုံးဆင့်ကဲတိုးတက်မှုတွင် အမြုတေဖွဲ့စည်းဖို့ သူ ကျရှုံးခဲ့သည့်အခါ ဒုတိယဆင့်ကဲတိုးတက်မှုတွင် သူ၏ ယုံကြည်မှုသည် များစွာ လျော့ကျခဲ့ရပေသည်။

သူသည် သူ့ခန္ဓာကိုယ်ထဲ၌ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီများသည် ရုန်းကန်လှုပ်ရှားလာတာကို အာရုံခံမိခဲ့သော်လည်း လက်သည်းခွံအရွယ် အရောင်လေးရောင်ရှိ ပုလဲတစ်ခုသည် သူ့ခန္ဓာကိုယ်၏ အစစ်အမှန်အနှစ်သာရထဲတွင် ဖွဲ့စည်းကာ သူ့ဒျန်တျန်ထဲတွင် လှည့်ပတ်လေသည့်အခါတွင် အိပ်မက်မက်နေသကဲ့သို့ ခံစားခဲ့ရပေသည်။

“ဒီလိုနဲ့ ငါက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားခဲ့တာလား…”

ဟန်လိသည် ဤသည်ကို မယုံကြည်ဝံ့ ဖြစ်ခဲ့ရသည်။ ဟန်လိသည် နည်းနည်းလေးမျှ သူ့ကိုယ်သူ မပြင်ဆင်ထားခဲ့ရဘဲ သည်ကံကောင်းမှုကို ရခဲ့သည့်အခါ ရွှေရောင်အမြုတေသည် မတည်မငြိမ် ဖြစ်နေခဲ့သေးသည်။ ထိုအခါကျမှ သူသည် အလန့်တကြား ဖြစ်သွားပြီး သူ့စိတ်နှလုံးကို တည်ငြိမ်စေသည်။ သို့မှသာ ဘေးအနှောက်အယှက်ကြီးကြီး မဖြစ်စေမှာ၊ ကံအတော်ဆိုးပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ပြန်လျော့ကျမသွားမှာ မဟုတ်လား။

ထိုအဖြစ်သနစ်ကို ပြန်ပြောင်းတွေးမိနေရင်း ဟန်လိ၏ နှာခေါင်းထောင့်မှာ တွန့်ကွေး၍ သူသည် ခပ်ရေးရေး မပြုံးမိဘဲ မနေနိုင် ဖြစ်ခဲ့ရသည်။ ဟန်လိသည် အသက်ခပ်ပြင်းပြင်း ရှုထုတ်ကာ အိပ်ယာပေါ်မှာ လှဲနေရာကနေ ထထိုင်သည်။ ထို့နောက် သူက ထရပ်သည်။

သူ၏အမြုတေကို ဖွဲ့စည်းနိုင်ခဲ့တာ အချိန်တစ်ခုကြာပြီ ဖြစ်သော်ငြားလည်း ဟန်လိသည် ခုလက်ရှိထိ စိတ်လှုပ်ရှားမှုကြောင့် စိတ်နှလုံးမတည်ငြိမ်နိုင်သေးဘဲ ရှိသည်။

အခု သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်ခဲ့လေပြီ။ သူသည် ကျင့်ကြံခြင်းလောကတွင် စီနီယာကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့ရုံသာမက သူ့သက်တမ်းမှာလည်း နှစ်ပေါင်းခြောက်ရာအထိ တိုးသွားခဲ့လေပြီ။ ထိုမျှ ရှည်ကြာသော သက်တမ်းက ဟန်လိကို နောက်ပိုင်းတွင် စိတ်အေးအေးနှင့် ကျင့်ကြံစေနိုင်တော့ပေမည်။

ပို၍ အရေးကြီးသည်ကား နောက်ဆုံးတွင်တော့ သူသည် သူ့အမြုတေမီးကို အသုံးပြုနိုင်စွမ်း ရှိပေပြီ။ အခုဆို သူသည် သူ့ကိုယ်ပိုင်မှော်ရတနာတစ်ခုကို သန့်စင်နိုင်လာပြီ။

မှော်ရတနာများနှင့် ပတ်သတ်ပြီးပြောရလျှင် အခုအခါ၌ သူ့မှာ နှစ်ခု ပိုင်ဆိုင်ထားသည်။ တစ်ခုမှာ ဝိညာဉ်သေ သန့်စင်ထားသော ရှေးအတီတေခွက် ဖြစ်သည်။ အစိမ်းရောင်တောက်ပမှုဓားမြှောင်ကမူ သူ့ကို အချိန်တစ်ခုကြာ ကာကွယ်ပေးနိုင်သည့်အထိ အသုံးပြုနိုင်ပေမည်။

သူသည် ရွှေစာအုပ်တွင် ဖော်ပြထားခဲ့သော ဝါးတိမ်အုပ်ဓားများ မှော်ရတနာကို သန့်စင်မွန်းမံချင်နေတာ အတော့်ကို ကြာခဲ့လေပြီ။

(မှတ်ချက်။ ။ ၎င်းရွှေစာအုပ်ကို ဟန်လိသည် သူ့ဆရာဖြစ်သူ လီဟွာယွမ်ထံကနေ ရခဲ့တာ ဖြစ်သည်။ အခန်း (၂၄၀) တွင် ဖော်ပြထားပါ၏။ )

ထိုဓားများသည် အစုံလိုက် ဖြစ်၏။ ၎င်းတိုကို သန့်စင်ပြီးလျှင် သူ့ခွန်အားသည် ကြီးစွာ တိုးလာနိုင်ပေမည်။ သူသည် အဆင့်တူ ကျင့်ကြံသူအားလုံးကို သိမ်းကြုံးအနိုင်ယူနိုင်စွမ်း ရှိလာပေလိမ့်မည်။ ထို့အပြင် အခု သူသည် မိုးပြာဓားပညာရပ်၏ အဆင့်ခုနစ်ကို ရောက်နေပြီ ဖြစ်၍ ဓားအရိပ်တစ္ဆေပညာရပ်ဟူသော နတ်စွမ်းရည်ကိုပါ အသုံးပြုနိုင်ပေပြီ။ သို့ဖြစ်၍ ဟန်လိသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်အဖြစ် လာမည့် သူ၏ ကျင့်ကြံခြင်းလောက ရှေးခရီးလမ်းတွင် အတော်လေး စိတ်လှုပ်တရှား ဖြစ်နေမိသည်။

အခု သူသည် ဝါးတိမ်အုပ်ဓားမှော်ရတနာအတွက် သတ္တုအမယ်များကို အလျင်အမြန် စုဆောင်းချင်နေပေပြီ။ ထိုမှော်ရတနာကို ဖန်တီးပြီးမှသာ သူသည် ထိုမှော်ရတနာကို သူ၏ အမြုတေမီးနှင့် စိတ်ဝိညာဉ်တို့ဖြင့် ၎င်းကို စွမ်းပကားပိုတိုးအောင် သန့်စင်နိုင်မည် မဟုတ်လား။

All Chapters