ပြင်းပြတေးသံဂိုဏ်း
Vol. 29 Ch. 399
ဟန်လိသည် အိပ်ယာထက်တွင် ငြိမ်သက်တိတ်ဆိတ်စွာ စဉ်းစားခန်း ဝင်နေစဉ် သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ထလျှောက်လာသည်။
သူသည် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေစဉ် သူ့လှိုဏ်ဂူဝင်ပေါက်မှာ ချိပ်ပိတ်ထားလျက် ရှိသည်။ သူသည် သူ့လှိုဏ်ဂူ၏ အတားအဆီးများ၏ အပြင်ဘက်တွင် အရောင်အမျိုးမျိုးရှိသော အသံပို့လွှတ်ခြင်းအဆောင်ရှစ်ခု ရှိနေတာကို မြင်သည်။
ဟန်လိသည် မျက်ခုံးပင့်ကာ ထိုမြင်ကွင်းကို ကြည့်သည်။ ထို့နောက်တွင် သူက အမိန့်ပေးသည်။
“လက်ခံလိုက်…”
အရံအတားများ အပြင်ဘက်ရှိ အသံပို့လွှတ်ခြင်းအဆောင်များသည် သူ့လက်ထဲ ပျံသန်းလာခဲ့သည်။ ဟန်လိသည် မတ်တပ်ရပ်လျက်ဖြင့်ပင် ၎င်းတို့ကို သေချာ ကြည့်ရှုသည်။
၎င်းအဆောင်များထဲမှ တဝက်သည် အနီးအနားရှိ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများထံမှ ဂုဏ်ပြုစကား လှမ်းပြောတာများ ဖြစ်သည်။ တခြားတဝက်ကမူ အဆင့်မြင့်အကြီးအကဲအဖြစ် သူတို့၏ ဂိုဏ်းများထံ ဖိတ်ကြားမှု ဖြစ်သည်။
သူတို့၏ ကမ်းလှမ်းမှုများကို အသေးစိတ် ကြည့်ရှုပြီးနောက်မှာတော့ ဟန်လိသည် မျက်လုံး ကစားလိုက်သည်။
သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများ၏ ဂုဏ်ပြုစကားများကို ယဉ်ယဉ်ကျေးကျေး တုန့်ပြန်သည်။ အဖွဲ့အစည်းဂိုဏ်းများ၏ ကမ်းလှမ်းမှုများကိုတော့ တိုက်ရိုက်သာ ငြင်းဆိုလိုက်သည်။ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်သွားပြီးနောက် အေးဆေးဖြစ်သွားပြီ၊ ပူပန်စရာ မရှိတော့ဟု မယုံကြည်ထားပေ။ သူ့အမြုတွေကို သိပ်သည်းခိုင်မာစေဖို့အတွက် အချိန်တခုတော့ အသုံးပြုရဦးမည် ဖြစ်၏။ ထို့အပြင် ဟန်လိသည် ထင်ထင်ပေါ်ပေါ်မနေတာက ပိုကောင်းလိမ့်မည်ဟုလည်း စဉ်းစားထားသည်။
လာမည့်နေ့များတွင် ဟန်လိသည် အနီးအနားလှိုဏ်ဂူများရှိ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများထံ သွားရောက်လည်ပတ်ကာ အမြုတေဖွဲ့စည်းပြီးနောက်မှာ မည်သို့ဆက်၍ လုပ်သင့်သည်ဟူသော အကြံဉာဏ်တို့အား မေးခဲ့မြန်းခဲ့သည်။ သူ မေးသည့် အကြောင်းတို့က လျှို့ဝှက်ကိစ္စများ မဟုတ်၍ ထိုကျင့်ကြံသူများမှာ သူနှင့် ပျော်ပျော်ရွှင်ရွှင်ပင် စကားစမြည် ပြောကာ ညွှန်ကြားမှုတချို့တလေ ပြောပေးကြသည်။ ဟန်လိအဖို့ သူတို့ထံ သွားလည်ခြင်းက အတော်လေး အကျိုးရှိခဲ့သည်ဟု ဆိုနိုင်၏။
သို့သော် ကျင့်ကြံသူတချို့တလေကတော့ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်လာပြီးနောက်မှာလည်း ဟန်လိကို လူငယ်ရုပ်သွင်အတိုင်း ဆက်ရှိနေသည့်အပေါ် မနာလို ဖြစ်ကြလေသည်။ တကယ်တော့ ကြီးကျယ်ခမ်းနားသော ပါရမီနှင့် ပါရမီရှင်များ သို့မဟုတ်၊ ဟန်လိကဲ့သို့ ဆေးလုံးမြောက်များစွာ သုံးစွဲ၍ အမြုတေအဆင့်သို့ တက်လှမ်းခဲ့သူများကလွဲ၍ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အများအပြားသည် သူတို့၏ အမြုတွေကို ဖွဲ့စည်းနိုင်ချိန်တွင် သက်တမ်းအရွယ်တစ်ခုသို့ ရောက်နေပြီး ဖြစ်တာ များပေသည်။
သူတို့၏ သက်တမ်းသည် အမြုတေဖွဲ့စည်းပြီးနောက်မှာ များစွာ တိုးတက်လာသော်ငြားလည်း သူတို့သည် သူတို့၏ ငယ်ရွယ်သော ရုပ်သွင်များကို ထပ်မရနိုင်တော့ပေ။ သို့ဖြစ်၍ တချို့ကျင့်ကြံသူများသည် လူတစ်ယောက်၏ ရုပ်ရည်ကို ထိန်းသိမ်းပေးသော အံ့အားသင့်ဖွယ်သက်ရောက်မှုရှိသည့် ပညာရပ်များကို ကျင့်ကြံကြတာ ဖြစ်သည်။ ထိုသို့ ကျင့်ကြံသော အုပ်စုသည်လည်း အမြုတေဖွဲ့စည်းပြီးနောက် သူတို့၏ ရုပ်သွင်ကို ထိန်းထားနိုင်သူများထဲတွင် ပါသည်။
ဟန်လိသည် သူ့လက်ထဲ၌ ရုပ်သွင်နုပျိုဆေးလုံးအချို့ ရှိထားတုန်းပင်။ သူသည် ၎င်းတို့အပေါ် တပ်မက်စိတ်မရှိလှသည် ဖြစ်၍ ထိုအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများထံမှ ရှားပါးပစ္စည်းအမယ်တချို့တလေနှင့် အလဲအလှယ် လုပ်ပေးခဲ့ကာ လူတိုင်းကို စိတ်ကျေနပ်စေခဲ့ပေသည်။
ဟန်လိသည် မည်သူနှင့်မျှ ရင်းနှီးသောမိတ်ဆွေများ မဖြစ်ခဲ့သော်လည်း သူတို့သည် အတော်လေးတော့ ရင်းနှီးခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ညီအစ်ကို၊ တာအိုရောင်းရင်း ဟု ခေါ်ကြပြောကြသည့်အဆင့်ထိ ရောက်သည့် ပတ်သတ်မှုမျိုးတော့ ရှိခဲ့သည်။ မှော်ရတနာနှင့် အဆင့်သုံးရုပ်သေးများ ဖန်တီးသန့်စင်ဖို့အတွက် လိုအပ်သည့် ပစ္စည်းအမယ်များ ရှာဖွေနေစဉ်အတောအတွင်း ဟန်လိသည် အစိမ်းရောင်တောက်ပခြင်းဓားမြှောင်ကိုလည်း သန့်စင်ရမည် ဖြစ်သည်။
သန့်စင်ခြင်းပညာရပ်များတွင် မှော်ရတနာများကို သန့်စင်ဖန်တီးဖို့အတွက် လိုအပ်သော ပစ္စည်းအမျိုးအမည်များမှာ များပြားလှသည်ဟု ဖော်ပြထား၏။ ထို့အပြင် မှော်ရတနာတစ်ခုကို သန့်စင်ဖို့ ထိပ်တန်းအရည်အသွေးရှိ သတ္တုအမယ်ကို အသုံးပြုခြင်းသည် သာမန်ပစ္စည်အမယ်များ အသုံးပြု၍ သန့်စင်သော မှော်ရတနာများထက် များစွာ ပိုအစွမ်းထက်မည် ဖြစ်သည်။ ၎င်းတို့ကို သန့်စင်ရာတွင် အသုံးပြုမည့် လျှို့ဝှက်ပညာရပ်များအပေါ် မူတည်၍လည်း စွမ်းအားနှင့် အာနိသင်တို့ ကွာဟချက် ရှိသည်။
သို့ဖြစ်၍ လူတိုင်း သိကြသော သာမန်မှော်ရတနာသန့်စင်ခြင်း ပညာရပ်များကလွဲ၍ ထူးခြားကောင်းမွန်သော လျှို့ဝှက်သန့်စင်ခြင်းပညာရပ်များကိုတော့ ဂိုဏ်းကြီးများနှင့် တခြားအင်အားကြီးစွမ်းအားစုများသည် လျှို့ဝှက်ထားကြသည်။ အပြင်လူများထံ လွယ်လွယ်နှင့် မပျံ့စေပေ။
သို့ရာတွင် အကောင်းဆုံး သတ္တုအမယ်များနှင့် အကောင်းဆုံး ရတနာသန့်စင်ခြင်းပညာရပ်များကို အသုံးပြု၍ ဖန်တီးသည့် မှော်ရတနာများသည် ခွန်အားအရာတွင် ပြိုင်ဘက်ကင်း မှော်ရတနာတစ်ခု ဖြစ်လိမ့်မည်ဟုတော့ မဆိုလိုပါ။ မှော်ရတနာ၏ စွမ်းပကားအတွက် အရေးကြီးဆုံးမှာ ကျင့်ကြံသူတစ်ယောက်၏ ရှေးဦးစိတ်ဝိညာဉ်ဖြင့် အဆက်မပြတ် သန့်စင်ခြင်းနှင့် အားဖြည့်တင်းခြင်းတို့သာ ဖြစ်ချေသည်။
ပြိုင်ဘက်ကင်းမှော်ရတနာတစ်ခု၏ အရှင်သခင်သည် ၎င်းကို အားဖြည့်တင်းဖို့ အချိန်တစ်ခု အသုံးမပြုချင်လျှင် ၎င်းမှော်ရတနာ၏ စွမ်းအားသည် သာမန်မှော်ရတနာများနှင့် သိသိသာသာ ကွဲပြားလိမ့်မည် မဟုတ်ပေ။
ဝါးတိမ်အုပ်ဓားများအတွက်တော့ ၎င်းကို ဖန်တီးဖို့ အဓိကအမယ်မှာ နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော ဝိညာဉ်ဝါးပင်။
ထိုဝါးပင်ကို ဟန်လိသည် အချိန်တစ်ခုပေးရှာလျှင် လွယ်မည်သာ။ သူ ပိုင်ဆိုင်ထားသည့် ဆန်းကြယ်ပုလင်းငယ်၏ စွမ်းရည်ဖြင့်ဆို သက်တမ်းတစ်ထောင်ရဖို့အတွက်လည်း မခက်ပေ။ သို့ပေမည့် သာမန်ဝါးအမျိုးအစားကို အသုံးပြုခြင်းမှာ ဟန်လိ၏ အမြင်တွင် မတိုးပေ။ သူသည် သူ့မှော်ရတနာကို အဓိကပင်မအမယ်အဖြစ် ကောလဟလပြောကြသော နတ်ဝါးကို ရချင်နေပေသည်။ ထို့ကြောင့် သူသည် ကောင်းကင်ကြယ်မြို့၏ ဈေးမြို့ကို ခုချိန်ထိ အာရုံစိုက်ကာ စောင့်ကြည့်နေခဲ့သည်။ သို့သော် သူသည် သူ့ကို စိတ်ကျေနပ်စေမည့် မည်သည့်အရာကိုမျှ ရှာမတွေ့နိုင်သေးပေ။
ဟန်လိသည် ပူပန်မှု တချို့တလေ ခံစားမိသော်လည်း သူ့၌ အကောင်းဆုံး မပိုင်ဆိုင်ထားလျှင် ဘာမျှ မရှိတာက ပိုကောင်းလိမ့်မည်ဟု တွေးမိသည်။ သူ၏ မှော်ရတနာကို နောက်ပိုင်းမှ သန့်စင်၍လည်း ရသည်ဟု ခံစားမိသည်။ ကံကောင်းသည်မှာ သူ့၌ အစိမ်းရောင်တောက်ပခြင်းဓားမြှောင်နှင့် ရတနာအဆောင်တချို့တလေ ပိုင်ဆိုင်ထားသည် ဖြစ်၍ အချိန်တစ်ခုကြာထိတော့ ပူပန်နေဖို့ မလိုတော့ခြင်းပင်။
ဟန်လိသည် သူ့မှော်ရတနာကို မသန့်စင်နိုင်သေးသည် ဖြစ်၍ အသစ်ဖန်တီးမည့် ရုပ်သေးများဘက်သို့သာ အာရုံကျရောက်လာသည်။
ရုပ်သေးကျမ်းအရဆို အဆင့်သုံးရုပ်သေးများ၏ ခွန်အားသည် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်နှင့် ညီမျှသည် ဟူ၍ပင်။ ၎င်းတို့ကို သန့်စင်ရာတွင် အသုံးပြုရမည့် အမယ်ပစ္စည်းများမှာလည်း အဆင့်နှစ်ရုပ်သေးများတွင် အသုံးပြုရမည့် အရာများထက် ပို၍ အဖိုးတန်သည်။ ထို့အပြင် ယင်းရုပ်သေးများက ပုံစံအသွင်မျိုးစုံ ဖြစ်နိုင်သည်။
ဟန်လိသည် နည်းနည်းပါးပါး စဉ်းစားပြီးနောက်မှာ သစ်သားဓာတ်သတ္တုအမယ်များကို ပင်မထား၍ လူဝံအသွင်ရုပ်သေးကို ဖန်တီးမည်ဟု ရွေးချယ်ထားသည်။ ထိုရုပ်သေးများကို ဖန်တီးဖို့မှာ ကောင်းကင်သလင်းသစ်သားနှင့်အတူ သက်တမ်းရင့် သံသစ်သားတို့ကို လိုအပ်သော်လည်း ယင်းတို့မှာ သစ်သားအမျိုးအစား သတ္တုအမယ်များသာ။ ဟန်လိသည် သူ၏ အစိမ်းရောင်အရည်ကို ၎င်းသစ်သားအပေါ် အသုံးချ၍ ကုန်ကျစရိတ်များစွာ ကာမိအောင် လုပ်နိုင်ပေမည်။
သို့ပေမည့် ထိုသို့ဆိုလျှင်ပင် ရုပ်သေး အရေအတွက် များလေလေ လိုအပ်သည့် ကုန်ကြမ်းအမယ်တို့က ပိုများလာလေ ဖြစ်လေ မဟုတ်လား။ ယင်းအတွက် ကုန်ကျစရိတ်များသည် ကြောက်မက်ဖွယ်ကောင်းသည့်အထိ ဖြစ်လာနိုင်သည်သာ။ သူ့၌ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏက မနည်းပါးလှသော်လည်း သူ ပိုင်သမျှ ပြောင်သလင်းခါသွားနိုင်သည်။
အကူအညီမဲ့စွာဖြင့် ဟန်လိသည် အဆင့်ငါးနတ်ဆိုးသားရဲများထံမှ သူ ရရှိခဲ့သော ရှားပါးအမယ်များ၏ နောက်ထပ်အစိတ်အပိုင်းတစ်ခုကို ရောင်းချရန်သာ ရှိတော့သည်။ သို့သော် ဟန်လိသည် သူ၏ လှုပ်ရှားလုပ်ဆောင်မှုက အတော့်ကို ဂရုတစိုက် ရှိနေသည့်ကြားကနေ စောင့်ကြည့်နေသူတစ်ယောက်၏ မျက်စိကျသွားတာကို ခံရလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
တနေ့။ သူသည် ဖြတ်သွားဖြတ်လာ ကုန်သည်တစ်ယောက်ထံ သားရဲတို့၏ အမယ်ပစ္စည်းတချို့တလေကို ရောင်းချ၍ ပြီးရုံ ရှိသေး ပန်းတပွင့်နှယ် စွဲဆောင်မှု ရှိလှသော အမျိုးသမီးတစ်ယောက်သည် သူ့ လှိုဏ်ဂူထံ ပြန်လာသည့်လမ်းမှာ သူ့လမ်းကို လာပိတ်သည်။
“ရှင်က…စီနီယာဟန်များလား။ ကျမတို့ဂိုဏ်းရဲ့ သခင်မက ရှင့်ကို ဒီအနီးအနားက ကြယ်သာမြစ်လဘ္ဘက်ရည်ဆိုင်ဆီ လာရောက်ဖို့ ဖိတ်ကြားချင်နေပါတယ်။ စီနီယာအနေနဲ့ လက်ခံပေးလို့ ရနိုင်မလား။ စီနီယာကသာ ငြင်းမယ်ဆို သခင်မက ကျမကို ကြီးလေတဲ့ အပြစ်ပေးမှာ မလို့ပါ…”
“ကျုပ် စိတ်မဝင်စားဘူး…” ထိုအမျိုသမီးငယ်ထံ တချက်မျှသာ ကြည့်ပြီးနောက် ဟန်လိက ချက်ခြင်း ငြင်းဆန်ပစ်သည်။ သူသည် ထိုအမျိုးသမီးသည် ချီစုဆောင်းခြင်းအဆင့်သာ ဖြစ်သော်လည်း သူမက စွဲဆောင်မှုပညာရပ်တစ်ခုခုကို ကျင့်ကြံထားမှန်း သိလိုက်သည်။ သူသာ အတွေ့အကြုံမရှိသူ သို့မဟုတ် ပေါ့တိပေါ့ဆနိုင်သူ ဖြစ်သွားခဲ့လျှင် သူ့ကိုယ်သူ အရှက်ရရပေလိမ့်မည်။
ထိုမိန်းကလေးငယ်သည် ဟန်လိ၏ ငြင်းဆန်မှုကြောင့် စိုးရိမ်ထိတ်လန့်သွားပြီး သူ့ကို တောင်းပန်တိုးလျှိုးသံဖြင့် ခပ်သွက်သွက် ထပ်ပြောသည်။
“စီနီယာယန်…ရှင် မသွားရင် ဂျူနီယာ အပြစ်ပေးခံရပါလိမ့်မယ်…”
ထိုသို့ ထပ်ပြောသည့်အခါ ဟန်လိသည် တဖက်သို့ ခေါင်းလှည့်ကာ မထူးခြားနားဟန်ဖြင့် လှည့်ထွက်လာသည်။ သူသည် သည်မိန်းကလေးက မည်သည့်အဖွဲ့အစည်းအောက်တွင် ရှိတာကို မသိသော်ငြားလည်း သူ့အဖို့ သူစိမ်းတစ်ယောက်နှင့် တွေ့ရန် စိတ်မဝင်စားချေ။
“စီနီယာဟန်…ကျေးဇူးပြုပြီး စောင့်ပါအုံး။ ပြင်းပြတေးသံဂိုဏ်းရဲ့ ဂျူနီယာ ဖန်ကျင်းမိုင်က စီနီယာဟန်ကို လေးစားသမှု ပေးပါတယ်။ စီနီယာအနေနဲ့ လျန်အာရဲ့ အလျင်စလို ပြောဆိုမှုအပေါ် ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်ရှင်…။ ပြီးကျရင် ကျမက သူမကို အပြစ်ပေးလိုက်ပါ့မယ်…”
ဟန်လိသည် ခြေနှစ်လှမ်းလှမ်းပြီးသည့်အခါ၌ သာယာနာပျော်ဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ သူသည် ခြေလှမ်းရပ်ကာ ခေါင်းလှည့်၍ တချက်လှမ်းကြည့်မိသည်။
မည်သည့်အချိန်ကမှန်းမသိ မျက်နှာထိ ဖုံးအုပ်ထားသော ဝတ်ရုံဖြင့် အမျိုးသမီးတစ်ယောက်သည် စောနက မိန်းကလေးငယ်၏ ဘေးတွင် ပေါ်လာလေသည်။ သူမ၏ မျက်နှာကို ကွယ်ဖုံးထားသော်လည်း ဟန်လိသည် သူမ၏ အရေပြားမှာ နှင်းကဲ့သို့ ဖြူလှ၍ သူမ၏ နက်မှောင်တောက်ပသော ဆံကေသာမှာ ခေါင်းပေါ်တွင် ခပ်မြင့်မြင့် ရစ်ခွေထုံးဖွဲ့ထားတာကို မြင်နိုင်ပေသည်။ သူမ၏ ကြည်လင်လှသော မျက်လုံးတစုံက ဟန်လိကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလျက်။
“ကျုပ်က ခင်ဗျားကို မသိဘူး…အမျိုးသမီး။ ခင်ဗျားမှာ ကိစ္စရှိတယ်ဆို ကျေးဇူးပြုပြီး
တိုတိုတုတ်တုတ် ပြောပါ။ ကျုပ် လှိုဏ်ဂူပြန်ပြီး ကျင့်ကြံချင်နေပြီ…”
ဟန်လိသည် လေသံတည်တည်ငြိမ်ငြိမ်ဖြင့် ဆိုသည်။
ဖန်ကျင်းမိုင်သည် ခဏတော့ မင်သက်သွားသေးသည်။ ထို့နောက် သူမက ပြုံးယောင်သမ်းကာ ပြန်ပြောလာသည်။
“စီနီယာဟန်က တည့်သမား ဆိုတော့ ကျမကလည်း တည့်တည့်ပဲ ပြောပါ့မယ်။ စီနီယာအနေနဲ့ ရှားပါးနတ်ဆိုးသားရဲတွေရဲ့ အမယ်ပစ္စည်းတွေကို လတ်တလောမှာ ရောင်းချခဲ့ပြီးပြီမလား။ ကျမတို့ဂိုဏ်းကလည်း ဒီအမယ်တွေကို အတော်လေး စိတ်ဝင်စားနေလို့ စီနီယာနဲ့ စကားစမြည် ပြောကြည့်ချင်နေတာပါ။ ဒါပေမဲ့ ဒီမှာက လူများလွန်းတယ်လေ။ ကျမတို့ လဘ္ဘက်ရည်ဆိုင်ရဲ့ တိတ်တိတ်ဆိတ် အခန်းတစ်ခုထဲမှာ ဆွေးနွေးကြရင် ကောင်းမလားလို့…”
သူမ၏ ရှင်းပြချက်ကို ကြားသည့်အခါ ဟန်လိသည် မျက်လုံးမှေးစင်းကာ ထိုအမျိုးသမီးကို သေချာစူးစမ်းသည်။ သူမက ရှက်တက်တက် အမူဟန်ပန် ဖြစ်ပေါ်သွားတာ မြင်သည့်အခါ ဟန်လိသည် မျက်နှာကြောတင်းတင်းဖြင့် ပြောလိုက်သည်။
“ကောင်းပြီ…လမ်းပြပါ…”
“ကျေးဇူးပါ…စီနီယာ။ စီနီယာဟန်…ကျေးဇူးပြုပြီး ကျမနောက်ကနေ လိုက်ခဲ့ပေးပါရှင်…”
ထိုအမျိုးသမီးသည် စိတ်ပျော်သွားပုံ ရသည်။ သူမက ပေါ့ပေါ့ပါးပါးဖြင့် ရှေ့သို့ ခပ်သွက်သွက် ဆက်လျှောက်သွားသည်။ မိန်းကလေးငယ်ကတော့ သူမနောက်ကနေ ကပ်လိုက်လာသည်။
သို့သော် သူမက ရှေ့ကနေ လျှောက်နေသော်လည်း ဟန်လိဘက်သို့ ခေါင်းငဲ့ကာ ခိုးကြည့်သည်။ ဟန်လိ၏ အကြည့်နှင့် စုံသည့်အခါ သူမသည် အလျင်အမြန် အလန့်တကြားဖြင့် ခေါင်းပြန်လှည့်သွားပြီး သူမ၏ နားရွက်တို့မှာ နီရဲသွားလေ၏။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် ဆန်းကြယ်စွာပြုံး၍ စိတ်ထဲကနေ ရယ်မိသည်။
လဘ္ဘက်ရည်ဆိုင်က သိပ်မဝေးလှ။ ခဏအကြာ ဟန်လိသည် ထိုဆိုင်ထဲ ဝင်လာသည်။
ဆိုင်ထဲ၌ လဘ္ဘက်ရည်သောက်နေကြသော လူတချို့ ရှိကြသည်။ သက်လတ်ပိုင်းလူတစ်ယောက်က အမျိုးသမီးနှစ်ယောက် ဝင်လာတာ မြင်သည့်အခါ သူသည် သူမတို့ထံ ကသောကမြော ပြေးလာပြီး ပြောသည်။
“သိုင်းဒေါ်လေး၊ အခန်း အဆင်သင့် ပြင်ထားပါတယ်။ ဒေါလေးနဲ့ ဧည့်သည်တော်တို့ ဝင်နိုင်ပါပြီ…”
“ကောင်းပြီ…ကျမတို့ကို အဲ့အခန်း ခေါ်သွားပေး။ ပြီးရင် တံခါးဝမှာ ရပ်စောင့်ကြပ်နေပါ…”
ဖန်ကျင်းမိုင်က မထူးခြားနားဟန်ဖြင့် အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ…”
ထို့နောက်တွင်တော့ သက်လတ်ပိုင်းလူသည် ဟန်လိနှင့် တခြားနှစ်ယောက်တို့ကို ဒုတိယထပ်ရှိ သေသပ်သန့်ရှင်းသော အခန်းတစ်ခုထံ ခေါ်လာသည်။
ထိုအခန်းထဲတွင် လဘ္ဘက်ရည်ပူပူကို တည်တည်ငြိမ်ငြိမ် မှုတ်သောက်နေသော မီးခိုးရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူက ဟန်လိနှင့် တခြားနှစ်ယောက် အခန်းထဲ ဝင်လာသည်ကို ကြည့်နေပြီး သူ၏ မျက်လုံး၌ အနည်းငယ်မျှသော ပြောင်းလဲမှုဟူ၍ မဖြစ်ပေါ်လေပေ။