← Chapters

ဂုဏ်ဒြပ်

Vol. 29 Ch. 400

ဂုဏ်ဒြပ်

Vol. 29 Ch. 400

“အကြီးအကဲကျောက်…အကြာကြီးစောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်။ သူကတော့ နတ်ဆိုးသားရဲ အမယ်ပစ္စည်းတွေရဲ့ ပိုင်ရှင် စီနီယာဟန်ပါ…”

အခန်းထဲသို့ ဝင်လာပြီးနောက်မှာ ဖန်ကျင်းမိုင်သည် မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုကို တလေးတစားလေသံဖြင့် ပြောသည်။ အဘိုးအိုက ပြန်ပြောလာသည်။

“အို…ဒီတော့ ခင်ဗျားက တာအိုရောင်းရင်းဟန်ပေါ့။ ကျေးဇူးပြုပြီး…ထိုင်ပါအုံး။ ဒီအဘိုးအိုက ရေခဲတိမ်ဝိညာဉ်လဘ္ဘက်ရည်ကို ပြင်ဆင်ပေးထားပါတယ်။ ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါအုံး…”

ဟန်လိသည် မျက်မှောင်ကြုတ်သွားသည်။ ထိုအဘိုးအို၏ ပါးပြင်နှစ်ဖက်မှာ ပုံမှန်မဟုတ်ဘဲ နီမြန်းနေသည်ကလွဲ၍ သူနှင့် ပတ်သတ်ပြီး ဘာမှ ထူးခြားမနေဟု ဟန်လိအနေဖြင့် ခံစားမိသည်။ ထိုအဘိုးအိုသည် ခုမှ ရောဂါတစ်ခုခုကနေ ပြန်ကောင်းမွန်လာသည့် ပုံစံမျိုးပင်။ ဟန်လိသည် စဉ်းစားမရ ဖြစ်သလို ခံစားမိသည်။

သူ၏ခုလက်ရှိ စိတ်ဝိညာဉ်စွမ်းအားသည် အဆင့်တူကျင့်ကြံသူများထက် အများကြီး ပိုအားကောင်းသည်။ ခဏအတွင်း ဟန်လိသည် ထိုအဘိုးအိုမှာ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်မှန်း မြင်နိုင်သည်။ သူက ဘာမှ ငြင်းမနေ။ အဘိုးအို၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ဟန်လိက ထိုအဘိုးအိုထံ မထူးခြားနားဟန်ဖြင့် စိုက်ကြည့်နေပြီး လဘ္ဘက်ရည်ကို ခွက်ထဲထည့်သည်။ သို့သော် သူက မသောက်သေးပေ။

သူက မရင်းနှီးသော နေရာတစ်ခုတွင် တခုခုကို စားသောက်မည် မဟုတ်တာ ကျိန်းသေ၏။ ထိုအဘိုးအိုသည် ဟန်လိ၏ သတိရှိသော အပြုအမူအပေါ် မည်သည့်မကျေမနပ်မှုမျှ မဖော်ပြ။ ထိုအစား သူက ပြုံးယောင်သမ်း၍ပင် သူ့အတွက်သူ တခွက်ငှဲ့လိုက်သေးသည်။

“စီနီယာဟန်…ကျမတို့က ပြင်းပြတေးသံဂိုဏ်းရဲ့ ကိုယ်စား ရှင့်ကို လာရှာတပါ။ ရှင်မှာ ကျန်နေသေးတဲ့ သားရဲအမယ်တွေအားလုံးကို ဝယ်ယူချင်တဲ့ ကိစ္စကြောင့်ပါ။ ကျမတို့ ဈေးနှုန်း ဆွေးနွေးကြရအောင်…”

ဖန်ကျင်းမိုင်သည် ဝင်ထိုင်ပြီးပြီးချင်း ချိုသာသောလေသံဖြင့် ပြောလာသည်။

ဟန်လိသည် သူတို့၏ ရည်ရွယ်ချက်များကို မသိလေဘဲ သူ့၌ ရှားပါးသားရဲအမယ်များစွာ ပိုင်ဆိုင်ထားဆဲ ဖြစ်ကြောင်းကို မည်သို့ ဝန်ခံပါ့မည်နည်း။ သူက သူတို့ ပြောသည့်စကားကို တည်တည်ငြိမ်ငြိမ် တွေးနေပြီးနောက် အချိန်တစ်ခုကြာ သူတို့ကို ဟန့်တားထားရန် ဆုံးဖြတ်သည်။

“အရင်တုန်းက ကျုပ်မှာ သားရဲအမယ်တချို့ ပိုင်ဆိုင်ခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ကျုပ်က နောက်ဆုံးလက်ကျန်တွေကို အစောပိုင်းလေးကတင် ရောင်းခဲ့ပြီးပြီး။ ခင်ဗျားတို့ကို စိတ်ပျက်စေမှာ စိုးမိပါတယ်…”

အမျိုးသမီးဖန်က ဟန်လိ၏ ငြင်းဆန်မှုကို ကြားသည့်အခါ ချိုသာစွာ ပြုံး၍ ရယ်သံစွက်ကာ ပြောလာသည်။

“ကြည့်ရတာ စီနီယာဟန်က ကျမတို့ကို အရူးလုပ်ချင်နေတာပဲကို။ ကျမတို့ ဂိုဏ်းက ရှင့်မှာ သားရဲ အစိတ်အပိုင်းအမယ်တွေ ဘယ်လောက်များများ ပိုင်ဆိုင်ထားလဲကို မသိပေမယ့် မနည်းမနော ပိုင်ဆိုင်ထားမှန်းတော့ သေချာ သိထားပါတယ်။ မဟုတ်ရင် စီနီယာက ခရီးသွားကုန်သည်တွေဆီ ပမာဏနည်းနည်းစီပဲ ဂရုတစိုက်နဲ့ ဘယ်ရောင်းနေပါ့မလဲ။ ဒါ့အပြင် အဲ့လို အနည်းအကျဉ်း ရောင်းချပြီးတိုင်မှာ ရှင်က အကြိမ်တိုင်းမှာ တခြား မတူညီတဲ့ ကုန်သည်တစ်ယောက်စီကိုပဲ ထပ်ရောင်းတာမလား…”

“စီနီယာက ကိုယ့်ရဲ့ ချမ်းသာကြွယ်ဝမှုကို ထုတ်ပြဖို့အတွက် စိုးရိမ်နေမှာပေါ့လေ။ အဲ့လိုဆိုရင်တော့ စီနီယာဟန်အနေနဲ့ အဲ့စိုးရိမ်စိတ်ကို ဖယ်ရှားပစ်နိုင်ပါတယ်။ ကျမတို့ဂိုဏ်းဟာ စွမ်းအားမကြီးမားလွန်းပေမယ့်လည်း ပြန့်ကြဲကြယ်ပင်လယ်များမှာတော့ အကောင်းဘက်ကနေ ဂုဏ်သိက္ခာအရ နာမည်ရထားပါတယ်။ စီနီယာသာ အဲ့သားရဲအမယ်အားလုံးကို ကျမတို့ဆီ ရောင်းခဲ့မယ်ဆိုရင် ရှင်အနေနဲ့ ကုန်သည်လေးတွေဆီ ခွဲခွဲ ရောင်းနေရတဲ့ ဒုက္ခကို ကျမတို့အနေနဲ့ ဖြေရှင်းပေးနိုင်မှာပါ…”

ထိုအမျိုးသမီးသည် တောက်ပစွာပြုံး၍ ပြောလာသည်။ သူမ၏ဟန်ပန်မှာ တည်ငြိမ်နေသည်။ သို့သော် ဟန်လိ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ခနဲ ပေါ်ကာ မျက်နှာကြော တင်းသွားသည်။ သူ့ကိစ္စကို လျှို့ဝှက်စုံစမ်းနေခြင်းသည် ပျော်စရာကောင်းသော ကိစ္စတစ်ခုတော့ မဟုတ်နေပေ။ ဟန်လိ၏ မျက်နှာခပ်တင်းတင်း ဖြစ်သွားတာ မြင်သည့်အခါ အမျိုးသမီးဖန်က အကြောင်းအရာကို ရုတ်တရက် လွှဲပြောကာ ဟန်လိကို ရှင်းပြလာသည်။

“စီနီယာဟန်…ကျမရဲ့ ရိုင်းစိုင်းခဲ့မှုအတွက် အပြစ်မတင်ပါနဲ့။ ဒီကိစ္စဟာ အတော်လေး အလျင်လိုနေလို့ပါ။ ဒါ့ကြောင့် ရှင့်ကို ထောက်လှမ်းဖို့အတွက် ကောင်းကင်ကြယ်မြို့မှာ ရှိတဲ့ ကျမတို့ အင်အားအများစုကို အသုံးပြုခဲ့ရတာပါ။ စီနီယာအနေနဲ့ ကျမတို့ကို ဒီတစ်ကြိမ်တစ်ခါလေးတော့ ကူညီပေးဖို့ မျှော်လင့်မိပါတယ်…”

သူမက စကားအားဖြင့် သူမကိုယ်သူမ အားနည်းသည့်အနေအထားတွင် ထား၍ ပြောလာသည်။

သို့သော် ဟန်လိက ချက်ခြင်း မတုန့်ပြန်ပေ။ ထိုအစား သူသည် စားပွဲခုံကို မထူးခြားနားဟန်ဖြင့် လက်ဖြင့် တတောက်တောက် လုပ်နေသည်။ သည်အခိုက်တွင် ဟန်လိ၏ စိတ်ထဲ၌ အတွေးများစွာ တသီတတန်း ပေါ်နေသည်။ သူက ကောင်းကျိုး၊ဆိုးကျိုးကို အလျင်အမြန် တွက်ချက်နေခြင်းပင်။

ဟန်လိသည် ထိုပြင်းပြတေးသံဂိုဏ်းသည် သားရဲအမယ် အမြောက်အများကို မည်သည့်အတွက်ကြောင့် လိုအပ်နေမှန်းကို မသိသော်လည်း သူတို့သည် သူ့၌ သူတို့ လိုချင်သော အရာများ ပိုင်ဆိုင်ထားသည်ဟု ယုံကြည်နေကြသည်။ ဟန်လိသည် သူတို့ကိုသာ ထပ်ပြီး ငြင်းဆန်မယ်ဆို အဓိပ္ပာယ်မရှိသော ရန်ငြှိုးတစ်ခုကို ဖန်တီးမိသလို ဖြစ်သွားနိုင်သည်။

သူသည် အရင်တုန်းက ထိုပြင်းပြတေးသံဂိုဏ်းအကြောင်း မကြားဖူးသော်လည်း အကြီးအကဲကျောက်ဆိုသူ၏ အသွင်အပြင်အရ ထိုဂိုဏ်းမှာ အားမနည်းလောက်ပေ။ ဟန်လိသည် ကောင်းမွန်သော အကြောင်းရင်းမရှိလေဘဲ သူတို့နှင့် ရန်သူ မဖြစ်ချင်ပေ။

ထို့အပြင် သူ့၌ ပိုင်ဆိုင်ထားသော သားရဲအမယ်များက အတော်အတန် များပြားနေသည်။ သူသာ နည်းနည်းချင်း ထုတ်ရောင်းနေခဲ့လျှင်လည်း သူ့၌ ထိုသို့ များများစားစား ပိုင်ဆိုင်ထားကြောင်း တခြားသူများ သိသွားဖို့မှာ အချိန်တစ်ခုသာ လိုပေလိမ့်မည်။ အခု သည်အခွင့်အရေးကို အမိအရယူကာ ထိုကိစ္စကို တခါတည်း ရှင်းလိုက်တာက ပို၍ ကောင်းလေမလား။ တကယ်တော့ ကောင်းကင်ကြယ်မြို့သည် တိုက်ခိုက်ခြင်းကို တားမြစ်ထားပေ၏။ သို့ဖြစ်၍ မူမမှန်တာ တစ်ခုခု ဖြစ်လာမှာကို သူ့အနေဖြင့် ပူပန်နေရန် မလိုပေ။

ထိုအတွေးဖြင့် ဟန်လိသည် ခဏ ငြိမ်သက်နေပြီးနောက်မှာ လေးလေးနက်နက် ပြောလိုက်သည်။

“ခင်ဗျားတို့က အဲ့လို ပြောမှတော့ ကျုပ်အနေနဲ့ အမှန်တရားကို မဖုံးကွယ်ထားတော့ပါဘူး။ ကျုပ်မှာ ခင်ဗျားတို့ဂိုဏ်းက လိုချင်နေတဲ့ နတ်ဆိုးသားရဲအမယ်တွေ နည်းနည်းပါးပါးတော့ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ စိတ်ကျေနပ်စေတဲ့အထိတော့ ကျုပ်မှာ ပိုင်ဆိုင်ထားလား၊ မထားလားတော့ ကျုပ်လည်း မသိဘူး…”

ဟန်လိ၏ ထိုအပြောကြောင့် သူတို့သည် ကျေနပ်ပျော်ရွင်သွားကြသည်။ အဘိုးအိုကမူ သူသည် လောက၏ အထက်တွင် ရှိနေသည့်နှယ် လဘ္ဘက်ရည်ကိုသာ ဇိမ်ခံသောက်နေပြီး စိတ်အေးလက်သာ ရှိနေလေသည်။

“စီနီယာ့မှာ ဘယ်လောက်များများ ပိုင်ဆိုင်ထားပါသလဲ…” အမျိုးသမီးဖန်သည် ဟန်လိကို မျှော်လင့်သည့်အကြည့်ဖြင့် ကြည့်ကာ စိတ်မရှည်ဘဲ မေးလာသည်။

ဟန်လိသည် ပြုံးယောင်သမ်းသွား၏။ သူက ထိုအမျိုးသမီးကို များစွာ ကျေနပ်အားရစေသော အရေအတွက်တစ်ခု ပြန်ဖြေသည်။ သူမသည် ဟန်လိ၌ သားရဲအမယ်တော်တော်များများ ပိုင်ဆိုင်နေလိမ့်မည်ဟု သိထားသော်လည်း အခုလောက်ထိ များပြားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ နောက်ဆုံးတွင်တော့ သူမသည် သူမ၏ တာဝန်ကို လက်စသပ်နိုင်တော့မည်။

“ကျမ အကုန်လိုချင်တယ်။ စီနီယာ့အနေနဲ့ ဒီနေ့ အရောင်းအဝယ်လုပ်ဖို့ အချိန်ရပါသလား…”

ပြင်းပြတေးသံဂိုဏ်းမှ အမျိုးသမီးဖန်သည် သူမ၏ ကိုယ်နေဟန်ထားကို မထိန်းထားနိုင်တော့ဘဲ အနည်းငယ် တုန်ယင်နေသော လေသံဖြင့် ပြောလာသည်။ သူမက ဟန်လိ စိတ်ပြောင်းသွားမှာကို စိုးရိမ်နေသည့်ပုံ ရ၏။

ဟန်လိသည် ထိုအမျိုးသမီး၏ စိတ်မရှည်မှုအပေါ် နည်းနည်းတော့ အံ့အားသင့်မိသည်။ သို့ရာတွင် သည်အရောင်းအဝယ်ကို တတ်နိုင်သမျှ မြန်မြန် လုပ်တာ အကောင်းဆုံးဟု သူ ခံစားမိသည်။ ယင်းနောက် သူက ပြော၏။

“ကျုပ်မှာ အချိန်ရပါတယ်။ ဒီမှာပဲ အရောင်းအဝယ် လုပ်ကြရအောင်။ အမျိုးသမီးဖန်က စိတ်ဝိညာဉ်ကျောက်တုံးတွေ သွားယူသင့်တယ်။ ကျုပ်လည်း သားရဲအမယ်တွေ သွားယူလိုက်မယ်…”

ဟန်လိက ပြတ်ပြတ်သားသား သဘောတူသည်။ သူမသည် ပျော်ရွှင်သွားဟန်ဖြင့် ထပ်တလဲလဲ ခေါင်းညိတ်ပြသည်။

ထို့နောက်တွင်တော့ ဟန်လိသည် ထရပ်ကာ အခန်းထဲကနေ ခြေလှမ်းကျဲကျဲနှင့် ထွက်ခွာသွားသည်။

ဟန်လိ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် အမျိုးသမီးဖန်၏ စိတ်လှုပ်တရှားအမူအရာမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူမက ရုတ်တရက် အဘိုးအိုဘက်သို့ ခေါင်းလှည့်ကြည့်ကာ မေးလိုက်သည်။

“စီနီယာကျောက်….သူ့ ကျင့်ကြံမှုက ဘယ်လိုလဲ။ သူက ခုမှ အမြုတေအဆင့်ကို ရောက်တာလို့ ကျမ ကြားထားတယ်။ သူ့မှာ မှော်ရတနာတစ်ခုကို သန့်စင်ဖို့ အချိန်မရလောက်သေးဘူး။ ရှင်သာ သူ့ကို ရုတ်တရက် တိုက်ခိုက်မယ်ဆို သူ့ကို အနိုင်ရလောက်လား။ ရှင့်မှာ ယုံကြည်ချက် ရှိတယ်ဆို ကျမတို့ စိတ်ဝိညာဉ်ကျောက်တုံး အများအပြားကို ကာမိနိုင်မှာ…”

ထိုအမျိုးက သည်စကားများကို အေးတိအေးစက် ပြောလာချိန်တွင် သူမ၏ ကျော့ရှင်းအပြစ်ကင်းသော ဟန်ပန်သည် အေးစိမ့်စိမ့်ဟန်အမူအရာသို့ ပြောင်းလဲသွားလေသည်။

“မဖြစ်နိုင်ဘူး။ ဒီလူက ခုမှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်တယ်ဆိုပေမယ့် သူ့ကျင့်ကြံမှုပညာရပ်ဟာ သာမန်မဟုတ်ဘူး။ သူ့မှော်စွမ်းအားက သန့်စင်လွန်းတဲ့အပြင် သူ့ခန္ဓာကိုယ်မှာ မှော်ရတနာတစ်ခုရဲ့ ချီအငွေ့အသက်ကို ဖုံးကွယ်ထားသေးတယ်။ သူ့မှာ မှော်ရတနာတစ်ခုကို သန့်စင်ဖို့ အချိန်မရသေးဘူးဆိုရင်တောင် မှော်ရတနာတစ်ခုခုကို အရင်တည်းက ပိုင်ဆိုင်ထားပြီး ဖြစ်လိမ့်မယ်။ ကျုပ်တို့ သူ့ကို အထင်သေးလို့ မရဘူး…”

အကြီးအကဲကျောက်သည် ခေါင်းယမ်းကာ ထိုသို့ ပြောသည်။

ထိုအမျိုးသမီး၏ မျက်လုံးသည် ထူးခြားသည့်ဟန်ပန်ဖြင့် အရောင်လက်သွားသည်။ သူမက ဖြည်းဖြည်းချင်း ပြောလာသည်။

“ဒီလူက အားမနည်းမှတော့ လာမယ့်လမှာ ကျမတို့လုပ်ဆောင်မယ့် လုပ်ငန်းထဲမှာ သူ့ကိုပါ ခေါ်ရင်ကော။ အဆင်ပြေခဲ့ရင် ကျမတို့က သူ့ကို အချိန် အနည်းအများ ချည်နှောင်နိုင်မယ်။ အခြေအနေမသာခဲ့ရင်တော့ ကျမတို့က သူ့ကို စွန့်ပစ်လိုက်ရုံပဲ…”

“ဒါကတော့ နည်းလမ်းကောင်းပဲ။ ဒါပေမဲ့ စကားနည်းနည်းပါးပါး ပြောပြီးရုံနဲ့တင် သူဟာ ငယ်ရွယ်လွန်းတဲ့ ပုံပေါက်နေပေမယ့် ဘယ်အချိန် နောက်ဆုတ်ရမလဲကို သိနေတဲ့ ပုံပေါ်တယ်။ ဒါ့ကြောင့် သူ့အပေါ် အလွယ်တကူ အမြတ်ထုတ်လို့ မရနိုင်ဘူးလို့ ဆိုလိုနေတယ်။ နင်က သူ့ကို ဖြားယောင်းဖို့ တွေးနေတာလား…”

အဘိုးအိုသည် မသာမယာဟန်ဖြင့် ထိုသို့ ပြောလာသည်။

အမျိုးသမီးဖန်သည် ထိုအဘိုးအိုထံ တချက်လှမ်းကြည့်သည်။ ထို့နောက်တွင် သူမက ရယ်မောကာ ဆိုလာသည်။

“ဟား…စီနီယာရယ်…ရှင်က မနာလိုနေတာပဲကို။ စိတ်ချနေပါ။ ကျမက ရှင်ကလွဲလို့ ဘယ်ယောက်ျားကမှ ကျမကို ထိခွင့်ပြုမှာ မဟုတ်ပါဘူး…”

သူမသည် သူမ၏ မျက်နှာကို ဖုံးအုပ်ထားသော ဝတ်ရုံစရှည်ကို ဖယ်ရှားသည်။ ထိုအခါ သူမ၏ အလွန်တရာစွဲဆောင်မှုရှိသော မျက်နှာမှာ လှစ်ဟပေါ်လာ၏။

သူမ၏ မျက်နှာကို မြင်သည့်အခါ ထိုအဘိုးအိုသည် ပြောစရာ စကားဆွံ့အသွားရကာ သူ၏ ပါးနှစ်ဖက်မှာ ပို၍ပင် နီရဲသွားသည်။ ထိုမြင်ကွင်းက အမျိုးသမီးဖန်ကို အတော်လေး ကျေနပ်သွားစေသည်။

“စီနီယာ…ရှင်က ကျမကို ကာကွယ်ဖို့အတွက် ဒဏ်ရာအပြင်းအထန် ရထားခဲ့ရတယ်။ ကျမအနေနဲ့ ဒီကြင်နာမှုကို အမြဲတမ်း အမှတ်ရနေမှာပါ…”

ထိုသို့ပြောပြီးနောက် သူမ၏ ပျော့ပြောင်းနွဲ့နှောင်းသော ခန္ဓာကိုယ်လည်း အဘိုးအို၏ ရင်ခွင်ကြားသို့ ရောက်သွားကာ သူမ၏ သွယ်လျဖြူဖွေးသောလက်ကလေးတို့ဖြင့် ထိုအဘိုးအို၏ ရင်ဘက်ကို ခပ်ဖွဖွ ပွတ်သပ်နေတော့သည်။

ထိုအခိုက်တွင် အမျိုးသမီးဖန်၏ မျက်နှာထက်တွင် အချစ်စိတ်တို့ စီးဆင်းနေပြီး သူမ၏ မျက်လုံးတွင် မျက်ရည်တို့ စွတ်စိုနေသည်။ သူမ၏ စွဲညှို့နိုင်လွန်းသော ခန္ဓာကိုယ်မှာ သေလူယောက်ျားတစ်ယောက်ကိုပင် ပြန်ရှင်သန်လာနိုင်စွမ်း ရှိလေသည့်အလား။

အဘိုးအိုသည် အသက်ရှုထုတ်မိသည်။ ယင်းနောက် သူသည် သူမ၏ ရနံ့သင်းသင်းခန္ဓာကိုယ်လေးကို မကောင်းသောစိတ်တို့ဖြင့် ခပ်ကြမ်းကြမ်း ပြန်ထွေးပွေ့သည်။

“လျန်အာ…နင် အပြင်မှာ သွားစောင့်ပြီး သူ ပြန်လာရင် သတင်းလာပို့ ပါလား…”

အမျိုးသမီးဖန်သည် ငြီးငြူနေရင်း ခပ်တိုးတိုး လှမ်းပြောသည်။

“ဟုတ်ကဲ့ပါ…” ထိုအမျိုးသမီးသည် ခပ်မြန်မြန်သာ တုန့်ပြန်သည်။ သူမက အခန်းထဲကနေ အလျင်အမြန် ထွက်သွားသည်။

သို့သော် သူမ အခန်းထဲကနေ အပြင်မထွက်သွားခင်မှာပင် အမျိုးသမီးဖန်နှင့် အဘိုးအိုတို့သည် ဆက်လက် ကလူကျီစယ် နေတုန်းပင်။

“ဒီကောင်မလေးက ပြီးခဲ့တဲ့ နှစ်နှစ်တည်းက တော်တော်လေး လှလာတယ်။ သူမကို နှစ်ကိုယ်ကြား ကိစ္စတွေနဲ့ ပတ်သတ်ပြီး ကျုပ် နည်းနည်းပါးပါးလောက် သင်ပြပေးလိုက်ရင် ကောင်းမလားပဲ။ ကောင်းတဲ့အရာတွေဟာ အပြင်လူတွေကို မပေးသင့်ဘူးလေ…”

“ဟွန်း…ရှင် စိတ်ကူးယဉ်နေတာပဲ။ သူမက အသုံးဝင်လို့ ကျမ အနားမှာ နေခိုင်းထားတာ။ ရှင့်လက်ထဲတော့ ကျမ သူ့ကို မထည့်နိုင်ပါဘူးနော်…”

ထိုနှစ်ယောက်၏ ကလက်တက်တက် စကားများကို ရှင်းရှင်းလင်းလင်း ကြားရသည့်အခါ ထိုအမျိုးသမီးငယ်သည် သက်ပြင်းချ၍သာ အခန်းထဲကနေ ထွက်လာတော့သည်။

All Chapters