← Chapters

ကောင်းကင်လျှပ်စီးဝါး

Vol. 29 Ch. 401

ကောင်းကင်လျှပ်စီးဝါး

Vol. 29 Ch. 401

ဟန်လိသည် ထိုလဘ္ဘက်ရည်ဆိုင်ကနေ ထွက်လာပြီးနောက်မှာ သူ့လှိုဏ်ဂူထံ မပြန်လာခဲ့ပေ။ ထိုအစား သူသည် လမ်းအတိုင်း လျှောက်လာပြီး လမ်းထောင့်ထဲ ချိုးကာ အနီးအနားရှိ ဆိုင်ခန်းထဲ ဝင်လာသည်။ ယင်းနောက် သူက မျက်လုံးမှိတ်၍ ငြိမ်သက်စွာ ရပ်နေသည်။

အချိန်အတော်အတန်ကြာပြီးနောက်မှာ ဟန်လိသည် မျက်မှောင်ကြုတ်၍ မျက်လုံးဖွင့်သည်။

သူက ထိုလဘ္ဘက်ရည်ဆိုင်ထံ သူ့စိတ်ဝိညာဉ်အာရုံဖြင့် သူတို့ပြောမည့် စကားများကို နားထောင်ရန် ကြံစည်လိုက်တာ ဖြစ်သည်။ သို့သော် သူသည် အတားအဆီးအလွှားတစ်ခုက သူ့စိတ်ဝိညာဉ်အာရုံကို ပိတ်ဆို့တားဆီးလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

ထိုအတားအဆီးများသည် အဆင့်မြင့်လွန်းသည်ဟု မသတ်နိုင်ပေ။ ဟန်လိ၏ စိတ်ဝိညာဉ်အာရုံက အလွယ်တကူ ထွင်းဖောက်ဝင်နိုင်သည်။ သို့ရာတွင် ပွက်လောရိုက်သွားနိုင်သည်။ သူတို့အပေါ် တိတ်တဆိတ် ထောက်လှမ်းကြည့်မည့် သူ့အစီအစဉ်ကို ဖျက်စီးပစ်နိုင်သည်။ ဟန်လိသည် အတင်းအကြပ် ဆက်၍ မလုပ်ဖြစ်မှတော့ သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သည်။

“ကြည့်ရတာ ပြင်းပြတေးသံဂိုဏ်းက ပချိပချဲ့တော့ မဟုတ်လောက်ဘူး။ သူတို့က ယိုပေါက်မရှိအောင် လုပ်ထားတာပဲ…”

ဟန်လိက ပါးစပ်ဟကာ တစ်လက်မမျှရှည်သော အစိမ်းရောင်ဓားမြှောင်ကို ထွေးထုတ်သည်။ ၎င်းကို အသုံးပြုပြီး သူ့လှိုဏ်ဂူထံ ပြန်လာခဲ့သည်။

လှိုဏ်ဂူသို့ ပြန်ရောက်လာပြီးနောက်မှာ ဟန်လိသည် သူ့လျှို့ဝှက်ခန်းထံသို့ သွားကာ နတ်ဆိုးသားရဲအမယ်များ ထည့်ထားသော သိုလှောင်အိတ်များကို ယူသည်။ ထို့နောက်တွင် သူသည် ဝိညာဉ်သေကို ခေါ်ကာ လဘ္ဘက်ရည်ဆိုင်ထံ ပြန်လာခဲ့သည်။ အသွားနှင့်အပြန် ခရီးစဉ်သည် နာရီအနည်းငယ်လောက်တော့ ကြာသည်။

ကံကောင်းစွာဖြင့် ဟန်လိနှင့် ဝိညာဉ်သေတို့သည် လဘ္ဘက်ရည်ဆိုင်ထံ ပြန်ရောက်လာချိန်တွင် အမျိုးသမီးဖန်၏ ငယ်သားမိန်းကလေးနှင့် သက်လတ်ပိုင်းလူတစ်ယောက်တို့သည် သူ့ကို ပူပန်တကြီး စောင့်နေကြသည်။ ဟန်လိ လှမ်းလာတာကို မြင်သည့်အခါမှ ထိုသက်လတ်ပိုင်းလူသည် ပျော်ရွှင်သောဟန်ပန်ဖြင့် အထဲသို့ ပြေးဝင်သွားသည်။ ထိုသူက အမျိုးသမီးဖန်ထံ သွား၍ သတင်းပို့တာကို ဟန်လိ မြင်၏။ သူက စိတ်ထဲမထားပေ။

ထို့နောက်တွင်တော့ သူသည် ဝိညာဉ်သေနှင့်အတူ အထဲသို့ တည်တည်ငြိမ်ငြိမ် လျှောက်လာသည်။ ဟန်လိက သူတို့၏ အခန်းနား ရောက်လာသည့်အခါ မိန်းကလေးနှင့် သက်လတ်ပိုင်းလူတို့က သူ့ကို လေးလေးစားစား စောင့်နေကြသည်။

“အကြီးအကဲကျောက်နဲ့ အမျိုးသမီးဖန်တို့က စီနီယာကို စောင့်နေပါတယ်…”

ထိုမိန်းကလေးက လေးလေးစားစားဟန်ပန်ဖြင့် ဂရုတစိုက် ပြောလိုက်သည်။ သူမက ထိုသို့ ပြောပြီးနောက်မှာ ဝိညာဉ်သေထံ တချက် ခိုးကြည့်သည်။ ဝိညာည်သေကို မိတ်ဆက်ပေးမနေဘဲ ဟန်လိသည် ခေါင်းညိတ်ကာ အခန်းထဲသို့ ပြောင်ပြောင်တင်းတင်း ဝင်လာသည်။ ဝိညာဉ်သေက သူ့နောက်မှ ကပ်ပါလာသည်။

ထိုအမျိုးသမီးငယ်သည် ထိုအခိုက်တွင် ချီတုံချတုံ ဖြစ်နေသည်။ သို့သော် သူမက ရှေ့သို့ လှမ်းကာ ဟန်လိကို မစပ်စူရဲပေ။ အမျိုးသမီးဖန်၏ မျက်နှာမှာ ဝတ်ရုံစဖြင့် ပြန်ဖုံးထားပြီး ဖြစ်သည်။ ဟန်လိ ဝင်လာတာ မြင်သည့်အခါ သူမ၏မျက်လုံးသည် အရောင်တောက်သွားသည်။

“စီနီယာဟန် ရောက်လာတာ မြန်လှပါလား။ နောက်ထပ် နည်းနည်းကြာမှ ရှင် ရောက်လာလိမ့်မယ်လို့ ကျမ ထင်နေတာ…။ အန်…ဒီစီနီယာက…”

အမျိုးသမီးဖန်၏ တောက်ပရွှန်းလဲ့သော အပြုံးသည် ဝိညာဉ်သေကို မြင်ရပြီးနောက်မှာ တောင့်တင်းသွားသည်။

“ဒါက ကျုပ်ရဲ့ မိတ်ဆွေကောင်း ဝိညာဉ်သေပါ။ ကျုပ်တို့ ကိစ္စကို ကြားတဲ့နောက် သူလည်း ကြည့်ချင်တယ်လို့ ဆိုတယ်။ အမျိုးသမီးဖန်အနေနဲ့ စိတ်ထဲမထားမှာ သေချာပါတယ်…ဟုတ်တယ်မလား…”

ဟန်လိသည် တဟားဟား ရယ်မောကာ ပြောလိုက်သည်။

“ဒါပေါ့…ဒါပေါ့…ကျေးဇူးပြုပြီး ထိုင်ကြပါ…” အမျိုးသမီးဖန်သည် ဝိညာဉ်သေ၏ ရုပ်စိုးစိုးမျက်နှာကို သေချာ ကြည့်ပြီးနောက်မှာ ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။

သူမသည် စိတ်ထဲ၌ ကြိတ်၍ ပြောနေသည်။ ကံကောင်းစွာဖြင့် သူတို့သည် မည်သည့်လှည့်ကွက်မှ မစီစဉ်မိခဲ့တာပင်။ မဟုတ်ပါက သူတို့သည် ရန်သူတော်တစ်ယောက်ကို ရန်စမိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ဟန်လိကို ချည်နှောင်ဖို့ သူမ၏ စိတ်ကူးမှာလည်း ပို၍ပင် အားကောင်းလာသည်။

“ဒီမှာ သားရဲအမယ်တွေအားလုံးပါ။ တချက်လောက် ကြည့်ကြည့်…”

ဟန်လိသည် တည့်တည့်ပြော၏။ ခုံပေါ်တွင် ဝင်ထိုင်ပြီးနောက်မှာ သူက သားရဲအမယ်များ ပါဝင်သော သိုလှောင်အိတ်နှစ်အိတ်ကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

အမျိုးသမီးယန်က ထိုသည်ကို မြင်သည့်အခါ သူမ၏ ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်တော့ပေ။ သူမသည် သိုလှောင်အိတ်များကို ကောက်ယူ၍ သူမ၏ စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးမကြည့်ခင် ကျေးဇူးတင်စကား အခါခါ ဆိုသည်။ ယင်း‌နောက် သူမသည် ထိုသိုလှောင်အိတ်တို့ကို အကြီးအကဲကျောက်ထံသို့ လှမ်းပေးသည်။

အဘိုးအိုသည် သိုလှောင်အိတ်ကို တည်ငြိမ်စွာ လက်ခံ၍ စစ်ဆေးကြည့်သည်။

သားရဲအမယ်တို့သည် များပြားလွန်းလှသဖြင့် အချိန်တစ်ခုထိ ကြာသွားသည်။ အကြီးအကဲကျောက် စစ်ဆေးနေစဉ်အတောအတွင်း အမျိုးသမီးဖန်သည် ရွှန်းရွှန်းလဲ့လဲ့ ပြောကာ ဟန်လိနှင့် စကားပြောနေရင်း သားရဲအမယ်များ၏ ဇစ်မြစ်ကို မသိမသာ စပ်စုကြည့်နေသည်။

သို့သော် ဟန်လိကဲ့သို့ အကင်းပါးသူတစ်ယောက်ထံကနေ ထိုအမျိုးသမီးသည် ဘာသတင်းအချက်အလက်ကိုမျှ ရလိမ့်မည် မဟုတ်ပါ။

အချိန်တခုကြာပြီးနောက်မှာ အကြီးအကဲကျောက်သည် သားရဲအမယ်များကို စစ်ဆေး၍ ပြီးသွား၍ အမျိုးသမီးဖန်ထံ ခန့်မှန်းချေအားဖြင့် အသံပို့လွှတ်သည်။ အသံတိတ်ဆွေးနွေးပြီးနောက်မှာ သူမသည် တန်ကြေး၏ ဆယ်ပုံတစ်ပုံဈေးကို နှိမ့်၍ ဟန်လိကို ကမ်းလှမ်းသည်။

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ တကိုယ်တည်း တီးတိုးရေရွတ်နေသည်။ အမျိုးသမီးဖန်မှာ စိတ်ပူပန်သွားသည်။ သူမသည် အံတင်းတင်းကြိတ်ကတာ တန်ကြေးကို ငါးဆယ်ရာခိုင်နှုန်းထိ ထပ်မြှင့်ပြောသည်။

ထိုကမ်းလှမ်းသော ဈေးနှုန်းအသစ်ကို ကြားသည့်နောက်မှာ ဟန်လိသည် ခေါင်းညိတ်ကာ သဘောတူသည်။ သူသည် ထိုတန်ကြေးမှာ အနည်းငယ် နိမ့်သော်လည်း တချိတည်းနှင့် သူ့ပစ္စည်းအမယ်အားလုံးကို ရောင်းချနိုင်ခြင်းအပေါ် စိတ်ကျေနပ်မှု ရသည်။

အမျိုးသမီးဖန်သည် ဟန်လိ လက်ခံလိုက်တာ မြင်သည့်အခါမှ များစွာ စိတ်အေးသွားသည်။ သူမက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ပါဝင်သော သိုလှောင်အိတ်တစ်အိတ်ကို ပေးလိုက်သည်။ အရောင်းအဝယ်မှာ ပြီးမြောက်သွားပြီး နှစ်ဖက်လုံး ကျေနပ်သွားကြသည်။

သို့သော် ဟန်လိသည် ထွက်ခွာတော့မည့်အချိန် အမျိုးသမီးဖန်က ပြောလာသည်။

“စီနီယာက ထူးကဲတဲ့ ဝိညာဉ်ဝါးကို ရှာဖွေနေတယ်လို့ ကျမ ကြားထားပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ကျမတို့ သိထားတဲ့ သတင်းအချက်အလက် တချို့ ရှိပါတယ်။ စီနီယာ နားထောင်ဖို့များ စိတ်ဝင်စားပါသလား…”

ဟန်လိသည် စိတ်လှုပ်ရှားသွားကာ နောက်သို့ လှည့်ကြည့်သည်။ ထိုအခိုက်တွင် အမျိုးသမီးဖန်သည် ဟန်လိကို ပြုံး၍ ကြည့်နေ၏။ သူမ၏ လှပသောမျက်လုံးထဲ၌ တမူထူးသောလင်းလက်မှုကို ဖုံးကွယ်ထားသည်။

စွဲညှို့နိုင်သောပညာရပ်များကို ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့် အမျိုးသမီးဖန်သည် ဟန်လိ၏ တုန်လှုပ်သွားမှုကို အခွင့်ကောင်းယူကာ သူ့စိတ်ထဲ မျိုးစေ့တစ်ခုကို လျှို့ဝှက်စိုက်ပျိုးထားရန် ရည်ရွယ်သည်။ အကျိုးဆက်အနေဖြင့် အနာဂတ်တွင် ဟန်လိသည် သူမအပေါ် မသိစိတ်ကနေ တိမ်းညွှတ်သွားပေလိမ့်မည်။

ဟန်လိသည် သူမနှင့် အကြည့်ချင်းဆုံသည်နှင့် သူမအပေါ် တိမ်းညွှတ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်မိသွားသည်။ ထိုစိတ်ခံစားချက်မှာ လွတ်မြောက်ဖို့ ခက်သည်။

သူ့စိတ်ထဲ၌ ဖိအားတစ်ခု ဖြစ်ပေါ်နေကာ စိတ်ထဲ၌ စွဲညှို့နိုင်ခြင်းပညာရပ် အကြောင်း ဖြတ်ခနဲ တွေးမိသွားသည်။ ရုတ်တရက် ဟန်လိ၏ စိတ်နှလုံးသည် တုန်ယင်သွားသည်။ သူ့အမူအရာမှာ ရေခဲတမျှ အေးစက်သွား၏။ ဟန်လိ၏ အေးတိအေးစက် စိတ်ဆန္ဒကြောင့် အမျိုးသမီးဖန်၏ စိတ်နှလုံးမှာ တုန်ယင်သွားသည်။ သူမ၏ ညှို့ငင်နိုင်ခြင်းပညာရပ်မှာ အကျိုးသက်ရောက်မှုမရှိ ဖြစ်သွား၏။

အလန့်တကြားဖြစ်ကာ သူမ၏အကြည့်ကို ချက်ခြင်း ဖယ်ရှားပစ်ရန် တွေးသည်။ သို့သော် မည်သည့်အတွက်ကြောင့်မှန်းမသိ သူမ၏ လည်တိုင်နှင့် ဦးခေါင်းမှာ တင်းကြပ်သွားပြီး အကြည့်ကို မဖယ်နိုင် ဖြစ်သွားသည်။ သူမသည် စကားပြောရန် ပါးစပ်ပင် မဟနိုင် ဖြစ်သွား၏။

“ကျင့်ကြံခြင်း တန်ပြန်ဒဏ်…” မည်သို့ဖြစ်သွားမှန်း အမျိုးသမီးဖန်က သဘောပေါက်သွားသည်နှင့် သူမစိတ်ထဲ ချောက်ခြားသွားသည်။ သူမသည် ဟန်လိလက်မှ လွတ်မြောက်ရန် မစွမ်းသာလုနီးပါး ဖြစ်သွားရ၏။

“ခင်ဗျားက ဘယ်တမန်တော်ဖန်ကို ဘာများလုပ်လိုက်တာလဲ…” အကြီးအကဲကျောက်သည် အမျိုးသမီးဖန်က မူမမှန်တာ မြင်သည့်အခါ သူ့မျက်လုံးများသည် အေးတိအေးစက် လင်းလက်သွားပြီး ရှေ့သို့ တိုးရန် ဟန်ပြင်သည်။

သို့ရာတွင် ဝိညာဉ်သေက ဖြတ်ခနဲ လှုပ်ရှားကာ သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားကာ သူ့ဘေးသို့ ရောက်လာသည်။ ထိုအဘိုးအိုသည် အလန့်တကြား ဖြစ်သွားလေသည်။ သူသည် လှုပ်ရှားသင့်လား၊ မသင့်လား မသိ ဖြစ်သွား၏။

ထိုအခိုက်အတန့်တွင် အမျိုးသမီးဖန်၏ အမူအရာမှာ နာကျင်လွန်းနေပုံ ပေါ်လာသည်။ ရုန်းကန်နေရင်း ဟန်လိကို သူမအား လွှတ်ပေးပါရန် တောင်းပန်နေသည့်ပုံ ပေါ်၏။

“ဟက်…” အေးစက်စက်နှာခေါင်းရှုံ့ကာ ဟန်လိသည် သူ၏ အေးစက်စက်အကြည့်ကနေ သူမကို လွှတ်ပေးလိုက်သည်။ ထို့နောက်တွင် သူမသည် အလျင်အမြန် အကြည့်ဖယ်ရှားလေ၏။ သို့သော် တချိန်တည်းမှာ သူမသည် သွေးမအန်ထွက်ဘဲ မနေနိုင် ဖြစ်ရလေသည်။ သူမ၏ ဝတ်ရုံရှည်သည် သွေးတို့ဖြင့် နီမြန်းသွား၏။

“ဘယ်တံမန်တော်ဖန်…ခင်ဗျား…” အကြီးအကဲကျောက်သည် မျက်ခုံးပင့်ကာ ဟန်လိထံ ဒေါသတကြီး လှမ်းကြည့်ပြီး တိုက်ခိုက်ချင်နေသည်။

“အကြီးအကဲကျောက်…ဒေါသမထွက်ပါနဲ့။ စီနီယာဟန်က ကျမကို သက်ညှာပေးခဲ့တာပါ။ ကျမက ချီတန်ပြန်ဒဏ်ကို ခံစားခဲ့ရရုံ သပ်သပ်ပါပဲ…”

အမျိုးသမီးဖန်သည် အဘိုးအို ဒေါသတကြီး မလှုပ်ရှားရန် အလျင်အမြန် ဟန့်တားကာ ပြုံး၍ လှမ်းပြောသည်။

ထိုစကားကို ကြားသည့်အခါ အဘိုးအို၏ အမူအရာသည် တဖြည်းဖြည်း ပျော့ပြောင်းကာ ပုံမှန် ပြန်ဖြစ်လာသည်။

“စီနီယာက စွဲညှို့ခြင်းပညာရပ်မှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျမ မထင်ထားမိဘူး။ ကျမက မရည်ရွယ်ပဲ ရှင့်ကို စမ်းသပ်ခဲ့မိတယ်။ ဒီအတွက် ကျေးဇူးပြုပြီး ကျမကို အပြစ်မတင်ပါနဲ့။ ဒါပေမဲ့ ကျမက ကောင်းကင်လျှပ်စီးဝါးနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက် တချို့ သိထားတာတော့ အမှန်ပါပဲ…”

ဟန်လိ၏ အကြည့်သည် မာထန်နေဆဲ ဖြစ်တာကို မြင်သည့်အခါ ထိုအမျိုးသမီးသည် အလျင်လိုဟန်ဖြင့် စပြောလာသည်။ ဟန်လိသည် ပြီးခဲ့သော ကိစ္စကို ထပ်ပြောလာမှာ သူမမှာ စိုးရိမ်ကြောက်လန့်နေ၏။

“ကောင်းကင်လျှပ်စီးဝါး…” ထိုစကားကို ကြားသည့်အခါ ဟန်လိ၏ အေးစက်စက်အမူအရာမှာ လှုပ်ခတ်သွား၏။

“ကောင်းကင်လျှပ်စီးဝါး ဟုတ်လား။ ဒါက မဟာနတ်ဝါးသုံးခုထဲက တစ်ခုလို့ သိကြတယ်…”

ဟန်လိသည် သံသယရှိနေသေးသည်။ သို့သော် သူ့အသံတွင်တော့ စိတ်လှုပ်ရှားမှု အရိပ်အသက် ပါဝင်နေသည်။ သူက သူ့မှော်ရတနာကို သန့်စင်ဖို့အတွက် ထိုကဲ့သို့ ထူးခြားလှသော ဝါးတစ်ခုအား အသုံးပြုရန် စီစဉ်ထားသော်လည်း ၎င်းကို သန့်စင်ဖို့အတွက် မဟာနတ်ဝါးသုံးခုထဲမှ တစ်ခုကို အသုံးပြုနိုင်လိမ့်မည်ဟုတော့ မတွေးထားပေ။ သို့သော် ထိုမဟာနတ်ဝါးသုံးခုမှာ မျိုးတုံးပျောက်ကွယ်သွားပြီဟု ဆိုကြသည်မလား။

အမျိုးသမီးဖန်သည် ပုလင်းငယ်တစ်ခုကို ထုတ်ယူကာ ၎င်းထဲမှ ဆေးတစ်လုံး ထုတ်၍ သောက်သည်။ ယင်းနောက် သူမက သေချာသည့်ဟန်ဖြင့် ထပ်ပြောလာသည်။

“အမှန်ပါပဲ။ ကျမကိုယ်တိုင် အဲ့ပစ္စည်းကို ကိုင်တွယ်ခဲ့ရဖူးပါတယ်။ အဲ့နတ်ဝါးကတော့ အစစ်အမှန်ဖြစ်တာ သေချာပါတယ်…”

“မင်းက အဲ့ဝါးကို တခြား တစုံတယောက်ကို ရောင်းခဲ့ပြီးပြီလား…” ဟန်လိသည် ထိုအမျိုးသမီးကို စိုက်ကြည့်နေသည်။ သူ့လေသံမှာ ပို၍ အေးစက်လာသည်။ တချိန်တည်းမှာ သူက တွေးနေသည်။

“ဒီအမျိုးသမီးက သူ့ကို အသုံးပြုချင်နေသေးတာလား၊ အစောတုန်းက ခံလိုက်ရတာကို သင်ခန်းစာ မယူဘူးလား…”

ခဏ စဉ်းစားပြီးနောက်မှာ အမျိုးသမီးဖန်သည် ရိုးသားသောဟန်ပန်ဖြင့် ရှင်းပြရန် ဆုံးဖြတ်သည်။

“မရောင်းပါဘူး။ အစတုန်းက ဒီနတ်ဝါးကို ကောင်းကင်ကြယ်မြို့မှာ လေလံတင်မလို့ပါ။ ဒါပေမဲ့ ရွှေ့ပြောင်းနေစဉ်အတွင်း ကျမတို့ရဲ့ ပစ္စည်းကောင်းတွေ အများစုကို ဓားပြတိုက်ခိုက်ခံရလိမ့်မယ်လို့ မထင်ထားမိခဲ့ပါဘူး။ ကျမတို့ဂိုဏ်းက အဲ့ဓားပြတွေကို ရှာဖွေဖို့ စီစဉ်ခဲ့ပါတယ်။ တချက်တည်းနဲ့ ဒီဓားပြတွေကို အမြစ်ဖျက်နိုင်ဖို့ မှန်ကန်တဲ့ တာအိုသခင်တွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်…”

All Chapters