← Chapters

ဘယ်ညာတမန်တော်များ

Vol. 29 Ch. 402

ဘယ်ညာတမန်တော်များ

Vol. 29 Ch. 402

“အလု ခံလိုက်ရတာလား…” ဟန်လိ၏အကြည့်တွင် မယုံကြည်နိုင်ဟန် ဖြတ်ပြေးသွားသည်။

“စီနီယာ မယုံပေမယ့်လည်း ဒီကိစ္စဟာ လုံးဝ အမှန်ပါဗျာ…” အမျိုးသမီးဖန်သည် မချိပြုံး ပြုံးသည်။

လွန်ခဲ့တဲ့ နှစ်လတုန်းက ကျမတို့ဆိုင်ဟာ လုပ်ငန်းကြီးတစ်ခု လုပ်ခဲ့ပါတယ်။ ဒီလုပ်ငန်းရဲ့ အကျိုးအမြတ်ဟာ ကျမတို့ ပြင်းပြတေးသံဂိုဏ်းအတွက်‌ နောက်ထပ်ဆယ်နှစ်လောက်ထိ အလုပ်ထပ်စရာ မလိုလောက်အောင်ပါပဲ။ ဒါ့ကြောင့် ကျမတို့ဂိုဏ်းဟာ ပစ္စည်းအမယ်မျိုးစုံ စုဆောင်းပြီး ဂိုဏ်းချုပ်ဝမ်နဲ့ ဂိုဏ်းရဲ့ ကျွမ်းကျင်သူ အများအစုက စောင့်ကြပ်ပြီး ဒီပစ္စည်းတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လမ်းမှာ မျက်နှာဖုံးတပ်ထားတဲ့ ကျင့်ကြံသူအုပ်စုတစ်စုက နှောက်ယှက်လာခဲ့ပါတယ်။ သူတို့ထဲမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ခြောက်ယောက်ရဲ့ ပညာရပ်တွေဟာ နက်ရှိုင်းပြီး မကောင်းဆိုးဝါး ဆန်နေပါတယ်။ ကျန်တဲ့သူတွေကလည်း ပူးပေါင်းတိုက်ခိုက်ရာမှာ ကျွမ်းကျင်ကြတယ်။ ကျုပ်တို့ ဂိုဏ်းခေါင်းဆောင်ဟာ အရေးနိမ့်ပြီး အဲ့မှာပဲ သေခဲ့ရတယ်။ ပစ္စည်းတွေ ထည့်ထားတဲ့ သိုလှောင်အိတ်လည်း အလုခံခဲ့ရတာပေါ့။ ကျမတို့ရဲ့ သာမန်ဂိုဏ်းဝင် အများစုလည်း ဒီတိုက်ခိုက်မှုကြောင့် သေဆုံးကုန်တယ်။ ကျမတို့ဂိုဏ်းရဲ့ အကြီးအကဲနှစ်ယောက်ဟာ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်နိမ့်ခံပြီး လျှို့ဝှက်ပညာရပ်တွေကို အသုံးပြုလို့ ထွက်မပြေးနိုင်ခဲ့ဘူးဆို ကျမတို့အားလုံး အသက်ခံရပြီး ဘယ်သူကမှတောင် သိလိုက်မှာ မဟုတ်ပါဘူး…”

ထိုအမျိုးသမီးဖန်၏ အသံသည် သုန်မှုန်လာသည်။ သူမ၏ဟန်ပန်တွင် မကျေမနပ်မှုတို့ ပြည့်လာသည်။

“ဒါက ဝယ်ယူသူတွေဘက်က စီစဉ်ခဲ့တဲ့ ထောင်ချောက်တစ်ခု မဟုတ်ဘူးလား…”

ဟန်လိက ချက်ခြင်း ထောက်ပြပြောဆိုသည်။

“အဲ့လို မဖြစ်နိုင်ပါဘူး။ ဝယ်ယူသူဟာ ဓာတ်လေးပါးကုန်သွယ်ရေးအဖွဲ့ဝင်ပါ။ သူတို့ဟာ ဂုဏ်သတင်းစွန်းထင်းတာမျိုး မရှိပါဘူး။ ဒီလောက် ပစ္စည်းလောက်နဲ့ သူတို့ရဲ့ ဂုဏ်သတင်းကို ဘယ်အထိအခိုက် ခံမလဲ…”

အမျိုးသမီးဖန်သည် ပေါ့ပေါ့ပါးပါး ခေါင်းယမ်းလိုက်ပြီး ဖြူရော်ရော်မျက်နှာဖြင့် ငြင်းဆန်သည်။

ဟန်လိကတော့ အေးစက်စက်သာ ကြည့်နေသည်။ သူက ဘာမျှ ထပ်မပြောတော့ပေပ။ သူ့အဖို့ သည်အမျိုးသမီးကို နှစ်သိမ့်ဖို့လည်း စိတ်ကူး နည်းနည်းလေးမျှ ရှိမနေပေ။

ဟန်လိ၏ မထူးခြားနားဟန်ကို မြင်သည့်အခါ အမျိုးသမီးဖန်သည် သူမ၏ ပူဆွေးမှုကို ဘေးသို့ဖယ်ကာ ဆက်၍ ရှင်းပြဖို့သာ တတ်နိုင်တော့သည်။

“ကောင်းကင်လျှပ်စီးဝါးတုတ်ချောင်းဟာ ဂိုဏ်းငယ်တစ်ခုရဲ့ ရတနာတစ်ခုပဲ။ ဒါပေမဲ့လည်း ဒီဂိုဏ်းဟာ အတော်လေး လျော့ကျသွားခဲ့ပြီး ကျွမ်းကျင်သူတစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။ ဒါ့ကြောင့် သူတို့ဟာ ကျုပ်တို့ရဲ့ ပြင်းပြတေးသံဂိုဏ်းကို လာရောင်းခဲ့တယ်။ ကျုပ်တို့ဂိုဏ်းခေါင်းဆောင်က သူ့ခန္ဓာကိုယ်ပေါ်မှာ ဒီပစ္စည်းကို ထားထားခဲ့ပြီး ကောင်းကင်ကြယ်လေလံပွဲမှာ လေလံတင်မလို့ စီစဉ်ထားခဲ့တာ။ ဒီပစ္စည်းကို လုယူခံခဲ့ရလိမ့်မယ်လို့တော့ ကျမတို့ မထင်ထားခဲ့ဘူးလေ…”

“ဒါပေမဲ့…ကျမတို့ဂိုဏ်းသခင်ဟာ ဒီပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့အချိန်မှာ ဒီပစ္စည်းတွေအပေါ် လှည့်ကွက်လေးတချို့ ထားထားခဲ့တဲ့အတွက် အလုယူခံရတဲ့အချိန်မှာ ကျမတို့ဟာ ခပ်မြန်မြန်ပဲ ခြေရာခံနိုင်ခဲ့တယ်။ ဒါပေမဲ့လည်း ဒီဓားပြတွေထဲမှာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ တချို့တလေ ပါဝင်တယ်လေ။ ကျမတို့ဂိုဏ်းဟာ သူတို့ကို အနိုင်ယူနိုင်မယ့် ခွန်အား မရှိခဲ့ဘူး။ ဒါ့ကြောင့် ကျမတို့ဟာ အဆင့်မြင့်ကျင့်ကြံသူတွေကို အကူအညီတောင်းဖို့ စီစဉ်ခဲ့တယ်။။ စီနီယာရဲ့ မှော်စွမ်းအားကလည်း အတော်လေး နက်ရှိုင်းတယ်။ ဒါ့ကြောင့် စီနီယာကသာ ကျမတို့ကို ကူညီပေးချင်တယ်ဆို ကျမတို့ဟာ ကောင်းကင်လျှပ်စီးဝါးကို စိတ်ထဲမထားဘဲ ပေးပါ့မယ်…”

ထိုအမျိုးသမီးသည် သူမ၏ မူလရည်ရွယ်ချက်သို့ မရောက်ခင် စကားများကို သေချာ ဂရုစိုက်၍ ပြောသည်။ သည်စကားကို ကြားသည့်အခါ ဟန်လိ၏ အမူအရာသည် မထူးခြားနားသာ။ သို့သော် သူက တစုံတရာကိုတော့ စဉ်းစားနေလေသည်။

အမျိုးသမီးဖန်သည် ထိုသည်ကို မြင်သည့်အခါ ဟန်လိက အကျိုးအပြစ် ချိန်ဆနေမှန်း သိသည်။ သူမက အလျင်အမြန်ပင် ထပ်၍ ညှိနှိုင်းစကားများကို ချိုသာစကား ပြောသည်။

“စီနီယာက တန်ကြေးနိမ့်တယ်လို့ ခံစားမိတယ်ဆို ကျမတို့ဂိုဏ်းဟာ စီနီယာအတွက် ထူးကဲတဲ့အလှလေးတစ်ယောက်ကို အစေခံအဖြစ် ပေးပါ့မယ်…”

“စိတ်မဝင်စားဘူး…” နည်းနည်းလေးမျှ စဉ်းစားမနေဘဲ ဟန်လိသည် သူမ၏ စကားကို တည့်ငြင်းသည်။ ထိုအမျိုးသမီးသည် ချက်ခြင်းပင် စိတ်ပျက်လက်ပျက်ဟန် ဖြစ်ပေါ်သွား၏။

ဟန်လိသည် ပေါ့ပေါ့ပါးပါး အသက်ရှုထုတ်ကာ အမျိုးသမီးဖန်ကို အကြီးအကျဘ် အံ့အားသင့်သွားစေသော မေးခွန်းတစ်ခုကို မေးသည်။

“ကောင်းကင်လျှပ်စီးဝါးက သန့်စင်မွန်းမံပြီးသားလား။ သက်တမ်း ဆက်ရင့်အောင် လုပ်လို့ရလား…”

“ဒီဝါးက မသန့်စင်ရသေးပါဘူး။ ဒီကောင်းကင်လျှပ်စီးဝါးကို အဲ့ဂိုဏ်းငယ်က နှစ်ပေါင်းတစ်ရာကြာအောင် သေချာ ပျိုးထောင်ပေးခဲ့တာ…။ ဒါကို ဆက်ပြီး သက်တမ်းရင့်အောင် ပျိုးထောင်လို့ ရပါသေးတယ်။ ဘာပြဿနာမှ မရှိပါဘူး။ စီနီယာက ဒါကို မှော်ရတနာတစ်ခု သန့်စင်ဖို့အတွက် အသုံးပြုပြီး နောက်မျိုးဆက်အတွက် ချန်ထားခဲ့ချင်တာမလား။ ဒါပေမဲ့ ကောင်းကင်လျှပ်စီးဝါးရဲ့ ကြီးထွားမှုနှုန်းဟာ အတော်လေး နှေးကွေးတယ်။ နှစ်ပေါင်းတစ်ထောင်လောက်ကြာမှ တစ်လက်မလောက်ပဲ ကြီးထွားတာ။ ဒါကို ပျိုးထောင်ဖို့ အမှန်တကယ် ခက်ခဲလှပါတယ်…”

ထိုအမျိုးသမီးသည် စဉ်းစားမရဟန်ဖြင့် မေးသည်။

ဟန်လိသည် သူမ၏မေးခွန်းကို ပြန်မဖြေပေ။ ခေါင်းငုံ့ကာသာ စဉ်းစားနေသည်။

အကြီးအကဲကျောက်သည် စိတ်မရှည် ဖြစ်လာပုံ ပေါ်ချိန်တွင် နောက်ဆုံး၌ ဟန်လိသည် ဆုံးဖြတ်ချက်တစ်ခုချကာ တည်ငြိမ်စွာ ပြောသည်။

“ကောင်းကင်လျှပ်စီးဝါးအပြင် ကျုပ်တို့ကို နောက်ထပ် ပစ္စည်းတစ်ခု ပေးရမယ်။ တကယ်တော့ ဝိညာဉ်သေဟာ ကျုပ်နဲ့အတူ လှုပ်ရှားမှာပါ…”

“ဒါက ပြဿနာ မဟုတ်ပါဘူး။ ကျမတို့ဂိုဏ်းက ဒီအခြေအနေတွေကို လက်ခံနိုင်ပါတယ်တယ်…”

အမျိုးသမီးဖန်သည် တောက်ပစွာ ပြုံး၍ ဟန်လိ၏ တောင်းဆိုချက်ကို သဘောတူသည်။ သူမ၌ ငြင်းဆန်မည့် သဘော မရှိနေပေ။

“ဒီလိုဆို အချိန်ကျလာရင် ကျုပ်ရှိ အကြောင်းကြားဖို့ တစ်ယောက်ယောက် လွှတ်လိုက်။ မင်းတို့ဂိုဏ်းက ကျုပ် ဘယ်မှာနေလဲတော့ သိမှာ သေချာပါတယ်…”

အမျိုးသမီးဖန် ထပ်ပြောမည့် စကားများကို စောင့်မနေဘဲ ဟန်လိသည် နှုတ်ဆက်ကာ ဝိညာဉ်သေနှင့်အတူ အလျင်အမြန် ထွက်လာသည်။

ဟန်လိ၏ ပြောင်ထွက်ခွာသွားမှုကြောင့် အကြီးအကဲကျောက်နှင့် အမျိုးသမီးဖန်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိသည်။ အမျိုးသမီးဖန်၏ မျက်လုံးများထဲ၌ စိတ်ခံစားချက်ရှုပ်ထွေးမှု ပေါ်လာသည်။ သူမ၏ မျက်နှာသည် ကြည်လင်သွားလိုက်၊ သုန်မှုန်သွားလိုက်ဖြင့် အဆက်မပြတ် ပြောင်းလဲနေသည်။

သူ့လှိုဏ်ဂူသို့ ပြန်ရောက်လာပြီးနောက်မှာ ပြင်းပြတေးသံဂိုဏ်းက သူ့ကို လာခေါ်မည့်စကားကို စောင့်မနေဘဲ သူသည် သူ့လှိုဏ်ဂူဝန်းကျင်ရှိ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တချို့ထံ သွားလည်ကာ သည်ဂိုဏ်းအကြောင်းကို နည်းနည်းပါးပါး မေးမြန်းကြည့်သည်။

အံ့အားသင့်ဖို့ ကောင်းသည်မှာ သူတို့အားလုံးသည် အရင်တုန်းက ထိုဂိုဏ်းအကြောင်းကို ကြားဖူးကြခြင်းပင်။ သူတို့ထဲမှ တစ်ယောက်ဆို သည်ဂိုဏ်းနှင့် အရင်တုန်းက အလုပ်ကိစ္စတစ်ခုဖြင့်ပင် ပတ်သတ်ခဲ့ဖူးသေးသည်။

သူတို့ပြောပုံအရ ထိုပြင်းပြတေးသံဂိုဏ်းသည် လက်ခံ၍ ရနိုင်ပြီး သူတို့၏ စီးပွားရေးက ကောင်းမွန်သည်။ သို့သော် သူတို့၏ ဂိုဏ်းတွင် မျိုးဆက်များစွာ အာဏာကိုတော့ အမျိုးသမီးကသာ ပိုင်စိုးသည်။ ဂိုဏ်းချုပ်နေရာ အပါအဝင်ပင်။

ပြင်းပြတေးသံဂိုဏ်း၏ ခွန်အားသည် ထိုမျှလောက် စွမ်းအား မကြည့်ဟု ဆိုနိုင်သည်။ ဂိုဏ်းခေါင်းဆောင်အပြင် မြင့်မားသည့်ရာထူးများမှာ လက်ဝဲရံနှင့် လက်ယာရံတို့သာ။ ထိုလက်ဝဲ၊လက်ယာ တမန်တော်နှစ်ယောက်ကို ဧည့်အကြီးအကဲနှစ်ယောက်၊ သုံးယောက်က အထောက်အပံ့ ပေးကြသည်။ အလယ်အလတ်အဆင့် အင်အားစုများကြား၌ သူတို့သည် အကောင်းဆုံးလည်း မဟုတ်၊ အားအနည်းဆုံးလည်းမဟုတ်ဟု ဆိုနိုင်ပါသည်။

သို့ပေမည့် သူတို့၏ အင်အားက မှုလောက်စရာ မဟုတ်သော်လည်း လွယ်လွယ်နှင့်တော့ ရန်စ၍ မရပေ။ အကြောင်းမှာ ပြင်းပြတေးသံဂိုဏ်း၏ အမျိုးသမီးကျင့်ကြံသူများသည် ပန်းလေးများနှယ် ချောမောကြသောကြောင့်ပင်။ အင်အားစုများရှိ သူများက သူတို့၏ တာအိုလက်တွဲဖော်များအတွက် သည်ဂိုဏ်းဝင်မိန်းကလေးများကို ရဖို့ တိုက်ကြခိုက်ကြတာပင် ရှိသည်။ ထိုအခါ သူတို့သည် ဂိုဏ်းအတွက် အတွင်းကနေ တဖုံ၊ အပြင်ပိုင်းတွင် တမည် အထောက်အပံ့များ ဖြစ်လာသည်။

သို့ရာတွင် ဟန်လိအတွက် စိတ်အပူဆုံးမှာ ထိုဂိုဏ်းဝင်များသည် တခြားကျင့်ကြံသူများကို သတ်ဖို့အတွက် အငြှိုးထားကာ ပူးပေါင်းကြံစဉ်၍ အစီအစဉ် ချတတ်သည်ဟု ကြားရသည့် အချက်ပင်။ သို့သော် ထိုပြင်းပြတေးသံဂိုဏ်း၏ အကျော်ကြားဆုံး အချက်မှာ သူတို့၏ စွဲညှို့နိုင်သော ပညာရပ်များသာ။ သူတို့ဂိုဏ်း၏ တပည့်မများကို လုံးဝ စွဲလမ်းသွားသော အမျိုးသားကျင့်ကြံသူ အရေအတွက်မှာ မနည်းလှပေ။

ထိုသတင်းအချက်အလက်များကို မေးမြန်းသိရှိပြီးနောက်မှာတော့ ဟန်လိသည် ပြင်းပြတေးသံဂိုဏ်းအပေါ် ယေဘုယျတော့ နားလည်သွားခဲ့ပြီ။ စဉ်းစားပြီးနောက်မှာတော့ သူက သည်အလုပ်ကို လက်ခံမည်ဟု တွေးသည်။ သူသည် ကောင်းကင်လျှပ်စီးဝါး၏ စွဲဆောင်မှုကို မခုခံနိုင်ပါ။

ထိုသို့ဖြင့် ဟန်လိသည် သူ့လှိုဏ်ဂူထံ ပြန်ရောက်လာသည့်အခါ အပြီးမသပ်ရသေးသောလ အဆင့်သုံးရုပ်သေးများကို အလျင်အမြန် လက်စသပ်တော့သည်။

လဝက်လောက်ကြာပြီးနောက်မှာ အသံပို့လွှတ်ခြင်းအဆောင်တစ်ခုသည် ဟန်လိ၏ လက်ထဲ ပျံသန်းလာသည်။ ဟန်လိက တချက်ကြည့်ပြီးနောက် သူ့ပစ္စည်းများကို စီစဉ်ပြီး ဝိညာည်သေကို သူနှင့်အတူ ခေါ်ကာ လှိုဏ်ဂူထဲကနေ ထွက်လာခဲ့သည်။ သူ၏ သွေးကျောက်စိမ်းပင့်ကူနှစ်ကောင်ကိုပါ ခေါ်လာ၏။

သူက ကောင်းကင်ကြယ်မြို့၏ ဂိတ်တံခါးများထဲမှ တစ်ခုသို့ ရောက်လာသည့်အချိန် လျန်အာအမည်ရ မိန်းကလေးသည် သူ့ကို စောင့်နေသည်။ သူမက ဟန်လိနှင့် ဝိညာဉ်သေတို့ ရောက်လာတာ မြင်သည့်အခါ သူတို့ထံ အပြေးလာပြီး ပြောသည်။

“စီနီယာ…သခင်မတို့က ရှင်ကို လူစုတဲ့ ကျွန်းကို ခေါ်လာပေးဖို့ ကျမကို စောင့်ခိုင်းထားတာပါ။ အဲ့ကနေမှ ကျမတို့ ခရီးထပ်ဆက်မှာပါ…”

ဟန်လိက ခေါင်းညိတ်ပြကာ သူ၏ အစိမ်းရောင်တောက်ပခြင်းဓားမြှောင်ကို ထုတ်သည်။ ထိုမိန်းကလေးကို ဓားမြှောင်၏ အလင်းဖြင့် ခြုံလွှမ်းစေပြီး သူသည် ပျံသန်းထွက်လာသည်။ ဝိညာဉ်သေက အဝါရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ သူတို့နောက်မှ လိုက်ပါလာသည်။

ကြည့်ရတာ ထိုမိန်းကလေးသည် မှော်ရတနာတစ်ခုအသုံးပြု၍ ပျံသန်းဖူးတာ ပထမဆုံးအကြိမ် ဖြစ်နိုင်သည်။ ဟန်လိကို တည်နေရာ ပြောပြနေသည့်ကြားကနေ သူသည် ဟန်လိ၏ ဓားအလင်းကို သိချင်စိတ်ဖြင့် လှမ်းလှမ်းကြည့်နေသည်။ သို့သော် သူမက ဟန်လိနှင့် အကြည့်ချင်းဆုံတိုင်း ရှက်ရွှံ့ကာ ခေါင်းလွှဲလွှဲသွားသည်။

ထိုမိန်းကလေးနှင့် ဟန်လိတို့သည် ဓားအလင်းအတွင်း၌ အတော်လေး နီးနီးကပ်ကပ် ရှိနေကာ ကိုယ်ခန္ဓာချင်း ထိလုထိခင်ပင်။ ဟန်လိက ခေါင်းအနည်းငုံ့လိုက်လျှင် သူမ၏ ပြစ်မျိုးမှဲ့မထင် လည်တိုင်ဖြူဖြူကို မြင်ရလေသည်။ ထိုမိန်းကလေး၏ ချိုမြသော ခန္ဓာကိုယ်သင်းရနံ့ကိုပါ သူ ရနေသည်။

သူမက ဤသည်ကို သတိပြုမိပုံ ရသည်။ သူမ၏ ပါးနှစ်ဖက်မှာ နီမြန်းနေသည်။ ဟန်လိမှာ အတော်လေး ရယ်ချင်မိသွား၏။ သူသည် ဆန်းကြယ်သော အပြုံးတစ်ခုကို မပြုံးမိဘဲ မနေနိုင် ဖြစ်သွားရသည်။

သူသည် အမျိုးသမီးဖန်က သည်မိန်းကလေးကို ကိုယ်တိုင် လမ်းပြခိုင်းခြင်းသည် သူ့ကို အလှလေးနှင့် ငြိစေချင်ပုံ ရသည်။

ထိုအတွေးဖြင့် ဟန်လိသည် စိတ်ထဲကနေ နှာခေါင်းရှုံ့သည်။ သူက ထိုမိန်းကလေးငယ်၏ သင်းရနံ့ကို အားပါးတရ ရှုလိုက်လေသည်။ သူမမှာ နည်းနည်းပင် တုန်ယင်သွားသည်။ သူမ၏ လှပနူးညံ့သော နားနှစ်ဖက်မှာ ပန်းရောင်သမ်းသွားသည်။ သူမသည် လန့်သွားပုံ ရသည်။

သို့သော် ဟန်လိ၏ သည်အပြုအမူက ထိုနေရာတွင်သာ ရပ်သည်။ ရှေ့သို့ တချက်လေးမျှ ဆက်မတိုး။ မိန်းကလေးငယ်မှာ တဖြည်းဖြည်း ပြန်တည်ငြိမ်သွားပြီး ဟန်လိကို ဆက်၍ လမ်းပြပေးနေသည်။ တစ်နာရီလောက် ကြာပြီးနောက်မှာ ဟန်လိတို့သည် အမည်မဲ့ ကျွန်းငယ်တစ်ခုပေါ်သို့ ဆင်းသက်လာကြသည်။

ထိုကျွန်းပေါ်ရှိ တောင်ထိပ်နှင့် မီတာတစ်ရာလောက်တွင် အမျိုးသမီးယန်နှင့် အကြီးအကဲကျောက်တို့ အပါအဝင် လူဆယ့်နှစ်ယောက်လောက်သည် တရားထိုင်နေကြသည်။ တချို့ကတော့ စကားစမြည် ခပ်တိုးတိုး ပြောနေသူများလည်း ရှိ၏။

သူတို့ထဲတွင် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ ငါးယောက်၊ ကျန်သူများကတော့ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်များသာ။ ကြည့်ရတာ ပြင်းပြတေးသံဂိုဏ်းသည် သည်လောက်လူအများအပြားကို စုစည်းနိုင်သည့်အတွက် အတော်လေးတော့ လွှမ်းမိုးမှု ရှိပုံ ရသည်။

သူမ၏ အစေခံနှင့်အတူ ဟန်လိနှင့် ဝိညာဉ်သေတို့ ရောက်လာတာ မြင်သည့်အခါ အမျိုးသမီးဖန်သည် မပျော်ရွှင်ဘဲ မနေနိုင် ဖြစ်သွားပြီး ပေါ့ပေါ့ပါးပါးဖြင့် ခပ်သွက်သွက် လှမ်းလာသည်။

“စီနီယာနှစ်ယောက် လာပေးတဲ့အတွက် ကျမတို့ဂိုဏ်းက အတော်လေး ကံကောင်းတာပဲ။ တခြားသူတွေနဲ့ မိတ်ဆက်ပေးပါရစေ…”

သူမက ဟန်လိနှင့် ဝိညာဉ်သေတို့ကို မုန့်အမည်ရ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်နှင့် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူလေးယောက်တို့နှင့် မိတ်ဆက်ပေးသည်။

သို့သော် စဉ်းစား၍ မရသည်မှာ ထိုအမျိုးသမီးဖန်က သူတို့ကို ထိုလူများနှင့်သာ မိတ်ဆက်ပေးပြီးနောက် တခြားသူများနှင့်တော့ ထပ်မိတ်မဆက်ပေးခြင်းပင်။

အမျိုးသမီးဖန်သည် အစိမ်းရောင်ကြာပွင့်ဝတ်စုံနှင့် အတော်လေး လှပသော အမျိုးသမီးတစ်ယောက်ကို လှမ်းကြည့်သည်။ ဟန်လိလည်း သူမ၏ အကြည့်အတိုင်း လိုက်ကြည့်သည်။ သူက သူမ မိတ်မဆက်ပေးသော သူများသည် ထိုအစိမ်နးရောင်ဝတ်စုံနှင့် အမျိုးသမီးနှင့် ပတ်သတ်သူများ ဖြစ်မှန်း သဘောပေါက်သွားသည်။

ထိုအမျိုးသမီးက မျက်ခုံးဖြောင့်ဖြောင့်စင်းစင်း၊ ကြည်သာသော မျက်လုံး၊ သွယ်လျလျ နှာတံတို့ကို ပိုင်ဆိုင်ထားသည်။ သူမ၏ ကျက်သရေရှိလှသော မျက်လုံးတို့၌ အရှိန်အဝါတစ်ခု ပါနေပုံပင်။ အကြည့်တချက်ဖြင့်ပင် သူမသည် အာဏာတစ်ခုခု ဆုပ်ကိုင်ထားသူမှန်း သိသာစေသည်။ သူမ၏ ပုံပန်းသွင်ပြင်မှာ ယောက်ကျားသားများကြား လွှမ်းမိုးနိုင်တာကတော့ အမှန်ပင်။

အမျိုးသမီးဖန်ကို လှမ်းကြည့်ပြီးနောက် ထိုအမျိုးသမီးက အေးစက်စက် ရယ်သည်။ သို့သော် သူမသည် ဟန်လိနှင့် ဝိညာဉ်သေတို့ကိုပါ တွေ့လိုက်ရသည့်အပေါ် နည်းနည်းတော့ တုန်လှုပ်အံ့အားသင့်သွားသည်။ ထို့နောက်တွင် သူမက တဖက်သို့ လှည့်ကာ သူမ၏နောက်မှ သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်ကို ခပ်တိုးတိုး ဆိုလိုက်သည်။ အမျိုးသမီးဖန်ကို နည်းနည်းလေးမျှ အရေးထားမနေပေ။

“ သူမက ဘယ်သူလဲ…” ဟန်လိက တည်ငြိမ်စွာ မေးသည်။

ဖန်ကျင်းမိုင်က ပြန်ဖြေလာသည်။

“ကျိုးယုထင်၊ ကျမတို့ဂိုဏ်းရဲ့ ညာတမန်တော်ပါ…”

“အော်…” ဟန်လိက ထိုအမျိုးသမီးထံ နောက်ထပ် တခါ လှမ်းကြည့်မိသည်။ ဖန်ကျင်းမိုင်မှာ အတော်လေး မသာမယာ ဖြစ်သွား၏။

ဟန်လိသည် ထိုကျိုးယုထင်အပေါ် မည်သည့်အတွေးမျှ ရှိမနေပေ။ သူက ထိုအမျိုးသမီး၏ အသွင်အပြင်ထံမှ တအား ရင်းနှီးသလို ခံစားချက်တစ်ခု ပေးနေသည်ဟုသာ ခံစားမိရုံသပ်သပ်သာ။ သူသည် စဉ်းစားမိသွားသည်။

ထိုသည်ကို မြင်သည့်အခါ အမျိုးသမီးဖန်သည် မျက်နှာပျက်သွားပြီး ဝိညာဉ်သေကို စကားဆိုရန် လှည့်သည်။ သို့သော် ဝိညာဉ်သေသည် သူမ စကားပြောနေစဉ်တွင် အမူအရာကင်းမဲ့ဟန်ဖြင့် ရှိနေပြီး တခွန်းမှကို ပြန်မတုန့်ပြန်ပေ။ သူမမှာ ပို၍ သုန်မှုန်သွားရတော့၏။

All Chapters