← Chapters

လူထူးခြားမီးတောက်နီ

Vol. 29 Ch. 403

လူထူးခြားမီးတောက်နီ

Vol. 29 Ch. 403

“နန်းကုန်းဝမ်…” ဟန်လိသည် ထိုရင်းနှီးသလို ဖြစ်မိသော ခံစားချက်၏ ဇစ်မြစ်ကို တဖြည်းဖြည်း ရှာတွေ့လာသည်။ သည်ကျိုးယုထင်ဟူသော အမျိုးသမီး၏ ပုံပန်းသွင်ပြင်သည် နန်းကုန်းဝမ်နှင့် မတူလှသော်လည်း သူတို့နှစ်ယောက်ကြားရှိ ကျက်သရေရှိသည့်ဟန်ပန်ကတော့ တူနေပေသည်။

ထိုသို့ ရင်းနှီးသလို ခံစားမှု အကြောင်းကို သိသွားပြီးနောက်မှာ ဟန်လိသည် ကျိုးယုထင်ကို တချက် လှမ်းကြည့်ပြန်သည်။ ယင်းနောက် သူ့အကြည့်ကို ဖယ်ရှားပြီး သူ့နှလုံးသားထဲရှိ စိတ်အနှောက်အယှက်ကို တည်ငြိမ်စေသည်။

သို့ရာတွင် ဟန်လိနှင့် ဝိညာဉ်သေတို့ပါ ရောက်လာပြီ ဖြစ်သော်လည်း ဖန်ကျင်းမိုင်နှင့် ကျိုးယုထင်တို့သည် ချက်ခြင်းထွက်ခွာမည့်ပုံ မရသေးပေ။ သူတို့က တစုံတစ်ယောက်ကို စောင့်နေသည့်အလား ကောင်းကင်ထက်သို့ မကြာမကြာ မော့ကြည့်နေကြသည်။

သည့်အတွက် ဟန်လိမှာ စဉ်းစားသွား၏။ သို့သော် သူက ဘာမျှတော့ မမေးလိုက်ပေ။ ထိုအစား သူသည် လူသူကင်းသော ထောင့်တစ်နေရာကို ရှာကာ ဝိညာဉ်သေနှင့်အတူ ထိုင်၍ လုပ်ငန်းစမည့်အချိန်ကို တိတ်တဆိတ် စောင့်နေလိုက်သည်။

သူတို့သည် တနေ့နီးပါး စောင့်နေခဲ့ရသည်။ သူတို့ကသာ ကျင့်ကြံသူများ မဟုတ်ပါက သည်လောက်ထိ စိတ်ရှည်နိုင်မည် မဟုတ်ဘဲ အထွန့်တက်မေးခွန်းများ မေးလာကြတော့မည်သာ။ သို့သော် မည်သို့ပင်ဖြစ်သေ သည်မှာ ရှိနေသော လူများမှာ မကျေမနပ်ဟန် အရိပ်အယောင်တို့တော့ ပေါ်လာကြဆဲပင်။

ထိုအခြေအနေအောက်တွင် အမျိုးသမီးဖန်နှင့် ကျိုးယုထင်တို့သည် နည်းနည်းတော့ စိတ်ပူလာကြသည်။ သူတို့ချင်း ခပ်တိုးတိုး ပြောကြဆိုကြသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် သူမတို့နှစ်ယောက် စောင့်နေသူမှာ မည်သည်နည်းဟု ခန့်မှန်းကြည့်နေသည်။ ထို့နောက်တွင်တော့ ကောင်းကင်အစွန်းတနေရာမှာ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးသံများ ထွက်ပေါ်သည်။

ထိုအနက်ရောင်အလင်းတန်းက သူတို့ထံ ချဉ်းကပ်လာသည့်အခါတွင် ကျင့်ကြံသူများစွာသည် တရားထိုင်ကျင့်ကြံနေရာကနေ ထလာကြသည်။ သူတို့သည် အံ့အားသင့်ဟန် အမူအရာများနှင့် ရှိနေကြသည်။ မျက်စိတမှိတ်အတွင်း ထိုအလင်းတန်းသည် သူတို့၏အထက်သို့ ရောက်နှင့်နေပြီး ဖြစ်သည်။ ဟန်လိနှင့် တခြားသူများသည် ထိုအလင်းမှာ မီတာနှစ်ဆယ်လောက်အကျယ်ရှိသော အနက်ရောင်တိမ်တိုက်တစ်ခုမှန်း သေချာ မြင်လိုက်ရသည်။ ၎င်းတိမ်တိုက်တွင် မိုးကြိုးများ၊ လျှပ်စီးများ လင်းလက်နေသည်။ အံ့ဖွယ်ဆန်လှပါ၏။

လူအုပ်က ထိုအနက်ရောင်တိမ်တိုက်ကို ငေးကြည့်နေကြစဉ် အမျိုးသမီးတစ်ယောက်၏ အသံသည် ၎င်းတိမ်တိုက်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။

“စီနီယာမီးတောက်နီ…အခု ဆင်းသက်လို့ ရပါပြီ။ ကျမက စီနီယာအစ်မနှစ်ယောက်နဲ့ စကားပြောကြည့်ချင်ပါတယ်…”

“ ဟားဟား…ရတာပေါ့…” ခပ်ဩဩအသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံကို ကြားသည့်အခါ အမျိုးသမီးဖန်နှင့် ကျိုးယုထင်တို့၏ အမူအရာမှာ မသိမသာ ပြောင်းလဲသွားသည်။ တခြားသူများသည်လည်း ထိုတိမ်တိုက်နက်၏ ဇစ်မြစ်ကို သိသည့်အခါ သူတို့၏ အမူဟန်ပန်များက တောက်ပလာကြသည်။ ဟန်လိသည် စိတ်ရှုပ်ထွေးနေစဉ် တခြားသူများထဲမှ တစ်ယောက်၏ အသံကို ကြားလိုက်ရ၏။

“ပြင်းပြတေးသံဂိုဏ်းက စွမ်းဆောင်ရည် အတော်ကောင်းတာပဲ။ သူတို့က လိပ်ရင်းမြစ်ကျွန်းက လူထူးဆန်း မီးတောက်နီကိုပါ အမှန်တကယ် ဖိတ်ခေါ်နိုင်ခဲ့ပဲ…”

ထိုသူသည် ခပ်တိုးတိုးသာ ရေရွတ်လိုက်တာ ဖြစ်သော်လည်း သူ၏ ထူးကဲသော စိတ်ဝိညာဉ်အာရုံကြောင့် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထိုအခါ သူ့စိတ်ထဲ တုန်ရင်သွား၏။

ဟန်လိသည် လိပ်ရင်းမြစ်ကျွန်းရဲ့ လူထူးခြားမီးတောက်နီ ဟူသော စကားကို ကြားသည့်အချိန်၌ သူသည် သည်တိမ်တိုက်နက်၏ မူလဇစ်မြစ်ကို ချက်ခြင်း သိလိုက်၏။

သူသည် တခြားကျင့်ကြံတချို့နှင့် စကားစမြည် ပြောခဲ့သည့်အချိန်မှာတုန်းက သူတို့သည် လိပ်ရင်းမြစ်ကျွန်း၏ လူထူးခြားမီးတောက်နီ ဟူသော ကျော်ကြားလှသည့် အမည်အကြောင်း ထိုသူတို့ လေးငါးကြိမ်လောက် ပြောခဲ့တာကို ကြားဖူးသည်။ ထိုသူမှာ ပြန့်ကြဲကြယ်ပင်လယ်များတွင် ကျော်ကြားခဲ့တာ ကြာပေပြီ။ သူသည် အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဖြစ်ကာ သူ၏ ရေပန်းနေကြာမိစ္ဆာပညာရပ်နှင့် ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကျော်သူတစ်ယောက်ပင်။

လူအများအပြားသည် ထိုလူထူးခြားမီးတောက်နီသည် စဦးစိတ်ဝိညာဉ်အဆင့်သို့ ဝင်ရောက်နိုင်ချေ များသူဟု ပြောကြသည်။ သူ့အဖို့ သိုင်းဘိုးဘေး ကျိနစ်ယင်ကဲ့သို့ မဟာသူရဲကောင်းတစ်ယောက် ဖြစ်လာဖို့ အချိန်တစ်ခုသာ လိုလိမ့်မည်ဟု ဆိုကြသည်။ သူသည် လိပ်ရင်းမြစ်ကျွန်း၏ အုပ်စိုးသူ ဖြစ်ကာ မည်သူကမျှ သူ့ကို အလွယ်တကူ ရန်မစဝံ့ကြပေ။ သူကား လွှမ်းမိုးနိုင်သူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ ပြင်းပြတေးသံဂိုဏ်းက သူ့ကို အကူအညီတောင်းခံနိုင်ခဲ့တာများလား။

ဟန်လိသည် တည်တည်ငြိမ်ငြိမ် ခေါင်းမော့ကာ သည်တိမ်တိုက်နက်ကို သတိထား၍ သေချာ စူးစမ်းကြည့်သည်။ ထိုအခိုက်တွင် တိမ်တိုက်နက်တွင် အဟတစ်ခု ပေါ်လာပြီး ခရမ်းရောင်ဝတ်စုံဖြင့် ပိန်သွယ်သွယ်အမျိုးသမီးတစ်ယောက် ပျံသန်းထွက်ပေါ်လာသည်။ သူမက ကျက်သရေဖြာသော ဟန်ပန်ကို ဆောင်ကြဉ်းထား၏။ သို့ပေမည့် သူမ၏ မျက်မှာကိုမူ ခရမ်းရောင်ချီ ခပ်ဖျော့ဖျော့ဖြင့် ဖုံးကွယ်ထားသည်။

အမျိုးသမီးဖန်နှင့် ကျိုးယုထင်တို့သည် သူမ ထွက်ပေါ်လာတာ မြင်သည့်အခါ သူတို့သည် ရှေ့သို့ ခြေလှမ်းပြီး သူမကို ကြိုဆိုကြသည်။

“ဂျူနီယာညီမလေးဝမ်….စီနီယာလူထူးခြား မီးတောက်နီက ဘာကြောင့်များ ဒီကို ရောက်လာရတာလဲ။ သူ့ကို နင် ဖိတ်ခေါ်ခဲ့တာလား။ ဒါက မလိုအပ်ဘူးထင်တယ်နော်…”

ကျိုးယုထင်သည် မသိမသာ မျက်မှောင်ကြုတ်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“အမှန်ပဲ။ ဒီလူထူးခြားကို အလွယ်တကူ ရန်စလို့ မရနိုင်ဘူးလေ။ မိစ္ဆာတွေဟာ ဖိတ်ခေါ်ဖို့တော့ လွယ်တယ်။ ဒါပေမဲ့ ပြန်ဖယ်ရှားဖို့တော့ ခက်လိမ့်မယ်။ ဒါ့အပြင် တို့ရဲ့ လူအင်အားဟာလည်း လုံလောက်နေပြီပဲကို…”

အမျိုးသမီးဖန်သည် စိတ်လေးလံသည့်ဟန်ဖြင့် ပြောသည်။ သူမ၏ ဟန်ပန်တွင် မကျေမနပ်ဟန် အရိပ်အယောင်ပါ ပါဝင်သည်။

“စီနီယာအစ်မတို့နှစ်ယောက်က ပစ္စည်းတွေကို ပို့ဆောင်နေစဉ် လူအင်အား လောက်ပြီလို့ ယုံကြည်နေတာလား…”

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် တခြားနှစ်ယောက်၏ စိတ်ပူပန်မှုကို နည်းနည်းလေးမျှ အရေးမထားဘဲ ထိုသို့သာ မေးလာသည်။

အမျိုးသမီးဖန်သည် သူမ၏ ဆိုလိုရင်းကို ချက်ခြင်း နားလည်သွားပြီး အံ့အားတသင့်ဖြင့် မေးသည်။

“ဂျူနီယာညီမလေး…နင် ဘာကို ဆိုလိုတာလဲ။ ရန်သူတွေမှာ တခြားပြဿနာ ဖြစ်နိုင်တဲ့ အနေအထားတွေပါ ရှိနေတာလား…”

ကျိုးယုထင်သည်လည်း အံ့အားသင့်ထိတ်လန့်သွားဟန် ဖြစ်ပေါ်နေသည်။

“ကျမ ကြားတာကတော့ သူတို့တွေရဲ့ ဝပ်ကျင်းကို သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က စောင့်ကြည့်နေတာတဲ့။ စီနီယာအစ်မတို့ စုဆောင်းထားတဲ့ လူအင်အားက နည်းတဲ့အတွက် ကျမလည်း လိပ်ရင်းမြစ်ကျွန်းရဲ့ လူထူးခြားမီးတောက်နီကို ကျမတို့အတွက် ကူညီပေးဖို့ သွေးဆောင်ခဲ့ရတာပေါ့…”

ထိုစကားကို ကြားသည့်အခါ စီနီယာအမျိုးသမီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် သံသယဝင်ဟန်ဖြင့် ကြည့်မိသည်။ သူမတို့က ဘာမျှတော့ မပြောကြတော့ပေ။

သူတို့သည် သူတို့၏ ဂျူနီယာညီမဖြစ်သူမှာ ထိုသူ့ကို အကူအညီတောင်းနိုင်ဖို့ မည်မျှ တန်ကြေး ပေးခဲ့ရသည်ကို မသိကြသော်လည်း အခုက မေးရမြန်းရမည့် အချိန် ဟုတ်မနေပေ။ လုပ်ဆောင်ရမည့် ကိစ္စပြီးမှသာ သည်အကြောင်းကို ပြောတာ အကောင်းဆုံး ဖြစ်လိမ့်မည်။

ထိုအခိုက်အတန့်တွင် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အကြည့်သည် တောင်ပေါ်ရှိ တခြားကျင့်ကြံသူများထံသို့ ရောက်သွားသည်။ ထို့နောက်တွင် သူမသည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြသည်။

“စီနီယာအစ်မတို့က မျှော်လင့်ထားတာထက် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေတချို့ကို ပိုဖိတ်ခေါ်နိုင်တာပဲ။ လူထူးခြားမီးတောက်ကြယ်ရဲ့ အကူအညီနဲ့ဆို အဲ့မကောင်းဆိုးဝါး ကျင့်ကြံသူတွေကို သတ်နိုင်ပြီး အမေ့အတွက် လက်စားချေနိုင်မှာပါ…”

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ လေသံမှာ အလွန်အေးစက်သွားပြီး သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေ၏။

“စိတ်ချပါ။ အစ်မတို့ကလည်း ဂိုဏ်းခေါင်းဆောင်အတွက် ကျိန်းသေပေါက် လက်စားပြန်ချေပါ့မယ်။ အကြွေး ပြန်ဆပ်ကို ဆပ်မှာ…”

ကျိုးယုထင်သည် ဖြည်းဖြည်းချင်း ထိုသို့ ပြောလာသည်။

“အမှန်ပါပဲ။ ဂိုဏ်းခေါင်းဆောင်က ကျမတို့အပေါ် တအား ကောင်းခဲ့တာ။ ရန်သူကို သတ်နိုင်မယ်ဆို အစ်မတို့ရဲ့ အသက်ကိုပါ ပေးရမယ်ဆိုရင်တောင် လုပ်ဆောင်မှာပဲ…”

အမျိုးသမီးဖန်က လေးလေးနက်နက်နှင့် သဘောတူသည်။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် စိတ်ခံစားမိသွားပြီး ထိုနှစ်ယောက်ကို လေးလေးနက်နက် ဦးညွှတ်သည်။

“စီနီယာအစ်မတို့ကို ကျမက ဒုက္ခပေးမိပါပြီ။ ဒီကိစ္စတွေ ပြီးလို့ ကျမအမေအတွက် လက်စားပြန်ချေပြီးတာနဲ့ အစ်မတို့ နှစ်ယောက်ထဲက တစ်ယောက်က ဂိုဏ်းခေါင်းဆောင် နေရာကို ယူကြပါ။ ကျမ၊ဝမ်နင်းက အဲ့နေရာကို မယူပါဘူး…”

ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် ပြတ်သားစွာ ပြောသည်။

ထိုသို့ ပြောပြပြီးနောက် ကျိုးယုထင်၏ လှပသော မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသည့်ဟန် ပေါ်သည်။ သူမက တခုခု ပြောရန် နှုတ်ခမ်းလှုပ်သည်။ သို့သော် အဆုံးသပ်၌ သူမသည် တိတ်ဆိတ်နေရန်သာ ဆုံးဖြတ်၏။

အမျိုးသမီးဖန်ကမူ သူမ၏ တည်ငြိမ်သော အမူဟန်ပန်ကို ထိန်းသိမ်းထားနိုင်သော်လည်း သူမ၏ မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို မဖုံးကွယ်ထားနိုင်ပေ။

ဟန်လိနှင့် မနီးမဝေးရှိ မုန့်အမည်ရ ကျင့်ကြံသူတစ်ယောက်က ခပ်တိုးတိုး ရေရွတ်သည်။

“အင်း…ဒီအမျိုးသမီးက ပြင်းပြတေးသံဂိုဏ်းရဲ့ နတ်သမီးခရမ်းဝိညာဉ်ပဲ ဖြစ်ရမယ်။ သူမရဲ့ မှော်ပညာရပ်နဲ့ မျက်နှာကို ဖုံးကွယ်ထားတာကတော့ ရင်နာစရာပဲ…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ သူ့စိတ်ထဲ ဂနာမငြိမ် ဖြစ်သွား၏။ သူသည် နတ်သမီးခရမ်းဝိညာဉ်ကို အရင်တည်းက ကြားဖူးခဲ့၏။ သူမသည် နတ်ဘုရားမတစ်ပါးနှယ် လှပသူဟု ဆိုနိုင်သည်။ ပြန့်ကြဲကြယ်ပင်လယ်များတွင် အလှပဆုံးအမျိုးသမီးများထဲမှ တစ်ယောက် ဖြစ်ပေသည်။

ဟန်လိသည် အကွာအဝေးတစ်ခုရှိ ထိုအမျိုးသမီးအပေါ် အနည်းငယ် အံ့အားသင့်ဟန်ဖြင့် လှမ်းကြည့်မိသည်။

ထိုအခိုက်အတန့်တွင် ထိုအမျိုးသမီးသုံးယောက်သည် စကားပြော၍ ပြီးသွားသည်။ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် တိမ်တိုက်နက်ထံ လှည့်၍ ပျံသန်း၏။ ထို့နောက်တွင် ဘယ်ညာတမန်တော်များသည် လေးနက်သည့်ဟန်ပန်များဖြင့် လုပ်ငန်းစရန် ဟန်ပြင်ကြသည်။

တောင်ထိပ်ထံမှ အလင်းတန်းဆယ့်နှစ်ခုကျော်သည် ပျံသန်းထွက်ကာ မြောက်ဘက်အရပ်ထံ သွားကြသည်။

ဟန်လိနှင့် ဝိညာဉ်သေတို့သည် အလယ်ကနေ နေရာယူ၍ ပျံသန်းလာကြသည်။ သို့ရာတွင် မည်သည့်အတွက်ကြောင့်မှန်းမသိ မုန့်အမည်ရ ကျင့်ကြံသူသည် ဟန်လိဘေးသို့ ပျံသန်းလာခဲ့ကာ သူနှင့် စကားစမြည် လာပြောလေသည်။

“ရောင်းရင်းဟန်က ဘယ်တမန်တော်ဖန်ရဲ့ အကူအညီကို ဘာကြောင့် သဘောတူခဲ့တာလဲ။ ကျုပ်ကတော့ ကျုပ်ရဲ့ ကိုယ်လုပ်တော်တွေထဲက တစ်ယောက်က သူမရဲ့ တိုက်ရိုက်တပည့်တွေထဲက တစ်ယောက် ဖြစ်နေတာကြောင့်ပဲ။ ဒါ့ကြောင့် သူတို့ကို ကျုပ်အနေနဲ့က မကူညီလို့ မရတော့တာ။ ရောင်းရင်းဟန်ကကော…အဲ့လိုများ…”

“ကျုပ်ကတော့ ရောင်းရင်းမုန့်လောက် မိန်းမတွေနဲ့ ပတ်သတ်ရင် ကံမကောင်းပါဘူး။ အမျိုးသမီးဖန်က ကျုပ်လိုချင်တဲ့ ပစ္စည်းတစ်ခု ပေးမယ်လို့ ကတိပေးခဲ့ရုံလောက်ပါပဲ…”

ဟန်လိသည် မထူးခြားနားဖြင့် ပြောသည်။

“ဒါကတော့ စိတ်မကောင်းစရာပဲဗျာ။ ပြင်းပြတေးသံဂိုဏ်းနဲ့ ပတ်သတ်ပြီး အကောင်းဆုံးအရာတွေဟာ သူတို့ရဲ့ မိန်းမလှတပည့်တွေပဲလေ။ အထူးသဖြင့် ဒီတမန်တော်နှစ်ယောက် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသထားတဲ့ တပည့်တွေပဲ။ သူတို့ဟာ တကယ့်ကို…”

ဟန်လိသည် တည်တည်ငြိမ်ငြိမ် နားထောင်နေသော်လည်း စိတ်ထဲကတော့ ငိုရမလား၊ ရယ်ရမလား မသိ ဖြစ်နေတော့သည်။ စစချင်းတည်းက ထိုသို့ ပွင့်ပွင်းလင်းလင်း ရင်းရင်းနှီးနှီး ပြောလာသော သူ့စကားများကို ကြားသည့်အခါ ဟန်လိသည် အတိတ်တုန်းက အဝါရောင်တောင်ကြားရှိ သူ့စီနီယာအစ်ကိုအကြောင်းကို ပြန်အမှတ်ရမိသွားပေသည်။ သူသည် ထိုသူ့အပေါ် မကောင်းမြင်စိတ်ပါ မဖြစ်မိတော့ပေ။

ထိုသို့ဖြင့် ဟန်လိသည် သူ့စကားမျာားကို ရံဖန်ရံခါ ပြန်ဖြေရင်း ပြင်းပြတေးသံဂိုဏ်းမှ ကျင့်ကြံသူများ၏ ဦးဆောင်မှုဖြင့် အမည်မသိနေရာတစ်ခုထံ ပျံသန်းလာကြလေသည်။

ဤသို့ဖြင့် သူတို့သည် ပြင်းပြတေးသံဂိုဏ်းမှ အဆင့်နိမ့်တပည့်တချို့ စောင့်နေကြသော လူသူကင်းမဲ့သည့် ကျွန်းတစ်ခုပေါ် ရောက်လာခဲ့ကြသည်။ သူတို့က မနီးမဝေးရှိ ဓားပြများ ခိုအောင်းနေသော အမည်မဲ့ကျွန်းတစ်ခုကို စောင့်ကြည့်နေတာ ဖြစ်သည်။

ထိုမကောင်းဆိုးဝါးကျင့်ကြံသူများ၏ ခိုအောင်းရာနေရာကနေ မည်သူမျှ ထွက်သွားတာ မရှိမှန်း သိကြပြီးနောက်မှာတော့ နတ်သမီးခရမ်းဝိညာဉ်သည် အနက်ရောင်တိမ်တိုက်ထံမှ ပျံသန်းထွက်လာသည်။ ဟန်လိနှင့် တခြားသူများလည်း ထိုအခိုက်တွင် အနားယူကြသည်။ နောက်နေ့မနက်တွင်မှ သူတို့သည် အငိုက်ဖမ်း တိုက်ခိုက်ကြမည် ဖြစ်၏။

All Chapters