လှည့်ဖြားသော အခြေအနေတစ်ခု
Vol. 29 Ch. 404
ထိုညသည် တိတ်တဆိတ် ကုန်လွန်သွားသည်။
အာရုံဦးအချိန် ရောက်လာသည်နှင့် ထိုကျင့်ကြံသူများသည် မိစ္ဆာကျင့်ကြံသူများ၏ ကျွန်းအထက်မှာ တိတ်တဆိတ် ပေါ်လာလေသည်။
“ဒီနေရာပဲ…” နတ်သမီးခရမ်းဝိညာဉ်သည် သူမ၏အောက်ရှိ အနက်ရောင်ကျွန်းငယ်ထံသို့ စိတ်ရှုပ်ထွေးစွာ ငုံ့ကြည့်နေသည်။ ထိုကျွန်းသည် တကယ့်ကို သေးငယ်သည်။ အချင်းနှစ်ကီလိုမီတာလောက်သာ ရှိတော့သည်။ ကျောက်ဆောင်တန်းကြီးတစ်ခုဟု ပြောလျှင် ပို၍ တိကျနိုင်သည်။
“အမှန်ပဲ။ ရွှေနကျယ်ကောင်က ဒီနေရာကို ရောက်လာရုံသာမက အကြီးအကဲနှစ်ယောက်ကလည်း သေချာကြောင်း အတည်ပြုခဲ့ကြတယ်။ အဲ့ မကောင်းဆိုးဝါး ကျင့်ကြံသူတွေက ဒီမှာပဲ ရှိမှာ…”
အမျိုးသမီးဖန်သည် ခပ်တိုးတိုး ဆိုသည်။
ထို့နောက်တွင်တော့ ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် တိတ်တဆိတ် ခေါင်းညိတ်ကာ ထပ်မံ၍ သံသယထားမနေတော့ပေ။
သို့ပေမည့် သည်ကျွန်းမှာ သိသိသာသာ သေးငယ်ရုံသာမက ရိုးရှင်းလှသော ပုံရိပ်ယောင်အစီအရင်တစ်ခုကိုသာ ချခင်းထားပေသည်။
“ ခုချက်ခြင်းပဲ သတ်ကြတာပေါ့…” နတ်သမီးခရမ်းဝိညာဉ်သည် အေးစက်စက် အမိန့်ပေးပြီးနောက် အနက်ရောင်တိမ်တိုက်အတွင်းမှ လူထူးခြားမီးတောက်နီ၏ ရယ်သံသည် ပဲ့တင်ထပ်သွားလေသည်။ တပြိုင်နက်တည်းမှာ သူသည် သူတို့၏ လမ်းကြောင်းရှိ အစီအရင်ကို လွယ်ကူစွာ ဖြတ်သန်းလာခဲ့သည်။ တခြားသူများသည်လည်း အောက်သို့ ဆင်းသက်လာကြသည်။
သူတို့၏ အစီအရင် ပျက်စီးသံကြောင့် အောက်ဘက်မှ သူများကတော့ အလန့်တကြား ဖြစ်ကုန်ကြတာ သိသာသည်။
အောက်ဘက်မှ လေတိုးသံများစွာ ညံသွား၏။ အလင်းတန်းငါးဆယ်လောက် ဖြာထွက်ကာ ကျင့်ကြံသူများစွာသည် ရှေ့ထွက်လာသည်။ သူတို့ကို ဦးဆောင်သော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက်သည် ပြင်းပြတေးသံဂိုဏ်းမှ သူများကို မြင်သည့်အခါ အံ့အားသင့်ကုန်ကြသည်။ သို့သော် သူတို့၏ တုန့်ပြန်မျုကို စောင့်မနေဘဲ အမျိုးသမီးဖန်က လှမ်းအော်၏။
“ တိုက်ကြ…” ထိုသို့ ပြောပြီးနောက်မှာ သူမက ငွေရောင်ဘီးမှော်လက်နက်တစ်ခုကို ထုတ်လွှတ်၍ ချက်ခြင်း တိုက်ခိုက်လေသည်။ တခြားသူများကလည်း ထိုသည်ကို မြင်သည့်အခါ သူမကဲ့သို့ပင် တိုက်ခိုက်လာသည်။
ကောင်းကင်တခွင် အလင်းများ ဖြာထွက်လင်းထိန်သွားပေပြီ။ ခုခံတိုက်ခိုက်သံများ ဆူညံလျက်။
ကောင်းကင်လျှပ်စီးဝါးကို တောင်းဆိုရမည့် အခြေအနေအောက်တွင် ဖြစ်၍ ဟန်လိသည်လည်း သည်အတိုင်း ကြည့်နေလျှင် အရှက်ရစရာဟု သိသည်။ ထို့ကြောင့် သူနှင့် ဝိညာဉ်သေတို့သည် သူတို့၏ မှော်လက်နက်များကို ထုတ်ကာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူငါးယောက်ကို တစ်ယောက်ပြီးတစ်ယောက် အမှောက်သိပ်ပေးရန် ဟန်ပြင်သည်။
အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက် ဖြစ်၍ သူတို့အဖို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအုပ်စုငယ်တစ်ခုကို လွယ်ကူစွာ ရင်ဆိုင်နိုင်ပေသည်။ သို့သော် တုန်လှုပ်ဖွယ်ကောင်းတာ တစ်ခု ဖြစ်ပွားလာသည်။
ထိုငါးယောက်သည် သူတို့ကို အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်က တိုက်ခိုက်လာတာ မြင်သည့်အခါ သူတို့၏ ဝတ်ရုံများသည် စုတ်ပြဲသွားပြီး မိစ္ဆာနတ်ဆိုးများအဖြစ် အသွင်ပြောင်းကြသည်။ ဟန်လိသည် သည်လိုအဖြစ်သနစ်မျိုးကို အရင်တည်းက မြင်ဖူးခဲ့သော်လည်း တုန်လှုပ်သွားရသည်ပင်။
သို့သော် သူတို့၏ ကျင့်ကြံမှုက မြင့်တက်လာခဲ့လျှင်ပင် ဟန်လိမှာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ တစ်ယောက်မျှသာ မဟုတ်တော့ပေ။ သူတို့သည် ဟန်လိနှင့် ဝိညာဉ်သေတို့ကို ခဏသာ ခုခံနိုင်လိုက်ပြီး သူတို့၏ မှော်ပစ္စည်းများနှင့်အတူ ပြာမှုန့်ဘဝသို့ ရောက်သွားလေတော့သည်။
ထိုအခိုက်တွင် ဟန်လိသည် သူတို့၏ မိစ္ဆာနတ်ဆိုးအသွင်ပြောင်းလဲခြင်းမှာ မိစ္ဆာနက်ကျောင်းတော်က အသွင်ပြောင်းလဲခြင်းနှင့် ကွဲပြားကြောင်းကို တွေ့ရှိလိုက်ရသည်။ သူတို့၏ အသွင်ပြောင်းလဲခြင်းမှာ မန္တာန်တစ်ခုခု ရွတ်ဖို့ သို့မဟုတ် ပိုးအိမ်တစ်ခုတို့ လိုအပ်မနေရုံသာမက သူတို့၏ ခန္ဓာကိုယ်များတွင်လည်း ခုလက်ရှိ၌ ဒြပ်စင်သွေးအမြုတေတစ်ခုပါ ရှိမနေခဲ့ပေ။ ထိုအချက်အပေါ် ဟန်လိမှာ အတော်လေး စိတ်ရှုပ်ထွေး၍ စဉ်းစားမရ ဖြစ်သွားခဲ့ရသည်။ သူသည် မိစ္ဆာနက်ကျော်တော်နှင့် ထိုသူတို့သည် ပတ်သတ်မှု တချို့တလေ ရှိ၊မရှိကိုပါ စဉ်းစားမိသွား၏။
သို့သော် သူက ထိုအတွေးကို ချက်ခြင်း ပြန်ဖယ်ရှားကာ တခြားနေရာများထံသို့သာ အာရုံစိုက်၍ ကြည့်လိုက်သည်။ အခုက သည်မေးခွန်းများကို စဉ်းစားနေဖို့ အချိန် မဟုတ်ပေ။ ခုလို တိုက်လာခိုက်လားအချိန်၌ သူ အတွေးများနေခဲ့လျှင် တယောက်ယောက်က သူ့ကို အလစ်အငိုက် လာတိုက်ခိုက်နိုင်သည် မဟုတ်လား။
သို့သော် ဟန်လိ တွေ့မြင်ရသည့် အရာကြောင့် သူ့သံသယများက ပိုအားကောင်းလာ၏။ အခြေခံတည်ဆောက်ခြင်းအဆင့် မကောင်းဆိုးဝါးကျင့်ကြံသူ အများစုမှာ မိစ္ဆာနတ်ဆိုးအသွင်သို့ ပြောင်းလဲကုန်လေပြီ။ ထိုမျှသာမကသေး။ သူတို့သည် အုပ်စုငယ်များ ဖွဲ့ကာ အင်ကုန်အားကုန် ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။
အစောပိုင်းတုန်းက လူထူးခြားမီးတောက်နီ၏ အနက်ရောင်တိမ်တိုက်ဖြင့် ထိန်းချုပ်ခံခဲ့ရသော အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ သုံးယောက်မှာ မလွတ်မြောက်နိုင်သေးဘဲ ရှိနေသည်။
ခုချိန်တွင် ရန်သူ၏ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ အရေအတွက်မှာ မျက်စိတမှိတ်အတွင်း တဝက်တိတိ လျော့ကျသွားခဲ့လေပြီ။ သို့သော် မည်သို့ပင်ဖြစ်ပါစေ ကျန်သည့် အသက်ရှင်ရစ်သူများမှာ အကြောက်အလန့်ကင်းကင်းဖြင့် တိုက်ခိုက်နေကြဆဲပင်။
သူတို့၏ မဆုတ်မနစ် တိုက်ခိုက်မှုများကြောင့် ပြင်းပြတေးသံဂိုဏ်းမှ ကျင့်ကြံသူများသည် အတော်လေးကို အံ့ဩထိတ်လန့်ရသည်။ သို့ပေမည့် ဤအခိုက်အတန့်တွင် လေထုကို ဖြတ်၍ ကြမ်းတမ်းလှသော လေတိုးသံတစ်သံ ထွင်းဖောက်လာကာ ပြင်းပြတေးသံဂိုဏ်းမှ ကျင့်ကြံသူများကို ခဏတာ ထုံထိုင်းသွားစေသည်။ လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကြ၏။
“မင်းတို့ ဘာလို့ ကြောင်ရပ်နေကြတာလဲ။ သူတို့ကို မြန်မြန် သတ်ကြလေ။ ပြဿနာဖြစ်နိုင်တဲ့ တခုခုတော့ ရောက်လာနေပြီ…” တိမ်တိုက်နက်ထဲမှ လူထူးခြားမီးတောက်နီ၏ စကားသံသည် ဟိန်းထွက်လာသည်။ ထိုအခါ မိန်းမောနေသော ကျင့်ကြံသူများသည် ဆက်၍ တိုက်ခိုက်ကြလေ၏။
မကောင်းဆိုးဝါးကျင့်ကြံသူများက သည်လေချွန်သံများကို ကြားသည့်အခါ သူတို့က စိတ်အားတက်ကြွလာကြ၏။ ပို၍ပင် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လာသည်။ အချိန်တခုထိတော့ သူတို့သည် မရှုံးနိမ့်နိုင်တော့ပေ။
ခဏအကြာတွင် မီးခိုးရောင်အလင်းတန်းများသည် ကျွန်း၏အထက်သို့ ရောက်ရှိလာသည်။ ပြင်းပြတေးသံဂိုဏ်းမှ ကျင့်ကြံသူများက ဤသည်ကို မြင်သည့်အခါ သူတို့အားလုံး ရပ်တန့်ကာ အသစ်ရောက်လာသော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူငါးယောက်ကို သတိထားကာ လှမ်းကြည့်ကြသည်။
ထိုသူတို့ကို ဦးဆောင်လာသူမှာ ပြာနှမ်းနှမ်းအသားအရေပိုင်ရှင် သက်လတ်ပိုင်းလူတစ်ယောက်ပင်။ သူ၏ ရုပ်သွင်က သာမန်သာဖြစ်၏။ သို့သော် သူ့ထံမှ မှော်စွမ်းအားလှိုင်းကမူ သူနှင့်အတူ ပါလာသောလေးယောက်ထက် အဆများစွာ သာလွန်သည်။ သူကား အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ဖြစ်ရမည်။ ကျန်လေးယောက်ကတော့ အမြုတေဖွဲ့စည်းခြင်းအစောပိုင်း အဆင့်များသာ။ သူတို့အားလုံးက ပြင်းပြတေးသံဂိုဏ်းမှ သူများကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေ၏။
“ကျုပ်တို့ လျှို့ဝှက်မိစ္ဆာဂိုဏ်းက တပည့်တွေကို သတ်ခဲ့တဲ့သူတွေက ဘယ်သူတွေလဲ…။ ကျုပ်တို့ ဒီသွေးကြွေးကို ပြန်ပေးရမယ်…”
သူ၏ တပည့်များမှာ သိပ်မကျန်တော့တာ မြင်သည့်အခါ ထိုသက်လတ်ပိုင်းလူ၏ အမူအရာသည် နက်မှောင်သွားသည်။
တခြားသူများမှာ မင်သက်ကုန်သည်။ ထိုဓားပြများသည် မည်သည့်အတွက်ကြောင့် ခုလောက်ထိ ရဲဝံ့ဖြောင့်မတ်သည်ဟန်ဖြင့် ပြောလာကြသနည်း။
အကင်းပါးသူတချို့တလေကတော့ နတ်သမီးခရမ်းဝိညာဉ်၊ အမျိုးသမီးဖန်နှင့် ကျိုးယုထင်တို့ထံ ချီတုံချတုံဟန်ဖြင့် လှမ်းကြည့်ကြသည်။
နတ်သမီးခရမ်းဝိညာဉ်၏ မျက်လုံးထဲတွင် သံသယဖြစ်ဟန် အရိပ်အမြွက် ပေါ်သွားပြီး သူမက တစံတခုကို တွေးမိကာ ကြားဖြတ်၍ အော်ဟစ်လိုက်သည်။
“နင်တို့ အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောနဲ့။ နင်တို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုဟာ သေဒဏ်ကလွဲလို့ တခြားနည်းနဲ့ ပြန်ပေးဆပ်လို့ မရနိုင်ဘူ….”
အမျိုးသမီးဖန် ဘေးနားတွင် နီးနီးကပ်ကပ် ရှိနေသော အကြီးအကဲကျောက်က ရုတ်တရက် လူအုပ်ထဲကနေ ပျံသန်းထွက်ကာ သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး ရန်သူတို့ထံ သုံးမီတာလောက်အရှည်ရှိမည့် မီးအလင်းတန်းတစ်ခုကို ထုတ်လွှတ်လာသည်။
သက်လတ်ပိုင်းလူမှာ ကြမ်းကြုတ်စွာဖြင့် မီးခိုးရောင်မိစ္ဆာချီကို ပေါက်ကွဲထွက်စေသည်။ မီတာလေးဆယ်လောက် အမြင့်ရှိမည့် မီးခိုးရောင်ချီသည် ချက်ခြင်းပင် ဝေဝေဝါးဝါး တစ္ဆေမျက်နှာကြီးတစ်ခုအဖြစ်သို့ ဖွဲ့စည်းသည်။ ထိုတစ္ဆေမျက်နှာသည် ၎င်း၏ ပါးစပ်ကို ဖွင့်ဟကာ ရှေ့သို့ ကြမ်းတမ်းစွာ တိုးဝင်လာချေသည်။
ထိုတစ္ဆေမျက်နှာကြီးထဲ၌ အကြီးအကဲကျောက်၏ တိုက်ခိုက်မှုမှာ ကွယ်ပျောက်သွားရသည်။ ထို့နောက်တွင် ၎င်းက အကြီးအကဲကျောက်ထံ ဆက်လက် တိုးဝင်လာသည်။
အကြီးအကဲကျောက်မှာ အလန့်တကြား ဖြစ်သွားလေ၏။ သူ့ပုံရိပ်က ဝေဝါးသွားကာ သူနှင့် မဟာမိတ်ကျင့်ကြံသူအုပ်စုများကြား ဖြတ်ခနဲ ရောက်ရှိသွားလေသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“လူတိုင်းပဲ…အတူတကွ တိုက်ခိုက်ကြ။ သူက အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ကျုပ်တို့ တကိုယ်တည်း တိုက်ခိုက်မယ်ဆို အခွင့်အရေးတစ်ခုတောင် ရလိမ့်မှာ မဟုတ်ဘူး…”
သူ၏ စကားကြောင့် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်နှင့် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများထဲမှ တချို့က ချက်ခြင်းပင် သူတို့၏ မှော်လက်နက်များနှင့် ရတနာများကို ထုတ်ကာ တစ္ဆေမျက်နှာထံ ထိုးနှက်တိုက်ခိုက်သည်။
သို့ရာတွင် အများစုကတော့ သံသယဖြစ်စွာဖြင့်သာ ကြည့်နေကြသည်။ ခုအခြေအနေမှာ အတော်လေး ရှုပ်ထွေးနေလေပြီ။ ဤသည်ကို မြင်သည့်အခါ ဟန်လိက မျက်နှာပျက်သွားသည်။
သူသည် လူအုပ်နောက်သို့ ဝိညာဉ်သေနှင့်အတူ ဖြည်းဖြည်းချင်း ရွှေ့လာ၏။ အခြေအနေသည် တအား အရေးမသာတော့ပုံ ပေါ်နေသည် မဟုတ်လား။ သူက မည်သို့ဖြစ်ပျက်လာမည်ကို မသိသော်လည်း သူ့ကိုယ်သူ လာမည့် အန္တရာယ်နှင့် ချက်ခြင်း ဝေးကွာစေရန်သာ တွေးထားသည်။
“ခုထိ မတိုက်ခိုက်ကြသေဘူးလား။ ထူးခြားတာ တခုခု ရှိနေလား…”
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး (ဝါ) နတ်သမီးခရမ်းဝိညာဉ်သည် တခုခု မူမမှန်တာကို မြင်သည့်အခါ ပြင်းပြတေးသံဂိုဏ်းမှ ကျင့်ကြံသူအားကို အေးစက်စွာ မာန်မဲသည်။ သို့သော် ပြင်းပြတေးသံဂိုဏ်းမှ သူများသည် သူမကို လစ်လျူရှုထားလျက် တစ္ဆေမျက်နှာကို တိုက်ခိုက်မှုများအပေါ်သာ အာရုံစိုက်နေပုံ ရသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ စိတ်ထဲ၌ လေးလံလာသည်။
ရန်သူဖြစ်သော သက်လတ်ပိုင်းလူမှာ အရူးမဟုတ်ပေ။ သူသည်လည်း ထူးခြားနေတာ တစ်ခုခုကို မြင်သည်။
အနည်းငယ် အံ့အားသင့်သွားပြီးနောက်တော့ သူက သူ့လက်ကို တစ္ဆေဦးခေါင်းထံ ဝေ့ယမ်းသည်။ ထိုအခါ ၎င်းဦးခေါင်းထံမှ ထူးခြားသော ငြီးသံတစ်သံ ထုတ်လွှတ်၏။ ထို့နောက်တွင် ၎င်းက ပါးစပ်ဟကာ မီးခိုးရောင်အလင်းလုံး မြောက်များစွာကို ထွေးထုတ်သည်။ ထိုအခါ တစ္ဆေမျက်နှာကို တိုက်ခိုက်နေကြသော မှော်လက်နက်များနှင့် ရတနာများသည် မတည်မငြိမ် ဖြစ်ကုန်ကြသည်။ သူက သည်အခွင့်အရေးကို အရယူကာ တစ္ဆေမျက်နှာအား ပြန်၍ ပျံသန်းလာစေသည်။
တိုက်ခိုက်နေသော ကျင့်ကြံသူများမှာ မင်သက်ကုန်ကြသည်။ သူတို့သည် အုပ်စုလိုက် တိုက်ခိုက်နေရာကနေ လူချင်း ခွဲမထွက်ဝံ့ကြပေ။
“ဘာတွေ ဖြစ်နေလဲ တစ်ယောက်ယောက် ကျမကို ပြောလို့ ရမလား…”
နတ်သမီးခရမ်းဝိညာဉ်သည် အုပ်စုထံမှ ပျံသန်းထွက်လာပြီး ဘက်နှစ်ဖက်ကြားတွင် ရပ်၍ ထိုသို့ အေးစက်စွာ မေးသည်။
“ဘာတွေ ဖြစ်နေလဲ ဟုတ်လား။ မင်းက ကျုပ်တို့ ဂိုဏ်းရဲ့ တပည့်တွေကို အကြောင်းရင်း မရှိဘဲ သတ်ပြစ်ခဲ့ပြီး သူတို့ဂိုဏ်းခေါင်းဆောင်ကို အဲ့လို လာမေးနေတာလား…”
သက်လတ်ပိုင်းလူသည် အေးစက်စွာ ပြောသည်။
နတ်သမီးခရမ်းဝိညာည်သည် ထိုသူ့ကို စိတ်ခံစားချက်မဲ့စွာ ကြည့်၍ ဖြည်းဖြည်းချင်း ထပ်မေးသည်။
“ရှင်တို့က ကျမတို့ ပြင်းပြတေးသံဂိုဏ်းကို ဓားပြတိုက်ခိုက်ခဲ့ပြီး ကျမတို့ဂိုဏ်းခေါင်းဆောင်ကို သတ်ခဲ့ကြတဲ့သူတွေ မလား…”
သက်လတ်ပိုင်းလူသည် ဒေါသတကြီးဖြင့် ပြန်တုန့်ပြန်သည်။
“အဓိပ္ပာယ် မရှိလိုက်တာ။ ကျုပ်တို့ လျှို့ဝှက်မိစ္ဆာကျောင်းတော်က အပြင်လူတွေနဲ့ ပတ်သတ်ခဲတယ်။ ဘာကြောင့် ကျုပ်တို့က ဒီလို လုပ်ရပ်မျိုးကို လုပ်ရမှာလဲ…”
သူမက ထိုစကားကို ကြားသည့်အခါ တိတ်ဆိတ်သွား၏။ သူမ၏ မျက်လုံးက ရေခဲတမျှ အေးစက်လာသည်။ သည်စကားကို တခြားသူများက ကြားသည့်အခါ တစုံတခုကို သဘောပေါက်သွားကြပြီး သူတို့၏ အမူအရာများမှာလည်း တမျိုး ဖြစ်ကုန်သည်။
အမျိုးသမီးဖန်သည် လူအုပ်ထဲကနေ ရုတ်တရက် ထွက်လာပြီး ဖြည်းဖြည်းချင်း ပြောလာသည်။
“ကြည့်ရတာ ကျမတို့က တစုံတယောက်ရဲ့ ထောင်ချောက်ထဲ ကျရောက်သွားတဲ့ပုံပဲ…”
“ဟက်…။ မင်းတို့က ထောင်ချောက်ထဲ ကျရောက်တယ် ဟုတ်လား။ ကျုပ်တို့က ကျရောက်ရတာ မဟုတ်ဘူးလား…”
သက်လတ်ပိုင်းလူသည် မကျေမချမ်းဖြင့် ပြောသည်။
သူ အားအင်စိုက်ထုတ်၍ နှစ်များစွာ ပျိုးထောင်ခဲ့ရသော တပည့်များစွာသည် သည်တနေ့အတွင်း အမြောက်အများ သေကုန်ခဲ့ကြလေပြီ။ သူ့အဖို့ ပြင်းပြတေးသံဂိုဏ်းမှ သူများထံ ဒေါသ ပုံမချရဖို့မှာ မဖြစ်နိုင်တော့ပေ။
ပြင်းပြတေးသံဂိုဏ်း၌ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများစွာ ပိုင်ဆိုင်ထားပြီး တိမ်တိုက်နက်အတွင်းရှိ ထူးခြားသော ကျင့်ကြံသူအပေါ် သူ ကိုယ်တိုင်နိုင်ဖို့ မသေချာနေခြင်းတို့ကြောင့်သာ မဟုတ်ပါက သူသည် တစုံတယောက်၏ ထောက်ချောက်ဆင်တာ ခံရတာ သိနေခဲ့လျှင်ပင် သူ့ခွန်အား ရှိသမျှ တိုက်ခိုက်နေပြီး ဖြစ်ချေလိမ့်မည်။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အကြည့်သည် လုံးဝ စိတ်ခံစားချက် ကင်းမဲ့နေစဉ် အမျိုးသမီးဖန်သည် ဘေးကနေ ခါးသီးစွာ ပြုံး၍ စောင့်နေသည်။
“အကြီးအကဲကျောက်၊ အကြီးအကဲဖူ…ရှင်တို့ ကျမတို့ကို ရှင်းပြပါ…”
နတ်သမီးခရမ်းဝိညာဉ်သည် တဖက်သို့ ဖြည်းဖြည်းချင်း လှည့်ကာ အုပ်စုထဲရှိ ထိုနှစ်ယောက်အပေါ် သူမ၏ အာရုံက ကျရောက်သွားသည်။