မဟာပိုင်စိုးခြင်းပညာရပ်
Vol. 29 Ch. 405
နတ်သမီးခရမ်းဝိညာဉ်၏ အေးစက်စက်စကားများအရ တခြားကျင့်ကြံသူများ၏ အကြည့်သည်လည်း လူအုပ်ထဲရှိ အကြီးအကဲကျောက်နှင့် ပညာရှိအသွင်ဟန်ပန်နှင့် သက်လတ်ပိုင်လူတို့ထံ ကျရောက်သွားသည်။ ထိုပညာရှိအသွင်ဟန်ပန်နှင့်သူသည် ပုံမှန်အားဖြင့် ကျိုးယုထင်ဘေးတွင် အဖော်ပြုပေးနေသော ပြင်းပြတေးသံဂိုဏ်း၏ နောက်ထပ် အကြီးအကဲတစ်ယောက်ပင်။ အမျိုးသမီးဖန်နှင့် ကျိုးယုထင်တို့သည် တစုံတခုကို တွေးမိကာ သူတို့၏ အမူအရာများသည် ပျက်ယွင်သွားကြသည်။ ထိုနှစ်ယောက်တွင် အမျိုးသမီးဖန်၏ အမူအရာက ပိုဆိုးသည်။ သူမသည် စိတ်တိုနေမှုကော၊ ပြာယာခတ်နေမှုကော ဖြစ်ပေါ်နေသည်။
“ ဘယ်သူကများ ချောင်းကြည့်နေတာလဲ…” လူထူးခြားမီးတောက်နီသည် ရုတ်တရက် ဒေါသတကြီး လှမ်းအော်သည်။ ထို့နောက်တွင် သူ့တိမ်တိုက်ထံမှ လျှပ်စီးတန်းများသည် ဆက်တိုက်ဆိုသလို အနီးအနားနေရာတစ်ခုထံ တိုးဝင် တိုက်ခိုက်သည်။
အစောတုန်းက လူသူကင်းမဲ့နေသော နေရာတစ်ခုမှာ ရုတ်တရက် နက်မှောင်သွားပြီး အနက်ရောင်ချီ မြောက်များစွာ ပေါက်ကွဲထွက်လာကာ ထိုလျှပ်စီးတန်းတို့ကို လုံးဝ စုပ်ယူပစ်သည်။ ထို့နောက်တွင်တော့ အရပ်ပုပုနှင့်လူငယ်တစ်ယောက် လှမ်းထွက်လာသည်။
“ ဝူချောင်…” အုပ်စု၏ အစွန်းနားထိ ခိုးကြောင်ခိုးဝှက်ဆုတ်သွားသော ဟန်လိသည် ထိုလူငယ်ကို မြင်သည်နှင့် ထိုနာမည်ကို စိတ်ထဲကနေ ပြောလိုက်မိသည်။
ထိုအခိုက်တွင် တခြားကျင့်ကြံသူများစွာလည်း သူ့ကို သိသွားကြပြီး အလန့်တကြား ထအော်ကြသည်။ လျှို့ဝှက်မိစ္ဆာဂိုဏ်းမှ အဖွဲ့ဝင်များက ဝူချောင်ကို ပို၍ပင် သတိထားကာ စိုက်ကြည့်နေသည်။ သို့သော် သက်လတ်ပိုင်းလူဂိုဏ်းခေါင်းဆောင်ကမူ ဝူချောင်ကို မြင်သည့်အခါ ထိတ်လန့်ဟန် အငွေ့အသက် သူ့အမူအရာတွင် ဖြစ်ပေါ်သွားသည်။
“ဟားဟား…လူထူးခြားမီးတောက်နီက ကျော်ကြားတဲ့အတိုင်းပဲ ကျုပ် လူငယ်သခင်လေးရဲ့ လျှို့ဝှက်ဖုံးကွယ်ခြင်းပညာရပ်ကိုပါ ဖြတ်မြင်နိုင်တာပဲ…”
ဝူချောင်သည် တခြားကျင့်ကြံသူများကို နည်းနည်းလေးးမျှ အရေးမစိုက်ဟန်ဖြင့် ဝေ့ကြည့်ပြီး သူ့အကြည့်က တိမ်တိုက်နက်ထံ ကျရောက်သည်။ “ ဟက်…” ထိုတိမ်တိုက်နက်ထံမှ နှာခေါင်းရှုံ့သံ ထွက်ပေါ်သည်။ သူက ဘာမျှတော့ ထပ်မပြောလာပေ။ သည့်အတွက် ဝူချောင်၏ အမူအရာမှာ နက်မှောင်သွားသည်။
“ရှင် ဒီမှာ ရောက်နေမှတော့ ခုကိစ္စဟာ ကျိနစ်ယင်ကျွန်းရဲ့ အကြံအစည်လို့ပဲ ကျမ မှတ်ယူရမယ် မဟုတ်လား…”
ကျိုးယုထင်သည် တခုခုမူမမှန်နေတာကို သိရှိသွားပြီးနောက်မှာတော့ နောက်ဆုံး၌ ထိုသို့ ပြောလာသည်။
“အမှန်ပါပဲ။ ဒီကိစ္စကို ကျုပ် စီစဉ်ခဲ့တာ။ ကျုပ်ဂိုဏ်းရဲ့ သူတွေကို မင်းတို့ ပြင်းပြတေးသံဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေကို ဖြတ်တိုက်ခိုင်းခဲ့တာ။ မင်းတို့ရဲ့ အကြီးအကဲနှစ်ယောက်ကလည်း ကျုပ် အမိန့်ကို နာခံကြတယ်လေ။ ဒါ့ကြောင့် သူတို့က လျှို့ဝှက်မိစ္ဆာဂိုဏ်းအပေါ် အပြစ်တင်ပေးခဲ့ကြတာပေါ့…”
ဤသည်မှာ သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ ဝူချောင်သည် သူ့အစီအစဉ်များကို ဖုံးကွယ်ထားဖို့ စိတ်ကူး ရှိမနေ။ သူက အကုန်လုံး ဝန်ခံသည်။ ထို့အပြင် သူ့အကြည့်က ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးထံ မကြာမကြာ ရောက်ရောက်နေသည်။ သူမကတော့ ဝူချောင်ကို စိတ်ခံစားချက်ကင်းမဲ့စွာဖြင့်သာ ပြန်ကြည့်နေရုံ။
ထိုအခိုက်အတန့်တွင် အကြီးအကဲကျောက်၊ အကြီးအကဲဖူ(ပညာရှိဟန်ပန်နှင့်သူ) နှင့် အစောပိုင်းတုန်းက တိုက်ခိုက်ခဲ့သော ကျင့်ကြံသူများသည် ဝူချောင်၏ ဘက်ခြမ်းသို့ ပျံသန်းသွားကာ ပူးပေါင်းသည်။ အခုဆို နတ်သမီးခရမ်းဝိညာဉ်၊ လျှို့ဝှက်မိစ္ဆာဂိုဏ်းနှင့် ဝူချောင်တို့အဖွဲ့ သုံးဖွဲ့ဖြစ်သွားခဲ့လေပြီ။
နတ်သမီးခရမ်းဝိညာဉ်နှင့် ကျိုးယုထင်တို့သည် အမှန်တရားကို ခန့်မှန်းမိပြီး ဖြစ်သော်လည်း သူတို့၏ အမူအရာများသည် ပို၍ပင် အလေးအနက် ဖြစ်လာကြသည်။
“အကြီးအကဲကျောက်၊ အကြီးအကဲမုန်…ကျုပ်တို့ဂိုဏ်းက ရှင်တို့အပေါ်မှာ အမြဲတမ်း ကောင်းမွန်ခဲ့တယ်။ ဘာကြောင့် ရှင်တို့က ခုလိုမျိုး လုပ်ခဲ့ရတာလဲ…”
မျက်နှာသွေးရောင်ပင် မရှိတော့သော အမျိုးသမီးဖန်သည် အကြီးအကဲကျောက်တို့ထံ ထိုသို့ လှမ်းအော်လိုက်သည်။
ပြင်းပြတေးသံဂိုဏ်း၌ ကျိုးယုထင်နှင့် ယှဉ်ပြိုင်နိုင်ဖို့အတွက် သူမသည် အကြီးအကဲကျောက်ကို ချည်နှောင်နိုင်ဖို့ အများကြီး အားစိုက်ထုတ်ခဲ့ရပေသည်။ သူမ၏ ခန္ဓာကိုယ်ကိုပါ အသုံးပြုခဲ့သည့်အထိပင်။ သို့သော် အခုတော့ ထိုသူက သူမကို စကားတခွန်းမှ မဆိုဘဲ စွန့်ပစ်သွားခဲ့လေပြီ။ သူမမှာ ဒေါသလည်းထွက်၊ အလန့်တကြားလည်း ဖြစ်နေမိသည်။
အကြီးအကဲကျောက်သည် မျက်နှာပျက်သွားပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလာသည်။
“လက်ဝဲရံတမန်တော်…။ ဒီအဘိုးအိုက ခုလိုမျိုး လုပ်ချင်လို့ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့ အသက်တွေက သူတို့ရဲ့ လက်ထဲမှာလေ။ ဒါ့ကြောင့် ဒီကိစ္စမှာ ဒီအဘိုးအိုအတွက် ရွေးချယ်စရာ မရှိခဲ့ဘူး…”
အမျိုးသမီးဖန်သည် ခဏ မင်သက်သွားပြီးမှ မျက်ခုံးပင့်ကာ တခုခုကို ထပ်ပြောချင်နေသည်။ သို့သော် နတ်သမီးခရမ်းဝိညာဉ်က အေးစက်စက်ဖြင့် ကြားဖြတ်ကာ ပြောလာသည်။
“စီနီယာအစ်မဖန်၊ အခုချိန် စကားပြောနေလို့ ဘာမှ မထူးဘူး။ ရန်သူက ကျမတို့ကို ခုလိုမျိုး လုပ်ဝံ့မှတော့ သူတို့မှာ နောက်ခံတစ်ခုခု ရှိမှာ သေချာတယ်။ ကျမတို့ ဒီကိစ္စကို နောက်ပိုင်းမှ ရှင်းကြတာပေါ့။ အရင်ဆုံး ဒီကပ်ဘေးကနေ လွတ်မြောက်အောင်ပဲ လုပ်ကြရအောင်…”
ဝူချောင်သည် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ဖုံးကွယ်ထားသော မျက်နှာထံ တပ်မက်ဟန်ဖြင့် လှမ်းကြည့်ကာ ပြောလာသည်။
“နတ်သမီးခရမ်းဝိညာဉ်၊ ခင်ဗျားက တကယ့်ကိုပဲ ပြိုင်ဘက်ကင်းအလှပဂေးလို့ ခေါ်ဆိုဖို့ ထိုက်တန်လှပါတယ်။ ဒီသခင်လေးက ခင်ဗျားကို လေးစားမိတာ အချိန်ကြာခဲ့ပါပြီ။ ခင်ဗျားအနေနဲ့ ဒီသခင်လေးကို လက်ထပ်ဖို့များ စိတ်ဝင်စားပါသလား။ ဒီသခင်လေးမှာ ကိုယ်လုပ်တော်တွေ အများအပြား ရှိပေမဲ့ ကျုပ်က ခင်ဗျားကိုပဲ ဇနီးအဖြစ် ထားမယ်လို့ ဆုံးဖြတ်ထားတယ်…”
နတ်သမီးခရမ်းဝိညာဉ်သည် ပြန်ပြောသည်။
“ဒါပေါ့…လက်ခံပါတယ်…”
ထိုစကားများကြောင့် ဟန်လိနှင့် တခြားသူများသည် အကြီးအကျယ် မင်သက်ကုန်ကြသည်။ ခဏ အံ့အားသင့်သွားပြီးနောက်မှာတော့ ဝူချောင်က လှမ်းမေးသည်။
“အမျိုးသမီးဝမ်က တကယ်ကြီး အတည် ပြောနေတာလား…”
နတ်သမီးခရမ်းဝိညာဉ်သည် အေးစက်စက်လေသံဖြင့် ပြန်ဖြေသည်။
“ကျမအမေကို သတ်ခဲ့တဲ့ ကျင့်ကြံသူအားလုံးကို ရှင့်အနေနဲ့ ရှင်းထုတ်သုတ်သင်ပေးမယ်ဆို ကျမ ရှင့်ကို လက်ထပ်မယ်…”
ဝူချောင်၏ အူမြူးနေသော အမူဟန်ပန်မှာ ချက်ခြင်း ပျောက်ကွယ်သွားပြီး သူက မျက်မှောင်ကြုတ်၍ ခေါင်းယမ်းကာ ပြောသည်။
“ကျုပ် အဲ့လိုတော့ မလုပ်ပေးနိုင်ဘူး။ ကျုပ်အဘိုးရဲ့ ယုံကြည်ရတဲ့ လက်ထောက်အများအပြားက အဲ့နေ့တုန်းက ပါဝင်လှုပ်ရှားခဲ့တာ။ ကျုပ်မှာ သူတို့ကို သုတ်သင်နိုင်တဲ့ စွမ်းအား မရှိဘူး။ နတ်သမီးအနေနဲ့ တခြားအခြေအနေကို ပြောင်းလဲ တောင်းဆိုနိုင်မလား…”
ထို့နောက်တွင်တော့ နတ်သမီးခရမ်းဝိညာဉ်သည် အေးတိအေးစက် ရယ်မောကာ သူမဘေးရှိ အမျိုးသမီးဖန်ကို ခပ်တိုးတိုးဖြင့် တစုံတစ်ခုကို လှမ်းပြောကာ ဝူချောင်ကို လစ်လျူရှုထားသည်။ ဝူချောင်၏ အရုပ်စိုးသော မျက်နှာထက်တွင် ရက်စက်လိုဟန် ဖြတ်ပြေးသွားသည်။ သို့သော် စဉ်းစားပြီးနောက်မှာ သူက သူ့ဒေါသကို ဖိနှိပ်ကာ လျှို့ဝှက်မိစ္ဆာဂိုဏ်း၏ ကျင့်ကြံသူများထဲမှ တစ်ယောက်ထံ အကြည့်ရောက်သွားသည်။
“သိုင်းဦးလေးစွန်း၊ ဒီလောက်နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ကျုပ်က ခင်ဗျားကို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။ ဒီလောက်များပြားတဲ့ တပည့်တွေကို ပျိုးထောင်နိုင်ခဲ့တဲ့အပေါ် ကျုပ်အနေနဲ့ ဂုဏ်ပြုစကား ဆိုပါရစေ…”
“သိုင်းဦးလေး….” ဝူချောင်၏ ထိုစကားသည် တခြားသူများကို အကြီးအကျယ် မင်သက်သွားစေသည်။
ဟန်လိစိတ်ထဲတော့ အတော့်ကို မသက်မသာ ဖြစ်နေလေပြီ။ သူသည် သူ့စိတ်ဝိညာဉ်အာရုံကို ဘေးပတ်ပတ်လည်သို့ ဖြန့်ကျက်ထားခဲ့သော်လည်း မည်သည့်အလစ်အငိုက်စောင့်နေသူကိုမျှ ရှာမတွေ့ခဲ့ပေ။ ခုလက်တွင် သူသည် ချီတုံချတုံ ဖြစ်နေပြီ။ သူ ထွက်ပြေးရမလား၊ ဆက်နေပြီး အခြေအနေစောင့်ကြည့်ရမလားမသိ ဖြစ်နေခြင်းပင်။ တကယ်တော့ သူသည် သူ၏ အကျိုးအမြတ် ဖြစ်သည့် ကောင်းကင်လျှပ်စီးဝါး ကိစ္စနှင့် ပတ်သတ်၍ ရှိ၊ မရှိကိုပင် မသိရသေးဘဲ ဖြစ်နေသည် မဟုတ်လား။
ထိုအခိုက်တွင် လျှို့ဝှက်မိစ္ဆာဂိုဏ်းမှ သက်လတ်ပိုင်းလူသည် အေးစက်စက်နှာခေါင်းရှုံ့ကာ မျက်နှာကြောတင်းတင်းဖြင့် ပြောလာသည်။
“ကျုပ်က အဆင်ပြေပါတယ်။ ကျုပ်ရဲ့ တပည့်တွေကို ခေါ်ပြီး လေ့ကျင့်ဖို့ သွားခဲ့တာကို မင်းရဲ့လူတွေက ရှာတွေ့နိုင်ခဲ့လိမ့်မယ်လို့ ကျုပ် တကယ်ပဲ မထင်ထားမိခဲ့ဘူး…”
ဝူချောင်သည် သက်လတ်ပိုင်းလူကို လောဘတက်နေသော အရိပ်အယောင်ဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။
“ဟားဟား…ဦးလေးက အတော်ရယ်ရတာပဲ။ ဘယ်သူကများ ဆယ်နှစ်ကျော်လောက် လေ့ကျင့်ဖို့အတွက်နဲ့ ကောင်းကင်မြူပင်လယ်တွေဆီ သွားပါ့မလဲ။ ကောင်းကင်လေဟာနယ်ခန်းမနဲ့ ပတ်သတ်တဲ့ ကိစ္စအတွက် ဦးလေးစွန်းက ထွက်သွားခဲ့တာမလား။ အဲ့နှစ်တုန်းက သိုင်းဦးလေးတော်တော်များများက သူတို့နဲ့အတူ ပျက်စီးနေတဲ့ ကောင်းကင်လေဟာနယ်မြေပုံကိုပါ ယူသွားခဲ့ကြတယ်။ ဖြစ်နိုင်တာကတော့ သိုင်းဦးလေးမှာလည်း ဒီမြေပုံ ရှိထားတယ်မလား။ ကောင်းကင်လေဟာနယ်ခန်းမ ထွက်ပေါ်လာဖို့ နှစ်သုံးရာအချိန်ဟာ နီးလာပြီလေ။ ဒါပေမဲ့ ဦးလေးကသာ ဒီမြေပုံကို တူလေးဆီ ခု ပေးထားခဲ့ရင် ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးဖို့ ကျုပ်အနေနဲ့ သိုင်းဘိုးဘေးကို အသနားခံပေးပါ့မယ်…”
ထိုစကားများကို ကြားသည့်အခါ သက်လတ်ပိုင်းလူသည် ခဏ ငြိမ်သက်နေပြီးမှ အေးတိအေးစက် ပြန်တုန့်ပြန်သည်။
“ကျုပ်တို့က သူ့တပည့်တွေ ဖြစ်ခဲ့ကြဖူးတယ်။ ကျုပ်က မိစ္ဆာအိုကြီးကျိနစ်ယင်ရဲ့ နည်းလမ်းတွေကို မသိဘယ် ဘယ်နေပါ့မလဲ။ ကျုပ်တို့ကသာ သူ့ကို ဒီမြေပုံ ပေးလိုက်တာနဲ့ သူဟာ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကို သတ်မှာပေါ့။ ဒါ့အပြင်…”
ဝူချောင်က မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“ဒါ့အပြင် ဟုတ်လား…”
“မင်းကကော မင်းတစ်ယောက်တည်းနဲ့ လုံလောက်ပြီလို့ တကယ်ကြီး ထင်နေတာလား။ မိစ္ဆာအိုကြီး…ခင်ဗျား ဆက်ပုန်းနေဖို့ မလိုတော့ဘူး။ မြန်မြန် ကိုယ်ထင်ပြချေ…”
သက်လတ်ပိုင်းလူသည် သုန်မှုန်စွာဖြင့် ထိုသို့ ပြောလိုက်သည်။
ထိုစကားများကို ကြားသည့်အခါ ဟန်လိနှင့် တခြားကျင့်ကြံသူများသည် အကြီးအကျယ် မင်သက်ကုန်ကာ ဘေးဘီဝဲယာသို့ အလျင်အမြန် ကြည့်လိုက်ကြသည်။ သခင်ကြီးကျိနစ်ယင်ပါ သည်ကျွန်းမှာ ရောက်နေတာလား။
သို့ပေမည့် သူတို့၏ ဝန်းကျင်မှာ ငြိမ်သက်နေဆဲ။ ထူးခြားတာ ဘာမျှ ဖြစ်မလာပေ။ ထို့နောက်တွင်တော့ ကျင့်ကြံသူအုပ်စုသည် သက်လတ်ပိုင်းလူနှင့် ဝူချောင်တို့ကို အံ့အားတကြီး လှမ်းကြည့်ကြသည်။
“ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ကျုပ် တစ်ယောက်တည်းနဲ့ ဘာလို့ မလုံလောက်…”
ဝူချောင်သည် ထိုသို့ ဆိုလာသည်။ သို့သော် သူ့စကားတဝက်မှာပင် သူ့အမူအရာသည် တမျိုးဖြစ်သွားသည်။
သက်လတ်ပိုင်းလူကို ဝူချောင်က ခဏ စိုက်ကြည့်နေပြီးနောက်မှာတော့ သူက ထူးခြားသော ရယ်သံနှင့် ရယ်ကာ ပြောလာသည်။
“မကောင်းဘူး…မကောင်းတော့ဘူး။ အဲ့အချိန်တုန်းက ငါ အလေးထားဆုံး တပည့်က မင်း ဖြစ်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး။ မင်းက တကယ်ကိုပဲ ဒီအဘိုးအိုကို ဖြတ်မြင်နိုင်စွမ်း ရှိတာပဲ…”
ထိုသို့ ပြောပြီးနောက်မှာ ဝူချောင်၏ မျက်နှာသည် မသိမသာ စတင် ရှုံ့တွလာသည်။ ခဏအကြာတွင် သူသည် ပိန်ပိန်ပါးပါး ရုပ်စိုးစိုး အဘိုးအိုတစ်ယောက်၏အသွင်သို့ ပြောင်းသွားသည်။ လူတိုင်းမှာ များစွာ အံ့ဩဘနန်း ဖြစ်ကုန်ကြ၏။ ယင်းနောက် ဟန်လိနှင့် တခြားကျင့်ကြံသူများသည် သူတို့၏ နောက်ကျောဘက်မှ စိမ့်ခနဲ ခံစားမိကုန်၏။
“မဟာပိုင်စိုးခြင်းပညာရပ်။ ဒီလို အရေးကြီးတဲ့ ကိစ္စကို ဂျူနီယာတစ်ယောက်လက်ထဲ ပုံအပ်ထားတဲ့အထိ ခင်ဗျားကြီး မယုံမှန်း ကျုပ် သိတာပေါ့။ အခု ခင်ဗျားရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့ မဟုတ်တောင်မှ ခင်ဗျားကိုယ်တိုင် ရောက်လာခဲ့ပြီပဲ…”
သက်လတ်ပိုင်းလူသည် ထိုအဘိုးအိုထံ စိုးရိမ်ကြောင့်ကြဖြစ်ဟန်ဖြင့် လှမ်းကြည့်သည်။
“ချစ်တပည့်လေး…မင်းက မင်းဆရာကို ဆန့်ကျင်ဘက် ပြုဝံ့သလား…” နှုတ်ခမ်းမလှုပ်လေဘဲ ထိုအဘိုးအိုသည် ဝမ်းခေါင်းအသံဖြင့် ပြောလာသည်။ သူ့အသံက စူးရှနေ၏။
“ဟားဟား…တပည့်တဲ့လား…။ အဲ့နှစ်တုန်းက ခင်ဗျားက ကျုပ်တို့အားလုံးကို တချက်လေးတောင် ရှင်းပြခွင့် မပေးဘဲ သက်ပစ်ဖို့ တွေးခဲ့တာလေ။ ခင်ဗျားက ကျုပ်တို့ထဲက အများစုကို သတ်ပစ်ခဲ့ပြီး သူတို့ရဲ့ စိတ်ဝိညာဉ်တွေကိုပါ သန့်စင်ပစ်ခဲ့သေးတယ်။ ခင်ဗျားဟာ ကျုပ်တို့ကို တပည့်အဖြစ်ကော သတ်မှတ်ခဲ့လို့လား။ ဒါမှမဟုတ် ကျွန်တွေအဖြစ် သတ်မှတ်ခဲ့တာများလား။ ဒါ့အပြင် အခု ခင်ဗျားက ပိုင်စိုးခြင်းပညာရပ်တစ်ခုကို အသုံးပြုထားတာ။ ဒါ့ကြောင့် အများဆုံးမှ ခင်ဗျား ကျင့်ကြံမှုရဲ့ သုံးပုံတစ်ပုံကို ခင်ဗျားအနေနဲ့ ထုတ်ဖော်နိုင်မှာ။ ဒါ့ကြောင့် ကျုပ်က ခင်ဗျားကို ကြောက်နေစရာ ဘာအကြောင်းမှ မရှိဘူး…”
သက်လတ်ပိုင်းလူ၏ စကားသံသည် မာထန်နေသည်။ ထို့နောက်တွင်မူ သူက သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းကာ တစ္ဆေဦးခေါင်းကို ဖောင်းကြွလာစေသည်။
သည်နေရာရှိ ကျင့်ကြံသူအားလုံးသည် ထိုကဲ့သို့ အံ့ဖွယ်ဆန်သော အခြေအနေကြောင့် တုန်လှုပ်ကုန်သည်။
အဘိုးအိုကမူ ဒေါသထွက်သွားခြင်း မရှိပေ။ ထိုအစား သူက ပြောသည်။
“အမှန်ပဲ။ ဒါကသာ လွန်ခဲ့တဲ့နှစ်တစ်ရာကသာ ဖြစ်ခဲ့ရင် မင်း ပြောတာ အမှန်ပဲ။ ငါ့ရဲ့ ကျင့်ကြံမှု သုံးပုံတစ်ပုံနဲ့ မင်းကို အသက်ရှင်လျက် ဖမ်းဖို့အာ အတော်လေး ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ အခုကတော့…”
ထို့နောက်တွင်မူ သူသည် သရော်လှောင်ပြောင်ဟန်ဖြင့် ပြောသည်။