ကောင်းကင်ကျယ်ပြန့်အလောင်းမီး
Vol. 29 Ch. 406
ထိုသက်လတ်ပိုင်းလူ၏ မျက်လုံးအရောင်မှာ မှိန်ဖျော့သွားသည်။ သူ စိတ်အားလျော့သွားခြင်းပင်။ သူသည် မယုံကြည်နိုင်ဟန် ဖြစ်နေ၏။
“ခင်ဗျားက ဒီမိစ္ဆာပညာရပ်ကို သန့်စင်မွန်းမံခဲ့တာလား…”
သူ့အသံတွင် ထိတ်လန့်ကြောက်ရွှံ့မှု အရိပ်အယောင် ပါနေ၏။
“မင်းက ခန့်မှန်းတာ တော်သားပဲ။ မင်းကိုယ်တိုင် အညံ့ခံမယ်ဆို ကျုပ်က မင်း ရှင်သန်နိုင်မယ့် နည်းလမ်းတစ်ခု ပေးလိုက်မယ်။ မဟုတ်ရင်တော့…မင်း သိပါတယ်…”
အဘိုးအိုသည် ထိုသို့ ပြောနေရင်း သူ့လက်ကို ပင့်မြှောက်လိုက်၏။ မင်ကဲ့သို့ နက်မှောင်သော မီးတောက်စက်ဝန်းတစ်ခုသည် သူ့လက်ဝါးတွင် ပေါ်လာသည်။
“ကောင်းကင်ကျယ်ပြန့်အလောင်းမီး…။ နောက်ဆုံးတော့ ခင်ဗျားက ဒါကို သန့်စင်နိုင်ခဲ့ပြီပေါ့…”
သက်လတ်ပိုင်းလူ၏ မျက်နှာသည် ဖြူဆုပ်သွားသည်။ သူ့အသံကလည်း ထိတ်လန့်သဖြင့် ရှတတပင် ဖြစ်လာသည်။
သခင်ကြီးကျိနစ်ယင်က နှာခေါင်းရှုံ့လိုက်ပြီး ပြင်းပြတေးသံဂိုဏ်းဘက်ထံသို့ ရုတ်တရက် ခေါင်းလှည့်ကာ မော်ကြွားစွာ ပြောလိုက်သည်။
“ဒီကနေ့ ကျုပ် စိတ်က နေလို့ ကောင်းနေတယ်။ ဒါ့ကြောင့် ကျုပ် အနေနဲ့ မင်းတို့ကို အသက်ရှင်ဖို့ လမ်းတစ်ခု ပေးလိုက်မယ်။ မင်းတို့က ကျိနစ်ယင်ကျွန်းအပေါ် သစ္စာစောင့်သိပါမယ်လို့ ကျိန်ဆိုရမယ်။ ဒါဆို မင်းတို့ လွတ်လွတ်လပ်လပ် ဆက်ရှင်သန်နိုင်မယ်။ ဒါပေမဲ့ မင်းတို့အားလုံးက ကျုပ် အမိန့်ကို နာခံရမယ်။ မဟုတ်ရင် မင်းတို့ရဲ့ စိတ်ဝိညာဉ် တစစီ ဖြစ်သွားလိမ့်မယ်။ မင်းတို့ မထွက်သွားခင် ဒီစိတ်ဝိညာဉ်အတားအဆီး တံဆိပ်ပြားပေါ်မှာ မင်းတို့ရဲ့ ရှေးဦးစိတ်ဝိညာဉ်ရဲ့ သုံးပုံတစ်ပုံကို ချိပ်ပိတ်ခံရမယ်…”
ထိုသို့ ပြောကာ သူသည် မဟူရာကဲ့သို့ နက်မှောင်သော သစ်သားတံဆိပ်ပြားများကို ထုတ်ကာ ထိုအုပ်စုထံ အေးစက်စက် ဝေ့ကြည့်သည်။
တခြားသူများက သည်စကားကို ကြားသည့်အခါ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်သည်။ လူတိုင်းသည် နေရာတွင် ရပ်နေလျက် ထိုတံဆိပ်ပြားများကိုလည်းမယူ၊ သူ့စကားတို့ကိုလည်း မငြင်းကြပေ။ သူတို့သည် သခင်ကြီးကျိနစ်ယင်ကိုသာ တိတ်တဆိတ် စောင့်ကြည့်နေ၏။
ဟန်လိနှင့် ဝိညာဉ်သေတို့အပြင် ပြင်းပြတေးသံဂိုဏ်းဘက်၌ တခြားအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူသုံးယောက် ရှိကြသည်။ ထိုသူတို့မှာ နတ်သမီးခရမ်းဝိညာဉ်ဖိတ်ခေါ်ထားသော လူထူးခြားမီးတောက်နီ၊ ကျင့်ကြံသူမုန့်နှင့် ကျိုးယုထင် ဖိတ်ခေါ်ထားသော နှာခေါင်းကောက်ကောက်နှင့်လူတစ်ယောက်တို့ပင်။ တခြားသူများကတော့ နတ်သမီးခရမ်းဝိညာဉ်နှင့် အမျိုးသမီးဖန်တို့အပါအဝင် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်များသာ။
တိမ်တိုက်နက်ထဲတွင် ရှိနေသော လူထူးခြားမီးတောက်နီကတော့ လျှို့ဝှက်မိစ္ဆာကျင့်ကြံသူသုံးယောက်ကို ပြန်လွှတ်ပေးထားပြီး ငြိမ်သက်စွာသာ ဆက်ရှိနေသည်။
ကျိနစ်ယင်၏ အမူအရာသည် နက်မှောင်သွားပြီး ချောက်ချားဖွယ်ကောင်းစွာ ပြောလာသည်။
“ကြည့်ရတာ မင်းတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်တွေကို ပျောက်ကွယ်သွားစေချင်တဲ့ ပုံပဲ…။ ကောင်းပြီ။ ဒီသခင်ကြီးက မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့…”
ထိုသို့ဆိုသည့်အခါ ကျိုးယုထင်နောက်မှ နှာခေါင်းကောက်ကောက်နှင့် ကျင့်ကြံသူသည် ရုတ်တရက် အဝါရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၍ ပျံသန်းထွက်သွားသည်။ ကျိုးယုထင်၏ ဒေါသထွက်နေသော အကြည့်အောက်တွင် သူသည် မျက်စိတမှိတ်အတွင်း မီတာတစ်ရာလောက်ထိ ပျံသန်းပြီးကာ အေးတိအေးစက် နှာခေါင်းရှုံ့၍ လှမ်းအော်ပြောသည်။
“ဟား…ကျုပ်က သခင်ကြီးကျိကို ဆန့်ကျင်ဘက် မလုပ်ချင်သလို ထိန်းချုပ်တာလည်း မခံချင်ပါဘူး။ ဒါ့ကြောင့ ကျုပ် ထွက်သွားတော့မယ်…”
ထိုသို့ ပြောပြီးနောက်မှာ အဝါရောင်အလင်းတန်းသည် အထင်ကြီးဖွယ် အမြန်နှုန်းဖြင့် နောက်ထပ် မီတာတစ်ရာလောက်ထိ ထပ်ရောက်သွားသည်။ သခင်ကြီးကျိနစ်ယင်က ထိုသည်ကို မြင်သည့်အခါ သူ့မျက်လုံးက အရောင်တောက်သွားသည်။ သူက အနက်ရောင်မီးလုံး ဆုပ်ကိုင်ထားသော သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းလိုက်သည်။ ထိုမီးလုံးသည် အဝါရောင်အလင်းတန်း ဦးတည်သွားလေသည်။ ၎င်းမီးလုံးသည် လေးငါးကြိမ်လောက် တဖြတ်ဖြတ် တောက်ပသွားပြီး အနက်ရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ လျင်မြန်စွာပင် သဲလွန်စမရှိ ပျောက်ကွယ်သွား၏။
တခြားသူများမှာ စဉ်းစားမရ ဖြစ်ကုန်သည်။ သို့သော် ဟန်လိက ထိုမြင်ကွင်းကို တွေ့သည့်အခါ သူ့အမူအရာမှာ စိတ်ဖိစီးတင်းကြပ်သွား၏။ ခဏအကြာ အဝါရောင်အလင်းထံမှ နာကျင်စူးရှစွာအော်သံတစ်သံ ထွက်ပေါ်လာသည်။ မြည်သံတစ်ချက်နှင့်အတူ ထိုအဝါရောင်အလင်းသည် နတ်ဆိုးမီးတောက်နက်အလုံးတစ်ခုအဖြစ်သို့ ပြောင်းသွားသည်။ မကြာခင် ၎င်းမီးတောက်မှာ လွင့်ပြယ်သွားချိန် နက်မှောင်နေသော ဓားပျံမှော်ရတနာတစ်ခုကလွဲ၍ တခြားဘာကိုမျှ မတွေ့ရတော့ပေ။
ဟန်လိသည် လေအေးတချက် မှုတ်ထုတ်မိလိုက်သည်။ ထိုအနက်ရောင်မီးတောက်များမှာ ရှောင်ဖို့အတွက် မြန်လွန်းလှချေ၏။ သူကိုယ်တိုင်လည်း ထိုတိုက်ခိုက်မှုကို ရှောင်နိုင်၊ မနိုင် စဉ်းစားကြည့်သေးသည်။ သို့ပေမည့် တစ်ကီလိုမီတာအကွာအဝေးတွင်း၌ပင် သူသည် ၎င်းမီးတောက်တို့ကို ရှောင်ဖို့ အခွင့်အရေး မရှိနိုင်လောက်ဟု ခံစားမိရသည်။
ထိုအပြင် အနှီအနက်ရောင်မီးတောက်တို့၏ ပြင်းထန်မှုက အကြွင်းမဲ့အားကောင်းကာ သူ အရင်တုန်းက မြင်ဖူးခဲ့သော မိုးပြာယင်မိစ္ဆာမီးထက် အဆများစွာ သာလွန်သည်။ ၎င်းမီးတောက်ကား သာမန်မှော်ရတနာတစ်ခုဖြင့် ပိတ်ဆို့တားဆီးနိုင်စွမ်း မရှိသော အရာတစ်ခုလည်း ဖြစ်ချေသေးသည်။
ထိုကျွမ်းကျင်သူသည် အချိန်ခဏအတွင်း ဘဝအဆုံးသပ်သွားပြီမှန်း သိလိုက်သည့်အခါ ဟန်လိ၏ ပါးစပ်မှာ အာစေးမိ ခြောက်ကပ်လာပြီး သူ့စိတ်နှလုံးမှာလည်း မတည်ငြိမ်နိုင်တော့ပေ။
သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းကသာ သူ့ကို သည်အခိုက်တွင် အဝေးသို့ ထွက်မပြေးမိရန် တားဆီးထားရသည်။ သူသည် မျက်ကန်းတစ္ဆေ လှုပ်ရှားခဲ့လျှင် သူ့ဘဝလည်း မြန်မြန်ဆန်ဆန် အဆုံးသပ်သွားနိုင်သည်ဟု ကောင်းကောင်းကြီး သဘောပေါက်သည်။
သို့သော်လည်း သူ့ရှေးဦးစိတ်ဝိညာဉ်၏ သုံးပုံတစ်ပုံကို ရန်သူထံ ပေးထားရခြင်းမှာလည်း ဟန်လိ မပေးနိုင်သော တန်ဖိုးတစ်ခုသာ။ ဤသည်က သူ့အသက်ကို တပါးသူထံ အပ်နှံ့ထားခြင်းနှင့် တူနေသည် မဟုတ်လား။ စိတ်ဝိညာဉ်အတားအဆီး တံဆိပ်ပြားသာ ကွဲကြေသွားခဲ့ပါက သက်ရောက်ခံရမည့် ထိုကျင့်ကြံသူသည် အကောင်းဆုံး အခြေအနေဆို ငတုံးငအတစ်ယောက် ဖြစ်သွားနိုင်သည်။ ကျန်သည့် သူ့ဘဝတခုလုံးတွင် မွေးကင်စကလေး၏ အသိဉာဏ်နှင့်သာ ဆက်၍ ရှင်သန်ရပေလိမ့်မည်။ အဆုံးဆုံးကတော့ ချက်ခြင်း ရူးသွပ်ကာ သေဆုံးသွားနိုင်သည်။
ထို့အပြင် ဤကဲ့သို့ ရက်စက်လှသော ရှေးဦးစိတ်ဝိညာဉ် အတားအဆီးပညာရပ်များသည် စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကသာ စွမ်းဆောင်နိုင်သော အရာတစ်ခု ဖြစ်ချေ၏။
ဟန်လိသည် သူ၏ ကြောက်စိတ်ကို အတင်းအကြပ် ဖိနှိပ်ကာ တခြားကျင့်ကြံသူများထံ၌ အစီအစဉ်ကောင်းတစ်ခုတလေများ ရှိလေမလားဟု ကြည့်မိသည်။
အနီးအနားရှိ ကျင့်ကြံသူမုန့်ကတော့ ဟန်လိ လှမ်းကြည့်တာကို ခံစားမိချိန် သူသည် ခါးသီးစွာသာ ပြုံး၍ ခေါင်းသာ ခါနိုင်တော့သည်။ ထို့နောက်တော့ သူ့အကြည့်က သခင်ကြီးကျိနစ်ယင်ထံသို့ ပြန်ရောက်သွားသည်။
ရှေ့ဆုံးရှိ နတ်သမီးခရမ်းဝိညာဉ်ကတော့ တည်ငြိမ်အေးစက်စွာ ရှိနေဆဲ။ သို့သော် သူမ၏နောက်တွင်မူ အဖြူရောင်ကျောက်စိမ်း အမျှင်တန်းဆယ်ခုသည် ရောယှက်ထွေးလိမ်နေလေသည်။ သည့်အတွက် ဟန်လိမှာ ပါးစပ်အဟောင်းသား ဖြစ်ရသည်။
ပြင်းပြတေးသံဂိုဏ်းမှ တခြားကျင့်ကြံသူများကတော့ မိစ္ဆာနက်မီးတောက်၏ အစွမ်းကို မျက်မြင်တွေ့ပြီးနောက် သူတို့၏ မျက်နှာများသည် သွေးရောင်ပင် မရှိလေတော့ပေ။ သူတို့၏ အမူဟန်ပန်များက တည်ငြိမ်နေသော်ငြား သူတို့၏ မျက်လုံးထဲရှိ အင်မတန်ကြောက်လန့်နေမှုကိုတော့ ဖုန်းကွယ်မထားနိုင်ပေ။
ဟန်လိသည် နှုတ်ခမ်းသပ်ကာ လျှို့ဝှက်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများထံသို့ အကြည့်ရောက်သွားပြန်သည်။
မိစ္ဆာမီးတောက်နက်၏ အစွမ်းကို မျက်မြင်တွေ့ပြီး တုန်လှုပ်ကြောက်ရွှံ့သွားရာကနေ ပြန်အသိဝင်လာသော သက်လတ်ပိုင်းလူသည် မျက်လုံးကစားနေသည်။
ဟန်လိက သူ့ကို လှမ်းကြည့်ချိန်တွင် ထိုသူက လေးလေးနက်နက်လေသံဖြင့် ပြောလာသည်။
“ဒီမိစ္ဆာအိုကြီးက တခြားခန္ဓာကိုယ်တစ်ခုကို ပိုင်စိုးထားတဲ့အတွက် သူဟာ ဒီမီးတောက်တွေကို အများဆုံးမှ အကြိမ်အနည်းငယ်လောက်ပဲ ထုတ်ဖော်နိုင်မျာ။ မဟုတ်ရင် သူ ပိုင်စိုးထားတဲ့ ခန္ဓာကိုယ်ဟာ လောင်ကျွမ်း ပျောက်ကွယ်သွားလိမ့်မယ်။ ခုချက်ခြင်း ကျုပ်တို့က ဒီမိစ္ဆာအိုကြီးကို အတူတူ ရင်ဆိုင် တိုက်ခိုက်ရလိမ့်မယ်…”
သက်လတ်ပိုင်းလူသည် ထိုသို့ ပြောနေရင်း သူ့အကြည့်သည် လူထူးခြားမီးတောက်၏ တိမ်တိုက်နက်ထံသို့ ကျရောက်သွားသည်။ သူ့စိတ်ထဲ၌ သူသာ ထိုမီးတောက်နီနှင့် ပူးပေါင်းတိုက်ခိုက်လျှင် သခင်ကြီးကျိနစ်ယင်ကို ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း ရှိမည်ဟု ထင်သည်။ သို့သော် တိမ်တိုက်နက်ထံမှ ဘာတုန့်ပြန်မှုမျှ မလာပေ။ ထိုထူးဆန်းနေသော အဖြစ်သနစ်က ဟန်လိနှင့် တခြားသူများကို စိတ်ပူပန်သွားစေ၏။
နတ်သမီးခရမ်းဝိညာဉ်ကတော့ ထိုအနက်ရောင်တိမ်တိုက်ကို ရေခဲတမျှ အေးစက်သည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။
ထိုစဉ် သခင်ကြီးကျိနစ်ယင်သည် အေးစက်စက်ရယ်မောကာ သူ့လက်နှစ်ဖက်ကို ပူးကပ်သည်။ သူ့လက်နှစ်ဖက်ကို ပြန်ခွာလိုက်သည့်နောက်မှာ သူ့လက်ထဲတွင် နောက်ထပ် အနက်ရောင်မီးလုံးနှစ်ခု ထပ်ပေါ်လာသည်။ ထိုမီးတောက်နက်အလုံးများကို စိုက်ကြည့်နေရင်း လူတိုင်း၏ အမူအရာများမှာ အကြီးအကျယ် ပြောင်းလဲကုန်သည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်တိမ်တိုက်သည် တလိမ့်လိမ့် စတင်လှိမ့်လာသည်။ လူထူးခြားမီးတောက်၏ ဩရှရှအသံကို ကြားရလေ၏။
“သခင်ကြီးကျိနစ်ယင်…ခင်ဗျားက ကျုပ်ကိုကော အညံ့ခံချင်တာလား…”
“ဒါပေါ့ကွာ။ ကျုပ်ကိုယ်တိုင် ခန္ဓာပိုင်စိုးခြင်းကနေ တဆင့် ဒီကို ရောက်လာမှတော့ ဒီမှာ ရှိတဲ့ လူတိုင်းက ကျုပ်ကို သခင်အဖြစ် အသိအမှတ်ပြုရမယ်။ မဟုတ်ရင် သေရမယ်။ ဘာ ခြွင်းချက်မှ မရှိဘူး…”
သခင်ကြီးကျိနစ်ယင်သည် မထူးခြားနားစွာဖြင့် တုန့်ပြန်ကာ တိမ်တိုက်နက်ထံ လှမ်းကြည့်သည်။
“ကောင်းတယ်…ကောင်းတယ်။ ဒီလိုမျိုး ပိုင်စိုးထားတဲ့ ခန္ဓာကိုယ်နဲ့တောင် ခင်ဗျားက ကျွန်းသခင်ကို ဖိအား ပေးဝံ့တာပဲ။ ကြည့်ရတာ ခင်ဗျားရဲ့ မိစ္ဆာမီးတောက်စွမ်းအားကို ကျုပ် စမ်းကြည့်ရတော့မှာပေါ့…”
လူထူးခြားမီးတောက်သည် အရှက်ရကာ ဒေါသပုန်ထပြီး ပျံသန်းလာသည်။ အနက်ရောင်တိမ်တိုက်မှာ ကြမ်းကြုတ်လှသော မိုးကြိုးသံများ မြည်ဟိန်းထွက်လေ၏။
ထိုသည်ကို မြင်သည့်အခါ ပြင်းပြတေးသံဂိုဏ်းနှင့် လျှို့ဝှက်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများသည် ကြိတ်၍ သက်ပြင်းချနိုင်တော့သည်။ လူထူးခြားက သူတို့ဘက်မှ ရှိနေလျှင်တော့ တိုက်ခိုက်နိုင်မည့် အခွင့်အရေးတစ်ခု ရနိုင်လေမည် မဟုတ်လား။
တကယ်တော့ လူထူးခြားမီးတောက်နီ၏ ရေနေကြာမိစ္ဆာပညာရပ်မှာလည်း ပြန့်ကြဲကြယ်ပင်လယ်များတွင် အတော်လေး ကျော်ကြားပေသည်။ ၎င်းပညာရပ်က ထိုမိစ္ဆာမီးကို ရိုက်ချကောင်း ရိုက်ချနိုင်လောက်မည်။
နတ်သမီးခရမ်းဝိညာဉ်က ရုတ်တရက် ထမေးလာသည်။
“စီနီယာကျိနစ်ယင်…ရှင်က ပိတ်ပင်ထားတဲ့ စိတ်ဝိညာဉ်အတားအဆီးပညာရပ်ကို အသုံးပြုတဲ့အတွက်ကြောင့် ကြယ်နန်းတော်က ရှင့် အိမ်တံခါးဝကို လာခေါက်မှာ မစိုးရိမ်ဘူးလား။ ကျမ သိတဲ့အတိုင်းဆို ကောင်းကင်ကြယ်ပညာသခင်နှစ်ယောက်ဟာ ရှင်တို့လို စဦးစိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတွေကို ဒီစိတ်ဝိညာဉ်အတားအဆီးပညာရပ်တွေ အသုံးမပြုဖို့ တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားတယ် မလား…”
သခင်ကြီးကျိနစ်ယင်သည် စဦးစိတ်ဝိညာဉ်အဆင့် မိစ္ဆာအိုကြီး ဖြစ်သော်ငြားလည်း ကြယ်နန်းတော်နှင့် ကောင်းကင်ပညာသခင်နှစ်ယောက် ဟူသော အမည်ကို ကြားသည့်အခါတွင် သူ့အမူအရာမှာ မသိမသာ ပြောင်းလဲသွားသည်။ သို့သော် သူက ချက်ခြင်း ပြန်တည်ငြိမ်သွား၏။ သူက တဟားဟား အော်ရယ်ကာ ပြောလာသည်။
“ကြည့်ရတာ ကလေးမက အတော်လေး သိထားတာပဲ။ ဒါပေမဲ့ ကြယ်နန်းတော်ရဲ့ တားမြစ်မှုဟာ အတိတ်တုန်းက ကိစ္စတစ်ခုပဲ။ ကောင်းကင်ကြယ်ပညာသခင်နှစ်ယောက်ဟာ ကောင်းကင်ကြယ်မြို့ကနေ တကယ်ပဲ ထွက်ခွာဝံ့မယ်လို့ မင်း ထင်နေတာလား။ သူတို့သာ မလှုပ်ရှားရင် ကြယ်နန်းတော်ဟာ ဒီအတားအဆီးတွေကို ကြီးကြပ်ဖို့ ဘာနည်းလမ်းမှ မရှိနိုင်ဘူး…”
ထိုစကားများသည် ဟန်လိနှင့် တခြားသူများကို မင်သက်သွားစေသည်။ လျှို့ဝှက်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများကသာ မည်သည့်အံ့အားသင့်မှုကိုမျှ မပြတာ ဖြစ်၏။ ကြည့်ရတာ သူတို့ကလည်း ဤတားမြစ်ချက်ကို သိနှင့်ထားပြီး ဖြစ်ပုံ ရသည်။
နတ်သမီးခရမ်းဝိညာဉ်မှာ စိတ်နှလုံး မသာမယာ ဖြစ်သွားသည်။ သို့သော် သူမက ချက်ခြင်းပင် သက်လတ်ပိုင်းလူထံ အေးစက်စက် လှမ်းအော်သည်။
“လူထူးခြားမီးတောက်နီနဲ့အတူ ဒီမိစ္ဆာအိုကြီးကို ရင်ဆိုင်ပါ။ ကျမတို့ သူ့ကို အတူတူ ရင်ဆိုင်မှ ရမှာ…”
သက်လတ်ပိုင်းလူသည် နည်းနည်းတော့ အံ့အားသင့်သွားသည်။ သို့သော် သူသည် ချက်ခြင်းပင် သဘောပေါက်ကာ သူ့ငယ်သားများထံ လက်ဝေ့ယမ်း၍ အမိန့်ပေးသည်။
“အခုချိန် သူမရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာချေ။ ကျုပ်တို့က ဒီမိစ္ဆာအိုကို ရိုက်မချနိုင်ဘူးဆို ဘယ်သူမှ ရှင်သန်နိုင်လိမ့်မှာ မဟုတ်ဘူး…”
ယင်းနောက် သူသည် အရှင်သခင်ကျိနစ်ယင်ကို စိုက်ကြည့်နေသည်။ လူထူးခြားမီးတောက်နီသည်လည်း သူ့အထက်သို့ ဖြတ်ခနဲ ရောက်လာခဲ့ပြီ။
လျှို့ဝှက်မိစ္ဆာဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက်တွင်တော့ သူတို့သည် ပြင်းပြတေးသံဂိုဏ်းမှ ကျင့်ကြံသူ၏ ဘေးသို့ စကားမဆိုလေဘဲ ပျံသန်းလာကြသည်။
ကျိနစ်ယင်၏ ကြောက်မက်ဖွယ်မိစ္ဆာမီးကို ရင်ဆိုင်ရမည့်အပေါ် လန့်နေစရာ မလိုတော့သည့်အခါ ပြင်းပြတေးသံဂိုဏ်းမှ ကျင့်ကြံသူများ၏ အမူအရာများသည် များစွာ တိုးတက်လာသည်။ သူတို့၏ လက်နက်များနှင့် ရတနာများကို ထုတ်ကာ တိုက်ပွဲအတွက် ပြင်ဆင်သည်။
သို့သော် လူအုပ်၏ နောက်ဆုံးနားတွင် ရပ်နေသော ဟန်လိကတော့ မျက်မှောင်ကြုတ်နေဆဲပင်။
မည်သည့်အတွက်ကြောင့်မှန်းမသိ ခုလက်ရှိ အခြေအနေများသည် သူ့စိတ်ကို တမျိုးတမည် ခံစားနေရစေတုန်းပင်။ ကပ်ဘေးတစ်ခု ဖြစ်လာတော့မည့်အလား။ တစ်ခုခုမှားနေသေးသည်ဟု သူ ခံစားမိ၏။ သခင်ကြီးကျိနစ်ယင်သည် မဟာပိုင်စိုးခြင်းပညာရပ်တစ်ခုပေါ်တွင်သာ မှီခို၍ သူတို့အားလုံးကို ရှင်းနိုင်မည်လား။
ဟန်လိက စဉ်းစားနေ၏။ ထို့နောက်တွင်တော့ သူသည် ဝိညာဉ်သေကို တိတ်တဆိတ် အမိန့်တချို့ ပေးကာ သူ့အစိမ်းရောင်တောက်ပခြင်းဓားမြှောင်ကို အသင့်ပြင်၏။