အန္တိမကြယ်
Vol. 62 Ch. 855
ဝေ့ဝူယင်မှာ အချိန်ဆက်ဆွဲရန် ဆန္ဒ မရှိတော့ချေ။ ထိုကျင့်ကြံသူ အကြောင်း ဝိညာဥ်အာရုံဖြင့် စစ်ဆေး၍ ရလာသမျှက အကုန် ဗလာသာ ဖြစ်သည်။ အချက်အလက် မပြည့်စုံပဲ လှုပ်ရှားရသည်ကို သူ မကြိုက်သည့်တိုင် ဤနေရာတွင် ရွေးချယ်စရာ မရှိတော့ချေ။
တစ်ချိန်တည်း၌ သူ ကြယ်တာရာ အသိုက်၏ တည်ငြိမ်မှု အပေါ် ဝိညာဥ်အော်ရာဖြင့် စစ်ဆေး ကြည့်ခဲ့ပြီး ဖြစ်သည်။ ၎င်းထံတွင် သေမျိုးအဆင့် စွမ်းအားများ အပေါ် ထူးထူးထွေထွေ တုန့်ပြန်မှုမျိုး မရှိပါချေ။ မျက်နှာဖုံးတပ်မှာလည်း ထိုအရာကို အစောကတည်းက စူးစမ်းထားခဲ့ပြီး ဖြစ်နိုင်သည်။
သူတို့ နှစ်ယောက် အနက် မည်သူကမှ ကြယ်တာရာအသိုက် ပြိုကျသွားမည်ကို မလိုလားကြချေ။ ထိုအတွက် သူတို့ထံတွင် မတူကွဲပြားသည့် အကြောင်းပြချက်များ ရှိသည့်တိုင် သူတို့၏ အတွေးများကတော့ တူညီပေသည်။ ကြယ်တာရာအသိုက်၏ တည်ငြိမ်မှုကို အတည်ပြုပြီး နောက်တွင် သူတို့အတွက် နောက်ဆံတင်းစရာ မရှိပါတော့ချေ။
‘ငါ ဒီနေရာကို ရောက်ပြီ ဆိုတည်းက ကြယ်တာရာ အသိုက်က ငါ့အပိုင်ပဲ’
ဝေ့ဝူယင် ပြတ်သားစွာ ဆုံးဖြတ်ချက် ချပြီး ဖြစ်သည်။ အကယ်၍ သူ့နေရာတွင် အခြားလူ တစ်ယောက် ဆိုပါက ပြန်ဝင်ရန် အခက်အခဲ ရှိကောင်း ရှိနိုင်သော်လည်း ဝေ့ဝူယင် ထံတွင်တော့ မရှိချေ။ သူ လုပ်ရန် လိုအပ်သမျှက အချက်ပြ အမှတ်အသား တစ်ခု ထားခဲ့ရုံသာ ဖြစ်သည်။ ထိုအမှတ်အသားမှ တစ်ဆင့် ဟင်းလင်းပြင် ပေါ်တယ်များ ဖန်တီးကာ သူ စိတ်ကြိုက် ဝင်ထွက်နိုင်ပေသည်။
ကြယ်တာရာ အသိုက်တစ်ခုလုံးနှင့် အထဲရှိ သက်ရှိ မှန်သမျှမှာ သူ့အပိုင်များ ဖြစ်လာစေရမည်။ စစ်မိစ္ဆာ လောကနယ်မြေမှာတုန်းကလို ဆုံးရှုံးမှုမျိုး သူ နောက်တစ်ကြိမ် ခွင့်ပြုလိမ့်မည် မဟုတ်ချေ။
“ဒါကို ပြောတာလား...”
မျက်နှာဖုံးတပ်က လက်ထဲရှိ နေကြယ် အသေးစားလေးကို မလိုက်၏။ ထို့နောက် ၎င်းကို လက်ထိပ်ပေါ် တင်ကာ ပတ်ချာလည် လှည့်လိုက်သည်။ အလင်းလုံးလေးမှာ အလွန် လှပသော ရောင်ခြည်များနှင့် အတူ လည်ပတ်လာကာ လှပသော မြင်ကွင်းတစ်ခု ဖြစ်တည်သွား၏။
“ဒါက အန္တိမကြယ်လေ...”
မျက်နှာဖုံးတပ်က ၎င်း၏ နာမည်ကို တုန့်ဆိုင်းခြင်း မရှိ ပြောပြလိုက်၏။ ထိုမျှ မက သူက ဆက်လက် ရှင်းပြ လိုက်လေသည်။
“ဒါကို ကြယ်တာရာ ဆင်းတု ကျင့်ကြံတဲ့ နေရာမှာ သုံးလို့ ရတယ်”
ဝေ့ဝူယင်မှာ အသိစိတ် ပင်လယ်ထဲသို့ မိုးကြိုးတစ်စင်း ပစ်ချလိုက်သလို ခံစားလိုက်ရ၏။ သို့သော်လည်း သူ၏ အံ့အားသင့်မှုက နာမည်ကြောင့် မဟုတ်ပဲ ၎င်း၏ အသုံးဝင်ပုံကြောင့်ပင် ဖြစ်သည်။ ဝေ့ဝူယင် ကြယ်တာရာဆင်းတုများ အကြောင်းကို ကွမ်ယုထံမှ ကြားဖူးသည်။
ကွမ်ယု ပြောပုံ အရဆိုလျှင် ကြယ်တာရာဆင်းတုများမှာ ကြယ်အမြုတေ အဆင့် အထွတ်အထိပ်ကို ရောက်ရှိခြင်း၏ သင်္ကေတများပင် ဖြစ်သည်။ သို့သော်လည်း အဆင့် ကွဲပြားမှုများ ရှိကာ ကျင့်ကြံခြင်းအခြေခံ ခိုင်မာသူများမှာ ဖန်တီးရန် ပိုမို အားစိုက်ထုတ်ရသည်။
ဥက္ကာခဲများနှင့် တိုက်မိသည့် ဂြိုဟ်ငယ် တစ်ခု ကဲ့သို့ပင် ဝေ့ဝူယင်၏ စိတ်တစ်ခုလုံးမှာ အန္တိမကြယ် ဆိုသော အတွေးဖြင့် ဗြောင်းဆန်သွား၏။ လေးနက်သည့် ထိုးထွင်း သိမြင်မှု လှိုင်းလုံးများက သူ့ အသိစိတ် ပင်လယ် အတွင်း ပေါက်ဖွားလာကာ မတူကွဲပြားသော ချင့်ချိန်မှုများနှင့် အတူ ဆင့်ကဲ ဆင့်ကဲ ပြောင်းလဲ၍ စကားလုံး တစ်ခုတည်း အဖြစ် စုစည်းသွားသည်။
ယူရီကာ...
နောက်ထပ် ဖန်တီးရမည့် အဂ္ဂိရတ် ထုတ်ကုန် အသစ်၏ နာမည်ကို ဝေ့ဝူယင် သိရှိလိုက်ပြီ ဖြစ်သည်။ သူ လေးနက်သည့် အမူအရာဖြင့် မျက်နှာဖုံးတပ်ကို ကြည့်လိုက်၏။
“ငါ အဲဒါကို မင်းဆီက ယူမှ ဖြစ်လိမ့်မယ်... စိတ်မကောင်းပါဘူး”
သူ တောင်းပန်လိုက်သည်။ သို့သော်လည်း နှုတ်ခမ်းထောင့်ရှိ အပြုံးနှင့် လေသံကတော့ တောင်းပန်သည့် အငွေ့အသက်များ ကင်းမဲ့နေသည်။
ဖျပ်... ဖျပ်... ဖျပ်...
စကားပြောရင်း ဝေ့ဝူယင်နှင့် မျက်နှာဖုံးတပ်တို့ အကြားရှိ ခြေသံများက ပိုမို နီးကပ် လာနေခဲ့ပြီ ဖြစ်သည်။ သူတို့ ကြားတွင် မိုင်အနည်းခန့်သာ ကွာခြားတော့၏။ ထိုအရာက သေမျိုးများ အတွက် အလှမ်းကွာကောင်း ကွာနိုင်သည့်တိုင် ကျင့်ကြံသူများ အတွက်တော့ မျက်တောင် တစ်ခပ်စာအတွင်းမှာပင် တိုက်ပွဲတစ်ခု စတင်နိုင်သည့် အကွာအဝေး ဖြစ်သည်။
“ဒီဟာလေးကိုလား...”
မျက်နှာဖုံးတပ်မှာ အလင်းလုံးလေးကို လက်ဝါးထက်တွင် ဆက်လက် လှည့်နေခဲ့၏။ ထို့နောက် သူက ရွှင်မြူးဟန်နှင့် ဆိုလိုက်လေသည်။
“ဒါဆိုလည်း လာယူလှည့်လေ ကောင်လေး...”
ထို့နောက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ မျက်နှာဖုံးတပ်မှာ အရှိန်အဟုန်နှင့် နောက်ကို ပြန်ဆုတ် သွားခဲ့၏။ သူ၏ လှုပ်ရှားမှုက ကြယ်တာရာ သခင် တစ်ပါးပင် အံ့သြမှင်သက် သွားရမည့် လှုပ်ရှားမှုမျိုးပင်။
ဝှစ်...
ဘုန်း...
သူ ဆုတ်ခွာသွားရာ လမ်းတစ်လျှောက်၌ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာကာ လေစီးကြောင်းများမှာ ဖရိုဖရဲ လွင့်စဥ်သွား၏။ သို့သော်လည်း စက္ကန့်ဝက်မျှ အတွင်းမှာပင် မျက်နှာဖုံးတပ်မှာ အရှိန်ကို သတ်ကာ ရုတ်ချည်း ရပ်လိုက်၏။ အရှေ့တည့်တည့်ကို ကြည့်ရင်း သူ့ မျက်လုံးများက အံ့အားသင့်သည့် အငွေ့အသက်များနှင့် ပြူးကျယ်နေသည်။
အဘယ်ကြောင့်နည်း။သူ့အရှေ့ မီတာ အနည်းငယ်ခန့် အကွာအဝေး၌ စိတ်အေးလက်အေး အမူအရာဖြင့် ရပ်တည်နေသည့် ဝေ့ဝူယင်ကို တွေ့မြင်လိုက်ရသောကြောင့်ပင်။ ဝေ့ဝူယင်က ထူးမခြားနား အမူအရာဖြင့် သူ့ကို ကြည့်လိုက်၏။
“ကျုပ် တောင်းဆိုနေတာ မဟုတ်ဘူး...”
“ဟမ့်...”
မျက်နှာဖုံးတပ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ လွတ်နေသည့် လက်ဖြင့် လက်ဆီး ဆုပ်လိုက်၏။ ဝေ့ဝူယင် တုန့်ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ထိုလက်သီးက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာလေသည်။ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအား တစ်ခုမှာ ပေါက်ကွဲလာ၏။
ဘုန်း...
လေထုထဲ၌ ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာကာ ဝေ့ဝူယင်မှာ အဆင့်နိမ့် လျှို့ဝှက် အာဏာရှင်များပင် လိုက်မှီရန် ခက်ခဲသည့် အရှိန်အဟုန်နှင့် နောက်သို့ လွင့်စဥ် သွား၏။
“စဥ်းတောင် မစဥ်းစားနဲ့...”
မျက်နှာဖုံးတပ်က ပြောလိုက်သည်။
“ငါ့ပစ္စည်းက ရောင်းဖို့ မဟုတ်ဘူး... နောက်ပြီး အလကား ပေးရအောင်လည်း မင်းနဲ့ငါက ဒီလောက် မရင်းနှီးဘူး”
မှင်သက်မှု...
အံ့သြမှု...
လေးစားမှု...
အရိုးသားဆုံး ဝန်ခံရပါက ၎င်းတို့က ဝေ့ဝူယင်၏ စိတ်ထဲ ပထမဆုံး အကြိမ် ဖြစ်ပေါ်လာခဲ့သည့် တုန့်ပြန်မှုများပင်။
ဘုန်း...
ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ဖန်သားကဲ့သို့ ကြမ်းပြင်ပေါ် လျှောကျသွားကာ ဆက်လက် လျှောတိုက် လွင့်စဥ် သွား၏။ ဖုန်မှုန့်များ ထွက်ပေါ်လာခြင်း မရှိသော်လည်း... လေထုကတော့ မုန်တိုင်းတစ်ခု သဖွယ် မွှေ့ယမ်း လွင့်စဥ် သွားသည်။
ဝေ့ဝူယင်မှာ ကြမ်းပြင်ပေါ် ပြားပြားဝပ် လဲနေ၏။ မျက်လုံးများ မှိတ်ထားသည့်တိုင် သူ့အတွေးများက အလွန်အမင်း မြန်ဆန်သော အရှိန်ဖြင့် လည်ပတ်နေသည်။ သူ၏ အမူအရာက အလွန်ပင် သက်ဝင် လှုပ်ရှားနေကာ မယုံကြည်နိုင်မှု၊ အံ့သြမှုတို့နှင့် ပြည့်နှက်နေ၏။
သူ ဘယ်တုန်းက နောက်ဆုံး ရှုံးနိမ့်ခဲ့သနည်း။ သူ ဘယ်တုန်းက ကြမ်းပြင်ပေါ် ရုပ်ပျက်ဆင်းပျက် ပြားပြားဝပ်ခဲ့ရသနည်း။
ထိုမေးခွန်းများကို ဖြေရ မခက်လှချေ။ လျှို့ဝှက် အာဏာရှင် တစ်သောင်းနှင့် ရင်ဆိုင်တုန်းက ပင်လျှင် သူ ထိုမျှလောက် ရုပ်ပျက်ခြင်း မရှိခဲ့ပါချေ။
ဝေ့ဝူယင် ခပ်မြန်မြန်ပင် ပြန်လည် ထလိုက်ကာ မျက်နှာဖုံးတပ်ကို ပြန်လည် မျက်နှာချင်း ဆိုင်လိုက်သည်။ ၎င်းက မူလနေရာတွင်ပင် ဆက်လက် ရပ်နေဆဲ ဖြစ်၏။ မျက်နှာအမူအရာနှင့် ခန္ဓာကိုယ် တစ်ခုလုံးကို လုံခြုံစွာ ဖုံးကွယ်ထားသည့်တိုင် သူ့ထံမှ ထွက်ပေါ်နေသည့် ခံစားချက်များကို တူညီစွာပင် ဝေ့ဝူယင် ခံစားနိုင်ပေသည်။
အံ့အားသင့်မှု...
မှင်သက်မှု...
အထင်ကြီးမှု...
အကယ်၍ သင်သာ နတ်မျက်လုံးကို ပိုင်ဆိုင်ထားပါက ထိုအခိုက်၌ သူတို့ နှစ်ယောက်၏ ခံစားချက်များက ထပ်တူ ကျနေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်ပေသည်။
ဝေ့ဝူယင် ဝိညာဥ်အင်အားကို အသုံးပြုကာ ခန္ဓာကိုယ်ကို စစ်ဆေး ကြည့်လိုက်၏။ ထိုအခါ သူ့ခန္ဓာကိုယ် အတွင်း စိမ့်ဝင် ပျံ့နှံနေသည့် ထူးဆန်းသော ဝိညာဥ်အော်ရာ တစ်ခုကို သတိထားမိလိုက်သည်။ ၎င်းက သွေးကြောများ၊ ကြယ်တာရာ ဝိညာဥ်များနှင့် ပေါင်းစည်းဖို့ ကြိုးစားရင်း အသိစိတ် ပင်လယ်ကိုပင် သက်ရောက်နေသည်။ ၎င်းက အလွန် ကူးစက်လွယ်သည့် ကပ်ပါးကောင် တစ်ကောင်လိုပင်။
ဝူယု၏ အင်ပါယာ ကောင်းကင် အော်ရာနှင့် ရင်ဆိုင်ရသည့် ရန်သူများမှာလည်း အလားတူပင် ခံစားရလိမ့်မည်ဟု ဝေ့ဝူယင် တွေးလိုက်မိသည်။
ထို့အပြင်... ၎င်းက ထူးဆန်းသည့် အော်ရာ တစ်ခုသာ မကချေ။ အလွန် ပြင်းထန် သိပ်သည်းသည့် ရည်ရွယ်ချက် တစ်ခုလည်း ပေါင်းစပ် ပါဝင်နေ၏။ ၎င်းက သူ့ခန္ဓာကိုယ်ကို အညှာအတာ မရှိ ဆက်တိုက် ဖိနှိပ်နေကာ လက်သီးဖြင့် တရစပ် ထိုးနှက်နေသည့် အလား နာကျင်မှု လှိုင်းများမှာ ရင်ဘတ်ထံတွင် အဆက်မပြတ် ဖြစ်ပေါ် လာနေခဲ့သည်။
“လက်သီး ရည်ရွယ်ချက်...”
လက်သီး ရည်ရွယ်ချက် ပိုင်ရှင်များနှင့် ဝေ့ဝူယင် တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးချေ။ သူ ထိုအကြောင်းကို အနန္တ ကုန်းမြေတိုက်ကြီးပေါ်ရှိ ထိပ်သီး ပညာရှင်များနှင့် ကျောင်းတော်သားများ ရေးသား ပြုစုထားသည့် မှတ်တမ်းများထဲတွင်သာ ဖတ်မှတ်ဖူးသည်။ ၎င်းက ဓား၊ စစ်ပွဲ၊ သတ်ဖြတ်ခြင်း ရည်ရွယ်ချက် များလိုပင် ရုပ်ရည်ရွယ်ချက် တစ်မျိုး ဖြစ်ကာ အလွန် ပြင်းထန်သည့် စွမ်းအား၊ ရန်လိုမှု၊ ခိုင်မာမှုတို့ဖြင့် မွမ်းမံထား၏။
ဝေ့ဝူယင် ညင်သာစွာပင် ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်၏။ မူလဒြပ်စင် ရည်ရွယ်ချက်က နူးညံ့စွာ စီးထွက်လာကာ ရင်ဘတ်မှ တစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးကို ဖြန့်ကျက်သွားသည်။ တဒင်္ဂ အတွင်းမှာပင် လက်သီး ရည်ရွယ်ချက်မှာ မှေးမှိန်လာကာ ပျောက်ကွယ် သွားခဲ့၏။
ဝေ့ဝူယင်၏ မူလ ဒြပ်စင် ရည်ရွယ်ချက်မှာ အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် ကိုးခု ပေါင်းစပ်ထားသည့် ရည်ရွယ်ချက် တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် လက်သီး ရည်ရွယ်ချက်နှင့် နှိုင်းယှဥ်မည် ဆိုပါက မည်သူက နောက်ဆုံး အနိုင်ရရှိသူ ဖြစ်ကြောင်း ခန့်မှန်းစရာပင် မလိုချေ။
ဝေ့ဝူယင် ဝိညာဥ်အော်ရာကို မူလ ဒြပ်စင် ရည်ရွယ်ချက်နှင့် ပေါင်းစပ်လိုက်ကာ ခန္ဓာကိုယ် အတွင်းပိုင်းကို စေလွှတ်လိုက်၏။ ထို့နောက် ကပ်ပါးကောင် ကဲ့သို့ ထူဆန်းသော အော်ရာကို ပိတ်ဆို့လိုက်ကာ အပြတ်ရှင်း ပစ်လိုက်သည်။
သို့သော်လည်း ဝေ့ဝူယင် အဓိက အံ့သြမှင်သက်စေခဲ့သည့် အရာက ထိုစွမ်းအင် နှစ်မျိုး မဟုတ်ပါချေ။ ၎င်းတို့ နှစ်ခုကို ပေါင်းစပ်ထားသည့် အင်အားပင် ဖြစ်သည်။ ထိုအင်အားထဲတွင် ဝိညာဥ်စွမ်းအင်၊ အာကာသ စွမ်းအင်၊ အလင်းစွမ်းအင်နှင့် မြေဆွဲအား စွမ်းအင်တို့ ပြီးပြည့်စုံစွာ ပေါင်းစပ် ပါဝင်နေသည်။ သို့သော်လည်း သန့်စင်သည့် လောကဖိအား အငွေ့အသက်ကတော့ လုံးဝ ကင်းမဲ့နေ၏။
ထိုအချက်အားလုံးက မျက်နှာဖုံးတပ်၏ ကျင့်ကြံခြင်း အခြေခံမှာ သူနှင့် အတူတူပင် ဖြစ်ကြောင်း ရှင်းလင်းစွာပင် ညွှန်ပြနေပေသည်။
‘ကြယ်တာရာ အမြုတေ အဆင့်ခြောက်၊ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်...’
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်မိ၏။ မျက်နှာဖုံးတပ်၏ စွမ်းအားများထဲ၌ သန့်စင်သည့် လောကဖိအား ကင်းမဲ့နေသည် ဆိုသော်လည်း အလွန်အမင်း ရင်းနှီးနေသည့် လောကဖိအား တစ်မျိုးကို သူ ခံစားရပေသည်။ ထိုအရာက အတုအယောင် နယ်မြေမျိုးစေ့ တစ်ခုထံမှ လာခြင်းပင် ဖြစ်၏။
‘အာရုဏ်ဦး နေမီးတောက် ဆေးလုံး...’
***