လက်ရည်ညီ တိုက်ပွဲ (၂)
Vol. 62 Ch. 857
ဒသမလောက မူလ ကျင့်စဥ်... ကမ္ဘာဦး ဒြပ်စင် ချိပ်ပိတ်ခြင်း...
တိုက်ခိုက်ရေး သမား တစ်ယောက် ဖြစ်လာခဲ့သည့် အချိန်မှ စ၍ ယခုလောက် မြန်ဆန် တိကျသည့် ပြိုင်ဘက်မျိုးကို ဝေ့ဝူယင် တစ်ခါမှ ရင်မဆိုင်ဘူးချေ။
အကိုကြီး သင်ကြားပေးခဲ့သည့် အတိုင်း လက်ဦးမှုကို ဆုပ်ကိုင်ခြင်း၊ ပြိုင်ဘက်၏ အရှိန်အဟုန်အား နှောင့်ယှက်ခြင်း၊ ရနိုင်သည့်အချိန်တိုင်းကို အကျိုးရှိရှိအသုံးချခြင်း... ကဲ့သို့ ဥပဒေသများကို သူ လက်စွဲကိုင်ထားသည့်တိုင် ရန်သူ၏ တဟုန်ထိုး တိုက်ခိုက်ခြင်းကိုသာ ရင်ဆိုင် နေရသည်။
လွန်ခဲ့သည့် စက္ကန့်ပိုင်း အတွင်း မျက်နှာဖုံးတပ် ထုတ်ဖော်ခဲ့သည့် အမြန်နှုန်း၊ လိမ္မာပါးနပ်မှုနှင့် ချိန်သားကိုက် လှုပ်ရှားမှုတို့က သူ့ကို အံ့သြစေခဲ့သည်။ ရန်သူမှာ သူ၏ ဖိနှိပ်မှုကို အဖက်ဖက်မှ ခံနေရသည့်တိုင် ချက်ချင်းပင် ပြန်လည် ရုန်းထပြကာ အသာစီး ရယူမှုကို ပြန်လည် ဖန်တီး ပြခဲ့သည်။
သူ၏ ဝိညာဥ်အင်အား စီးဆင်းမှုကို အနှောက်အယှက် ဖြစ်စေခြင်းမှ အစ... အဝေးသို့ တွန်းထုတ်ယောင်ပြကာ ဝိညာဥ် ချိပ်တံဆိပ် တစ်ခု ခတ်နှိပ်ခြင်း၊ ကြိုးများကို အသုံးပြုခြင်း အထိ အရာ အားလုံးက နှစ်ပေါင်းများစွာ ကြိုတင် စီစဥ်ထားသည့် အတိုင်း လှုပ်ရှားနေသယောင်ပင်။
တစ်ခဏတာ သိုင်းကွက် ဖလှယ်မှု တစ်ခု ဖြစ်သည့်တိုင် ရန်သူမှာ ဉာဏ်ရည် အလွန် မြင့်မားကာ ကြောက်မက်ဖွယ် တိုက်ပွဲ အတွေ့အကြုံကို ပိုင်ဆိုင်ထားကြောင်း သိသာလှသည်။ ဝေ့ဝူယင်မှာ မျက်နှာဖုံးတပ်ကို ကြည့်ရင်း ပိုမို စိတ်လှုပ်ရှား လာခဲ့၏။ တိုက်ပွဲက ယခုမှ စတင်ခြင်း ဖြစ်လေသည်။
ဝေ့ဝူယင် ရန်သူကို ကြောက်လန့်ခြင်း မရှိသလို နည်းနည်းလေးမျှ အထင်သေးရဲခြင်းလည်း မရှိချေ။ သူ ရန်သူ၏ အတိုင်းအတာကို နားလည်သလို ကိုယ်ပိုင် အတိုင်းအတာကိုလည်း သိရှိထားပေသည်။
အနက်ရောင် အရိုးစုနှင့် တွေ့ဆုံပြီးသည့် အချိန်မှ စ၍ သူ လမ်းစဥ်သစ် တစ်ခုကို လျှောက်လှမ်း ခဲ့ရသည်။ ငရဲ၏ ကပ်ဘေးများကို ရုန်းကန် ကျော်ဖြတ်ကာ အပြန်အလှန် အနေဖြင့် အခွင့်အရေး တစ်ခုကို ပြန်လည် ရရှိခဲ့သည်။ အဂ္ဂိရတ် တာအိုအပေါ် သူ အာရုံစိုက်ခဲ့သည်။ သူ့တွင် ဆရာ မရှိသလို တိတိကျကျ လမ်းညွှန်ပေးမည့် ပုဂ္ဂိုလ်လည်း မရှိခဲ့ချေ။ နောက်ဆုံးအကြိမ် ပုဂ္ဂိုလ်ရေး အရ လမ်းညွှန်မှုကို ရရှိခဲ့သည်က ဝူယုထံမှပင် ဖြစ်သည်။ သို့သော်လည်း ဝူယုမှာ သူနှင့် လုံးဝ ကွဲပြားသည့် လမ်းစဥ် တစ်ခုပေါ် ခြေချနေသူ ဖြစ်လေရာ ယေဘုယျ ဆန်ဆန်သာ သူ နားလည်နိုင်ပေသည်။
ရှေးဟောင်း ကျင့်ကြံသူများ ချန်ရစ်ခဲ့သည့် အမျိုးမျိုးသော အမွေအနှစ်များကို ဝေ့ဝူယင် ကိုယ်တိုင်ကိုယ်ကျ လေ့လာစူးစမ်းခဲ့သည်။ သို့သော်လည်း... ၎င်းတို့က သူ့ကို ထိပ်ဆုံးအဆင့်ထိ မြှင့်တင်ပေးရန် မလုံလောက်ခဲ့ပါချေ။ ကိုယ်ပိုင် ပိုင်ဆိုင်ထားသည့် ကျင့်စဥ်များ၊ အစီအရင်များ နည်းလမ်းများကို မျက်နှာဖုံးတပ်၏ နည်းလမ်းနှင့် နှိုင်းယှဥ်ရဲသည် အထိ ဝေ့ဝူယင် မရူးမိုက်သေးချေ.
သူနှင့် ရန်သူ အကြား ကွာခြားမှုကား အနန္တ ဧကရာဇ်ဂိုဏ်းနှင့် မဟာစက်ဝန်း ကြယ်ကွင်းပြင်တို့လောက်ပင် ရှိပေလိမ့်မည်။ မျက်နှာဖုံးတပ်မှာ အဇူရာမူလ ကြယ်စင်စု သို့မဟုတ် ပိုမို ကြီးကျယ် ခမ်းနားသည့် တစ်နေရာမှ လာရောက်ခြင်း ဖြစ်နိုင်ပေသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံနှင့် နည်းလမ်းများက မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမာရိုးကျ စံချိန်စံနှုန်းများထက် များစွာ သာလွန်နေပေသည်။
ချွင်... ချွင်...
ဒြပ်စင် ချိန်းကြိုးများမှာ စတင် တုန်ရီလာကာ နားထဲမှ သွေးယိုစီးလောက်သည့် အသံများကို ထုတ်လွှတ်လာ၏။ ဝေ့ဝူယင်၏ ဝိညာဥ်အာရုံမှာ အလွန် သန်မာသည့်တိုင်အောင် အာရုံများ စတင် ပြိုကွဲလာကာ ချိန်းကြိုးများ အပေါ် အာရုံ စူးစိုက်နိုင်စွမ်း ကျဆင်းလာသည်။ တုန်ခါမှုနှင့် ကြိမ်နှုန်းများက သူ့ဝိညာဥ်အာရုံ အပေါ် အကျိုး သက်ရောက်ကာ မြင်နိုင်စွမ်းက မြူခိုးများဖြင့် ဖုံးအုပ် ဝေဝါး လာခဲ့သည်။
အာရုံကို ပြိုကွဲစေသည့် ထိုနည်းဗျူဟာမှာ အမှန်တကယ် အလုပ်ဖြစ်လှ၏။ ဘယ်လောက်ပင် အင်အားကြီးစေကာမူ ဝိညာဥ်တုန်ခါမှုမှာ အားအနည်းဆုံး ဖြစ်သည့် ဝိညာဥ်အမှတ်များကို တိုက်ရိုက် ပစ်မှတ်ထားကာ မတည်မငြိမ် ဖြစ်စေလျှက် ပြိုကွဲသွားအောင် တွန်းအားပေးနေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုဖြစ်စဥ်က တစ်ခဏမျှသာ ဖြစ်၏။ ဝိညာဥ်အာရုံ ပိုမို သန်မာလေလေ ပြန်လည် ကောင်းမွန်ရန် အချိန်တိုတောင်းလေ ဖြစ်သည်။
သို့သော်လည်း သူ ပြန်လည် မြင်နိုင်စွမ်း ရှိချိန်၌ ချိန်းကြိုးများမှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က မျက်နှာဖုံးတပ်ထံ ပြန်လည် ရောက်ရှိသွားခြင်းလော။ သို့တည်းမဟုတ်... သူ့ထံသို့ တိတ်တဆိတ် တိုးဝင်လာခဲ့ပြီ လေလော။
ထိုအခြေအနေတွင် သာမန် ကျင့်ကြံသူ တစ်ယောက် ဆိုပါက စိတ်တစ်ခုလုံး ဗြောင်းဆန်သွားနိုင်သည့်တိုင် ဝေ့ဝူယင်၏ အတွေးများကတော့ အလွန် မြန်ဆန်လှပေသည်။ ချိန်းကြိုးများ ပျောက်ကွယ်သွားမှုတွင် အာကာသ လှုပ်ရှားမှု အနိမ့်အမြင့်များ ကင်းမဲ့နေလေရာ ၎င်းတို့က ပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားကြောင်း သိသာလှသည်။
ကံမကောင်းတာ တစ်ခုက ဝေ့ဝူယင်တွင် ကောင်းကင်ဘုံ နတ်မျက်လုံးများ ကင်းမဲ့နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သေမျိုးအကန့်အသတ်ထက် ကျော်လွန်နေသည့် အရာများကို သူ၏ သေမျိုးအဆင့် ဝိညာဥ် အာရုံဖြင့် မြင်နိုင်လိမ့်မည် မဟုတ်ပါချေ။
‘မူလ ဒြပ်စင် ရည်ရွယ်ချက်...’
ဝေ့ဝူယင် ချက်ချင်းပင် နည်းဗျူဟာကို ဆုံးဖြတ်လိုက်ကာ ဝိညာဥ်အာရုံကို အလွန်အမင်း ပူပြင်းသည့် လေထုထဲရှိ ဓာတ်ငွေ့များနှင့် အလင်းရောင်စဥ်များထံ ဖြန့်ကျက်လိုက်သည်။
သူ့ထံတွင် မူလ ဒြပ်စင် ရည်ရွယ်ချက်ကို သင့်တော်အောင် သုံးနိုင်သည့် ကျင့်စဥ်များ၊ အစီအရင်များ၊ နည်းလမ်းများ မရှိသည့်တိုင် ၎င်းကို ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် အဆင့်အထိ ကျင့်ကြံခဲ့ပြီး ဖြစ်သည်။ ထို့အပြင်... ရွှေ့ပြောင်းခြင်း ဒြပ်စင် ဝိညာဥ် အလင်းကိုပင် မွေးဖွားခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်လေရာ အခြေခံ ဗဟုသုတ အရာတွင်တော့ သူထံတွင် ပြည့်ဝနေပေသည်။
‘ခြားနားတဲ့ ကြားခံတစ်ခု...’
ချိန်းကြိုးများမှာ လေထု၊ အပူချိန်တို့နှင့် ပေါင်းစပ်ကာ သူ့ခန္ဓာကိုယ် ပတ်လည်ကို ဝန်းရံ၍ အချိန်ကောင်းကို စောင့်နေကြောင်း ဝေ့ဝူယင် ချက်ချင်းပင် ကောက်ချက်ချလိုက်နိုင်၏။
သူ့နေရာတွင် သာမန် ကျင့်ကြံသူ တစ်ယောက် ဆိုပါက မူလဒြပ်စင် ရည်ရွယ်ချက်ကို တွေးမိလိမ့်မည် မဟုတ်သလို ပတ်ဝန်းကျင်နှင့် ပေါင်းစပ်နေလိမ့်မည်ဟုလည်း ထင်မိလိမ့်မည် မဟုတ်ပါချေ။ သူတို့က ချက်ချင်းပင် နောက်ကို ခုန်ဆုတ်လျှင်ဆုတ်၊ မဆုတ်ပါကလည်း ကာကွယ်ရန် အပြင်းအထန် လှုပ်ရှား ကြလိမ့်မည် ဖြစ်သည်။
မျက်နှာဖုံးတပ်မှာ ထိုနှောင့်နှေးမှုကို အခွင့်ကောင်းယူကာ တိုက်ပွဲ၏ အရှိန်ကို ဆက်တိုက် မြှင့်တင်ပေလိမ့်မည်။ သူက ရန်သူကို တဖြည်းဖြည်းနှင့် ရွေးချယ်စရာ မရှိသည် အထိ တွန်းအား ပေးကာ တိုက်ပွဲ အရှိန်ကို ထိန်းချုပ် ပေလိမ့်မည်။ ထို့နောက် တွက်ချက်ထားသည့် လှုပ်ရှားမှုများနှင့် အတူ အဆုံးသတ် ပေလိမ့်မည်။
အာကာသနှင့် ပေါင်းစပ်ထားသည့် ချိန်းကြိုးများမှာ ရန်သူ မေ့လောက်လျော့လောက်သော အခါမှ ထွက်ပေါ်လာလိမ့်မည် ဖြစ်ကာ ၎င်းကပင်လျှင် တိုက်ပွဲတစ်ခုလုံးကို အဆုံးဖြတ်ပေးမည့် အရာ ဖြစ်လာပေလိမ်သည်။
တိုက်ပွဲတစ်ခုတွင် ခွန်အားက အဓိက မဟုတ်... သူ ပြောသည့် စကားက မြေကြီးလက်ခတ် မလွဲပါချေ။
“အဲဒီစကားက မှန်မလား ကြည့်ရသေးတာပေါ့...”
မျက်နှာဖုံးတပ်၏ အစီအစဥ် အတွင်း လိုက်ပါ စီးမြောရန် ဝေ့ဝူယင်တွင် ရည်ရွယ်ချက် မရှိပါချေ။ ထိုကဲ့သို့ အဖြစ်ခံမည်လည်း မဟုတ်ချေ။သူက ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်၏။
ခရက်...
ရုတ်တရက်... အဖြူရောင် အလင်းတန်းများက ပေါက်ကွဲ ထွက်ပေါ်လာကာ သူ့ဝိညာဥ်အော်ရာမှာ စတင်ကာ ပြောင်းလဲ လာသည်။
ဝေ့ဝူယင် မူလဒြပ်စင် ရည်ရွယ်ချက်ကို ထုတ်လွှတ်လိုက်ချေပြီ ဖြစ်သည်။ မူလဒြပ်စင် ဝိညာဥ်အော်ရာများမှာ မုန်သုံလေတစ်စ ကဲ့သို့ စီးဆင်းလာကာ လောကကြီးကို ဖြတ်ပိုင်း ဝင်ရောက် သွားသည်။ လေထုက အပြင်းအထန်ပင် တုန်ခါသွားကာ သောင်းပေါင်းများစွာသော အပ်ကလေးများမှာ ပုန်းကွယ်နေရာမှ စတင် ထွက်ပေါ် လာကြ၏။ ၎င်းတို့က မျက်နှာဖုံးတပ်၏ မူလဒြပ်စင် ရည်ရွယ်ချက်ဖြင့် ဖုံးကွယ်ထားသည့် ချိပ်စည်းများပင် ဖြစ်လေတော့သည်။
အပ်ကလေးများ အားလုံးက ၎င်းတို့၏ ထိပ်ဖျားများကို ဝေ့ဝူယင်ထံ ချိန်ရွယ်ထားပေသည်။ အနီးဆုံး တစ်ခုမှာ ဝေ့ဝူယင်နှင့် ပျမ်မျှ ငါးပေခန့်သာ ကွာဝေးလှကာ အဝေးဆုံး တစ်ခုကတော့ မီတာ သုံးဆယ်လောက် ရှိပေလိမ့်မည်။ ဝေ့ဝူယင်၏ ဝိညာဥ်အာရုံမှာ အပ်ကလေးများပေါ် ဖုံးအုပ်သွား၏။
“မူလဒြပ်စင် ရည်ရွယ်ချက်လား...”
မျက်နှာဖုံးတပ်မှာ အနည်းငယ် အံ့သြသွားကာ မေးလိုက်၏။ ဝေ့ဝူယင်က ထိုမေးခွန်းကို ဖြေရှင်းရန် စိတ်ဝင်စားခြင်း မရှိချေ။ သူက အပြုံးတစ်ခုကိုသာ ဆင်မြန်းလိုက်၏။
မျက်နှာဖုံးတပ်မှာ အာရုံပြိုကွဲမှုကို အသုံးပြုကာ သူ၏ ဗျူဟာများကို မူလဒြပ်စင် ရည်ရွယ်ချက်၊ မူလ ဒြပ်စင် အင်အားတို့ဖြင့် ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း နောက်ထပ် မူလ ဒြပ်စင် ရည်ရွယ်ချက် ပိုင်ရှင် တစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရချိန်တွင်တော့ အစီအစဥ် အလုံးစုံ ပျက်သုဥ်းခဲ့ရသည်။
ဝေ့ဝူယင်က လက်ကို မြှောက်ကာ လက်သီးများကို ဆုပ်လိုက်၏။ အပ်များက စတင် တုန်ခါလာကာ မျက်နှာဖုံးတပ်၏ ခန္ဓာကိုယ်မှာလည်း မဆိုသလောက် တုန်ရီ သွားသည်။ ဝေ့ဝူယင်က ဆုပ်ထားသည့် လက်သီးကို ညင်သာစွာ လှုပ်ရှားလိုက်ရာ အပ်အားလုံးမှာ သူ့ရင်ဘတ်ရှေ့တွင် စုစည်းလာ၍ အဖြူရောင် ချိန်းကြိုးကိုးခု အသွင် ဖွဲ့စည်းသွား၏။
ဝေ့ဝူယင်၏ နှုတ်ခမ်းထက်ရှိ အပြုံးက ပိုမို၍ ထင်ရှားလာ၏။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ချိန်းကြိုးကိုးခုလုံးမှာ ရှန့်ထို လက်စွပ် အတွင်း ဝင်ရောက် ပျောက်ကွယ် သွားကြသည်။ မျက်နှာဖုံးတပ်မှာ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သော်လည်း... သူ့ဝိညာဥ်အော်ရာကတော့ စတင်ကာ မတည်မငြိမ် ဖြစ်လာ နေခဲ့ပြီ ဖြစ်သည်။ ထိုချိန်းကြိုးများမှာ ကြယ်တာရာ အင်အားဖြင့် ဖန်တီးထားသည့် လက်နက်များ မဟုတ်ချေ။ သူ့ ပိုင်ဆိုင်မှုများထဲမှ ကြယ်တာရာ အထွတ်အထိပ် အဆင့် ရတနာများ ဖြစ်ပေသည်။
“ဘာလို့လဲ...”
မျက်နှာဖုံးတပ်မှာ သူ၏ ချိန်းကြိုးများက မည်ကဲ့သို့ ဝေ့ဝူယင်ထံ ပြဿနာ တစ်စုံတစ်ရာ မရှိပဲ ရောက်ရှိသွားရသည်ကို လုံးဝ နားမလည်နိုင်ချေ။ သို့သော်လည်း တစ်ခဏ အတွင်းမှာပင် သူ တစ်ခုခုကို စဥ်းစားမိသွားဟန်နှင့် မျက်မှောင်ကြုတ်လိုက်၏။
“လောကနှလုံးသား ရည်ရွယ်ချက်...”
နိုးထခြင်း အဆင့် ရည်ရွယ်ချက် တစ်ခုမှာ ကျင့်ကြံသူ တစ်ယောက်၏ ဆန္ဒကို လောကကြီးနှင့် ချိတ်ဆက်၍ သက်ဆိုင်ရာ စွမ်းအင်များ၊ အမတေများကို ထိန်းချုပ် အမိန့်ပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း လောကနှလုံးသား ရည်ရွယ်ချက်မှာ ဆန္ဒကို မည်သည့် စွမ်းအင် အမျိုးအစားနှင့် မဆို ချိတ်ဆက်ကာ ၎င်း၏ အကျိုးအမြတ်များကို တိုက်ရိုက် ပြောင်းလဲ နိုင်စွမ်း ရှိသည်။ တစ်နည်းအားဖြင့် ၎င်းတို့က အခြားလူများ၏ ဆန္ဒများကိုပါ လွှမ်းမိုး ပယ်ဖျက်နိုင်သည်။
ထိုအကြောင်းရင်းကြောင့်ပင် နိုးထခြင်း အဆင့် ရ့ည်ရွယ်ချက်များမှာ လောကနှလုံးသား ရည်ရွယ်ချက်ထက် တစ်ဆင့်နိမ့်ရခြင်း ဖြစ်သည်။
“ကြည့်ရတာ ငါ ထိန်ချုပ်ထားလို့ မရတော့ဘူးပဲ...”
မျက်နှာဖုံးတပ်က ပင့်သက် တစ်ချက် ရှိုက်လိုက်၏။ ထို့နောက် လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီး လိုက်သည်။ အခြားတစ်ဖက်၌ ဝေ့ဝူယင်ကလည်း ကိုယ်ပိုင် လက်ဟန် အချို့ကို ဖန်တီးလိုက်၏။
ဟူး... ဟူး...
စွမ်းအင်များမှာ သူတို့ နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များမှ တစ်ပြိုင်နက်တည်း ပေါက်ကွဲ ထွက်ပေါ်လာ၏။ သို့သော်လည်း စွမ်းအင် အမျိုးအစားကတော့ ကွဲပြားလှပေသည်။ မျက်နှာဖုံးတပ်က အတုအယောင် လောကနယ်မြေကို အသက်သွင်းလိုက်ခြင်း ဖြစ်ကာ ဝေ့ဝူယင်ကတော့ အလွန် များပြားလှသည့် မူလ ဒြပ်စင် အင်အားများကို ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်လေ၏။
ဟူး... ဟူး...
မျက်နှာဖုံးတပ်၏ အတုအယောင် လောကနယ်မြေမှာ အချင်းမီတာကိုးရာကို စက်ဝိုင်း သဏ္ဌာန် ဖြန့်ကျက် သွား၏။ ၎င်းက အရပ်မျက်နှာတိုင်းကို မီတာ ၄၅၀ စီ ဖြန့်ကျက်ထားသည်။ သို့သော်လည်း ဝေ့ဝူယင်ထံမှ မူလ ဒြပ်စင် အင်အားများ ထွက်ပေါ်လာသော အခါတွင်တော့ မျက်နှာဖုံး၏ ခန္ဓာကိုယ်က နောက်သို့ မိုင်တစ်ဒါဇင် နီးပါး တိုင်အောင် တွန်းဖွယ် ခံလိုက်ရတော့သည်။
ရား... ရား...
နဂါးဟိန်းသံများမှာ လောကတစ်ခုလုံးကို လွှမ်းခြုံကာ ထွက်ပေါ်လာခဲ့၏။ ပတ်လည်ရှိ ကြယ်တာရာမိုးများကတော့ ကြောက်အားလန့်အားနှင့် ပိုမို၍ ဆုတ်ခွာ သွားကြလေတော့သည်။
***