ဒြပ်စင်နဂါးကိုးကောင်
Vol. 62 Ch. 858
ရား... ရား... ရား
နဂါးဟိန်းသံ ကိုးခုမှာ ကြယ်တာရာအသိုက် အတွင်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ ကြယ်တာရာ အသိုက် အတွင်းရှိ ဟင်းလင်းပြင်မှာ အလွန် ခိုင်မာသည့်တိုင် နဂါးဟိန်းသံများ၏ လွှမ်းမိုးနိုင်စွမ်း အောင်တွင် ငလျင် လှုပ်သည့် အလား တုန်ခါ၍ပင် သွားကြသည်။
မြူနှင်းများမှာ ကျဲပြန့်၍ သွားကြကာ ဝေ့ဝူယင် နံဘေးတွင် အလွန်တရာ ကြီးမားလှသည့် ရှည်မျောမျော သတ္တဝါကြီးများ စတင် ပေါ်လာခဲ့၏။ ၎င်းတို့က အဖြူရောင် အဆင်းရှိကာ မီတာ သောင်းပေါင်းများစွာတိုင် ရှည်လျားလှသည်။
၎င်းတို့နှင့် နှိုင်းယှဥ်ရပါက ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကလေးမှာ အလွန်တရာ သေးငယ်လှည့်တိုင်အောင် အလုံးစုံကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါတစ်မျိုးကို ပိုင်ဆိုင်ထား၏။ ထိုအခိုက်၌ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ နဂါး တစ်ကောင်၏ ဦးခေါင်းထက်၌ ရပ်နေခဲ့ပေသည်။
နဂါးများ၏ မျက်လုံးများက ဝိညာဥ်အလင်းများဖြင့် တဖျပ်ဖျပ် လက်နေကာ ဒြပ်စင် ကိုးခု ကိုးခုမှာ ထင်ရှားစွာပင် ပေါ်လွင်နေ၏။ ၎င်းတို့ အသက်ရှူလိုက်တိုင်း၌ ရောင်စုံမြူနှင်းများက အခိုးအငွေ့တန်းများ အဖြစ် ထွက်ပေါ်နေသည်။
၎င်းတို့၏ လက်သည်းများမှာ အာကာသတွင်း စိုက်ဝင် ပေါင်းစပ်နေကာ ဖန်သားကဲ့သို့ ကြမ်းပြင်ထက်တွင် မြဲမြံစွာရပ်တည်နေ၏။
မျက်နှာဖုံးတပ်မှာ နောက်သို့ မိုင်တစ်ဒါဇင် နီးပါး ဆုတ်ခွာသွားရသည့်တိုင်အောင် ခန္ဓာကိုယ် ဟန်ချက်ကို မြန်ဆန်စွာ ထိန်းသိမ်းကာ နဂါးကိုးကောင်ကို လှမ်းကြည့်လိုက်၏။ အခြားတစ်ဖက်၌ ဝေ့ဝူယင်မှာ နဂါးတစ်ကောင်၏ ဦးခေါင်းထက်မှ နေ၍ မျက်နှာဖုံးတပ်၏ အော်ရာ အပြောင်းအလဲကို အဆက်မပြတ် အကဲခတ် နေခဲ့သည်။ သို့သော်လည်း စက္ကန့်အနည်းငယ် ကြာသည့်တိုင် မည်သည့် အပြောင်းအလဲကိုမှ မတွေ့ရလေရာ သူ အနည်းငယ် အံ့သြသွားခဲ့၏။
အလွန်တရာ လွှမ်းမိုးနိုင်စွမ်း ရှိသည့် နဂါးကိုးကောင် ပင်လျှင် ရန်သူကို ထိတ်လန့် တုန်လှုပ်စေရန် မလုံလောက်သည်လား။
ဝေ့ဝူယင် လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်သည်။ အဖြူရောင် နဂါးများက နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ကြကာ စတင်ကာ ကျုံ့ဝင်လာခဲ့၏။ တစ်စက္ကန့်မျှ အတွင်းမှာပင် ၎င်းတို့က ဆယ်မီတာ အရွယ်အစား အထိ ရောက်ရှိသွားသည်။
အေးစိမ့်နေသည့် ကြမ်းပြင်ပေါ် ဝေ့ဝူယင် ခြေပြန်ချလိုက်၏။ သူ မျက်မှောင်ကြုတ်လိုက်ကာ ဝိညာဥ်အာရုံဖြင့် ၎င်းကို နောက်တစ်ကြိမ် ထိုးဖောက်ရန် ကြိုးပမ်းလိုက်သည်။ ကံမကောင်းစွာပင် မျက်နှာပြင်မှာ မပြိုလဲနိုင်သည့် တံတိုင်းကြီး အလား သူ့အာရုံကို တားဆီးထားဆဲ ဖြစ်ပေသည်။ ဝိညာဥ်ဆင်းတု လေးခုမှ ဝိညာဥ် အင်အားများဖြင့်ပင် ၎င်းကို ထိုးဖောက်နိုင်ပါမည်လား ဝေ့ဝူယင် တွေးလိုက်မိ၏။
“ဝိညာဥ် ကြယ်တာရာ ချိတ်ဆက် အစီအရင်... များလိုက်တဲ့ ကြယ်တာရာ အင်အား... ထျန်းတျန် ချဲ့ထွင်တဲ့ နည်းလမ်းများလား... ဒါမှမဟုတ် ကြယ်တာရာ သိုလှောင်တဲ့ ကျင့်စဥ် တစ်ခုလား...”
တဒင်္ဂမျှ အချိန်အတွင်းမှာပင် မျက်နှာဖုံးတပ်မှာ မူလဒြပ်စင် နဂါးများ၏ ဇစ်မြစ်ကို ခန့်မှန်း နိုင်လိုက်ပြီ ဖြစ်လေသည်။
ဝေ့ဝူယင်၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းသွား၏။ မူလနဂါး၏ ကြောက်မက်ဖွယ် ဝိညာဥ်အင်အား ဖိနှိပ်မှု အောက်တွင်ပင် မျက်နှာဖုံးတပ်၏ တည်ငြိမ်နိုင်စွမ်းက ကြောက်စရာ ကောင်းလှသည်။
မူလနဂါးများမှာ မူလဒြပ်စင်အင်အား၊ နဂါးအင်အား၊ ဧဒင် အင်အားနှင့် ဝိညာဥ် အင်အားတို့ အချိုးကျကျ ပေါင်းစပ်ထားသည့် ရလဒ် တစ်ခု ဖြစ်သည်။ ထိုအထဲ၌ သူ့ ကြယ်တာရာ အင်အား သုံးဆယ် ရာခိုင်နှုန်းလောက် အထိ ပါဝင်နေလေရာ ကြောက်မက်ဖွယ် ပမာဏလည်း ဖြစ်သည်။ ၎င်းတို့က ဆေဘာပြီးလျှင် သူ၏ အစွမ်း အထက်ဆုံးသော တိုက်ခိုက်ရေး နည်းစနစ်ဟုပင် ဆိုနိုင်ပေသည်။
သို့တိုင်အောင်... မျက်နှာဖုံးတပ်မှာ ပေါ့ပေါ့ပါ့ပါးပါးနှင့် စကားများ နေဆဲ ဖြစ်သည်။ သူက နဂါးများကို နည်းနည်းလေးမျှ စိုးရိမ်ပုံ မပေါ်ချေ။
‘ကြည့်ရတာ ငါ့ရဲ့ တိုက်ခိုက်မှုတွေမှာ သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒ ကင်းမဲ့နေလို့ ဖြစ်ရမယ်...’
အတွေးတစ်ခုက ဝေ့ဝူယင်၏ စိတ်အတွင်း ဝင်ရောက်လာ၏။ တိုက်ပွဲ စတင်သည့် အချိန်ကတည်းက စ၍ ဝေ့ဝူယင်ထံတွင် မျက်နှာဖုံးတပ်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ သူက ဖမ်းဆီးရန် တစ်ခုတည်းကိုသာ အပြည့်အဝ အာရုံစိုက် ထားခဲ့ခြင်း ဖြစ်သည်။
မျက်နှာဖုံးတပ်မှာလည်း အတူတူပင် ဖြစ်သည်။
“မဆိုးပေမဲ့ အကြမ်းထည် ဆန်တယ်လို့... အခြေခံ စွမ်းအားက အရမ်း သန်မာပေမဲ့ ချိန်ခွင်လျှာက မညီဘူး... အာရုံစူးစိုက်မှု အားနည်းတယ်... ဒီလိုပဲ ပြောရမယ်”
မျက်နှာဖုံးတပ်က လမ်းညွှန်သလို ပြောလိုက်၏။ သို့သော်လည်း ထိုအသံထဲ၌ ထူးဆန်းမှု တစ်ခု ပါဝင်နေပေသည်။
‘အသံအနိမ့်အမြင့် မတူတော့ဘူး’
ဝေ့ဝူယင် ကွာခြားချက်ကို ချက်ချင်းပင် သတိပြုမိလိုက်သည်။ ထိုအသံက မျက်နှာဖုံးတပ်၏ အသံပင် ဖြစ်သည့်တိုင် အရှိန်အဟုန်၊ နက်နဲမှုနှင့် အနုစိတ်တိကျမှုတို့တွင်တော့ သိသိသာသာပင် ကွာခြားနေသည်။ မသိပါက မတူကွဲပြားသည့် လူတစ်ယောက်က ဝင်ရောက် စကားပြောနေသလိုပင်။ ထိုအရာက အလွန်ပင် ထူးဆန်းလှ၏။
“တကယ့် ဝိညာဥ် ကြယ်တာရာ ချိတ်ဆက် အစီအရင်က ဘယ်လိုပဲ ဆိုတာ ငါမင်းကို ပြမယ်”
မျက်နှာဖုံးတပ်က လက်များကို ခါယမ်းလိုက်သည်။ တဒင်္ဂ အတွင်းမှာပင် သူ့လက်နှစ်ဖက်မှာ မတူကွဲပြားသော အရောင်များဖြင့် စတင် တောက်ပလာခဲ့လေသည်။
ညာဘက်လက်က ရွှေရောင် အလင်းရောင်စဥ်များကို ထုတ်ဖော်နေချိန်တွင် ဘယ်ဘက်လက်ကတော့ ငွေရောင် အလင်းတန်းများဖြင့် လင်းလက်နေ၏။ မျက်နှာဖုံးတပ်က ညာဘက်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ ရွှေရောင် အလင်းတန်းများမှာ ဓားတစ်စင်း အသွင် ပြောင်းလဲ သွား၏။ ၎င်းက အလွန်ပင် ကြီးမားလှကာ အလျား ရှစ်ပေ အနံနှင့် အကျယ် လေးလက်မခန့် အထိ ရှိပေသည်။
တစ်ချိန်တည်း၌ သူက ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ငွေရောင် အလင်းတန်းများမှာ ဒိုင်းတစ်ခု အသွင် ဖွဲ့စည်းသွား၏။ ၎င်းသည်လည်း အလျားတူပင် ရှစ်ပေခန့် မြင့်မားလှကာ မျက်နှာဖုံးတပ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လုံလောက်စွာ ဖုံးကွယ်နိုင်သည်ထက် ပိုပေသည်။
ထိုလက်နက် နှစ်ခုမှာ အမျိုးမျိုးသော ရည်ရွယ်ချက်များကို ထုတ်လွှတ်နေ၏။ ထိုအထဲမှ အချို့က သန်မာကြကာ အချို့က အားနည်းကြသည်။ သို့သော်လည်း ၎င်းတို့ အားလုံးမှာ ပြီးပြည့်စုံစွာ ပေါင်းစပ်၍ တစ်ခုနှင့် တစ်ခု တုန့်ပြန်နေကြကာ ခွန်အးကို အစွမ်းကုန် မြှင့်တင်ပေး နေကြပေသည်။
ဆက်တိုက်ဆိုသလိုပင် မျက်နှာဖုံးတပ်၏ လက်နှစ်ဖက် အတွင်း၌ ကျောက်တုံး နှစ်ခု ပေါ်လာခဲ့ကာ တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ အကယ်၍ အနီးကပ် ကြည့်မည် ဆိုပါက ၎င်းတို့ထံမှ အလင်း အစက်အပျောက် များစွာမှာ ထွက်ပေါ်နေကြောင်း သတိထားမိလိမ့်မည် ဖြစ်သည်။
ပုံမှန်အားဖြင့် အစီအရင် တစ်ခု လည်ပတ်ရန် စွမ်းအား အထောက်အမံ့ တစ်ခု လိုအပ်ပေသည်။ ကျင့်ကြံသူ အများစုမှာ ထိုစွမ်းအားကို ကိုယ်ပိုင် ကြယ်တာရာ အမတေများဖြင့် အသုံးပြုလေ့ ရှိသည်။ သို့သော်လည်း... မျက်နှာဖုံးတပ်ကတော့ ခြားနားစွာပင် ပြင်ပ ပစ္စည်းနှစ်ခုကို အသုံးပြုထားသည်။
‘ရွှေရည်ရွယ်ချက် ငွေရည်ရွယ်ချက် ဓားရည်ရွယ်ချက် ဒိုင်းရည်ရွယ်ချက် စစ်ရည်ရွယ်ချက် ယင် ယန်... ဒါတွေက...”
ဓားနှင့် ဒိုင်းပေါ်ရှိ ရည်ရွယ်ချက်များကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အငွေ့အသက်များပေါ်လာခဲ့၏။ ထိုလက်နက် တစ်ခုချင်းစီထက်၌ မတူကွဲပြားသည့် ရည်ရွယ်ချက် ဆယ်ခုစီခန့် ပါဝင်နေပေသည်။ ၎င်းတို့မှာ အချိုး မတူညီကြသည့်တိုင် ပြီးပြည့်စုံစွာ ပေါင်းစပ်နေကြကာ ပြိုင်စံရှား ဝိညာဥ်အင်အား တစ်ခုကို ဖန်တီးထားသည်။
နှိုင်းယှဥ်ရပါက ဝေ့ဝူယင်၏ မူလနဂါး ကိုးကောင်မှာ အပြင်အဆင် ကင်းမဲ့ကာ မချက်ပြုတ်ရသေးသည့် ကြက်ဆင်သားများလိုပင် အကြမ်းထည် ဆန်လှ၏။
ရား... ရား...
မျက်နှာဖုံးတပ် အပေါ် ဝေ့ဝူယင်၏ စိတ်ဝင်စားမှုကို တုန့်ပြန်သည့် အလား နဂါးများမှာ ဟိန်းဟောက် လိုက်ကြ၏။ ၎င်းတို့၏ အသံများက စိန်ခေါ်လိုမှု၊ စိတ်ဓာတ် တက်ကြွမှု၊ လက်တည့်စမ်းလိုမှုတို့နှင့် ပြည့်နှက် နေသည်။
ထိုသတ္တဝါများမှာ ခရာတို၊ အိုရီနှင့် ဧဒင်တို့၏ ကိုယ်ရည်ကိုယ်သွေးများကို ပေါင်းစပ် ပိုင်ဆိုင်ထားလေရာ အလိုအလျောက်ပင် မောက်မာမှုကို ရောင်ပြန်ဟပ် နေကြပေသည်။
ရား...
နဂါးများမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို တစ်ပတ် လှည့်ပတ်လိုက်ကာ လျှပ်စီးလက်သလို အမြန်နှုန်းဖြင့် မျက်နှာဖုံးတပ်ထံ တိုးဝင် သွားကြ၏။ ၎င်းတို့၏ လက်သည်းများက မှန်သားကဲ့သို့ ကြမ်းပြင်ကို ကုတ်ခြစ် သွားကြကာ နားစည်ကွဲလောက်သည့် အသံများ ထွက်ပေါ်လာသည်။
မျက်နှာဖုံးတပ်က အကြောက်အလန့် ကင်းမဲ့စွာပင် နဂါးများကို ရင်ဆိုင်လိုက်၏။ သူက ဓားကို ထိန်းချုပ်ရင်း တစ်ဖက်မှ ဒိုင်းကာကို ရှေ့ဆုံးမှ နဂါးထံ ပိတ်ဆို့လိုက်သည်။
ရား...
နဂါးက ဟိန်းဟောက်ရင်း အလွန်အမင်း ပူပြင်းသည့် အဖြူရောင် မီးတောက်များကို မှုတ်ထုတ်လိုက်၏။ ၎င်းအား ကာဆီးထားသမျှ အရာအားလုံး တဒင်္ဂ အတွင်းမှာပင် အရည်ပျော်ကျသွားသည်။ တဒင်္ဂ အတွင်းမှာပင် ဥဿုံ မူလ မီးတောက်များမှာ ဒိုင်းကာနှင့် ထိပ်တိုက် တွေးလေတော့၏။
ရှဲ... ရှဲ...
လောင်ကြွမ်းသည့် အသံများ ထွက်ပေါ်လာ၏။ သို့သော်လည်း မျက်လှည့်ပြလိုက်သလိုပင် ဒိုင်းကာမှာ မီးတောက် အားလုံးကို ငြိမ်းသတ် ပစ်လိုက်သည်။
ဝှစ်... ဝှစ်...
နဂါးကိုးကောင်မှာ လွတ်လပ်သလို တစ်ကောင်နှင့် တစ်ကောင် ပူးပေါင်း လုပ်ဆောင်နိုင်စွမ်းလည်း ရှိ၏။ တစ်ကောင်က ဒိုင်းကာကို ရင်ဆိုင်နေချိန်တွင် အခြား တစ်ကောင်က နောက်ကျောဘက်ဆီသို့ ကွေ့ပတ် ဝင်သွားကာ ပါးစပ်ကို ဟ၍ အဖြူရောင် မြူခိုးများကို မှုတ်ထုတ်လိုက်လေ၏။
မျက်နှာဖုံးတပ်က ဘယ်ဘက်လက်ကို နောက်သို့ ပစ်ကာ အနည်းငယ် လှုပ်ရှားလိုက်၏။ ဒိုင်းကာက ပဉ္စလက် ဆန်ဆန်ပင် ပျောက်ကွယ်သွားကာ သူ့ နောက်ကျောဘက်၌ ပြန်ပေါ်လာခဲ့သည်။ ၎င်းက အလိုက်သင့်ပင် နဂါး၏ ပါးစပ်ကို ရိုက်ချလိုက်၏။
ဘုန်း...
မိုးကြိုးပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာကာ နဂါးမှာ နောက်သို့ ပြန်လည် ဆုတ်ခွာသွားရ၏။ အံ့အားသင့်စရာ တစ်ခုက ဒိုင်းကာ နေရာပြောင်း သွားသည့် တိုင်အောင် ပထမ နဂါး၏ ဥဿုံ မူလ မီးတောက်များကို မမြင်နိုင်သည့် တံတိုင်း တစ်ခုက ကာဆီးထားခြင်းဖြစ်ပေသည်။
သို့သော်လည်း သူ၏ ရန်သူက နဂါးနှစ်ကောင်တည်း မဟုတ်ပါချေ။ ကိုးကောင်တိတိ ဖြစ်လေ၏။ စက္ကန့်မခြားပင် နောက်ထပ် နဂါးသုံးကောင်မှာ အပေါ်တည့်တည့်ကျ တိုက်ရိုက်ပင် ပစ်ဝင်လာကာ ဝါးမြိုရန် ကြိုးစားတော့၏။
***