← Chapters

ဒြပ်စင်နဂါးကိုးကောင် (၂)

Vol. 62 Ch. 859

ဒြပ်စင်နဂါးကိုးကောင် (၂)

Vol. 62 Ch. 859

တစ်ခဏ အတွင်းမှာပင် မျက်နှာဖုံးတပ်မှာ ရှေ့၊ နောက်၊ အပေါ် သုံးဖက် သုံးတန်မှ ဝိုင်း၍ တိုက်ခိုက်ခံနေရပြီ ဖြစ်လေသည်။ အကယ်၍ သူ့နေရာတွင် အခြားလူတစ်ယောက် ဆိုပါက နဂါးတစ်ကောင်ဖြင့်ပင် ပြာယာခတ် နေလောက်သော်လည်း မျက်နှာဖုံးတပ်က‌တော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက လောကကြီးထံ အောင်နိုင်သူကို ကြေညာသည့် အလား ညာဘက်လက်ကို မြှောက်လိုက်၏။

ချွမ်း...

ရွှေရောင်ဓားက လှုပ်ရှားလာကာ ဓားအလင်း မုန်တိုင်းကြီး တစ်ခု ဖြစ်သွား၏။ ၎င်းက အပေါ်တည့်တည့်ကို မြင့်တက်သွားကာ နဂါးသုံးကောင်ကို အတားအဆီး မရှိ ဖြတ်သန်းသွားသည်။ ဟိန်းဟောက်သံများ ထွက်ပေါ် မလာနိုင်ခင်မှာပင် နဂါးသုံးကောင်သုံးမှာ ပြိုကွဲကာ အဖြူရောင် အလင်းစက်များ အသွင်ပြောင်းလဲ သွားလေတော့၏။

ဝှစ်...

မျက်နှာဖုံးတပ်က ညာဘက်လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားမုန်တိုင်းမှာ ဦးတည်ရာ ပြောင်းလဲ၍ အဖြူရောင် မီးတောက်များ မှုတ်ထုတ်နေသည့် နဂါးထံ တိုးဝင်သွားသည်။

ဓားက သေမင်းတမန် လက်နက် တစ်ခုလို နဂါးကို တိတိပပ ထွင်းဖောက်သွားသည်။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် မီးဒြပ်စင် နဂါးသည်လည်း အဖြူရောင် အလင်းစက်များ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့ရပြီ ဖြစ်လေသည်။

နဂါးလေးကောင် ကျရှုံးသွားပြီ ဖြစ်လေရာ ငါးကောင်သာ ကျန်ရှိပေတော့သည်။ ၎င်းတို့က မျက်နှာဖုံးတပ်ထံ မတူကွဲပြားသည့် အရပ် မျက်နှာ ငါးခုမှ တိုးဝင်သွားကာ အဖြူရောင် အခိုးအငွေ့များကို မှုတ်ထုတ် လိုက်ကြ၏။ ချက်ချင်းပင် လောကတစ်ခုလုံးမှာ မိုးခြိမ်းသံများ၊ မီးတောက်များ၊ ရေလှိုင်းများ၊ လေမုန်တိုင်းများနှင့် ပြည့်နှက် သွားလေသည်။

မျက်နှာဖုံးတပ်က မုဆိုးဒူးထောက် ထိုင်ချလိုက်ကာ ဘယ်ဘက် လက်သီးဖြင့် ကြမ်းပြင်ကို ထိလိုက်၏။ ‌ငွေရောင် အလင်းလှိုင်းများက ပေါက်ကွဲ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ၎င်းတို့က နဂါးများ၏ ဒြပ်စင် တိုက်ခိုက်မှုများကို ပြီးပြည့်စုံစွာပင် တားဆီးလိုက်၏။

ရွှမ်း...

တစ်ချိန်တည်းမှာပင် ရွှေရောင် ဓားအလင်းများမှာ တိတ်တဆိတ် လှုပ်ရှား သွား၏။ ၎င်းတို့က နဂါးအားလုံး၏ ခန္ဓာကိုယ်များကို တိတိပပပင် ထက်ပိုင်းဖြတ် ပစ်ကာ အပြီးတိုင် ပေါက်ကွဲ သွားစေခဲ့၏။

အလွန်တိုတောင်းသည့် အချိန် အတွင်းမှာပင် မျက်နှာဖုံးတပ်မှာ နဂါး ကိုးကောင်လုံးကို ရှင်းလင်းပစ်လိုက်ပြီ ဖြစ်လေသည်။ သူက မြေပြင်မှ ဖြည်းညင်းစွာပင် ပြန်လည် မတ်တပ်ရပ်လိုက်၏။ သူ၏ ကွဲအက်နေသည့် မျက်နှာဖုံးက အဆုံးမဲ့သော နည်းလမ်း၊ စွမ်းအင်တို့ဖြင့် တလက်လက် ရောင်ပြန်ဟပ် နေပေသည်။

ဝေ့ဝူယင်မှာ ထိုအရာ အားလုံးကို မျက်လုံးများ မှိတ်ရင်း ကြည့်နေခဲ့၏။ သူ၏ အမူအရာက လေငြိမ်သည့် ရေကန်တစ်ခုလို တည်ငြိမ်နေဆဲ ဖြစ်သည်။

“တွေ့လား...”

မျက်နှာဖုံးတပ်က လက်ကို ညာဘက်ကို ဝှေ့ယမ်းကာ ရှစ်ပေရှည်သည့် ဓားရိုးကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် သူက ၎င်းကို ပခုံးထက်တွင် တင်ကာ ထမ်းထားလိုက်သည်။ အကယ်၍ မျက်နှာဖုံးများသာ မရှိပါက ဂုဏ်ယူစွာ ပြုံးပြနေသည့် သူ၏ မျက်နှာကို ဝေ့ဝူယင် တွေ့မြင်နိုင်လိမ့်မည် ဖြစ်သည်။

“တကယ့် ဝိညာဥ် ကြယ်တာရာ ချိတ်ဆက် အစီအရင် ဆိုတာက ပျက်စီး မလွယ်ဘူးကွ... နောက်ပြီး လောင်စာက စွမ်းအားနဲ့ မညီမျှသလို အားလုံးကို အချိုးညီညီ ပေါင်းစပ်ဖို့လည်း မလိုဘူး... သူ့ရဲ့ နည်းလမ်းတွေက ကျယ်ပြန့်တယ်ဆိုတာထက် ပိုပါတယ်လေ”

မျက်နှာဖုံးတပ်က ဆရာသခင် တစ်ယောက်က တပည့်ကို သင်ခန်းစာ ပို့ချနေသလို လေသံမျိုးဖြင့် ပြောလိုက်သည်။

ဝေ့ဝူယင်က မျက်နှာဖုံးတပ်ကို တစ်ခဏတာမျှ ငြိမ်သက်စွာ ကြည့်နေခဲ့၏။ ထို့နောက် သူက သက်ပြင်းတစ်ချက် ချလိုက်သည်။

“မင်း ပြောတာ မမှားပါဘူးလေ... ဒါပေမဲ့ မှန်လည်း မမှန်ဘူး”

တိုက်ပွဲစတင်ပြီးနောက် ပထမဆုံး အကြိမ် အဖြစ် ဝေ့ဝူယင် စကားပြောလိုက်၏။

“ဟုတ်လား... ဒါဆိုလည်း ပြောပါဦးကွ”

မျက်နှာဖုံးတပ်က စိတ်ဝင်စားဟန်ဖြင့် မေးလိုက်၏။ သူ၏ လေသံထဲ၌ ရွှင်မြူးသည့် အငွေ့အသက် အချို့ မသိမသာ ပါဝင်နေပေသည်။

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။

“မင်းရဲ့ နည်းလမ်းတွေက တကယ်ပဲ ထူးခြားပါတယ်... ငါရဲ့ ဝိညာဥ်အင်အား ချိတ်ဆက်မှု အားနည်းချက်ကို သုံးပြီး နဂါးတွေကို ဖျက်ဆီး နိုင်ခဲ့တယ်... နောက်ပြီး မင်းရဲ့ ဓားနဲ့ ဒိုင်းကလည်း တိုက်စစ်ရော ခံစစ်ရော နှစ်ခုစလုံးကို ပြည့်စုံအောင် ဖာထေးနိုင်တယ်... ဒါပေမဲ့ မင်းနားလည်မှု လွဲနေတာ တစ်ခုတော့ ရှိတယ်... အဲဒါက ငါ့ကြယ်တာရာ အစီအရင်ရဲ့ စည်းမျဥ်း၊ ငါ့ရဲ့ ရည်ရွယ်ချက်ပဲ”

“နားလည်မှု လွဲနေတာ ဟုတ်လား...”

မျက်နှာဖုံးတပ်က မေးစေ့ကို ပွတ်သပ်ဟန် ပြုရင်း ပြန်မေးလိုက်၏။ သူ့ ကြယ်တာရာ အစီအရင်၏ စည်းမျဥ်း၊ နောက် သူ့ ရည်ရွယ်ချက်...

ဝေ့ဝူယင်က ခေါင်းကို မော့ကာ အသက်ကို ရှူသွင်း လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ပြန်လည် ရှူထုတ် လိုက်၏။

“ငါ့ရဲ့ အစီအရင်က လွှမ်းမိုးဖို့ မဟုတ်ဘူး... အဆုံးသတ်ဖို့...”

ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်က လက်ခုပ်တီးလိုက်၏။ စစ်မြေပြင် အနှံ့ ပြန့်ကျဲနေသည့် အဖြူရောင် အလင်းမှုန်များမှာ စတင်ကာ တုန်ရီ လာကြသည်။ ထို့နောက် ၎င်းတို့က မျက်စိဖြင့် လိုက်မမှီနိုင်သည့် အမြန်နှုန်းဖြင့် ပေါင်းစည်း သွားကြ၏။

ရား... ရား... ရား...

ဆယ်မီတာ ရှည်လျားသည့် မူလ ဒြပ်စင် နဂါး ကိုးကောင်မှာ ပြန်လည် ဖွဲ့စည်းလာကာ ဝိညာဥ် အလင်းတန်းများနှင့် အတူ မျက်နှာဖုံးတပ်၏ ပတ်လည်ကို ဝန်းရံသွား၏။

တစ်ကြိမ်တစ်ခါ ဖျက်ဆီးခံထားရသည့်တိုင် ၎င်းတို့မှာ မထိမခိုက် အကောင်း ပကတိ ကျန်ရှိနေသေးဆဲ ဖြစ်ပေသည်။ ထို့အပြင် ၎င်းတို့၏ အော်ရာများပင် ပိုမို မြင့်တက် လာနေခဲ့သေး၏။

မျက်နှာဖုံးတပ်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲ သွား၏။

“နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ကြတာပေါ့...”

ဝေ့ဝူယင်က အေးစက်စက် လေသံမျိုးဖြင့် ပြောလိုက်၏။ မျက်နှာဖုံးတပ်က ပတ်ပတ်လည်ရှိ သက်ဝင် လှုပ်ရှားနေသည့် နဂါးများကို တစ်ချက် ကြည့်လိုက်ကာ ဝေ့ဝူယင်ဘက် ပြန်လှည့် လိုက်၏။ အနက်ရောင် ဝတ်စုံနှင့် ချောမောသည့် လူငယ်မှာ မျက်လုံးများကို မှိတ်ရင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်လေ၏။

အခြေအနေကို သဘောပေါက်လိုက်လေရာ မျက်နှာဖုံးတပ်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ဓားနှင့် ဒိုင်းကာကို ကိုင်ရင်း သူ လက်နှစ်ဖက်ကို ဝေ့ဝူယင်ဘက်သို့ ဆန့်ထုတ်လိုက်သည်။ ထို့နောက်...

ဘုန်း...

မျက်နှာဖုံးတပ်မှာ အလွန် လျှင်မြန်သော အရှိန်ဖြင့် ထွက်ပြေးလေတော့၏။ လောကနယ်မြေကို အကန့်အသတ်ထိ ရောက်အောင် တိုးချဲ့ရင်း သူ၏ လှုပ်ရှားမှုက လျှပ်စီးတစ်စလို မြန်ဆန်လှသည်။ အကယ်၍ ထိုလှုပ်ရှားမှု အပေါ် ဝေ့ဝူယင် တွေဝေ မသွားဆိုလျှင် လိမ်ရာကျလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... သူ၏ တုန့်ပြန်မှုကတော့ နည်းနည်းလေးမျှ နောက်ကျခြင်း မရှိပါချေ။

မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ဝေ့ဝူယင်နှင့် မူလဒြပ်စင် နဂါးကိုးကောင်မှာ အဖြူရောင် အလင်းတန်းများ အသွင် ပြောင်းလဲကာ မျက်နှာဖုံးတပ် နောက်မှ အမဲလိုက် နေကြပြီ ဖြစ်လေ‌တော့သည်။

ဝှစ်... ဝှစ်...

လေတိုးသံများမှာ ပဲ့တင်ရိုက်ကာ ထွက်ပါ်နေ၏။ လေနှင့် လျှပ်စီး စွမ်းအင်များမှာ နဂါးများ၏ အမြန်နှုန်းကို အမြင့်ဆုံးထိ ရောက်ရှိစေကာ တစ်ချိန်တည်း၌ ခန္ဓာကိုယ်ကို အလွန်ပင် ပြောင်းလွယ်ပြင်လွယ် ဖြစ်စေ၏။ ၎င်းတို့၏ လက်သည်းများက ကြယ်တာရာ အသိုက်၏ အေးစက်သော ကြမ်းပြင်ကို အရှိန်ယူ ကုတ်ခြစ်နေလေရာ တကျီကျီ အသံများ ဆူညံစွာ ထွက်ပေါ်နေလေသည်။

အစောပိုင်း ဝေ့ဝူယင်၏ စကားလုံးများကို နားလည်ပါက မျက်နှာဖုံးတပ် နောက်သို့ ပြန်ဆုတ်သွားခဲ့သည်မှာ အံ့အားသင့်စရာတော့ မဟုတ်ပါချေ။ လွှမ်းမိုးနိုင်စွမ်း အကြောင်း သီးသန့် ပြောရပါက... ဆေဘာမှာ ထိုကဏ္ဍအတွက် ဖြစ်ပေသည်။ မူလဒြပ်စင် အင်အားကတော့ ကြောက်မက်ဖွယ် ကောင်းသည့် အသုံးဝင်မှုများ ရှိကာ အမျိုးမျိုးသော ဂုဏ်သတ္တိများနှင့် လှည့်ပတ်နေပေသည်။ ထိုအထဲမှ အထင်ရှားဆုံးက ထာဝရ ထည်မြဲမှုနှင့် ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်တို့ ပေါင်းစပ်နေခြင်း ဖြစ်သည်။

မျက်နှာဖုံးတပ်မှာ နဂါးတစ်ကောင်ချင်းစီကို ဖျက်ဆီး ပစ်ခဲ့သည်။ အတိအကျ ဆိုရလျှင် သူက ဝိညာဥ်ယူနစ်ကလေးများ အကြားရှိ ချိတ်ဆက်များကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ ထိုနည်းဖြင့် နဂါးများ၏ ထာဝရ တည်မြဲမှုနှင့် ဝေ့ဝူယင်၏ ထိန်းချုပ်မှု နှစ်ခုစလုံး ပျက်စီးသွားသင့်သည်။ သို့သော်လည်း... ဝေ့ဝူယင်၏ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်နှင့် မန်နာ ထိန်းချုပ်နိုင်စွမ်းတို့မှာ ထိုအားနည်းချက်ကို ပျောက်ကွယ် သွားစေခဲ့သည်။

ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်ရှိ အလင်း၊ သစ်သား စသည့် စွမ်းအင်များကို စုပ်ယူ၍ မူလ ဒြပ်စင် စွမ်းအင်များ အဖြစ် အသွင် ကူးပြောင်း ပေးနိုင်စွမ်း ရှိသည်။ မူလ ဒြပ်စင် နဂါး ကိုးကောင်မှ ထိုပြင်ပ စွမ်းအင်များ၏ ဆက်သွယ်မှုဖြင့် ပိုမို၍ပင် သန်မာ လာခဲ့ကာ အလွန် ကြီးကျယ် ခမ်းနားသည့် စွမ်းအား တစ်ခုဖြင့် ခြေမှုန်း မခံရမချင်း အဆက်မပြတ် တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌ ပြိုင်စံရှား မန်နာ ထိန်းချုပ်နိုင်စွမ်းမှာလည်း ပတ်ဝန်းကျင်ရှိ မန်နာများကို စုပ်ယူကာ လျှင်မြန်စွာ သန့်စင်၍ ဝိညာဥ်ယူနစ် ချိတ်ဆက် ကလေးများကို ပြန်လည် ဆက်သွယ်ပေးနိုင်စွမ်း ရှိသည်။ မည်သို့ပင် ဆိုစေ... မန်နာများမှာ လောက၏ ချိတ်ဆက်မှု တစ်သျှူးများပင် ဖြစ်ကာ ယင်၊ ယန်၊ ဖန်တီးခြင်းနှင့် တုန်ပြန်ခြင်းတို့ကို ပေါင်းစပ်နိုင်သည့် စွမ်းရည် တစ်မျိုးကို ပိုင်ဆိုင်ထားသည်။

ပထမ တိုက်ခိုက်မှု၌ မျက်နှာဖုံးတပ်မှာ ဝိညာဥ်ယူနစ် ချိတ်ဆက် ကလေးများကို ဖျက်ဆီး ပစ်လိုက်ခြင်းသာ မကပါချေ။ နဂါးကိုးကောင်ကို အသွင်၊ သဏ္ဌာန်နှင့် စွမ်းအား ပေးနိုင်စွမ်း ရှိသည့် သန့်စင်ထားသော မန်နာများကိုပါ ဖျက်ဆီး ပစ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ၎င်းတို့မှာ အဖြူရောင် အလင်းမှုန်များ အဖြစ် ပြောင်းလဲကာ ပေါက်ကွဲ သွားကြခြင်း ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်ထံတွင်သာ အထက်ပါ စွမ်းရည် နှစ်မျိုး မရှိပါက အလင်းမှုန်များမှာ လောကကြီး အတွင်း ဖြည်းညင်းစွာ လွင့်ပါးကာ ပျောက်ကွယ် သွားရလိမ့်မည် ဖြစ်သည်။

မျက်နှာဖုံးတပ်မှာ အခြေအနေကို လျှင်မြန်စွာပင် အကဲခတ်နိုင်ပေသည်။ ဝေ့ဝူယင်ထံတွင် အဘယ်ကြောင့် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိကြောင်း မသိသည့်တိုင် နောက်ဆုံး ရလဒ်ကိုတော့ သူ နားလည်သည်။ ထိုမူလ ဒြပ်စင် နဂါးကိုးကောင်မှာ မသေမျိုးများလိုပင် ဖြစ်ကာ ၎င်းတို့နှင့် ယှဥ်ပြိုင် တိုက်ခိုက်ခြင်းကို ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် သလိုပင် ဖြစ်သည်။

၎င်းတို့ကို တန်ပြန်ရန် နည်းလမ်း အချို့ ရှိကောင်း ရှိနိုင်သည့်တိုင် မျက်နှာဖုံးတပ်ကတော့ အရိုးရှင်းဆုံးသော ဖြေရှင်းချက်ကိုသာ ရွေးချယ်ခဲ့သည်။ ၎င်းက ထွက်ပြေးခြင်း ပင်။

သို့သော်လည်း... မျက်နှာဖုံးတပ်အတွက် ကံမကောင်းတာ တစ်ခုက ဝေ့ဝူယင်မှာ စကားပြောရန် ဆုံးဖြတ်လိုက် ကတည်းက သူ့ရည်ရွယ်ချက်ကို အရယူရန် အပြည့်အဝ အာရုံစိုက်ထားခြင်း ဖြစ်သည်။ မျက်နှာဖုံးတပ်နှင့် ချိတ်ဆက်နေသည့် အန္တိမကြယ်၏ အပေါ်လွှာတွင် အဖြူရောင် အလင်းလွှာ ခပ်ဖျော့ဖျော့ တစ်ခု ဖုံးအုပ် နေ၏။ အလွန် ကြွယ်ဝသည့် ဒြပ်စင် အော်ရာများမှာ ၎င်းထံမှ ထွက်ပေါ်နေသည်။

မျက်နှာဖုံးတပ်မှာ အလွန် လျှင်မြန်၏။ စောစောပိုင်းက တိုက်ပွဲအတွင်း သူ၏ လှုပ်ရှားမှုများကို ဝေ့ဝူယင် ပင်လျှင် အံ့အားသင့်ခဲ့ရသည်။ ကြယ်တာရာ သခင်များနှင့် ယှဥ်လျှင်ပင် သူ၏ အမြန်နှုန်းက နှာတစ်ဖျား မက သာလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်နှင့် ယှဥ်လျှင်တော့ သူ၏ ခန္ဓာကိုယ် သန့်စင်မှုမှာ တစ်ဆင့်မက နိမ့်ကျလိမ့်မည် ဖြစ်ပေသည်။

အကြမ်းဖျဥ်း သုံးမိုင်ခန့် ပြေးလွှားပြီးနောက် မျက်နှာဖုံးတပ်မှာ နဂါးကိုးကောင်၏ ဝန်းရံမှုကို နောက်တစ်ကြိမ် ခံလိုက်ရ၏။ ဝေ့ဝူယင်က လက်ပိုက်ရက် အနေအထားကပင် ပြေးလမ်းကို ပိတ်ကာ စောင့်ဆိုင်းနေ၏။ မီလီ စက္ကန့်တိုင်း၌ အန္တိမကြယ်ကို ဝန်းရံနေသည့် အဖြူရောင် အလင်းတန်းများက ပိုမို၍ များပြား လာနေခဲ့လေသည်။

မျက်နှာဖုံးတပ်က ခေါင်းကို ချာလည်လှည့်ကာ ကြမ်းတမ်း ခက်ထန်စွာ ဟိန်းဟောက်နေသည့် နဂါးများကို ကြည့်လိုက်သည်။ မန်နာများမှာ ၎င်းတို့၏ ခန္ဓာကိုယ်များကို ဝန်းရံနေကြကာ အသက်ရှူလိုက်တိုင်း ဒြပ်စင် စွမ်းအင်များ ထွက်ပေါ်နေ၏။

“ကြည့်ရတာ ပြေးတာက နည်းလမ်း မဟုတ်တဲ့ ပုံပဲ...”

မျက်နှာဖုံးတပ်က ပခုံးတစ်ချက် တွန့်လိုက်၏။ နဂါးများ၏ ဝန်းရံမှုကို နောက်တစ်ကြိမ် ခံနေရသည့်တိုင် သူက အထူးတလှယ် ဂရုစိုက်ပုံ မပေါ်ပါချေ။

***

All Chapters