← Chapters

ဟင်းလင်းပြင် စွမ်းအင်

Vol. 62 Ch. 860

ဟင်းလင်းပြင် စွမ်းအင်

Vol. 62 Ch. 860

မျက်နှာဖုံးတပ်၏ တည်ငြိမ်မှုကို ကြည့်ကာ ဝေ့ဝူယင်၏ စိတ်ထဲမှ ပြုံးလိုက်မိ၏။ မျက်နှာဖုံးတပ်သည်လည်း သူ့ကဲ့သို့ပင် စွမ်းရည် အကုန်လုံးကို မထုတ်ဖော်သေးပဲ အခြေအနေကို စောင့်ကြည့်နေကြောင်း ဝေ့ဝူယင် သိပေသည်။ ကြယ်တာရာ အသိုက် တစ်ခုလုံးမှာ သံသယဖြစ်ဖွယ် အသေးစိတ်အချက်များဖြင့် ပြည့်နှက်နေကာ ပုန်းကွယ်နေသည့် အန္တရာယ်များ ရှိနေသည်မှာ ရှင်းလင်းလှသည်။

သေမင်းထောက်ချောက် တစ်ခုလို ပတ်ပတ်လည်မှ ဝန်းရံနေသည့် မကြယ်တာရာမိုးများမှာ သူတို့ကို တစ်ကြိမ်တစ်ခါမှ တိုက်ခိုက်ခြင်း မပြုသေးချေ။ သူတို့ မတိုက်ခိုက်သေးခြင်းက ကြောက်ရွံ့မှု တစ်ခုတည်းကြောင့်တော့ ဖြစ်လိမ့်မည် မဟုတ်ချေ။ သူတို့က အလွန် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေသည့်တိုင် တစ်စုံတစ်ရာက မတိုက်ခိုက်အောင် တားဆီးထားပုံ ရသည်။

အဘယ်ကြောင့်နည်း။

ဖန်သားကဲ့သို့ ကြမ်ပြင်က အအေးဓာတ်များကို အဘယ်ကြောင့် ထုတ်လွှတ်နေသနည်း။ ၎င်းက ဝိညာဥ်အာရုံများကို အဘယ်ကြောင့် တားဆီးထားသနည်း။ ကြယ်တာရာ အသိုက်က အဘယ်နည်း။ နေကြယ်မရှိသည့် နေရာတွင် အလင်းနှင့် အပူတို့က မည်သည့် နေရာမှ လာသနည်း။ ကြယ်တာရာမိုးများကရော ကောင်းကင် ကြယ်တာရာ ရင်းမြစ်ကို ဧကရီ တစ်ပါးကဲ့သို့ အမှန်ကတယ် အမှုထမ်း နေသလော။ အပူလွန်ကဲသော လေထုနှင့် အေးစက်နေသည့် ကြမ်းပြင်တို့က အဘယ်ကြောင့် ကွဲပြားနေသနည်း။

ဝေ့ဝူယင်၏ အတွေးတစ်ခုလုံး အမျိုးမျိုးသော မေးခွန်းများနှင့် ပြည့်နှက် နေချိန်တွင် မျက်နှာဖုံးတပ်ထံတွင်တော့ ထိုအဖြေများ ရှိနေပြီးသား ဖြစ်ပုံပေါ်သည်။ တည်ငြိမ်မှုနှင့် ယုံကြည်မှုတို့ အရ ဤနေရာမှ အန္တရာယ် တစ်စုံတစ်ရာ မရှိပဲ ထွက်ခွာရန် သူ့ထံတွင် ယုံကြည်ချက် အပြည့်အဝ ရှိနေပုံပင်။ သူက မလိုအပ်သည့် တိုက်ပွဲကိုပင် တိုက်ခိုက်ရန် ဆန္ဒမရှိပဲပင်။

များစွာသော သံသယ ဖြစ်စရာများကြောင့် ဝေ့ဝူယင် သူ၏ လုပ်ဆောင်ချက်များကို တင်းကြပ်စွာ ကန့်သတ်ထားခဲ့သည်။ မဟုတ်ပါက... သူတွင် ရှိသမျှ အကုန်အစင်ကို ထုတ်ဖော်ကာ မျက်နှာဖုံးတပ်ကို အနိုင်ယူ လိုက်ပြီး ဖြစ်ပေလိမ့်မည်။ သို့သော်လည်း...သူ၏ တိုက်ခိုက်မှုက ကြယ်တာရာ အသိုက် သို့မဟုတ် အန္တိမကြယ်ကို တစ်စုံတစ်ရာ ထိခိုက်စေခဲ့လျှင် ဆုံးရှုံးမှုက ပိုမို ကြီးမား သွားပေလိမ့်မည်။

ချင်းဖုန်း၏ စကားအရ ဆိုလျှင် သေမျိုးအကန့်အသတ်ထက် ကျော်လွန်သည့် ပစ္စည်းလေး တစ်ခုကပင် ကြယ်တာရာ အသိုက်ကို မတည်မငြိမ် ဖြစ်ကာ ပြိုကျ စေနိုင်သည်ဟု ဆိုသည်။

သူ၏ ရှန့်ထို လက်စွပ်ထဲတွင် ထိုကဲ့သို့ ပစ္စည်းများစွာ ရှိပေသည်။ လျှို့ဝှက် ဆန်းကြယ်သည့် နောက်ခံနှင့် မျက်နှာဖုံးတပ်ထံတွင်လည်း မရှိဟု မည်သူ ပြောနိုင်ပါမည်နည်း။

လောလောဆယ် ဝေ့ဝူယင် သွားနေသည့် လမ်းကြောင်း နှစ်ခု ရှိသည်။ ပထမ တစ်ခုက အန္တိမကြယ်ကို အရယူရန် ဖြစ်ကာ ဒုတိယတစ်ခုက ကြယ်တာရာအသိုက်၏ လုံခြုံမှုကို သေချာ စေရန် ဖြစ်သည်။ ထိုနှစ်ခုစလုံး အောင်မြင်နိုင်ရန် အတွက် မြွေမသေ၊ တုတ်မကျိုး လမ်းစဥ်ကို ဝေ့ဝူယင် ရွေးချယ်ထားသည်။

သူ မျက်နှာဖုံးတပ်၏ ရန်သူ ဖြစ်ရန် လိုသည်။ သို့သော်လည်း သေစေလောက်သည့် ရည်ရွယ်ချက် မရှိစေရ။ သို့မှသာ မျက်နှာဖုံးတပ် အနေဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်မှုတွင် သတိလစ်ဟင်း သွားလိမ့်မည် ဖြစ်သည်။ ထိုရည်ရွယ်ချက်ကို အောင်မြင်နိုင်ကြောင်းမျက်နှာဖုံးတပ်၏ တည်ငြိမ်သော လေသံက ရှင်းလင်းစွာ သက်သေထူနေပေသည်။

မသိကိန်းရှင်များနှင့် ပူးပေါင်းရင်း အားလုံးကို ထိန်းချုပ်နိုင်ပါက အကောင်းဆုံး ဖြစ်သည်။ ကိုယ့်အကျိုးအမြတ်ကို အကောင်းဆုံး ဆောင်ကျဥ်း ပေးနိုင်သူမှာ ကိုယ်ကိုယ်တိုင်မှ တစ်ပါး အခြား မရှိနိုင်ပါချေ။

“ငါ ဒါကို မလုပ်ချင်ဘူး...”

မျက်နှာဖုံးတပ်က ကိုယ့်ကိုယ်ကို ရေရွတ်သလို လေသံမျိုးဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ ထွက်ပေါက်မရှိတဲ့ အခါမျိုးမှာ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ တိုက်ပွဲအတွင်း မျက်နှာဖုံးတပ်က ထွက်ပေါက်ကို ရှာဖွေရန် ကြိုးပမ်း နေခဲ့သည်လော။ သူက ဘာလုပ်ရန် ကြံစည်နေသနည်း။ မျက်နှာဖုံးတပ်က ဝေ့ဝူယင်ကို စဥ်းစားချိန် မပေးပါချေ။ သူက သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ဒူးများကို ကွေးညွှတ်ကာ အပေါ်သို့ ခုန်တက်လိုက်၏။

ဝေ့ဝူယင် ‌နေရာတွင်ပင် ရပ်ရင်း ထိုမြင်ကွင်းကို ကြည့်နေခဲ့၏။ အဖြူရောင် မြူခိုးအလွှာမှာ အန္တိမကြယ်၏ တစ်ဝက် နီးပါးခန့်ကို ဖုံးအုပ်ထားပြီး ဖြစ်ပေသည်။ သတ်မှတ်ထားသည့် အမြင့်တစ်ခု အထက် ခုန်တက်ခြင်းက မည်ကဲ့သို့ လှုံ့ဆော်မှုမျိုး ဖန်တီးနိုင်ကြောင်း မသိသည့်တိုင် အစောပိုင်း၌ မျက်နှာဖုံးတပ် မပျံသန်းခြင်းကို ကြည့်ပါက မလုံခြုံကြောင်း ရှင်းလင်းလှသည်။ ထို့ကြောင့်ပင် သူ မျက်နှာဖုံးတပ်နောက်ကို ကမူးရှူးထိုး လိုက်ခြင်း မပြုပဲ ရတနာအား အရယူရန် တစ်ခုတည်းကိုသာ အာရုံစိုက်ထား၏။

စက္ကန့်ဝက်မျှ အတွင်းမှာပင် မျက်နှာဖုံးတပ်မှာ ဆယ်မီတာခန့် အမြင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။ သူက အအေးဓာတ် ထုတ်လွှတ်နေသည့် ကြမ်းပြင်နှင့် လုံးဝ ကင်းကွာ သွားခဲ့ပြီ ဖြစ်၏။

ဂွီး... ဂွီး...

ဆူညံ ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာခဲ့၏။ ကြယ်တာရာမိုးများမှာ နောက်တစ်ကြိမ် ထူးဆန်းသော အသံများဖြင့် တုန့်ပြန် လာခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့၏ အသံလှိုင်းများ အောက်တွင် လေထု၊ အလင်းနှင့် အပူချိန်တို့မှာ ကစဥ့်ကလျား ဖြစ်သွား၏။ ထရီလျံ ရာပေါင်းများစွာသော ကြယ်တာရာမိုးများကား အမှန်တကယ် မွန်းစတား ဆန်လွန်းလှသည်။

ဝိညာဥ်အာရုံကို အစွမ်းကုန် မြှင့်တင်ရင်း ဝေ့ဝူယင်၏ အမူအရာက နက်ရှိုင်းသထက် နက်ရှိုင်းလာခဲ့၏။ အတွေ့အကြုံနှင့် ခံစားမှုများက လျှင်မြန်စွာပင် ပေါင်းစပ်လာကာ အကောင်အထည် တစ်ခု အသွင် ပေါ်လွင် ထင်ရှား လာခဲ့သည်။

ကြယ်တာရာအသိုက်ထဲကို ပထမဆုံး အကြိမ် စတင် ရောက်ရှိခဲ့ချိန်၌ အလွန် ပူပြင်းသည့် ပတ်ဝန်းကျင်နှင့် ကြမ်းပြင်တို့မှာ တိုက်ခိုက်နေသလို သူ ခံစားခဲ့ရသည်။ ထိုအရာက ထူးဆန်းသည်ဟု ထင်ခဲ့သော်လည်း ထူးဆန်းသည် ဆိုသည့် အဆင့်တွင်သာ ထားခဲ့သည်။

သို့‌သော်လည်း ယခုတွင်တော့ သူ သတိမထားမိသည့် အချက် တစ်ခုကို ပြန်လည် စဥ်းစားမိခဲ့သည်။ ၎င်းက ကြယ်တာရာမိုးများမှာ ကြမ်းပြင်နှင့် တစ်ကြိမ် တစ်ခါမှ မထိတွေ့ခြင်းပင်။ ပြောရလျှင်... ၎င်းတို့က ကြမ်းပြင် အနားကို ကပ်ခြင်းပင် မရှိ‌ချေ။ လေထုထဲတွင်သာ ပျံသန်း နေကြခြင်းဖြစ်သည်။

ဝေ့ဝူယင် ထိုအချက်ကို ပေါ့ပေါ့လျော့လျော့ သဘောထားခဲ့သည်။ မည်သို့ပင် ဆိုစေ... ကြယ်တာရာမိုးများမှာ အတောင်ပံပါ သတ္တဝါများဖြစ်ကြသည်။ ထို့ကြောင့်ပင် သူတို့ ပျံသန်းနေသည်ကို ထူးဆန်းသည်ဟု သူ မထင်ခဲ့ချေ။

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ ကြယ်တာရာမိုးများမှာ ထရီလျံ ဆယ်ချီအောင် စုစည်း ပြီးကြသည့်တိုင် အဘယ်ကြောင့် မတိုက်ခိုက်ကြသနည်း။ မျက်နှာဖုံးတပ်က အဘယ်ကြောင့် ထိုမျှ တည်ငြိမ်နေသနည်း။

ပြောရလျှင်... ကြယ်တာရာမိုးများမှာ အလွန် လျှင်မြန်သည်။ သူတို့ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များကို ထာဝရကြယ်တာရာ အလင်းဆေးတောင့် ဖန်တီးရာ၌ အသုံးပြုနိင်သည်။ ထိုဆေးတောင့်ဖြင့် ဆိုပါက လျှို့ဝှက် အာဏာရှင် အဆင့်များထံမှပင် လွတ်‌မြောက်အောင် ထွက်ပြေးနိုင်သည်ဟု ဆိုသည်။

ဝေ့ဝူယင်မှာ ထိပ်တန်း အဆင့် ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားကာ အလွန် လျှင်မြန်သူ ဖြစ်သည်။ သို့သော်လည်း ထိုအရာက သေမျိုး အကန့်အသတ် အတွင်းတွင်သာ ဖြစ်သည်။ သူ၏ အမြန်နှုန်းက အမှန်တကယ် လျှို့ဝှက် အာဏာရှင်အဆင့်များနှင့် နှိုင်းယှဥ်နိုင်သည့် အဆင့်တွင် မရှိချေ။ မျက်နှာဖုံးတပ်သည်လည်း အလားတူပင် ဖြစ်လေသည်။

“ဒါပေမဲ့ ဘာလို့လဲ...”

စောစောပိုင်းက ကြယ်တာရာမိုးများနှင့် မျက်နှာဖုံးတပ်တို့၏ လိုက်ပွဲပြေးပွဲကို ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်၏။ အမှန်တကယ် ဆိုလျှင် ကြယ်တာရာမိုးများမှာ မျက်နှာဖုံးတပ် ပြေးနေသည့် အမြန်နှုန်းကို တဒင်္ဂ အတွင်း အမှီလိုက်နိုင်သည်။ သို့သော်လည်း သူတို့က ထိုကဲ့သို့ မပြုလုပ်ခဲ့။

ဝေ့ဝူယင် စဉ်းစားရမိသည့် အကြောင်းပြချက် တစ်ခုသာလျှင် ရှိပေသည်။ ကြောက်ရွံ့မှု...။

မှန်သည်။ သူတို့က ကြမ်းပြင်မှ အအေးဓာတ်ကို ကြောက်ကြသည်။ ထိုအအေးဓာတ်နှင့် ချိတ်ဆက်နေသဖြင့် မျက်နှာဖုံးတပ်ကို မခုန်အုပ်ဝံ့ခြင်းဖြစ်သည်။

ဝေ့ဝူယင် အောက်ကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်မိပြန်၏။ အလွန်အမင်း ပူပြင်းသည့် ပတ်ဝန်းကျင်တွင် ထိုအအေးဓာတ်ကို မည်သည့်ဇစ်မြစ်က ဖန်တီးနေသနည်း။ ဖန်သားကဲ့သို့ ကြမ်းပြင်က အဘယ်နည်း။ ထိုမျက်နှာပြင်အောက်တွင် မည်သည့်အရာ တည်ရှိနေသနည်း။

ဝေ့ဝူယင် အတွေးမဆုံးခင်မှာပင် မျက်နှာဖုံးတပ်မှာ ဆက်တိုက်ဆိုသလို လှုပ်ရှားလာခဲ့၏။ သူက လက်တစ်ဖက်ဖြင့် ထူးဆန်းသော ချိပ်စည်း တစ်ခုကို ဖန်တီးရင်း အခြားလက်တစ်ဖက်ဖြင့် အဖြူရောင် မြူခိုးများ ရစ်ပတ်နေသည့် အန္တိမကြယ်ကို ဆုပ်ကိုင်လိုက်သည်။

ဝှစ်... ဝှစ်...

ဝိညာဥ်အလင်းများမှာ သူ့လက်ချောင်းထိပ်များတွင် မွေးဖွားလာကာ အဖြူရောင် မြူနှင်းလွှာကို ဖယ်ရှားပစ်ရန် ကြိုးပမ်းလိုက်သည်။

ဂွီး... ဂွီး...

ထိုအခိုက်တွင်ပင် ထရီလျံ ရာပေါင်းများစွာသော ကြယ်တာရာမိုးများမှာ သူတို့ရှိရာ အရပ်ကို တိုးဝင် လာခဲ့ပြီ ဖြစ်လေသည်။

ဘုန်း... ဘုန်း...

၎င်းတို့၏ အတောင်ပံ ခတ်မှုများ အောက်၌ ကြမ်းတမ်း ခက်ထန်သည့် လေပြင်းများ ဖြစ်ပေါ်လာလေရာ ဝေ့ဝူယင်နှင့် နဂါး ကိုးကောင်မှာ ချက်ချင်းပင် ဖိနှိပ် ခံလိုက်ရ၏။ တစ်စုံတစ်ရာ တုန့်ပြန်နိုင်စွမ်း မရှိခင်မှာပင် သူတို့၏ ခန္ဓာကိုယ်များက လေစီးကြောင်းများ အတိုင်း စတင်ကာ လွင့်မြောသွားသည်။ ယခုတစ်ကြိမ်တွင်တော့ ကြယ်တာရာမိုးများမှာ ဘာကိုမှ ထိန်ချန် မထားလိုတော့ပုံ ရလေသည်။

ဝေ့ဝူယင် ကြယ်တာရာ အင်အားကို အသုံးပြုကာ အေးစက်သည့် ကြမ်းပြင်ထက်မှ လွင့်စဥ် မသွားအောင် ကြိုးစား ထိန်းထားလိုက်၏။ တစ်ချိန်တည်း၌ နဂါးကိုးကောင်က သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ကာ သံမဏိ မူလ အင်အားဖြင့် အမိုးခုံး တစ်ခုလိုမျိုး ဖုံးကွယ် လိုက်ကြသည်။ ထို့နောက်...

ဝှစ်... ဝှစ်...

လက်ဟန် ချိပ်စည်း အချို့နှင့် အတူ ဝေ့ဝူယင်နှင့် နဂါး ကိုးကောင်လုံး၏ ခန္ဓာကိုယ်များက ပျောက်ကွယ် သွားကြ၏။ သူတို့က အာကာသနှင့် ပေါင်းစည်းကာ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ် သွားကြပြီ ဖြစ်သည်။ အကယ်၍ မျက်နှာဖုံးတပ်က အာကာသနှင့် ပေါင်းစည်းရာတွင် ဆရာတစ်ဆူ ဆိုလျှင် သူက အထွတ်အထိပ် ဘိုးဘေးကြီး ဖြစ်ပေသည်။

“ခွေးသူခိုးကောင်...”

ဝေဟင်ထက်၌ မျက်နှာဖုံးတပ်က ဝေ့ဝူယင်ကို ကြိတ်ကာ ကျိန်စာ တိုက်လိုက်၏။ သကောင့်သား အန္တိမကြယ်ကို ခိုးယူဖို့ ကြိုးပမ်းနေကာ သူ လုံးဝ သတိမထားမိခဲ့ချေ။ ထိုအရာက သူ့ ပေါ့ဆမှုကြောင့် ဖြစ်နိုင်သလို ထိုအကောင်၏ ကောက်ကျစ်မှုကြောင့်လည်း ဖြစ်နိုင်ပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ပြဿနာကတော့ ရှိနေခဲ့ပြီ ဖြစ်သည်။

အန္တိမကြယ်၏ တစ်ဝက်ခန့်မှာ သူ၏ ထိန်းချုပ်ရန် ကြိုးစားမှုကို အပြင်းအထန်ပင် ခုခံနေကာ ဝေ့ဝူယင်ထံ သွားရောက်ရန် ကြိုးပမ်းနေ၏။ အကျိုးဆက် အနေဖြင့် သူ အပေါ်သို့ ဆက်လက် မတက်နိုင်ပဲ လမ်းခုလတ်တွင်ပင် တန်းလန်း ဖြစ်နေခဲ့သည်။ ကြယ်တာရာမိုးများမှာ အရှိန်အဟုန်နှင့် အလွန် နီးကပ် နေလာနေခဲ့ပြီ ဖြစ်လေရာ သူထံတွင် အချိန် မရှိတော့ချေ။

“နှစ်ပိုင်းပိုင်းပစ်လိုက်...”

ရုတ်တရက် အသံတစ်ခုမှာ မျက်နှာဖုံးတပ်ထံမှ ထွက်ပေါ်လာ၏။ ၎င်းက မူလ အသံနှင့် လုံးဝ ကွာခြားကာ ယောက်ျားသံထက် မိန်းမသံနှင့် ပိုမို၍ တူပေသည်။

“သောက်ပြဿနာပဲကွာ...”

မျက်နှာဖုံးတပ်၏ မူလအသံက နောက်မှ လိုက်၍ ထွက်ပေါ်လာသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ဓားမှာ အန္တိမကြယ်ကို အလယ်တည့်တည့်မှ ထက်ပိုင်း ပိုင်းပစ်လိုက်၏။

ရွှမ်း...

အန္တိမကြယ်က တိတိကျကျပင် နှစ်ပိုင်း ပိုင်းသွား၏။ မျက်နှာဖုံးတပ်က ကြမ်းတမ်း ခက်ထန်စွာပင် တစ်ပိုင်းကို ဆွဲယူကာ ကရက်ကန်းလွန်းကို ထုတ်ယူလိုက်သည်။ ၎င်း၏ အော်ရာက သေမျိုး အကန့်အသတ်အတွင်း ရှိသလို သေမျိုး အကန့်အသတ်ထက်လည်း ကျော်လွန်နေ၏။ ကြယ်တာရာ အသိုက်မှာ အနည်းငယ် တုန်ရီသွားသည့်တိုင် ဘာမှတော့ ထူးထူးခြားခြား မဖြစ်ခဲ့ပါချေ။

မျက်နှာဖုံးတပ်က ကရက်ကန်းလွန်းကို မ‌ရေမတွက်နိုင်သည့် အပိုင်းအစ ဖြစ်အောင် ချိုးဖဲ့လိုက်၏။ ထို့နောက် ၎င်းတို့ကို မီးခိုးရောင် အလင်းတန်းများ အသွင် ပြောင်းလဲကာ ခန္ဓာကိုယ် ပတ်လည်၌ ဝန်းရံလိုက်သည်။

ထို့နောက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ မျက်နှာဖုံးတပ်မှာ ထိုနေရာတွင် ဘယ်တုန်းကမှ မရှိခဲ့သည့် အလား ပျောက်ကွယ် သွားတော့၏။ အဖြူရောင် မြူခိုးတို့ ဝန်းရံနေသည့် အန္တိမကြယ် တစ်ပိုင်းက အလွန် လျှင်မြန်သော အရှိန်ဖြင့် ဝေ့ဝူယင်ထံ ရောက်ရှိသွားသည်။

ထို့နောက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင်...

ဘုန်း... ဘုန်း... ဘုန်း...

အဘက်ဘက်မှ အရှိန်အဟုန်နှင့် ဝင်‌ရောက်လာသည့် ကြယ်တာရာမိုးများမှာ မျက်နှာဖုံးတပ် ရပ်ခဲ့သည့် နေရာတွင် တစ်ကောင်နှင့် တစ်ကောင် အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်သွားကြ၏။ သူတို့က ကြမ်းတမ်း ခက်ထန်စွာပင် ကျူးကျော်သူ ယူသွားသည့် ရတနာကို ရှာဖွေရန် ကြိုးပမ်းကြသည်။

ဂွီး... ဂွီး...

နာရီပေါင်း များစွာ ကြာအောင် ကြယ်တာရာမိုးများမှာ ဒေါသတကြီးဖြင့် အော်ဟစ် နေကြ၏။ အချိန်အတန်ကြာပြီးနောက်မှ သူတို့က ပြန်လည် တည်ငြိမ် သွားကြသည်။

နောက်တစ်ကြိမ် ပြန်လည် ပြန့်ကျဲ မသွားခင် အထိ သူတို့က နာရီပိုင်း အနည်းငယ်တိုင် ဆက်လက် စစ်ဆေးနေကြသေးသည်။

အခြေအနေအားလုံး တည်ငြိမ်သွားပြီးနောက်မှ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ် တစ်ခုမှာ ထိုနေရာတွင် ပြန်လည် ပေါ်လာခဲ့၏။

သူ၏ ပခုံးထက်တွင်တော့ သေးငယ်သည့် နဂါးလေး ကိုးကောင်မှာ လှည့်ပတ်ကာ ကစားနေကြသည်။ ဝေ့ဝူယင် တိတ်တဆိတ်ပင် ဝိညာဥ်အာရုံကို မျက်နှာဖုံးတပ် ပျောက်ကွယ်သွားသည့် နေရာထံ ပို့လွှတ်လိုက်၏။

“ဟင်းလင်းပြင် စွမ်းအင်...”

***

All Chapters