ထွက်ခွာခြင်း
Vol. 62 Ch. 861
မျက်နှာဖုံးတပ်မှာ ဝေ့ဝူယင်ကို မေးခွန်း များစွာဖြင့် ချန်ထားခဲ့ကာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်လေသည်။ သူ ထွက်ခွာသွားမှုကပင်လျှင် ပဟေဠိ ဆန်လွန်းလှသည်။ မျက်နှာဖုံးတပ် ပျောက်ကွယ် မသွားခင် သူ့ခန္ဓာကိုယ် ပတ်လည်၌ ဝန်းရံနေသည့် ဟင်းလင်းပြင် စွမ်းအင်များကို ဝေ့ဝူယင် ခံစားခဲ့ရသည်။ သို့သော်လည်း ၎င်းတို့က သန့်စင်မှု မရှိလှပဲ ကစဥ့်ကလျား အခြေအနေ၌ ရှိနေ၏။
ကြယ်တာရာမိုးများ ဝင်မတိုက်ခင် အချိန်ကတည်းက သူ အန္တိမကြယ်တစ်ပိုင်းကို သိုလှောင် လက်စွပ် အတွင်း သိမ်းဆည်းခဲ့ပြီး ဖြစ်သည်။ တစ်ခုလုံးကို မယူမိသည့် အတွက် တနုံ့နုံ့ ဖြစ်မိသည့်တိုင် တစ်ဝက်ကလည်း ဘာမှ မရသည်ထက်စာလျှင် တော်ပေသေးသည်။
ရှန့်ထို လက်စွပ်ကို ဆက်သွယ်လိုက်ရင်း ဟင်းလင်းပြင် ပုံဆောင်ခဲထားသည့် အန္တိမကြယ်တစ်ပိုင်းကို ဝေ့ဝူယင် ကြည့်လိုက်၏။ ထိုအရာက တည်ငြိမ်နေလေရာ သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ မျက်နှာဖုံးတပ်၏ ထက်ပိုင်းပိုင်းခြင်း ခံခဲ့ရပြီးနောက် အန္တိမကြယ်မှာ ပေါက်ကွဲလုနီးနီး ဖြစ်သွားခဲ့သည်။
၎င်းကို အလျှင်အမြန် ပုံဆောင်ခဲကာ ရှန့်ထိုလက်စွပ် အတွင်း ထည့်သွင်း သိမ်းဆည်းလိုက်ခြင်းကြောင့်သာ မဟုတ်ပါက အကျိုးဆက်မှာ ကြယ်တာရာသခင်တို့၏ စွမ်းရည် ဖြစ်သည့် ကြယ်တာရာ ပေါက်ကွဲခြင်းထက်ပင် ပိုမို၍ ပြင်းထန် ပေလိမ့်မည်။
“ကြည့်ရတာ သူ့မှာလည်း တည်ငြိမ်အောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိနေတဲ့ပုံပဲ... သူက ဘယ်သူလဲ”
မျက်နှာဖုံးတပ်နှင့် ပတ်သက်၍ နားမလည်နိုင်သည့် အရာ များလှကြောင်း ဝေ့ဝူယင် တွေးလိုက်မိသည်။ ထို့အပြင် သံသယ ဖြစ်စရာ များစွာလည်း ရှိပေသည်။
ပထမဆုံး အနေဖြင့်.... မျက်နှာဖုံးတပ်က အဘယ်ကြောင့် အန္တိမကြယ်၏ နာမည်နှင့် ၎င်း၏ သက်ရောက်မှုများ အကြောင်း ရှင်းပြခဲ့သနည်း။ ထိုအရာက လိုအပ်ခြင်း မရှိသည့် အပြင် မလိုလားအပ်သည့် အန္တရာယ်နှင့် ပဋိပက္ခများကိုပင် ဆင့်ခေါ်နိုင်စွမ်း ရှိသည်။ လျှို့ဝှက် အာဏာရှင် အဆင့်များ ပင်လျှင် ကြယ်တာရာ ဆင်းတုများ အကြောင်း ကြားရပါက ကျိန်းသေ လောဘတက်လိမ့်မည် ဖြစ်သည်။ မျက်နှာဖုံးတပ်က တစ်စုံတစ်ခုသော အကြောင်းပြချက် အတွက် ပဋိပက္ခ ဖြစ်ရန် လိုလားနေသလော။ သူ့ကဲ့သို့ လူတစ်ယောက်က ရည်ရွယ်ချက် မရှိပဲ အရေးကြီးသည့် အချက်အလက်များကို ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပါချေ။
ဒုတိယ တစ်ချက်... မျက်နှာဖုံးတပ်ထံတွင် အချိန်မရွေး လွတ်မြောက်နိုင်သည့် နည်းလမ်း အစောတည်းက ရှိခဲ့သည်။ သူက အဘယ်ကြောင့် ပဋိပက္ခ အဖြစ်ခံကာ စောင့်ဆိုင်း နေခဲ့ရသနည်း။
သို့သော်လည်း သူမြင်တွေ့ ရသလောက် ဆိုလျှင် မျက်နှာဖုံးတပ် ထွက်ခွာ သွားခဲ့သည့် ဟင်းလင်းပြင် စွမ်းအင်က ဖရိုဖရဲ ဖြစ်ကာ ထိန်းချုပ်နိုင်စွမ်း ပြင်ပ၌ ရှိနေသည်။ ၎င်းက သူ့ကို ကျပန်း နေရာတစ်ခုကို ပို့ဆောင်မည်မှာ သေချာသလောက် ရှိသည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ အမှောင်ဟင်းလင်းပြင်မှာ အဆုံးမဲ့ အန္တရာယ်များနှင့် ပြည့်နှက်နေသည့် နေရာ တစ်ခု ဖြစ်သည်။ ပျောက်ကွယ်ခြင်း အမှတ်များ၊ ထူးဆန်းသည့် အာကာသ ဖြစ်စဥ်များ၊ သတ္တဝါများမှာ အချိန်မရွေး နေရာမရွေး ပေါ်လာနိုင်သည်။ ၎င်းတို့က ကြယ်တာရာမိုးများထက်ပင် အဆများစွာ ပိုမို အန္တရာယ် များလှသည်။
အကယ်၍ ထိုဟင်းလင်းပြင် စွမ်းအင်က သူ့ကို နေကြယ်နှင့် အလွန် နီးကပ်သည့် နေရာတစ်ခုကို ကျပန်း ပို့ဆောင်လိုက်လျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။ လမ်းက သေလမ်းတစ်ခုတည်းသာ ရှိပေသည်။ မျက်နှာဖုံးတပ်က အဘယ်ကြောင့် ထိုကဲ့သို့ လမ်းကို ရွေးချယ်ခဲ့သနည်း။
“ဒါမှမဟုတ်... ဒီနေရာမှာ ဆက်နေတာက နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာနိုင်လို့လား...”
ရုတ်တရက် ဝေ့ဝူယင် စိတ်အတွင်း အတွေးတစ်ခု ဝင်လာခဲ့၏။ သူ ချက်ချင်းပင် ဝိညာဥ်အာရုံကို အကန့်အသတ် ရောက်သည် အထိ ဆန့်ထုတ်ကာ ကြယ်တာရာ အသိုက်ကို စစ်ဆေး လိုက်သည်။ သို့သော်လည်း အနားသတ်ကို မတွေ့ရချေ။ ကြယ်တာရာ အသိုက်မှာ အလွန်အမင်း ကြီးမားလှကာ ၎င်းကို ရှာဖွေရန် ဆယ်စုနှစ်နှင့်ချီ အချိန်ဖြုန်းရမည့်ပုံ ရသည်။
ဝေ့ဝူယင် စဥ်းစားနေချိန်မှာပင် ဒူးခေါင်းက အအေးဓာတ်ဖြင့် အနည်းငယ် ကျဥ်တက်သွားသလို ခံစားလိုက်ရ၏။ အလွန် သန့်စင်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေရာ သူ့ကို သက်တောင့်သက်သာ မရှိအောင် ဖန်တီးနိုင်သည့် အကြောင်းရင်း အနည်းငယ်သာ ရှိပေသည်။ အထူးသဖြင့် အကြွင်းမဲ့ သုည ရေခဲ စွမ်းအင်ကို ပိုင်ဆိုင်ထားသူ တစ်ယောက် အတွက် အေးစိမ့်သော ခံစားချက်က ပုံမှန် မဟုတ်ချေ။
ဝေ့ဝူယင် ဝိညာဥ်အာရုံကို အောက်သို့ ဆန့်ထုတ်ကာ စစ်ဆေးလိုက်၏။ သို့သော်လည်း ဘာကိုမှ မမြင်ရချေ။ အကောင်အထည် မရှိသည့် အအေးဓာတ်က သူ့ခြေကျင်းဝတ်မှ စိမ့်ဝင်နေကာ အရိုးများ တစ်လျှောက် အပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာနေ၏။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ ဤနေရာမှ ထွက်ခွာဖို့ကိုတော့ သူ စိုးရိမ်ခြင်း မရှိပါချေ။ သူ့အတွက် ထွက်ပေါက်ကို ရှာစရာ မလိုချေ။ သူကိုယ်တိုင်ကပင် ထွက်ပေါက် ဖြစ်ပေသည်။
ခရာတိုက သူ မဝင်နိုင်သည့် နေရာ မရှိ၊ သူ့ကို ချုပ်နှောင်ထားနိုင်သည့် နေရာ မရှိဟု ပြောခဲ့ဖူးသည်။ များစွာသော အဖြစ်အပျက်များနှင့် ကြုံတွေ့ရပြီး နောက်တွင် ထိုကြေညာချက် အပေါ် သူ သံသယ မရှိတော့ချေ။ ခရာတို ပြောသမျှ စကားအများစုက အဓိပ္ပာယ် မရှိသည့် အရာများ ဖြစ်သည့်တိုင် သူ၏ ယုံကြည်ချက်ကတော့ ပေါက်ကရ မဟုတ်ပါချေ။
ဝေ့ဝူယင် တစ်ခဏမျှ စဥ်းစားလိုက်၏။ ထို့နောက် အန္တိမကြယ်ထံမှ ချိတ်ပိတ်မှု တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားကာ အော်ရာ အငွေ့အသက် တစ်ချို့ကို ထုတ်လွှတ်လိုက်သည်။ လေထုမှာ အနည်းငယ် တုန်ခါသွား၏။ ချက်ချင်းလက်ငင်း ဆိုသလိုပင် အရပ်မျက်နှာ ပေါင်းစုံရှိ ကြယ်တာရာမိုးများထံမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာ၏။
ဂွီး... ဂွီး...
ချက်ချင်းပင် လေထု၏ အခြေအနေက ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်ဘက် အနေအထားဆီ ကူးပြောင်းလာခဲ့လေသည်။
“သူတို့ လာနေပြီ...”
ဝေ့ဝူယင် ကျေနပ်စွာ ပြုံးလိုက်ကာ အလျှင်အမြန်ပင် အော်ရာကို ချိတ်ပိတ်လိုက်၏။ ထို့နောက် သူ ခန္ဓာကိုယ်ကို အာကာသနှင့် နောက်တစ်ကြိမ် ပေါင်းစပ်လိုက်ကာ ပုန်းအောင်းနေလိုက်သည်။
ဂွီး... ဂွီး...
ကြယ်တာရာမိုးများမှာ ဒေါသတကြီးနှင့် ပြန်လည် ရောက်ရှိလာကြ၏။ ထိုအုပ်စုထဲ၌ အကြမ်းဖျဥ်း အကောင်ပေါင်း သုံးသိန်းခန့် ပါဝင်ပေလိမ့်မည်။ ကြယ်တာရာမိုးများမှာ တဖျပ်ဖျပ် ကြယ်အလင်းများကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ် စစ်ဆေးနေ၏။ ၎င်းတို့က အရိပ်အမြွက်ကို ရှာဖွေနေသည့် စုံထောက်ကလေးများလိုပင်။
ဝေ့ဝူယင်မှာ တိတ်တဆိတ် ပုန်းကွယ်ရင်း ၎င်းတို့ကို လေ့လာနေခဲ့၏။ နှစ်နာရီခန့် ကြာအောင် ပိုက်စိတ်တိုက် ရှာဖွေပြီး နောက်မှ ကြယ်တာရာမိုးများမှာ လူစုခွဲ၍ ပြန်လည် ပျောက်ကွယ် သွားကြ၏။
သူတို့ ထွက်ခွာသွားပြီးနောက် အတန်ကြာမှ ဝေ့ဝူယင်က ဖုံးကွယ်ခြင်း ကျင့်စဥ်ကို ဖယ်ရှားလိုက်သည်။ သူ့ထံတွင် ကြယ်တာရာမိုးများကို တိုက်ခိုက်လိုသည့် ဆန္ဒ မရှိချေ။ သူက သည်အတိုင်း သူတို့၏ တုန့်ပြန်မှုကို စစ်ဆေး လိုက်ခြင်းဖြစ်သည်။
“အမဲလိုက်ဖို့ နေရာ ရပြီ...”
ဝေ့ဝူယင် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။ ကြယ်တာရာ အသိုက် တစ်ခုလုံးမှာ ရတနာသိုက်ကြီး သဖွယ် ဖြစ်သည်။ မျက်နှာဖုံးတပ်မှာ အန္တိမကြယ်ကို ထိုနေရာမှ ရရှိခဲ့ရာ ပိုမို များပြားသည့် ရတနာများ ရှိနေနိုင်ပေသေးသည်။
“ကောင်းကင် ကြယ်တာရာ ရင်းမြစ်...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုနေရာကို ယခုချက်ချင်း မစုံစမ်းသေးရန် သူ ဆုံးဖြတ်ချက် ချထားသည်။
ဝေ့ဝူယင် သုံးနာရီခန့် ကြာအောင် ရည်ရွယ်ချက် မဲ့စွာ လျှောက်သွား နေမိ၏။ တစ်ချိန်တည်း၌ သူက နေရာ အနှံ့တွင် ကိုယ်ပိုင် အာကာသ အမှတ်များ ချမှတ်ထားလိုက်သည်။ သူ ကျပန်း အမှတ်အသားထားခဲ့သည့် အရေအတွက်က သုံးရာကျော်လောက် ရှိပေလိမ့်မည်။
တစ်ချိန်တည်း၌ ဝေ့ဝူယင် အရေးကြီးသည့် အချက် တစ်ချို့ကို အတည်ပြုနိုင်ခဲ့၏။ မှန်သားကဲ့သို့ ကြမ်းပြင်ထံမှ သန့်စင်သည့် အာကာသနှင့် ဟင်းလင်းပြင် စွမ်းအင်များကို မယုံကြည်နိုင်လောက်သည့် အမြန်နှုန်းဖြင့် စားသုံးနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် မျက်နှာဖုံးတပ်မှာ မထွက်ခွာခင် ကောင်းကင်သို့ ပျံတက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချက်က မျက်နှာဖုံးတပ်မှာ ကြယ်တာရာ အသိုက်များနှင့် အလွန်အမင်း ရင်းနှီးကြောင်း ဖော်ပြနေပေသည်။ သူက မဟာစက်ဝန်း ကြယ်ကွင်းပြင် ပြင်ပမှ လူတစ်ယောက် ဖြစ်နိုင်ပါမည်လော။
“ထွက်ဖို့ အချိန်တန်ပြီ...”
ဝေ့ဝူယင် ဆုံးဖြတ်ချက် ချလိုက်၏။
***