ရှင်းလင်းချက် တောင်းခံခြင်း
Vol. 62 Ch. 862
“ထွက်ဖို့ အချိန်တန်ပြီ...”
ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။ ကြမ်းပြင်၏ အအေးဓာတ်က တဖြည်းဖြည်းနှင့် မေးစေ့အထိ ရောက်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ၎င်းက ဆက်လက်၍ မြင့်တက် နေဆဲ ဖြစ်သည်။ သည်နှုန်းအတိုင်းသာ ဆက်လက် မြင့်တက် နေမည် ဆိုပါက အပြည့်အဝ သက်ရောက် မခံရခင် အချိန် အထိ သူ့ထံတွင် အကြမ်းဖျဥ်း သုံးရက်ခန့်သာ အချိန်ရှိပေလိမ့်မည်။
ထိုအခိုက်၌ ဝေ့ဝူယင် သတိမထားမိလိုက်သည့် အရာ တစ်ခုက သူ့အောက်ရှိ ကြမ်းပြင်မှာ ပြောင်းလဲနေခဲ့ခြင်း ဖြစ်သည်။ တစ်နာရီခန့် တိုင်အောင် ရှည်မျောမျော အရိပ်တစ်ခုမှာ ဖန်သားကဲ့သို့ ကြမ်းပြင်အောက်မှ နေ၍ သူ့နောက်သို့ အဆက်မပြတ် လိုက်နေခဲ့သည်။ အရိပ်ကဲ့သို့ မြူနှင်းများက ထိုပုံရိပ်ကို ဖုံးကွယ်ထားသည့်တိုင် ခပ်ဖျော့ဖျော့ အကြေးခွံများကို တွေ့မြင်နိုင်ပေသည်။ ၎င်းက ရေထဲမှ ငါးရှဉ့်တစ်ကောင်လို ကူးခပ်နေကာ လူးလာတုံ့ခေါက် လှုပ်ရှား နေခဲ့လေ၏။
ဝေ့ဝူယင် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည့် အချိန်မျာပင် တူညီသည့် ပုံပန်း သဏ္ဌာန်၊ အရွယ်အစားနှင့် ပုံရိပ် တစ်ခုမှာ ပထမ ပုံရိပ်၏ နံဘေးတွင် ပေါ်လာခဲ့သည်။ ၎င်းတို့က အတူတကွ ပူးပေါင်း၍ ဖန်သားကဲ့သို့ ကြမ်းပြင်ထံ တိုးဝင်လာကာ ဖိကပ်လိုက်ကြသည်။
ထိုအခိုက်၌... မိုင်ရာပေါင်းများစွာကို ခြုံငုံ့၍ မြင်နိုင်သည့် အမြင့်တစ်နေရာသို့ ပျံတက်ကာ ကြည့်ရှုပါက အနက်ရောင် မြူခိုးများ အကြားတွင် ခရမ်းရောင် ပင်လယ် တစ်ခု ထွက်ပေါ်လာသည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။ ၎င်းက မြွေတစ်ကောင်၏ မျက်လုံးနှင့် ဆင်တူကာ ထောင့်စွန်းနားများတွင်တော့ မသိမသာ ပေါ်လွင်နေသည့် အကြေးခွံပုံ အရေပြား တည်ရှိနေ၏။
တစ်ခဏ အတွင်းမှာပင် ရှည်မျောမျော ပုံရိပ်များ အပါအဝင် အားလုံးမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွား၏။ ဖန်သားကဲ့သို့ ကြမ်းပြင်၏ အောက်၌ ကျန်ရစ်ခဲ့သမျှက အနက်ရောင် အရိပ်မြူနှင်း များသာ ဖြစ်သည်။ မည်သည့် အသံ၊ မည်သည့် လှုပ်ရှားမှုမှ မရှိတော့။
ဖန်သားကြမ်းပြင်ထက်၌ ဝေ့ဝူယင်က ခရာတိုနှင့် ဆက်သွယ်ကာ ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ဖွင့်လိုက်၏။ ထင်မှတ်ထားသည့် အတိုင်း ဟင်းလင်းပြင် ချိတ်ဆက်စရာ တစ်ခု ရှိနေသရွေ့ ထိုလုပ်ငန်းစဥ်က အလွန် ခက်ခဲခြင်း မရှိလှပါချေ။ သို့သော်လည်း... ထွက်ခွာရန် ဟန်ပြင်လိုက်စဥ်မှာပင် သူ့အသိစိတ် ပင်လယ်မှာ ထူးဆန်းသည့် တုန်ခါမှု တစ်ခုကို ခံစားလိုက်ရ၏။ ၎င်းက ဧဒင်ထံမှ လာခြင်း ဖြစ်သည်။
“ဘာမှားနေလို့လဲ...”
ဝေ့ဝူယင် ချက်ချင်းပင် မေးလိုက်၏။ ဧဒင်ထံမှ ထိုကဲ့သို့ တုန့်ပြန်မှုမျိုး မခံစားရသည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
“ဒီအတိုင်း ထူးဆန်းတဲ့ ခံစားမှု တစ်ခုပါပဲ... ကြယ်တာရာမိုးတွေရဲ့ ဆက်သွယ်ရေး ပုံစံကို ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားမိလို့ ဖြစ်လာတဲ့ ရလဒ် တစ်ခု ဖြစ်မယ် ထင်တယ်... ဒီနေရာကြီး တစ်ခုလုံးက နားလည်ဖို့ ခက်ခဲလွန်းတယ်”
ဧဒင်က အဖြေမေးလိုက်၏။ ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း... သူ ထိုကိစ္စကို နောက်မှ စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင် ဆိုစေ... သူ့ထံတွင် ၎င်းကို လေ့လာရန် အချိန်များ ရှိနေသေးသည် မဟုတ်ပါလား။ တစ်နေ့တစ်ချိန်၌ ကြယ်တာရာ အသိုက် တစ်ခုလုံးကို အပိုင်သိမ်းရန် သူ ဆုံးဖြတ်ထားပေသည်။
ဝေ့ဝူယင် ဟင်းလင်းပြင် ပေါ်တယ် အတွင်း လှမ်းဝင်လိုက်၏။
ပေါ်တယ် ပြန်လည် ပိတ်သွားသည့် အခိုက်အတန့်ကလေးမှာပင် အရိပ်မြူနှင်းများမှာ မုန်တိုင်းတစ်ခု၏ နိဒါန်းလိုမျိုး ကြမ်းတမ်း ခက်ထန်စွာ စတင် လှုပ်ရှားလာကြ၏။ ရှည်မျောမျော သဏ္ဌာန် အရိပ်မှာ စတင် ကြီးထွားကာ ကျယ်ပြန့်လာ၏။ စက္ကန့်နှင့် အမျှ ၎င်း၏ ကြီးထွားမှုပ အဆပေါင်းများစွာ ပိုမို မြန်ဆန်လာကာ နောက်ဆုံး၌...
ဘုန်း...
ခရမ်းရောင် အရည်များထဲ နစ်ဝင်နေသည့် သွေးရောင်ရုပ်ခန္ဓာ တစ်ခုမှာ ဖန်သား ကြမ်းပြင်ကို အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်၏။ ၎င်းက ဝေ့ဝူယင် တည့်တည့် ရပ်နေခဲ့သည့် နေရာကိုပင် ဖြစ်လေသည်။ ကံမကောင်းစွာပင် ဖန်သား ကြမ်းပြင်ကတော့ နည်းနည်းလေးမှပင် လှုပ်ခါသွားခြင်း မရှိချေ။
...
အပြင်လောက၌ နာရီများမှာ ဖြည်းညင်းစွာပင် ဖြတ်ကျော် နေခဲ့၏။ စက်ဝိုင်းပုံ အလွှာပါး အတွင်း၌ ဟင်းလင်းပြင် သင်္ဘောများစွာမှာ လွတ်လပ်စွာ ဆက်သွယ်နိုင်ခြင်း မရှိသည့် အခြေအနေ တစ်ခုဖြင့် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ခွန်ရီမင်တို့ သုံးယောက်မှာ အားလုံးအတွက် ဘေးကင်းလုံခြုံမှုကို အာမခံ ပေးနေကြသည့်တိုင် များစွာမှာ သက်တောင့်သက်သာ မရှိမှုကို ဆက်လက် ခံစားနေရဆဲ ဖြစ်သည်။ သူတို့က စုပေါင်း၍ ဖောက်ထွက်ဖို့ ကြိုးစားနေကြ၏။ သို့သော်လည်း ကံမကောင်းစွာပင် ဝူယု တည်ဆောက်ထားသည့် အစီအရင်က ချင်းဖုန်းထက်ပင် အဆများစွာ ပိုမို သန်မာပေသည်။ အချို့ကဆိုလျှင် ကြယ်တာရာ ဝိညာဥ်နှင့် ကြယ်တာရာ အမြုတေများကိုပင် စတေးကာ ကြိုးပမ်းဖို့ ထည့်သွင်း စဉ်းစား နေကြ၏။
ရှင်သန်လိုသည်ကား သက်ရှိတိုင်း၏ သဘာဝ ဆန္ဒပင် ဖြစ်သည်။ သူတို့က အသက်ရှင်သန်ဖို့ အတွက်ဆိုလျှင် ဘာကို မဆို လုပ်ရဲကြသည်။ သို့သော်လည်း... သူတို့ မေ့လျော့နေသည့် အချက်က ရန်သူမှာ မြေကြီးရှန့်ထို ဖြစ်နေခြင်းဖြစ်လေသည်။ စိတ်ပျက်အားငယ်ခြင်းက သက်ရှိများကို ဆင်ခြင်တုံတရား ကင်းမဲ့စေနိုင်စွမ်း ရှိသည်။
နောက်ဆုံး၌ တိမ်ပြာက ဝင်ရောက်ကာ ဝင်ရောက်ကာ သူတို့ကို အကျိုးအကြောင်း ရှင်းပြရတော့သည်။ အလွှာပါးမှာ သူတို့ကို ကာကွယ်ရန် သက်သက်သာ ဖြစ်သည်။ အန္တရာယ် ပေးရန် မဟုတ်ချေ။ ထို့အပြင်... သူတို့ သုံးယောက်၏ နောက်ခံက အားလုံး၏ လွတ်လပ်ခွင့် အတွက် ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီနှင့် ညှိနှိုင်းပေးလိမ့်မည် ဖြစ်ကြောင်းပါ အရိပ်အမြွက် ပြောပြခဲ့သည်။
ထိုကဲ့သို့ အလင်းလွှာ အတွင်း ဆူညံ့ပွက်လောရိုက် နေချိန်တွင် မြေကြီးရှန့်ထို နှစ်ယောက်ကတော့ အေးအေးဆေးဆေးပင် ရှိနေခဲ့လေသည်။ နာရီပေါင်းများစွာ ကြာအောင် သူတို့ နှစ်ယောက်မှာ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေအတွင်းရှိ ရှုမျှော်ခင်းများမှ အစ ကျင့်ကြံခြင်း လမ်းစဥ် အကြောင်း အဆုံး ရောက်တတ်ရာရာများ ပြောဆိုနေခဲ့ကြ၏။
အချိန်နာရီများ တဖြည်းဖြည်း ဖြတ်ကျော်နေသည်နှင့် အမျှ သူတို့ နှစ်ယောက်မှာ ပိုမို၍ ရင်းနှီးလာခဲ့ကြသည်။ ဝူယုမှာ သူမအပေါ် စိတ်ဝင်စားမှုနှင့် လေးစားမှုတို့ကို ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ဖြင့် ထုတ်ဖော် ပြသခဲ့၏။ ချင်းဖုန်းမှာလည်း ထိုအချက်ကို ရိပ်မိပေသည်။ သို့သော်လည်း သူမ ဝူယုနှင့် စကားပြောရသည်ကို နှစ်သက် နေမိ၏။
သက်တမ်းရင့် မြေကြီးရှန့်ထို တစ်ယောက် အနေဖြင့် သူမက အလွန် အလုပ်များသည်။ သူမနှင့် အပြန်အလှန် ဆက်သွယ်သည့် မြေကြီးရှန့်ထို များများစားစား မရှိလှချေ။ ထို့အပြင်... သူမ၏ လက်အောက်ငယ်သားများမှာလည်း မြေကြီးရှန့်ထို တစ်ပါး၏ အရှိန်အဝါကြောင့် ရှေ့ရောက်သည်နှင့် ပြားပြားဝပ် နေလေ့ရှိသည်။ ထိုကဲ့သို့ ပေါ့ပေါ့ပါးပါး စကား မပြောရသည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ဝူယုမှာ အလွန် ဗဟုသုတ ကြွယ်ဝကာ စကားပြောကောင်းသူ တစ်ယောက် ဖြစ်သည်။ တစ်ခါတစ်ရံ ကျင်ကြံခြင်းနှင့် ပတ်သက်သည့် သူ့အမြင် သဘောထားများက ချင်းဖုန်းကိုပင် အံ့အားသင့် သွားစေခဲ့သည်။ အထူးသဖြင့် သွေးမူလ နည်းလမ်းကို လေ့လာခဲ့ပြီး နောက်တွင် ကျင့်ကြံခြင်း လမ်းစဥ် အပေါ် ဝူယု၏ နားလည်မှုများမှာ များစွာ နက်ရှိုင်း နေခဲ့ပြီ ဖြစ်သည်။
“အဲ့ကောင်ကြီးက ဒီလောက်လည်း အထင်ကြီးစရာ မကောင်းပါဘူး...”
ပိုင်လင်က ဝမ်မင်ယာကို ဆက်သွယ်ရင်း လှမ်းပြောလိုက်၏။
“ဘာလို့တုန်း...”
ဝမ်မင်ယာက နားမလည်ဟန်ဖြင့် ပိုင်လင်ကို ပြန်ကြည့်လိုက်သည်။
ပိုင်လင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“သူ့နေရာမှာ ဝေ့ဝူယင်သာ ဆိုရင် အဲဒီ မိန်းမ ဝတ်တွေ ကျွတ်နေလောက်ပြီ... တကယ့် ရှေးရိုးစွဲကောင်ကြီး... မလိုပဲ လျှာရှည်နေတယ်....”
“...”
ဝမ်မင်ယာမှာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ ရယ်ရမလား၊ ငိုမရမလားပင် သူမ မသိတော့ချေ။ သို့သော်လည်း ဝေ့ဝူယင် နံဘေးရှိ များလှစွာသော မိန်းကလေးများကို ပြန်လည် စဉ်းစားမိသည့် အခိုက် ထိုအရာက ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။ သူမ ကိုယ်တိုင်သည်လည်း... ဝမ်မင်ယာ၏ မျက်နှာက ရှက်ရွံ့မှုဖြင့် အနည်းငယ် ပန်းရောင်သမ်း သွားခဲံ၏။
ကံကောင်းထောက်မတာ တစ်ခုက မည်သူမှ သူမ၏ အဖြစ်ကို သတိမထားမိကြခြင်း ဖြစ်လေသည်။ အများစုက မြေကြီးရှန့်ထို နှစ်ယောက်၏ ဆွေးနွေးဝိုင်းကိုသာ အာရုံရောက်နေကြ၏။ ကျင့်ကြံခြင်း လမ်းစဥ်နှင့် ပတ်သက်၍ မြေကြီးရှန့်ထိုများ၏ စကားလုံး တစ်ခုကပင်လျှင် သူတို့ အတွက်တော့ အလွန် အဖိုးထိုက်တန်သည့် ဉာဏ်အလင်းရင်းမြစ်များလိုပင် ဖြစ်သည်။
ကြယ်တာရာဆင်းတုများ အကြောင်း ဝူယု ပြောပြချိန်၌ ချင်းဖုန်း တစ်ယောက်မှာ သိသိသာသာပင် စိတ်လှုပ်ရှားမှုများနှင့် တုန်လှုပ်သွားခဲ့သည်။ ကြယ်တာရာ အမြုတေ အဆင့်တွင် သူမ မရှာဖွေရသေးသည့် လျှို့ဝှက်ချက်များ ရှိနေလိမ့်ဦးမည်ဟု တစ်ခါမှ ထင်မှတ် မထားခဲ့ချေ။ အချိန်နှင့် အမျှ ဝူယု အပေါ် သူမ၏ အကြည့်များက တဖြည်းဖြည်း ပြောင်းလဲနေခဲ့ကာ စိတ်ဝင်စားမှု၊ အထင်ကြီးမှုများနှင့် ပြည့်နှက်လာခဲ့သည်။
ဝူယုမှာ ဖြည်းညင်းစွာပင် ချင်းဖုန်းကို ပိုက်ကွန်အတွင်း ဆွဲသွင်းနေခဲ့၏။ ကျွင်းနာ မရှိတော့သည့် အချိန်ကတည်းက စလို့ သူ လက်တွဲဖော် မရှာခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ချင်းဖုန်းမှာ ခေါင်းဆောင် တစ်ယောက်၏ ဂုဏ်အင်္ဂါရပ်များနှင့် ဝိညာဥ်ကို ပိုင်ဆိုင်ထားလေရာ ကျွင်းနာကို အမှတ်ရစေသည်။
ကျွင်းနာ...
သူ့နှလုံးသားထဲမှ အနာကျင်ရဆုံး နောင်တ တစ်ခု...။
ဖောက်...
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ဝမ်မင်ယာ အရှေ့တည့်တည့်တွင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ပေါ်လာခဲ့ကာ ပုံရိပ် တစ်ခု ထွက်ပေါ်လာသည်။ သူက ဝမ်မင်ယာ၏ အတုအယောင် လောကနယ်မြေထဲကို တိုက်ရိုက်ပင် လှမ်းဝင်လိုက်၏။
“ဟေး...”
ဝေ့ဝူယင်က ပြုံးရင်း နှုတ်ဆက်လိုက်၏။ မျက်လုံးများ မှိတ်ထားသည့်တိုင်အောင် သူ၏ ရုပ်ရည်က အလွန် ချောမောကာ အထင်ကြီးစရာ ကောင်းနေဆဲ ဖြစ်သည်။
“ဂီး...”
ပိုင်လင်က အော်မြည်ရင်း အနားသို့ ပျံသန်းလာ၏။ ထို့နောက် သူက စိတ်လှုပ်ရှားနေသည့် လေသံဖြင့် မေးလိုက်သည်။
“သခင်... ကောင်းကင်ကြယ်တာရာ ရင်းမြစ် ဆိုတာကို ရခဲ့လား...”
ဝှစ်... ဝှစ်...
ဝူယုနှင့် ချင်းဖုန်းတို့မှာလည်း ဝေ့ဝူယင် အနားသို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့သည်လည်းပဲ ပိုင်လင် မေးသည့် အရာကို သိလိုနေကြခြင်း ဖြစ်သည်။
“မရခဲ့ဘူး...”
ဝေ့ဝူယင်က ခေါင်းခါလိုက်၏။ ပိုင်လင်နှင့် ဝူယုတို့မှာ ဝေ့ဝူယင်၏ ကျရှုံးမှု အပေါ် အံ့အားသင့်မိကြသွားကြ၏။ သိုသော်လည်း ဝေ့ဝူယင် စကားက မဆုံးပါသေးချေ။
“ဒါပေမဲ့ အဲဒီထက် ပိုအဖိုးတန်တာတွေ ရခဲ့တယ်”
ကောင်းကင်ကြယ်တာရာ ရင်းမြစ်ကို ယခု မရရှိသေးသည့်တိုင် ဝေ့ဝူယင်၏ ရည်ရွယ်ချက်က ရှင်းလင်းပေသည်။ တစ်နေ့တစ်ချိန်တွင် သူ အားလုံးကို ကြယ်တာရာ အသိုက် တစ်ခုလုံးကို အရယူမည် ဖြစ်သည်။
“ခင်ဗျားရပ်လို့ ရပြီ...”
ဝေ့ဝူယင်က ဝူယုကို ပြောလိုက်၏။ ဝူယုက ခေါင်းတစ်ချက် ညိတ်ကာ သူ ထုတ်ဖော်ထားသည့် စွမ်းအင် ရင်းမြစ်ကို ပြန်လည် ရုတ်သိမ်းလိုက်၏။ ချက်ချင်းပင် အာကာသ တံခါးပေါက်မှာ ထောက်တိုင် မရှိတော့သလို ဖရိုဖရဲဖြစ်ကာ လှုပ်ခတ်လာ၏။
ချင်းဖုန်းမှာ ထိတ်လန့်သွားကာ ဝူယုနေရာတွင် အစားထိုးရန် ရှေ့သို့ ပြေးသွားလိုက်၏။ သို့သော်လည်း သူမ မည်မျှပင် ကြိုးပမ်းစေကာမူ ပျက်စီးမှုနှုန်းက ပိုမို၍ပင် မြင့်တက်လာသည်။ သူမ၏ လျှို့ဝှက် စွမ်းအင်များမှာ ပျက်စီးမှုကို လောင်စာတစ်ခုလိုပင် ပိုမို အားဖြည့် နေပေသည်။ တစ်ခဏ အတွင်းမှာပင် တံခါးပေါက်မှာ ပြိုကျ ပျောက်ကွယ် သွားတော့၏။
ချင်းဖုန်း၏ အမူအရာက သုန်မှုန်သွားကာ စိုးရိမ် ပူပန်မှုများဖြင့် ပြည့်နှက်သွားသည်။ သူမ မည်ကဲ့သို့ စိတ်မပူပဲ နေနိုင်ပါမည်နည်း။ကြယ်တာရာ အသိုက်ထဲတွင် သူမ၏ တောင်ပံဖြူ စစ်သည် တစ်ထောင် ရှိနေပေသည်။ မျက်နှာဖုံးတပ်လည်း ရှိနေပေသည်။ သူမက နက်မှောင်စွာဖြင့် ဝေ့ဝူယင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... ဒါက ဘယ်လို အဓိပ္ပာယ်လဲ... ကျွန်မကို ရှင်းပြနိုင်မလား”
***