← Chapters

အစစ်အမှန် ဒြပ်စင်ဂိုဏ်း

Vol. 62 Ch. 863

အစစ်အမှန် ဒြပ်စင်ဂိုဏ်း

Vol. 62 Ch. 863

“....”

ဝေ့ဝူယင်မှာ ဘာပြောရမှန်း မသိ ဆွံ့အသွား၏။ သူက ပြိုကျသွားသည့် တံခါးပေါက်ကို တစ်ချက် လှမ်းကြည့်ကာ ချင်းဖုန်းဘက်သို့ ထူးဆန်းသော အမူအရာဖြင့် ပြန်လှည့်လိုက်သည်။

“ဖြေရှင်းချက် ပေးရမယ် ဟုတ်လား… တံခါးပေါက်ကို ခင်ဗျားပဲ ဖျက်ဆီးလိုက်တာ မဟုတ်ဘူးလား”

ပြောရလျှင်… နောက်ဖေးပေါက် အဖြစ် ပေါ်လာသည့် ထိုအာကာသလှိုင်းများမှာ ယာယီသာ ဖြစ်သည်။ မျက်နှာဖုံးတပ်၏ ကရက်ကန်းလွန်းနှင့် ဝူယု၏ အင်ပါယာ အော်ရာတို့ ပင်လျှင် ၎င်းကို ထာဝရ တည်မြဲအောင် ထိန်းထားနိုင်မည် မဟုတ်ချေ။ အစောကြီးတည်းက ထိုကဲ့သို့ ကယိမ်းကယိုင် အခြေအနေတွင် ချင်းဖုန်းမှာ လျှို့ဝှက် စွမ်းအင်ကို ထုတ်ဖော်လိုက်ကာ ပြိုကျမှုကို အရှိန်အဟုန် မြှင့်လိုက်ခြင်း ဖြစ်သည်။

သို့တိုင်အောင်… သူမက သူ့ထံတွင် ဖြေရှင်းချက် ပေးရန် တောင်းဆိုနေသည်။ ထိုအခြေအနေက အတော်လေး ကြောင်စီစီ နိုင်လှ၏။

ချင်းဖုန်းမှာ မြေကြီးရှန့်ထို တစ်ယောက် ဖြစ်ရာ သူမ အမှားကို လျှင်မြန်စွာပင် သဘောပေါက် သွား၏။ သူမက ဝူယုကို လှမ်းကြည့်လိုက်ရာ ထူးဆန်းသော အကြည့်ဖြင့် တုန့်ပြန်မှုကိုသာ လက်ခံ ရရှိလိုက်သည်။

“…”

သူတို့ အကြား၌ ထူးဆန်းသည့် တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်လာ၏။

နောက်ဆုံး၌ ဝေ့ဝူယင်က ကျေနပ်သည့် လေသံဖြင့် ခပ်တိုးတိုး ရယ်မော လိုက်ရင်း ထိုအခြေအနေ ချိုးဖျက် လိုက်လေသည်။ တံခါးပေါက် ပြိုကျသွားတာ ကောင်းသည်။ မဟုတ်လျှင် ၎င်းကို ဖျက်ဆီးဖို့ နည်းလမ်း ရှာရဦးမည် ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်… နောက်ထပ် ဝင်ပေါက် တစ်ခု ရှိနေခြင်းက ကြယ်တာရာ အသိုက်ကို တစ်ယောက်ထဲ အပိုင်သိမ်းဖို့ အဟန့်အတား တစ်ခု ဖြစ်နိုင်သည် မဟုတ်ပါလား။

“မစိုးရိမ်ပါနဲ့ဗျာ… ခင်ဗျား မလုပ်ရင်တောင် ကြယ်တာရာ အသိုက် ဝင်ပေါက်က မကြာခင် ပျောက်ကွယ် သွားတော့မှာ… အဲဒီ အမှားကို တွေးပြီး နောင်တ ရနေစရာ မလိုပါဘူး… နောက်ပြီး ကြယ်တာရာ အသိုက် အတွင်းပိုင်းကလည်း သေမင်း ထောင်ချောက် တစ်ခုပါပဲ”

ဝေ့ဝူယင်က ပြောလိုက်၏။

“သေမင်းထောင်ချောက်…”

ဝမ်မင်ယာ၊ ဝူယုနှင့် ချင်းဖုန်းတို့ သုံးယောက်စလုံးမှာ ထိုအသုံးအနှုန်းကြောင့် အံ့ဩ သွားကြ၏။

ဝေ့ဝူယင်က ကွယ်ဝှက် မနေတော့ပဲ မျက်နှာဖုံးတပ် ပုဂ္ဂိုလ် လှည့်စားခဲ့သည့် အကြောင်းများ အပါအဝင် အားလုံးကို သူတို့ ရှင်းပြလိုက်တော့သည်။ ထိုလျှို့ဝှက် ဆန်းကြယ်သည့် ပုဂ္ဂိုလ်မှာ ဘယ်တုန်းကမှ သေမျိုး ကြယ်တာရာ ရင်းမြစ်ကို ယူဖို့ ဆန္ဒ မရှိခဲ့သလို ချင်းဖုန်းကိုလည်း ပေးဖို့ မရည်ရွယ်ခဲ့ချေ။ ကြယ်တာရာသခင် ၁၀၀၀ ကို ခေါ်သွားခဲ့သည့် အကြောင်းရင်းမှာလည်း လှုပ်ရှားနေသည့် တံခါးပေါက်ကို ထောက်လှမ်းဖို့သာ ဖြစ်သည်။ နောက်ဆုံး၌ သူက ဝေ့ဝူယင်နှင့် တိုက်ခိုက်၍ လွတ်မြောက်၍ပင် သွားခဲ့သသည်။

ဝူယုမှာ ဝေ့ဝူယင် ပြောပြသည့် ဇာတ်လမ်းကို နားထောင်ပြီးနောက် အလွန်ပင် တုန်လှုပ် သွားခဲ့သည်။ သေမျိုး တစ်ယောက်က ဝေ့ဝူယင်လို မွန်းစတား တစ်ကောင်လက်မှ လွတ်မြောက်သွားခြင်း… ထိုအရာက မယုံကြည်နိုင်စရာ ကောင်းလှ၏။

“ခွေးမသား…”

ချင်းဖုန်းက အံကို တင်းတင်းကြိတ်ကာ ကြိတ်မနိုင်ခဲမရ ရေရွတ်လိုက်၏။ သူမ၏ မျက်လုံးများက ဒေါသများနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။ သေမျိုး တစ်ယောက်၏ လှည့်စားမှုကိုပင် ခံခဲ့ရလေရာ သူမ ကိုယ့်ကိုယ်ကို အရူး တစ်ယောက်လို တွေးလိုက်မိ၏။ သူမ စိတ်ကူးယဉ် ခဲ့သမျှ အိပ်မက်တိုင်းက ယခုအခါ မြူမှုန်များလို လွင့်ပြယ် သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ အပြစ်တင်မတမ်း ဆိုလျှင်… မျက်နှာဖုံးတပ်၏ ထောင်ချောက်အတွင်း လွယ်လွယ်ကူကူ ကျဆင်းမိသည့် သူမကိုသာ အပြစ်တင်သင့်ပေသည်။

ဝေ့ဝူယင်မှာ သူ မလိမ်ကြောင်း ထင်ရှားစေရမ် အတွက် ဝိညာဉ်လှိုင်း အပြောင်းအလဲများကို ချင်းဖုန်းအား လေ့လာခွင့် ပြုထားသည်။ အန္တိမကြယ် ကဲ့သို့ အသေးစိတ် အချက်အလက် တစ်ချို့ကို ချန်လှပ် ထားခဲ့သည့်တိုင် သူ ပြောသမျှ အားလုံးက အမှန်တရားများ ဖြစ်သည်။

ချင်းဖုန်းအား ကြည့်ကာ ဝူယုက အနည်းငယ် ပြုံးလိုက်၏။

“ဒေါသက အသက်တိုစေတယ်… လက်စားချေနိုင်ဖို့က ပထမ ဦးစားပေးပဲ”

ဝူယု၏ စကားလုံးများက ချင်းဖုန်း၏ စိတ်ကို တဖြည်းဖြည်းနှင့် ပြန်လည် တည်ငြိမ် သွားစေခဲ့သည်။ လွန်ခဲ့သည့် နာရီပိုင်း အတွင်း ဝူယုမှာ ချင်းဖုန်း၏ စရိုက်နှင့် ကိုယ်ရည်ကိုယ်သွေးတို့ကို အတော်အတန် အကဲခတ်မိပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူက သူမအား အမှားမှ တစ်ဆင့် သင်ခန်းစာယူရန် မပြောပဲ လက်စားချေရန်ကိုသာ တန်း၍ ပြောလိုက်ခြင်း ဖြစ်သည်။

ချင်းဖုန်းက တရှန်းနှင့် နည်းနည်း ဆင်တူသည်ဟု ဝေ့ဝူယင် တွေးလိုက်မိသည်။ သူတို့ နှစ်ယောက်စလုံးက နူးညံ့သိမ်မွေ့မှု သိပ်မရှိလှပဲ အနည်းငယ် ကြမ်းတမ်းပေသည်။ ခရမ်းရောင် အရေပြားများနှင့် လှပသည့် နတ်ဆိုးမလေးကို ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်မိ၏။

သူက အနည်းငယ် ပြုံးလိုက်ရင်း ချင်းဖုန်းကို ကြည့်လိုက်သည်။

“ဒါနဲ့ ကျုပ် ကြယ်တာရာ အသိုက်ထဲက ပစ္စည်းကောင်းလေးတွေ ရခဲ့တယ်… အရောင်းအဝယ် နည်းနည်းပါးပါး လုပ်လိုက်ရအောင်… အစစ်အမှန် ဧကရီ…”

….

အစစ်အမှန် ဒြပ်စင်ဂိုဏ်း...

ထာဝရ ကြယ်တာရာ နယ်မြေမှ ထရီလျံနှင့် ချီသော သက်ရှိများ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့လာပြီး နောက်တွင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၏ အာရုံစိုက်စရာ ဖြစ်ခဲ့ဖူးသည်။

မဟာ သရုပ်ဖော် ပြသပွဲ ပြီးနောက်တွင် သူတို့က အာရုဏ်ဦး အာဏာရှင် ဧကရာဇ်နှင့် ချိတ်ဆက်နေကြောင်း ကြေညာခဲ့သည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်က သူတို့၏ ရှေးဟောင်း ရွေးချယ်ခံ တစ်ယောက်ဟု ဆိုခဲ့ကြသည်။

ထိုအရာကပင် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ မရေရာသော အခြေအနေနှင့် ဘဏ္ဍာရေး အကျပ်အတည်းကို အနည်းငယ် အသက်ရှူချောင် သွားစေခဲ့သည်။ သို့သော်လည်း အချိန်ကာလ တဖြည်းဖြည်း ကြာမြင့်လာသည်နှင့် အမျှ လူများ၏ သံသယနှင့် စတင် ရင်ဆိုင် လာခဲ့ရသည်။ အထူးသဖြင့် ဝူယု၏ သတင်း အချက်အလက်များ ပေါက်ကြားလာခဲ့ပြီး နောက်တွင်ပင်။

ထာဝရ နယ်မြေသားများ၏ အဆိုအရ ဆိုလျှင် ဝူယုနှင့် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့တို့မှာ သိပ်မတည့်ဟု ဆိုကြသည်။ ဝူယုက သူ့ကိုယ်သူ ဝေ့ဝူယင်၏ အာရုဏ်ဦး စစ်သည် တစ်ယောက် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အကယ်၍ ဝေ့ဝူယင်သာ အမှန်တကယ် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် ဆိုပါက ဝူယုက ထိုကဲ့သို့ ကြေညာပါမည်လား သံသယ ရှိစရာပင်။

အခြားတစ်ဖက်၌ လင်းရှန်းရှဲ့နှင့် ဝေ့ဝူယင် စေ့စပ်ထားသည် ဆိုသည့် ကောလဟလများကတော့ ယနေ့တိုင် သို့လောသို့လောဖြင့် ပျံ့လွင့်နေဆဲ ဖြစ်သည်။ ဒြပ်စင်နယ်မြေ အတွင်းရှိ ကပ်ပါး အင်အားစုများမှာ တိတ်တဆိတ်ဖြင့် အခြေအနေကို စောင့်ကြည့် နေကြသည်။ ထိုကောလဟလသာ အမှန်ဆိုပါက လင်းမျိုးနွယ်မှာ တမုဟုတ်ချင်း တိုးတက် သွားနိုင်ပေသည်။

မည်သိုပင် ဆိုစေ... ဝေ့ဝူယင်၏ နောက်လိုက် အာရုဏ်ဦး စစ်သည် ဝူယုမှာ ထာဝရ သူရဲကောင်း နှစ်ယောက်ကိုပင် အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သည်။ လက်ရှိ၌ သူက အဆုံးမဲ့ ကောင်းကင်၏ ထိပ်တန်း မြေကြီး ရှန့်ထိုများထဲတွင် ပါဝင်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ လင်းမျိုးနွယ်သာ ထိုကဲ့သို့ ပညာရှင် တစ်ယောက်၏ ထောက်ခံ့မှုကို ရရှိသွားပါက အခြေအနေက အလွန် အန္တရာယ် များသွားလိမ့်မည် ဖြစ်သည်။ အိပ်မက်ဆိုးများက အချိန်မရွေး ဆင်းသက် လာနိုင်ပေသည်။

ပို၍ ဆိုးသည်က... လင်းမျိုးနွယ် လွတ်လပ်ခွင့် အတွက် ထာဝရ ဧကရာဇ် ဖန်တီးပေးထားခဲ့သည့် အချက်သုံးချက်ထဲမှ တစ်ချက် ဖြစ်သည်။ ထိုအချက်အရ... လင်းမျိုးနွယ်ဝင် တစ်ယောက်မှာ အဂ္ဂိရတ် ရှန့်ထို တစ်ပါး၏ တာအို လက်တွဲဖော် ဖြစ်လာပါက လျှို့ဝှက် ကျိန်စာမှာ အလိုလို ပျက်ပြယ် သွားလိမ့်မည် ဖြစ်သည်။ အာရုဏ်ဦး ဧကရာဇ်မှာ အဂ္ဂိရတ် ရှန့်ထို ဖြစ်လာဖို့ အလွန် အခွင့်အရေးများသူ ဖြစ်သည်။ သို့ဖြစ်လေရာ ထိုအချက်က အသက်ဝင်လာနိုင်ချေ ရှိသည်။

အခြားတစ်ဖက်၌... ရွေးချယ်ခံ တစ်ယောက် မည်သို့ မည်ပုံ ဖြစ်လာကြောင်း သတင်း ပျံ့နှံ့သွားပြီး နောက်တွင် လင်းမင်၏ ဂုဏ်သိက္ခာက ထိုးကျ သွားခဲ့သည်။ သူက မိစ္ဆာနည်းလမ်းကို သုံးကာ မိန်းကလေး သုံးယောက်ထံမှ ကျင့်ကြံခြင်း အခြေခံများကို ဝါးမြိုခဲ့သည်။ တစ်ယောက်ဆိုလျှင် အသက် သေဆုံးသည် အထိ ဖြစ်သွားခဲ့ရသည် ဟု ဆိုသည်။

နေ့စဉ်နေ့တိုင်း၌ ကိုယ့်ကိုယ်ကို သက်သေပြရန် အတွက် လင်းမင်မှာ များစွာသော သက်တူ ရွယ်တူများနှင့် တိုက်ခိုက်ခဲ့ရသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ ထိုလူအားလုံးကို အနိုင်ယူကာ စိန်ခေါ်မှု မှန်သမျှကို ကျော်လွှားခဲ့သည်ချည်း ဖြစ်သည်။ ဤသို့နှင့် တပည့်များ အကြားတွင် ခိုင်မာသည့် နေရာတစ်ခုကို သူ တည်ဆောက်နိုင်ခဲ့သည်။ ယနေ့တိုင် အချို့၏ ပစ်မှတ်ထား လှောင်ပြောင်မှုများကို ခံနေရဆဲ ဖြစ်သည့်တိုင် သူ၏ လုပ်ဆောင်ချက်များက တိမ်များအကြားမှ ဖောက်ထွင်း ထွက်ပေါ်လာသည့် နေတစ်စင်းလို တဝင်းဝင်း တောက်ပနေချေပြီ ဖြစ်သည်။

သူ ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိခဲ့ပြီး နောက်၌ ဂိုဏ်း၏ အကြီးအကဲများမှာ သူ၏ ရွေးချယ်ခံ အဆင့်အတန်းကို ဖယ်ရှားရန် နောက်ထပ် ရွေးချယ်ခံ စမ်းသပ်မှု သုံးခုကို အတင်းအကြပ် ကျော်ဖြတ်ခိုင်းခဲ့သည်။ အများစုက သူ ကျိန်းသေ ကျရှုံးလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော်လည်း... လင်းမင်မှာ လှံဖြူကို ဆွဲကိုင်ကာ သူတို့ အားလုံး မှားယွင်းကြောင်း သက်သေပြခဲ့သည်။ စစ်ပွဲ စမ်းသပ်မှု၌ ရင်ဆိုင်ခဲ့ရသည့် လောကသခင်ကို အပြတ်အသတ်ပင် အနိုင်ယူ ပြခဲ့သည်။ မရေမတွက်နိုင်သည့် လူများကို ပါးစပ် အ‌ဟောင်းသား ဖြစ်စေခဲ့သည်။

ဘယ်လို အခြေအနေတွင် ဝေဖန်ရေး သက်သက် သမားများ ရှိနေဆဲ ဖြစ်သည့်တိုင် ရှေးဟောင်း ရွေးချယ်ခံ ဆိုသည့် ခေါင်းစဥ်နှင့် ပတ်သက်၍ ဝေဖန်မှုများ လျော့ကျသွားသည်ကတော့ အမှန်ပင် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... လင်းမင်၏ အရည်အချင်းများမှာ သူတို့၏ ခေတ်သစ် ရွေးချယ်ခံ အများစုထက် သာနေသည် မဟုတ်ပါလား။

***

All Chapters