← Chapters

လင်းရှန်းရှဲ့၊ လင်းမင်

Vol. 62 Ch. 864

လင်းရှန်းရှဲ့၊ လင်းမင်

Vol. 62 Ch. 864

ဂန္ဓဝင် ပန်းချီကားများထဲကလို စိတ်ကူးယဉ်ဆန်သည့် ခြံဝန်းကလေး တစ်ခု…

ရေချိုကန်ကလေးနှင့် ရောင်စုံ ကြာပန်း ကြာနွယ်များ…

ရေကန်၏ အစွန်းတစ်ဖက်နားတွင်တော့ ရွှေအိုရောင် ဆံနွယ်များနှင့် မိန်းကလေး တစ်ယောက်မှာ ဒူးညွှတ်ရင်း ရေကန် မျက်နှာပြင်ကို လက်နှစ်၍ မွှေယမ်း ဆော့ကစား နေခဲ့သည်။ ငါးကလေးများမှာ သူမ၏ လက်ချောင်း ကလေးများ ထိပ်တွင် ရွှင်မြူးစွာ ကခုန် နေကြ၏။ သူမက အပြာရင့်ရောင် အစင်းကြောင်းများ ပါသည့် ကောင်းကင်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ အသက်ရှူ မှားလောက်သည့် အကွေ့အကောက်၊ အမို့အမောက်များမှာ ထိုဝတ်စုံအောက်မှ မသိမသာ တိုးကာ ထွက်ပေါ်နေ၏။

အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်လေး တစ်ယောက်မှာ ခြံဝန်း အတွင်းသို့ ဝင်ရောက်လာ၏။ တောက်ပသည့် မီးခိုးရောင် မျက်ဝန်းများနှင့် အတူ လူငယ်မှာ အလွန် ချောမောခန့်ညားသူ တစ်ယောက် ဖြစ်သည်။ သူ၏ နှုတ်ခမ်းထက်တွင်တော့ မထီတရီ အပြုံးတစ်ခု တည်ရှိနေ၏။

“စီနီယာ အမလင်း…”

သူက နူးညံ့သည့် လေသံဖြင့် ခေါ်လိုက်၏။ ထိုလူငယ်မှာ လင်းမင်မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။

မိန်းကလေးကတော့ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ နတ်မိမယ်လေး တစ်ဖြစ်လည်း လင်းရှန်းရှဲ့ပင် ဖြစ်လေသည်။ သူမက ဂိုဏ်းအတွင်းရှိ ထိပ်တန်း အကြီးအကဲများစွာ ခေါင်းကိုက်ရသည့် ဖြစ်တည်မှုလည်း ဖြစ်သည်။ အချို့ကဆိုလျှင် သူမကို ပုလိပ် ရောဂါ ဟုပင် တင်စားကြ၏။ အချို့ကတော့ သူမကို “ကောင်းချီးခံ” ဟု ငြင်းခုန်ကြသည်။

မိန်းကလေးက နောက်ကို ပြန်လှည့်ကာ ကြည့်လိုက်ရာ လင်းမင်မှာ အနည်းငယ် ရှိုးတိုးရှန့်တန့်ပင် ဖြစ်သွားခဲ့သည်။ သူ အမြဲတမ်း ရင်းနှီးခဲ့သည့် စီနီယာ အမလင်း၏ မျက်နှာက သွေးရောင် ဆံနွယ်များနှင့် လှပ ပြေပြစ်သည့် မျက်နှာကလေး ဖြစ်သည်။

သို့သော်လည်း ယခုတွင်တော့ စီနီယာ အမလင်း၏ မျက်နှာက ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ဆံပင်များက ရွှေအိုရောင် သမ်းနေကာ မျက်နှာက နှင်းပွင့်လေး တစ်ခု အလား တင့်တယ်လှသည်။ ၎င်းက တိုင်းပြည် ပျက်စေနိုင်သည့် အလှတရားမျိုး ဖြစ်ကာ မည်သူမဆို ထိတွေ့ရန်ပင် နှမြောမိလိမ့်မည် ဖြစ်သည်။

“လင်းမင်…”

လင်းရှန်းရှဲ့က နူးညံ့စွာ ပြန်လည် ပြုံးပြလိုက်သည်။ သူမ၏ နေ့ရက်များမှာ အတော်လေး အထီးကျန် ဆန်လှသည်။ တစ်ခါတစ်ရံ ပိုင်ယုရှီ လာရောက် လည်ပတ်သည်မှ လွဲ၍ ထိုဂျူနီယာ မောင်လေးမှာ မကြာခဏဆိုသလို ပေါ်လာလေ့ ရှိသည်။

ခြံဝန်း တံခါး နားတွင်တော့ လင်းမင်ကို လိုက်ပို့ဟန် ရသည့် အဖြူရောင် ဝတ်စုံဝတ် မိန်းကလေး တစ်ယောက် ရှိနေခဲ့သည်။ သူမ၏ မျက်လုံးများက အဖြူထည် ဖြစ်ကာ အရောင်အဆင်း ကင်းမဲ့နေသည်။ ထိုမှတစ်ပါး သူမ၏ မျက်လုံးများက ထူးဆန်းသော ဆွဲဆောင်မှု တစ်ခုကို ပိုင်ဆိုင်ထား၏။ မိန်းကလေး၏ ငွေရောင် ဆံနွယ်များက ကြမ်းပြင်နှင့် ထိသည် အထိ ရှည်လျားကာ ၎င်းတို့ကို နောက်တွင် စု၍ ဖဲကြိုး တစ်ခုဖြင့် ချည်နှောင်ထားသည်။

အကယ်၍ ဝေ့ဝူယင်သာ ထိုနေရာတွင် ရှိပါက ထိုအရိုင်းဆန်သည့် အလှပဂေးကို ချက်ချင်းပင် တန်းကာ မှတ်မိလိမ့်မည် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အမစီတ…”

လင်းရှန်းရှဲ့က ပြောလိုက်၏။ စီတက ခေါင်းတစ်ချက် ညိတ်ကာ ထွက်ခွာ သွားခဲ့သည်။

လင်းရှန်းရှဲ့က ဖြည်းညင်းစွာ ပြန်လည် မတ်တပ်ရပ် လိုက်ရာ အပြာရောင် ဝတ်စုံ အောက်မှ အချိုးအကွေ့များမှာ ပိုမို ထင်ရှားစွာ ပေါ်လွင် လာခဲ့၏။ သူမက ပြုံးကာ စီတ ထွက်ခွာသွားသည့်ဘက်ကို ကြည့်နေခဲ့၏။ ထိုအမျိုးသမီးမှာ ခြေရာမဲ့နောင်တ တောင်ကြား အတွင်း သူမ၏ ထိန်းသိမ်း စောင့်ရှောက်သူလည်း ဖြစ်သည်။ အခြေအနေ အဆင့်အတန်းခြင်း ကွာခြားသည့်တိုင် သူတို့ နှစ်ယောက်မှာ လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း ရင်းနှီး နေခဲ့ကြပြီ ဖြစ်သည်။

ပြောရလျှင်… စီတမှာ သူမ၏ အထီးကျန်မှုများကို အချိန်တိုင်း အဖော်လုပ်ပေးနေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။

လင်းမင်က စီတကို လှမ်းကြည့် လိုက်သည်။ သူမ ပျောက်ကွယ်သွားတာ သေချာသော အခါတွင်မှ လင်းရှန်းရှဲ့ဘက်သို့ ပြန်လှည့်လိုက်၏။

“စီနီယာ အမလင်း… ဆရာက ခုထိ မဆက်သွယ်သေးဘူးလား”

“...”

လင်းရှန်းရှဲ့၏ မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ မျက်လုံးကို မှိတ်ကာ မေးစေ့ကို မော့ရင်း ခြံဝန်း အတွင်းရှိ လတ်ဆတ် ချိုမြိန်သည့် လေ၏ အရသာကို တဝကြီး ရှူသွင်း လိုက်သည်။

“...”

ထိုအရာကပင် အဖြေဖြစ်ကြောင်း လင်းမင် သိရှိလိုက်၏။ သူက ဖြည်းညင်းစွာဖြင့် လက်သီးကို ဆုပ်လိုက်ရင်း လွန်ခဲ့သည့် နှစ်နှစ်ဆယ်လုံးလုံး သူ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်ခဲ့သည့် ပုဂ္ဂိုလ်ကြီးကို ပြန်လည် တွေးတော လိုက်သည်။

သူက အဘယ်ကြောင့် လင်းရှန်းရှဲ့ နေအိမ် အကျဉ်းချခံထားရသည်ကို ခွင့်ပြုထားသနည်း။ အဘယ်ကြောင့် လုံးဝ လျစ်လျူ ထားရသနည်း။

လင်းရှန်းရှဲ့က ဖြည်းညင်းစွာပင် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ ထို့နောက် သူက လင်းမင်ကို လှည့်ကြည့် လိုက်၏။

“ဆရာ့ကို အပြစ်မတင်ပါနဲ့လေ… သူက ကိုယ့်အလုပ်နဲ့ကို ရှုပ်နေတာ… ဆုံးဖြတ်ပြီးတဲ့ အခါကျ သူ စပြီး လှုပ်ရှားမှာပါ”

လင်းရှန်းရှဲ့မှာ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အခြေအနေကို လင်းမင် ပို၍ ရှင်းလင်းစွာ သိရှိထားပေသည်။ သို့သော်လည်း သူမမှာ ထိုခေါင်းစဉ် အကြောင်း ပြောခဲလှသည်။

လင်းမင်က နားလည်ဟန် ခေါင်းညိတ်ပြ လိုက်၏။ သို့သော်လည်း သူ၏ နှလုံးသား တစ်ခုလုံးကတော့ အမျိုးမျိုးသော သံသယများ၊ မေးခွန်းများနှင့် ပြည့်နှက် နေသည်။ ထို့အပြင်… အပြင်လောက၌ သူတို့ အပေါ် တစ်စုံတစ်ရာ သက်ရောက်စေနိုင်စွမ်း ရှိသည့် သတင်း အပိုင်းအစများမှာ ပျံ့နှံ့နေသည်။ အနန္တ ဧကရာဇ်ဂိုဏ်း၏ နာမည်ကျော် ဝူယုမှာ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာကာ ဝေ့ဝူယင် အပါးတွင် ခိုလှုံနေသည်ဟု ဆိုသည်။

လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း၌ ဝေ့ဝူယင်မှာ အားလုံးအတွက် ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု အဖြစ် ဆက်လက် မြင့်တက် နေခဲ့သည်။ ထိုအရာက ထာဝရ ကြယ်တာရာ နယ်မြေတုန်းက အချိန်များကိုပင် ပြန်ပြောင်း သတိရစေသည်။

ထိုစဉ်အခါက ငယ်ရွယ်နုပျိုသည့် ဝေ့ဝူယင်မှာ အနန္တ ဧကရာဇ်ဂိုဏ်းကို ဝင်ရောက် ခဲ့သည်။ ထို့နောက် တဖြည်းဖြည်းနှင့် ကြီးကျယ် ခမ်းနားသည့် ဒဏ္ဍာရီ တစ်ခုကို စတင် တည်ဆောက် ခဲ့သည်။

နှစ်အနည်းငယ် အတွင်းမှာင် သူက မသိသူ မရှိ ကျော်ကြား လာခဲ့သည်။ များစွာသော လူများက သူ့ကို ခေတ်သစ် တစ်ခုကို အဓိပ္ပာယ် ဖွင့်မည့် ပုဂ္ဂိုလ် အဖြစ် ညွှန်းဆိုလာခဲ့ကြသည်။ သူ ကျင့်ကြံခဲ့သည့် ဒြပ်စင် ကောင်းကင် နန်းတော်တွင်ပင် ဝေ့ဝူယင်မှာ အဆွေးနွေးဆုံး ခေါင်းစဉ် တစ်ရပ် ဖြစ်ခဲ့သည်။

တရားဝင် အဂ္ဂိရတ် ဧကရာဇ်၊ အသက် ငါးဆယ် မပြည့်ခင် အဆင့်ရှစ် ဆေးလုံး တစ်လုံး ဖန်တီးနိုင်သူ၊ မဟာဝိညာဉ် စမ်းသပ်ပွဲအား စတင် ဖြစ်ပေါ်စေသူ…

မဟာဝိညာဉ် စမ်းသပ်ပွဲ အကြောင်း ပြန်တွေးရလျှင် သူ့တွင် အမှတ်ရစရာ များစွာ ရှိခဲ့သည်။ စမ်းသပ်ပွဲ မစတင်ခင်က လင်းမင်မှာ သူ့ကိုယ်သူ အောင်နိုင်သူ ဖြစ်လိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်ခဲ့သည်။ ထို့နောက် သူ ကျူးဟိုင်နှင့် တိုက်ခိုက်ခဲ့ရသည်။ နှစ်ဖက်လုံး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကာ စီနီယာ အမလင်းသာ ဝင်မကယ်ပါက သူ သေဆုံး၍ပင် သွားနိုင်ခဲ့သည်။

ပထမ သူ ကျူးဟိုင်ကို မိတ်ဆွေဖွဲ့ ချင်ခဲ့သော်လည်း ထိုရှို့ရန်မှာ ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်ကြောင်း သိရတော့ အလွန် အံ့ဩခဲ့ရသည်။ ထိုအချင်းအရာကပင် ဝေ့ဝူယင်ထံတွင် ပါရမီရှင်များကို ပျိုးထောင်ပေးနိုင်သည့် စွမ်းရည် ရှိကြောင်း ကြေညာလိုက်သလိုပင်။

နောက်ဆုံး၌ ဝေ့ဝူယင်မှာ မဟာ ဝိညာဉ် စမ်းသပ်ပွဲကို စိန်ခေါ်သူ မရှိ အနိုင် ရရှိခဲ့ကာ သူ ဖန်တီးခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်ကို သူ ကိုယ်တိုင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။

ဝေ့ဝူယင်၏ ဒဏ္ဍာရီများက ထိုနေရာတွင် အဆုံးသတ် မသွားခဲ့သေးချေ။ နောက်ထပ် နှစ်ပိုင်း အတွင်းမှာပင် လူငယ်မှာ အဂ္ဂိရတ် အစည်းအရုံး၏ အထူးချွန်ဆုံး ပါရမီရှင် ဖြစ်သည့် ချင်ကူးယဉ်နှင့် ယှဉ်ပြိုင်ခဲ့သည်။ ထာဝရ မင်းသမီးလေး အဖြစ် ကျော်ကြားသည့် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် ပိုင်ရှင်ကို သူမ အထူးပြုသည့် နယ်ပယ်တွင် အပြတ်အသတ် အနိုင်ယူ ပြခဲ့သည်။ ထိုအချိန် ထိုနေရာတွင်ပင် အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဆိုသည့် နာမည်ဂုဏ်ပုဒ် တစ်ခု မွေးဖွားလာခြင်း ဖြစ်လေသည်။

ထို့နောက်… အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး တစ်ဖြစ်လည်း စစ်မိစ္ဆာ လောကနယ်မြေသို့ သူတို့ အတူ ဝင်ရောက် ခဲ့သည်။ သူ ဝေ့ဝူယင်ထံတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ သူ နားမလည်နိုင်သည့် အချက်က ဝေ့ဝူယင်မှာ အောက်လမ်း နည်းလမ်းများကို အသုံးပြု နေသည့်တိုင် စမ်းသပ်ပွဲ ကြီးကြပ်သူက ခွင့်ပြု ထားခဲ့ခြင်း ဖြစ်သည်။

အရှေ့ရှိ အလွန်တရာ လှပလှသော မိန်းကလေးကို ကြည့်ရင်း သူမ နာကျင် ခံစားခဲ့ရသမျှက မတန်ဟု တွေးလိုက်မိသည်။ လင်းမင် လက်သီးများကို တဖျစ်ဖျစ် မည်သည် အထိ ဆုပ်လိုက်မိ၏။

“နင် အဆင်ပြေရဲ့လား…”

လင်းရှန်းရှဲ့က စိုးရိမ်စွာဖြင့် မေးလိုက်၏။ သူမမှာ အမြဲတမ်း လင်းမင်၏ စိတ်ကို မှန်ကန်စွာ ဖတ်နိုင်သူ ဖြစ်သည်။ ထိုလူငယ်လေး ဒေါသထွက်ထွက်၊ ပျော်ပျော် အရင်ဆုံး အကဲခတ်နိုင်သူက သူမပင် ဖြစ်ပေလိမ့်မည်။

လင်းမင်းက တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း လင်းရှန်းရှဲ့ဘက်ကို ပြန်လည် အာရုံစိုက်လိုက်၏။ နူးညံ့ သိမ်မွေ့သော မျက်လုံးကလေးများက သူ၏ စိတ်ကို ပြေလျော့ သွားစေခဲ့သည်။ သူမက သူ ကျင့်ကြံနေရသည့် အကြောင်းရင်း ဖြစ်သလို သူ ခွန်အားကို လိုအပ်သည့် အကြောင်းရင်းလည်း ဖြစ်သည်။ အကယ်၍ ထိုမိန်းကလေးကြောင့်သာ မဟုတ်လျှင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သူ သေဆုံး၍ သွားလောက်ပြီ ဖြစ်သည်။ သူ သူမနှင့် အတူ မိုင်ပေါင်းသန်းချီ ခရီးနှင်ခဲ့သည်။ အနန္တ ကုန်းမြေတိုက်ကြီး၌ ဒဏ္ဍာရီများ ဖန်တီးခဲ့သည်။ သူမက သူ့ဘဝကို ပြောင်းလဲ ပေးခဲ့သူ ဖြစ်သည်။

သို့သော်လည်း... သူ့ထံ၌ သူမကို မေးကို ‌မေးရမည့် ကိစ္စ တစ်ခု ရှိနေပေသည်။

“ကျွန်တော့ကို အမှန်အတိုင်း ပြောပြလို့ မရဘူးလား စီနီယာ အမ... နောက်ပြီး အဲဒီ ကောလဟလတွေကို ဖြန့်တာက ဘယ်သူလဲ”

လင်းမင် ခြောက်ကပ်ကပ် လေသံဖြင့် မေးလိုက်၏။ နေ့တိုင်းနေ့တိုင်း၌ အစစ်အမှန် ဒြပ်စင်ဂိုဏ်းထဲတွင် ဝေ့ဝူယင်နှင့် လင်းရှန်းရှဲ့တို့ စေ့စပ်ထားသည် ဆိုသည့် သတင်းများကို သူ နားနှင့် မဆံ့အောင် ကြားနေရသည်။ ထိုအကြောင်း သူ စုံစမ်း ဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည့် အခါတိုင်း လင်းမျိုးနွယ်၏ အကြီးအကဲများက တိတ်တဆိတ်နေရန်သာ သူ့ကို အကြံပေးခဲ့သည်။ အပြုံးများနှင့် သူ့မေးခွန်းကို ရှောင်ဖယ် ခဲ့ကြသည်။

အဆိုပါ ကောလဟလကြောင့် ဂိုဏ်းအတွင်း လင်းမျိုးနွယ်၏ အဆင့်အတန်းကို အနည်းငယ် ပြောင်းလဲ စေခဲ့သည့် တိုင်အောင် သူကတော့ တန်သည်ဟု မထင်ချေ။ မည်သို့ပင် ဆိုစေ... လင်းရှန်းရှဲ့မှာ လင်းမျိုးနွယ်၏ အနာဂတ် ဂုဏ်ဆောင် ဖြစ်သည်။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ တိုက်ရိုက် တပည့် ဖြစ်သည်။ ထို့အပြင် သူ ချစ်ရသည့် မိန်းကလေးလည်း ဖြစ်သည်။

သူ့အမြင်အရ ဝေ့ဝူယင်နှင့် ထိုကဲ့သို့ သတင်းပြန့်ခြင်းမှာ မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ... လင်းရှန်းရှဲ့၏ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေလိမ့်မည် ဖြစ်သည်။ နောက်ပြီး... အခြားလူဆို ထားဦး... ယခုက ဝေ့ဝူယင် ဖြစ်သည်။ အရှက်မရှိသည့် လူယုတ်မာ ဖြစ်သည်။ မဆိုသာလောက်သည့် ပြောင်းလဲမှု အတွက် မိန်းကလေး တစ်ယောက်၏ ဂုဏ်သိက္ခာကို ချင်းရမည်မှာ တန်၍လော။

သူ့အတွက် လိုအပ်သည့် တစ်ခုတည်းသော အရာက အချိန် ဖြစ်သည်။ နောင်ထပ် ဆယ်စုနှစ် တစ်ခု၊ နှစ်ခုခန့် အချိန်ပေးပါက သူ ဝေ့ဝူယင်ကို ကျိန်းသေကျော်တက်နိုင်လိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်သည်။ နောက် ရာစုနှစ် တစ်ခုအတွင်း ကပ်ပါး အင်အားစုများကို လင်းမျိုးနွယ် ကိုယ်စား သူ ရှင်းလင်း ပေးနိုင်ပေသည်။

“...”

လင်းရှန်းရှဲ့က မသိမသာ သက်ပြင်းတစ်ချက် ချလိုက်သည်။ လင်းမင် တွေးတောနေသည့် အရာများကို သူမ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ လင်းမင်ထံတွင် ဝေ့ဝူယင်နှင့် ပတ်သက်၍ အငုံ့စိတ် ရှိပေသည်။ ဝေ့ဝူယင်မှာ သူ့ကို အနိုင်ယူခဲ့ကာ မာနကို ထိပါးခဲ့ဖူးသည်။ သူ့ခြေလှမ်းများကိုပင် တုန့်ဆိုင်း သွားစေခဲ့ဖူးသည်။ ဝေ့ဝူယင် နာမည်ကို တစ်ခါကြားတိုင်း လင်းမင် မည်ကဲ့သို့ တုန့်ပြန်ကြောင်း သူမ အသိဆုံး ဖြစ်သည်။

“ကြယ်တွေက သူတို့ ကြွေချင်တဲ့ နေရာက စကြွေတာပဲလေ... အခွင့်အရေး ယူရမှာက တို့ရဲ့ တာဝန်ပဲ... ဒါနဲ့ အကြီးအကဲတွေက နင့်ကို ပရမတ် ကျောက်စိမ်း နယ်မြေထဲ ဝင်ခွင့်ပြုလိုက်ပြီဆို ဟုတ်လား...”

လင်းရှန်းရှဲ့က ချက်ချင်းပင် စကားလမ်းကြောင်းကို ‌ပြောင်းလဲ ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။ လင်းမင်မှာ ထိုအရာကို သဘောပေါက်လိုက်၏။ သို့သော်လည်း သူ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် နောက်နားဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“အမှန်ပဲ...”

***

All Chapters