ရွေးချယ်ခံ
Vol. 62 Ch. 865
“အမှန်ပဲ...”
ကြည်လင် ရှင်းလင်းသည့် အသံတစ်ခုနှင့် အသံတစ်ခုနှင့် အတူ အရပ်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ်နှင့် မိန်းကလေး တစ်ယောက်မှာ စီတနှင့် အတူ ခြံဝန်းထဲသို့ ဝင်ရောက် လာခဲ့သည်။
ရွှေအိုရောင် ဆံနွယ်များမှ အစ… ချောမွေ့ကြည်လင်နေသည့် အသားအရေ အဆုံး မိန်းကလေး၏ ရုပ်သွင်မှာ လင်းရှန်းရှဲ့နှင့် ဆင်တူလှသည်။ သူမက ခပ်ပါးပါး ဇင်ယော်တောင် ခပ်ပါးပါး မျက်ခုံးလေးများကို မသိမသာ မျက်မှောင်ကြုတ်ရင်း လင်းမင်း၏ နောက်ကြောကို လှမ်းကြည့်နေ၏။ သူမကတော့ အခြားသူ မဟုတ်... လင်းရှန်းရှဲ့၏ မိခင် လင်းရှန်းရှန်းပင် ဖြစ်လေသည်။
“ဂိုဏ်းချုပ်…”
လင်းမင်က နောက်သို့ လှည့်လိုက်ကာ အံ့အားသင့်နေသည့် လေသံဖြင့် နှုတ်ဆက်လိုက်သည်။ ထိုမျှ တိုက်ဆိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
လင်းရှန်းရှန်းက လင်းမင်ကို တစ်ချက်သာ ကြည့်ကာ ကျော်ဖြတ်လာ၍ သမီးဖြစ်သူ အနားသို့ ရောက်ရှိ လာသည်။ ရှုပ်ထွေးသည့် စိတ်ခံစားချက် အရိပ်အယောင် အချို့က သူမ၏ လှပသော မျက်လုံးများတွင် မသိမသာ ဖုံးလွှမ်းနေသည်။
လင်းရှန်းရှန်းက လင်းမင်ဘက်သို့ ပြန်လှည့်ကာ ပြောလိုက်၏။
“ငါတို့ သီးသန့် စကားပြောချင်တယ်… မင်း ရှောင်ပေးလို့ ရမလား”
“မေမေ…”
လင်းရှန်းရှဲ့က မကျေမနပ် ပုံစံဖြင့် ခေါ်လိုက်သည်။ လင်းမင်ကတော့ နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်သာ ကြုတ်လိုက်၏။
“ထွက်သွားပေးပါ…”
လင်းရှန်းရှန်းက နောက်တစ်ကြိမ် ထပ်ဆိုလိုက်သည်။ လင်းမင် လင်းရှန်းရှဲ့ကို လှမ်းကြည့် လိုက်၏။ လင်းရှန်းရှဲ့က တစ်ခဏမျှ စဉ်းစားကာ လင်းမင်ကို ထွက်ခွာသွားဖို့သာ အမူအရာ ပြလိုက်၏။ လင်းမင် ခေါင်းတစ်ချက် ညိတ်လိုက်ကာ လင်းရှန်းရှန်းရှိရာဆီ လက်နှစ်ဖက် ယှက်၍ ရိုရိုသေသေပင် ဦးညွှတ် လိုက်သည်။
“ကောင်းပါပြီ ဂိုဏ်းချုပ်…”
ထို့နောက် လင်းမင်မှာ စီတနှင့် အတူ ခြံဝန်းထဲမှ ထွက်ခွာသွားကာ မကြာခင် ပျောက်ကွယ် သွားခဲ့တော့သည်။ မကြာခင်… အမေနှင့် သမီး နှစ်ယောက်တည်းသာ ထိုနေရာတွင် ကျန်ရစ်ခဲ့ ပေတော့သည်။
“သမီး သူ့ကို ပြောမပြရသေးဘူးလား…”
လင်းရှန်းရှန်းက ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်သည်။ လင်းရှန်းရှဲ့က လင်းမင် ပျောက်ကွယ် သွားသည့်ဘက်ကို တွေဝေစွာ ငေးမောကြည့် နေခဲ့သည်။ အတန်ကြာပြီးနောက်မှ သူမက သက်ပြင်းတစ်ချက် ချကာ အဖြေပေးလိုက်သည်။
“ဟင်းအင်း… မပြောရသေးပါဘူး”
လင်းရှန်းရှန်းက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်း လိုက်သည်။ ထို့နောက် သူက လေးပင်သည့် လေသံဖြင့် ပြောလိုက်လေသည်။
“ကောင်လေးက သမီးအပေါ် ဘယ်လို ခံစားချက်တွေ ရှိနေတယ် ဆိုတာ သမီး သိသင့်တယ်… ကောလဟလတွေကို စဖြန့်တဲ့သူက သမီး ဆိုတာသာ သူ သိသွားရင်…”
“သူ မသိပါဘူး…”
လင်းရှန်းရှဲ့က မိခင်ဖြစ်သူ၏ စကား မဆုံးခင် ဖြတ်ပြောလိုက်၏။
“မေမေသာ သူ့ကို မပြောပြခဲ့ရင်ပေါ့လေ”
“မေမေက ဘာလို့ ပြောရမှာလဲ… ဒါပေမဲ့ သူ သိသွားနိုင်တဲ့ အခြား နည်းလမ်းတွေ ရှိတာပဲလေ… သေချာတွေးကြည့်တတ်မယ် ဆိုရင် ဂိုဏ်းထဲမှာ သမီး အကြောင်း ကောလဟလ ဖြန့်ရဲတဲ့သူ ဘယ်သူ ရှိမှာလဲ… လင်းမင်ကို သမီး လျှော့မတွက်နဲ့… မနာလို ဖြစ်နေတဲ့ ယောက်ျားတစ်ယောက်က အရမ်း အန္တရာယ် များတယ်”
လင်းရှန်းရှန်းက လေးနက်သည့် အမူအရာဖြင့် သတိပေးလိုက်၏။ လင်းရှန်းရှဲ့က နားလည်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
လင်းမင်...
ထိုလူငယ်လေး အပေါ် သူမ သံယောဇဉ် ရှိသည်။ ထိုအရာကို သူမ ဝန်ခံသည်။ သို့သော်လည်း... လင်းမင် မသိသေးသည့် အရာများစွာ ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့်... အဆုံးမဲ့ နောင်တ တောင်ကြားတွင် သူမ ခံစားခဲ့ရသည့် အတွေ့အကြုံများပင်။
အမှတ်တရများကို ပြန်လည် တွေးမိသည်နှင့် လင်းရှန်းရှဲ့၏ ညာဘက်လက်က တုန်ရီလာ၏။ သူမ ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း တည်ငြိမ်ဖို့ ကြိုးပမ်း လိုက်သည်။ အဆုံးမဲ့ နောင်တ တောင်ကြားတွင် သူမ နှစ်ပတ်တိတိ ကြာမြင့်ခဲ့သည်။ ရွှေဇွန်းကိုက်ကာ မွေးဖွားလာခဲ့သူ တစ်ယောက် အတွက် ၎င်းတို့က အိပ်မက်ဆိုးများပင် ဖြစ်သည်။
အကယ်၍ စီတမှ တစ်ဆင့် မိခင် ဖြစ်သူထံ ဝေ့ဝူယင်၏ နာမည်ကို အသုံးပြုဖို့ အကြံမပေးခဲ့လျှင် သူမ ထိုငရဲတွင် ဆယ်စုနှစ်တစ်ခုပင်လျှင် အသက်ရှင်နိုင်မည် မထင်ချေ။
လင်းရှန်းရှဲ့မှာ သမီးဖြစ်သူ ခံစားခဲ့ရသည့် ဒုက္ခများကို ကောင်းစွာ တွေ့မြင်နိုင်ပေသည်။ ပြိုကွဲဒြပ်စင် အဖွဲ့ဝင်များနှင့် အစစ်အမှန် မူလ အဖွဲ့ဝင်များမှာ မိန်းကလေးကို နည်းနည်းလေးမျှ သက်ညှာ မပေးခဲ့ကြချေ။ သက်ညှာ မပေးခဲ့ရုံသာ မက သူတို့က သူမကို အပြင်းထန်ဆုံး နာကျင်မှုများနှင့် တွေ့ကြုံ ခံစားစေခဲ့ခြင်း ဖြစ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... လင်းရှန်းရှဲ့၏ အကြံအစည်က အလုပ်ဖြစ်ခဲ့ကာ အခြေအနေများကို ပြန်လည် တည်ငြိမ် စေခဲ့သည်။ ပြိုကွဲ ဒြပ်စင် အဖွဲ့ဝင်များနှင့် မူလ အင်အားစုများကို ငြိမ်သက် သွားစေခဲ့သည်။ အခြားတစ်ဖက်၌... ဝေ့ဝူယင် လျှို့ဝှက် ဆန်းကြယ်စွာ ပျောက်ဆုံးနေမှုက ပျံ့နှံ့နေသည့် ကောလဟလများကို ငြင်းဆိုရန် ခက်ခဲစေခဲ့သည်။
သို့သော်လည်း... ယခုတွင်တော့ ဝေ့ဝူယင် အကြောင်း သတင်းအစအနများက ဟိုမှဒီ ပြန်လည် ပေါ်ထွက် လာနေခဲ့ပြီ ဖြစ်သည်။
“...”
သားအမိ နှစ်ယောက် အကြား၌ တစ်ခဏမျှ တိတ်ဆိတ်နေ၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက်မှ လင်းရှန်းရှန်းက သက်ပြင်းတစ်ချက်ဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“လင်းမင်ကို သမီး ကိုင်တွယ်နိုင်တယ် ဆိုတာ မေမေ သိပါတယ်... ဒါပေမဲ့ မေမေ စိုးရိမ်တာက ဝေ့ဝူယင်ကို... တကယ်လို့ သူ...”
ယခုတစ်ကြိမ်တွင်လည်း လင်းရှန်းရှဲ့က မိခင်ဖြစ်သူ စကားကို ကြားဖြတ်ကာ ပြောလိုက်၏။
“အဲဒီလို ဖြစ်မှာ မဟုတ်ပါဘူး... လင်းမင် ပရမတ် ကျောက်စိမ်းနယ်မြေကို ဝင်ပြီးတာနဲ့ ဆရာချန်ခဲ့တဲ့ နောက်ဆုံး အမွေအနှစ်ကို ရလိမ့်မယ်... သူ ရပြီးတာနဲ့ အရာအားလုံး အဆင်ပြေသွားမှာပါ... ဝေ့ဝူယင်ကတော့ သူ့မှာ လုပ်စရာ၊ ဖြေရှင်းစရာတွေ အများကြီး ရှိနေလိမ့်ဦးမှာပါ... ဒီလို အခြေအမြစ် မရှိတဲ့ ကောလဟလလေးကို သူ ဂရုစိုက်မှာ မဟုတ်ပါဘူး...”
“အဲဒီလို ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်”
လင်းရှန်းရှန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ စိတ်ထဲတွင်တော့ မတင်မကျ ခံစားချက် တစ်ခုက ရှိနေဆဲပင်။ ပြဿနာများက ထိုမျှ ချောချောမွေ့မွေ့ ပြီးဆုံးပါမည်လော။ ထိုကောလဟလသာ အမှန်တကယ် ဖြစ်ခဲ့လျှင် ဆိုသည့် အတွေးတစ်ခုက သူမ စိတ်ထဲ ပေါ်လာခဲ့၏။ လင်းမင် အပေါ် လောင်းကြေး ထပ်ခြင်းက ဝေ့ဝူယင်လောက် စိတ်ချရလိမ့်မည် မဟုတ် ဟု သူမ ယူဆမိသည်။
ဘုန်း...
ထိုအခိုက်တွင်ပင် မိုးကြိုးထစ်ချုန်းသံလို ပေါက်ကွဲမှုကြီး တစ်ခုကို ကြားလိုက်ရ၏။ လင်းရှန်းရှဲ့၊ လင်းရှန်းရှန်း၊ စီတနှင့် လင်းမင်တို့ အပါအဝင် မူလဂြိုဟ်၏ တစ်ဖက်ခြမ်း၌ ရှိနေသူ မှန်သမျှမှာ ကောင်းကင်ကို မော့ကြည့်လိုက်မိကြလေသည်။ မကြာခင် ရွှေသွေးရောင် မီးတောက်များနှင့် အလွန် ကြီးမားသည့် သတ္တဝါကြီး တစ်ကောင်ကို သူတို့ တွေ့လိုက်ရလေတော့၏။
ဂီး...
ကြည်လင်ရှင်းလင်းသော အော်ဟစ်သံမှာ မူလဂြိုဟ် တောင်ဘက်ခြမ်းတွင် နေထိုင်ကြသည့် သက်ရှိ အားလုံး၏ အာရုံကို ဆွဲဆောင်သွား၏။ အလွန် ကျယ်လောင်သည့်တိုင် ထိုအသံမှာ ပေါက်ကွဲခြင်း မရှိလှပဲ ကြားရသည်မှာ နားဝင် ပီသလှ၏။
အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ထိပ်တန်း ကျင့်ကြံသူများမှာ ချက်ချင်းပင်ပင် တုန့်ပြန်လာကြ၏။ အချိန်သခင်များနှင့် ကြယ်တာရာ သခင်များမှာ ကောင်းကင်သို့ ပျံတက်လာကြကာ ပထမ လေထု အလွှာ၌ ရပ်လိုက်ကြသည်။ အမှောင် ဟင်းလင်းပြင်ကို ထိုးဖောက်၍ ပျံသန်းလာနေသည့် ရွှေသွေးရောင် မီးတောက်များ အကြားမှ ရုပ်သွင်ကို သူတို့ ရှင်းလင်းစွာပင် တွေ့မြင် နေရသည်။
၎င်းက မီတာပေါင်း နှစ်သောင်းနှစ်ထောင်ကျော် အထိ ကြီးမားလှကာ အတောင်ပံများမှာ သူတို့ မြင်နိုင်စွမ်းထက်ပင် ပိုမို ရှည်လျား လွန်းလှပေသည်။
“အဲဒါက မီးဖီးနစ်လား...”
ကြယ်တာရာ သခင် တစ်ယောက်က မယုံကြည်နိုင်သည့် လေသံဖြင့် အော်ဟစ်လိုက်၏။
မီးဖီးနစ်...
မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ထိပ်တန်း ကျင့်ကြံသူများ အကြား၌ မီးဖီးနစ် ပေါ်ထွက်လာခြင်းနှင့် ထန်မျိုးနွယ် ကျရှုံးခဲ့သည့် အကြောင်းများကို မသိသူ မရှိသလောက်ပင် ဖြစ်လေသည်။ ၎င်းက လပေါင်းများစွာ ကြာအောင် ဆွေးနွေးစရာ ခေါင်စဉ် တစ်ခု အဖြစ် တည်ရှိခဲ့ဖူးသည်။
အထူးသဖြင့် ထန်မျိုးနွယ် အခြေစိုက်ရာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင်ပင်။ သူတို့၏ ရှုံးနိမ့်ခဲ့မှုက ကြယ်တာရာ နယ်မြေတစ်ခုလုံး၏ စွမ်းအား အဆင့်ကိုအပြောင်းအလဲ ဖြစ်စေခဲ့သည်။ ထိုတိုက်ပွဲ၌ ထန်မျိုးနွယ်၏ ရှုံးနိမ့်ခဲ့မှုက သေးသေးမွှားမွှား မဟုတ်လှချေ။ သူတို့ အားကိုးရသည့် သေမျိုးတစ်ပိုင်း အရှင် သုံးယောက်တိတိ သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ထိုအချင်းအရာကြောင့်ပင် ထန်မျိုးနွယ်မှာ အဆုံးမဲ့ ကောင်းကင်၌ အင်ပါယာ ကလန်ပြီးလျှင် သေမျိုးတစ်ပိုင်း အဆင့် အရေအတွက် အများဆုံး ပိုင်ဆိုင်ထားသည် ဟူသည့် ဂုဏ်ပုဒ်ကို ဆုံးရှုံးရလုနီးနီး အထိ ဖြစ်သွားခဲ့သည်။
“ဘုရားရေ... မီးဖီးနစ်က ဒီကို ဘာလို့ ရောက်လာတာလဲ...”
နောက်ထပ် ကြယ်တာရာ သခင် တစ်ယောက်က ဖြူရော်စွာဖြင့် ရေရွတ်လိုက်၏။ ထို့နောက်... သူက အလျှင်အမြန်ပင် မျိုးနွယ်စုထံ ဆက်သွယ်ကာ အရေးပေါ် ထွက်ပေါက် ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခု ပြင်ဆင်ထားဖို့ အကြောင်းကြားလိုက်သည်။
မီးဖီနစ်မှာ အလွန် လျှို့ဝှက် ဆန်းကြယ်ကာ အလွန် အစွမ်းထက်သည့် မြေကြီး ရှန့်ထို တစ်ယောက်နှင့် ချိတ်ဆက်နေသည်ဟု သိရသည်။ အကယ်၍ တိုက်ပွဲသာ ဖြစ်ပေါ်လာပါက အကျိုးဆက် အနေဖြင့် မူလဂြိုဟ်ပင် ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။
***