ရွေးချယ်ခံ (၂)
Vol. 62 Ch. 866
အခြားတစ်ဖက်၌ လင်းရှန်းရှဲ့နှင့် လင်းရှန်းရှန်းတို့၏ အမူအရာများမှာလည်း ပြောင်းလဲသွားကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
လင်းရှန်းရှန်းက ခပ်မြန်မြန်ပင် ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ စာများ ပို့လိုက်သည်။ ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် သူမ၏ ရာထူးက ကြိုးဆွဲခံ ဖြစ်သည့်တိုင် လင်းမျိုးနွယ်စု အတွက် သူမထံတွင် တာဝန်များ ရှိပေသည်။ လင်းမျိုးနွယ် လုံခြုံဖို့ သူမ လုပ်သင့်သည်များကို လုပ်ရပေလိမ့်မည်။
ဂြိုဟ်အကာအကွယ် ဝင်္ကပါ အပါအဝင် ဒြပ်စင် စောင့်ရှောက်သူ၏ စွမ်းအားနှင့် နည်းလမ်းများ အပေါ် သူမ ယုံကြည်ချက် အပြည့်အဝ ရှိသည့်တိုင် မြေကြီးရှန့်ထိုများ၏ တိုက်ပွဲတွင် မည်သည့်အရာမဆို ဖြစ်ပွားသွားနိုင်သည်။ ထာဝရ နယ်မြေအတွင်းရှိ သက်တံ့ကောင်းကင်ဂြိုဟ် ပျက်စီးခဲ့သည်မှာ အကောင်းဆုံး ဥပမာပင် ဖြစ်သည်။
အခြားတစ်ဖက်၌ လင်းမင်၏ မီးခိုးရောင် မျက်လုံးများမှာ ကောင်းကင်ရှိ ရွှေသွေးရောင်မီးများ ဖုံးလွှမ်းနေသည့် သတ္တဝါကြီးကို လှမ်းကြည့် နေခဲ့သည်။ တစ်နေ့တစ်ချိန်တွင် ထိုကဲ့သို့ သားရဲမျိုး ပိုင်ဆိုင်ရမည် ဆိုသည့် ဆန္ဒ တစ်ခုက သူ့နှလုံးသားထဲတွင် မွေးဖွားလာခဲ့၏။
စက္ကန့်အနည်းငယ် အတွင်းမှာပင် အစီရင်ခံမှုများမှာ အဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ မူလဂြိုဟ်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အခြေစိုက် စခန်း ဖြစ်သည့်တိုင် အဖွဲ့ အမျိုးမျိုးမှ လျှို့ဝှက် အာဏာရှင်များနှင့် အကြီးအကဲ အသီးသီးမှာ သီးသန့် လျှို့ဝှက်ဘုံများတွင် နေထိုင်ကြသည်သာ များပေသည်။
ဂျိန်း... ဒလိမ်း...
မီးဖီးနစ် ပေါ်လာပြီးနောက် ချက်ချင်း ဆိုသလိုပင် ဂြိုဟ်ပေါ်၌ အစီအရင်နှင့် ဝင်္ကပါ အသီးသီးမှာ အသက်ဝင် လာခဲ့ကြလေ၏။ ကိုးရောင်ခြယ် အလင်းတန်းများမှာ ဂြိုဟ်၏ အပေါ် ကောင်းကင်အလွှာကို ဖုံးအုပ်ကာ ဖုံးလွှမ်း သွားသည်။
ဝှစ်... ဝှစ်...
လျှို့ဝှက် အာဏာရှင် အဆင့်များစွာမှာ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာခဲ့လေ၏။ သူတို့က အကြောက်အလန့် ကင်းမဲ့စွာပင် ကောင်းကင်ထံ ပျံသန်းကာ အလွန်တရာ တောက်ပ လင်းလက်နေသည့် သတ္တဝါကြီးကို လေ့လာလိုက်ကြလေသည်။
“တကယ့်ကို မီးဖီးနစ်ပဲ...”
လျှို့ဝှက် ကြယ်တာရာ အဆင့် အမျိုးသား ကျင့်ကြံသူ တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ရင်း အတည်ပြု လိုက်လေ၏။
“မီးဖီးနစ်က ဒီကို ဘာလို့ ရောက်လာတာလဲ...”
မေးခွန်းက အားလုံး၏ နှလုံးသားထဲတွင် မွေးဖွားလာခဲ့၏။ မည်သူမှ ဂြိုဟ်အကာအကွယ် ဝင်္ကပါ၏ အထက်ကို ဖြတ်သန်း၍ ပျံသန်းရဲခြင်း မရှိပါချေ။ ထိုသားရဲတစ်ကောင်ထဲကပင်လျှင် သူတို့ အသက်များကို ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။ အကြမ်းဖျဥ်းအရ ထိုသားရဲ၏ စွမ်းအားမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်ဟု ဆိုကြသည်။
သို့သော်လည်း... သူတို့ မကြောက်ကြပါချေ။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ အတွင်းပိုင်း ပဋိပက္ခများနှင့် ရင်ဆိုင် နေရသည့်တိုင် ထိပ်တန်း အဆင့် လောကဂိုဏ်းကြီး တစ်ခု ဖြစ်နေဆဲပင်။ သူတို့ထံတွင် မြေကြီးရှန့်ထို အဆင့် သုံးယောက် အပြင် နှစ်ပေါင်း သောင်းနှင့်ချီသည့် အုတ်မြစ်များ ရှိပေသည်။ သူတို့က နည်းနည်းလေးမျှ အားမနည်းပါချေ။
ဝှစ်... ဝှစ်... ဝှစ်...
တစ်ခဏ အတွင်းမှာပင် မီးဖီးနစ်၏ နံဘေး၌ အော်ရာသုံးခု ပေါက်ကွဲ ထွက်ပေါ်လာ၏။ တစ်လောကလုံးက ကြမ်းတမ်း ခက်ထန်သော မုန်တိုင်းများနှင့် အတူ ရိုင်းစိုင်းသွားကာ မရေမတွက်နိုင်သော လျှို့ဝှက် အာဏာရှင် အဆင့်များမှာ တုန်ရီ သွားကြသည်။
မြေကြီးရှန့်ထို အဆင့် သုံးယောက်ကား ရောက်ရှိလာခဲ့ချေပြီ ဖြစ်လေသည်။
ဝှစ်... ဝှစ်... ဝှစ်...
အကာအကွယ် ဝင်္ကပါ၏ အပြင်ဘက် အမှောင် ဟင်းလင်းပြင်ထဲ၌ ပုံရိပ်သုံးခုမှာ ဘေးချင်းယှဉ်ကာ ပေါ်လာခဲ့၏။
ဘယ်ဘက်က တစ်ယောက်က အပြာရောင် အနားကွပ်ပါ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသည့် ရင့်ကျက် တည်ငြိမ်သော အမျိုးသမီး တစ်ယောက် ဖြစ်၏။ သူက မိတ်ကပ်ကို သေသပ်စွာ လိမ်းခြယ်ထားကာ အနက်ရောင် ဆံနွယ်များကို ပိုင်ဆိုင်ထား၏။ သူမက အလွန်အမင်း ထူးချွန်သည့်ပုံ မပေါ်သော်လည်း မည်သည့် နယ်ပယ်တွင်မှလည်း နိမ့်ကျပုံလည်း မရချေ။ ထိုအရာကပင် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု ရှိနေသည့် အရာလည်း ဖြစ်သည်။ သူမကတော့ ကျန်းကျိရီပင် ဖြစ်လေသည်။
ညာဘက်၌ ရပ်နေသည့် ပုဂ္ဂိုလ်ကတော့ အသက်လတ် အရွယ် လူကြီး တစ်ယောက် ဖြစ်သည်။ သူ၏ ရုပ်ရည်က သာမန်ကာ ဖြစ်ကာ ပျင်းရိလေးဖင့်သည့် အမူအရာကို ပိုင်ဆိုင်ထား၏။ နေရောင် အနားကွပ်ပါ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုပုဂ္ဂိုလ်ကြီးကတော့ ကုန်းလော့ပင် ဖြစ်လေသည်။
အလယ်၌ ရပ်နေသည့် ပုဂ္ဂိုလ်ကတော့ သံသယ ရှိစရာ မလိုလောက်အောင်ပင် ဒြပ်စင် စောင့်ရှောက်သူ ဟန်ယုဟိုင်ပင် ဖြစ်လေသည်။ သူက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အသန်မာဆုံး မြေကြီး ရှန့်ထိုများထဲမှ တစ်ယောက်ပင် ဖြစ်သည်။ သူက ကိုးရောင်ခြယ် ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာကို ခေါင်းစွပ် ရှည်ကြီးဖြင့် ဖုံးကွယ် ထား၏။
မြေကြီးရှန့်ထို သုံးယောက်စလုံးမှာ လျှို့ဝှက် အော်ရာများကို ထုတ်လွှတ်ထားကာ လောကကြီးထံ သူတို့၏ တည်ရှိမှုကို လှစ်ဟာ ပြသထား၏။ ဤပြဿနာနှင့် ပတ်သက်၍ ကြောက်ရွံ့ ထိတ်လန့်စရာ မလိုကြောင်း သူတို့က မူလဂြိုဟ်သူ ဂြိုဟ်သားများကို အသိပေးထားသည်။ သူတို့၏ အော်ရာများမှာ မီးဖီးနစ်၏ တောက်ပမှုကိုပင် ဖိနှိပ်ထား၏။
ချက်ချင်းပင် လေထု၏ အခြေအနေက ဆန့်ကျင်ဘက် ပြောင်းလဲသွား၏။ လျှို့ဝှက် အာဏာရှင် အဆင့် အချို့ဆိုလျှင် မီးဖီးနစ်ကို ပိုင်ဆိုင်ခွင့် ရရှိရန် စတင်ကာ စိတ်ကူးယဉ်လာကြသည်။ ထိုသားရဲ၏ သွေးအမတေက အလွန် လျှို့ဝှက် ဆန်းကြယ်သည်ဟု ဆိုသည်။ ထန်မျိုးနွယ်ဆိုလျှင် ၎င်းအတွက် ဘာကိုမဆို စတေးရန် ဆန္ဒ ရှိခဲ့သည်။
သို့သော်လည်း မီးဖီးနစ်၏ ကျောထက်မှ အသံတစ်ခု ပျံ့လွင့်လာခဲ့ချိန်တွင်တော့ အားလုံး၏ အတွေးများမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ် သွားကြတော့သည်။
“ဒါက မင်းတို့ ရွေးချယ်ခံလို့ ခေါ်နေတဲ့ လူကို ကြိုဆိုလိုက်တဲ့ ပုံစံလား...”
ဘုန်း...
အလွန် အင်အားကြီးသည့် လျှို့ဝှက် အော်ရာ တစ်ခုမှာ မြေကြီး ရှန့်ထို သုံးယောက်ထံ တိုးဝင် သွား၏။ လျှို့ဝှက် အော်ရာများမှာ အမှောင် ဟင်းလင်းပြင် အတွင်း၌ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ မူလဂြိုဟ်ထက်ရှိ လျှို့ဝှက် အာဏာရှင် အဆင့်များ အပါအဝင် သက်ရှိတိုင်းမှာ ထိုအရာကို ရှင်းလင်းစွာပင် ခံစားလိုက်ရ၏။
ကျန်းကျိရီနှင့် ကုန်းလော့တို့၏ အမူအရာများမှာ ပြောင်းလဲ သွားကြ၏။ လျှို့ဝှက် အော်ရာ၏ ရိုက်ခတ်မှု အောက်တွင် သူတို့၏ မျက်နှာများမှာ ဖြူရော် သွားကြသည်။ သူတို့က အားချင်းပင် ပိုမို များပြားသည့် လျှို့ဝှက် အော်ရာများကို ထုတ်ဖော်ကာ ခုခံလိုက်ရ၏။ အခြားတစ်ဖက်၌ ဟန်ယုဟိုင်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည့်တိုင် ခေါင်းစွပ်ရှည်ကြီး အောက်မှ မျက်လုံးများက ကိုးရောင်ခြယ် အလင်းတန်းများနှင့် လင်းလက် နေကာ ဝတ်ရုံမှာ ကြမ်းတမ်းစွာ လွင့်မြောနေ၏။
ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် ဟန်ယုဟိုင်၏ အော်ရာက နောက်တစ်ဆင့်သို့ မြင့်တက်သွားကာ ကျန်းကျိရီနှင့် ကုန်းလော့တို့ ပေါင်းစပ်ထားသည်ထက်ပင် ကျော်လွန် သွားခဲ့သည်။ လျှို့ဝှက် အော်အရာ အားပြိုင်မှုက ပိုမို၍ တိုးမြင့်လာကာ ဂြိုဟ်အကာအကွယ် ဝင်္ကပါ ပင်လျှင် လှိုင်းရိုက်ခတ်မှု ဒဏ်ကို ခံစား လာရ၏။
“အိုး...”
စောစောပိုင်းက အသံက ပိုမို၍ နက်ရှိုင်းလာ၏။ ၎င်းက အင်ပါယာ တစ်ပါး ကဲ့သို့ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိကာ အခြား တစ်ဖက်၌ အနည်းငယ် ရွှင်မြူးသည့် အငွေ့အသက်တို့ ပါဝင်နေသည်။
“အေးဆေးပေါ့... ယုကလေးရဲ့...”
အသံက မိုးကြိုး ထောင်ပေါင်းများစွာ ပစ်ချလိုက်သည့် အလား ဟန်ယုဟိုင်၏ နားအတွင်းသို့ တိုးဝင် လာသည်။ ဒြပ်စင် ကာကွယ်သူ၏ မျက်လုံးများမှာ ရန်လိုမှုများနှင့် ပြည့်နှက် သွား၏။ အဆုံးမဲ့သော မှတ်ဉာဏ်များက သူ့ ဦးနှောက်အတွင်း တိုးဝင်လာကာ ဒေါသကို တဟုန်ထိုး နှိုးဆွနေသည်။
ဘုန်း...
အပြင်းအထန် ခုခံရန် ကြိုးစားနေသည့်တိုင် ဟန်ယုဟိုင်၏ ခန္ဓာကိုယ်မှာ နောက်သို့ အရှိန်ပြင်းစွာ လွင့်ပျံ သွား၏။ သူ၏ ခန္ဓာကိုယ်က ဂြိုဟ်အကာအကွယ် ဝင်္ကပါကို တိုက်ရိုက် ဖြတ်ကျော်သွားကာ ဥက္ကာပျံ တစ်ခုလိုမျိုး ဂြိုဟ်မျက်နှာပြင်ပေါ် ကြမ်းတမ်းစွာ ပြုတ်ကျသွားခဲ့သည်။ အင်အားကြီး ငလျင် တစ်ခု လှုပ်ခတ်သည့် အလား ဂြိုဟ်တစ်ခုလုံးမှာ တုန်ရီ ယိမ်းထိုးသွား၏။
ဂီး...
မီးဖီးနစ်က အော်ဟစ်လိုက်၏။ ၎င်းကို ဝန်းရံနေသည့် မီးတောက်များက စတင် ကျုံ့ဝင်သွားကာ တောက်ပမှုလည်း စတင် လျော့ကျလာခဲ့သည်။ တစ်ခဏ အတွင်းမှာပင် မီးဖီးနစ် အသွင်ပြောင်းလဲခြင်း ဖြစ်စဉ် ပျောက်ကွယ်သွားကာ ဝေ့ဝူယင်၊ ဝူယု၊ ဝမ်မင်ယာနှင့် ပိုင်လင်တို့၏ ပုံရိပ်များ ထွက်ပေါ်လာခဲ့၏။
ဝူယုမှာ ကျန်သုံးယောက်ကို ဦးဆောင်၍ အမှောင် ဟင်းလင်းပြင်ထဲ၌ ရပ်နေကာ လက်နှစ်ဖက်ကို ပိုက်ထားခဲ့သည်။ သူ၏ အမူအရာက အလွန်ပင် ခန့်ညားလှကာ တစ်လောကလုံးကို အုပ်စိုးနိုင်သည့် ဧကရာဇ် တစ်ပါးအလား ခံစားရစေ၏။
‘မိုက်လိုက်တာကွာ... တကယ် ကောင်းတဲ့ ခံစားချက်ပဲ...’
မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့် ယုကလေးနှင့် ကြောက်လန့် တုန်ရီနေသည့် မြေကြီး နှစ်ယောက်ကို ကြည့်ရင်း ဝူယု ကျေနပ်စွာ တွေးလိုက်မိ၏။
ဝမ်မင်ယာ၏ လောကနယ်မြေ ဖုံးအုပ်မှုနှင့် အတူ ဝေ့ဝူယင်မှာ ဝူယု၏ ဘေးနားသို့ ပျံသန်းလာခဲ့သည်။ ထို့နောက် သူက လက်နှစ်ဖက်ကို ယှက်လိုက်ရင်း ယဉ်ကျေးသည့် အမူအရာနှင့် ဦးညွှတ် နှုတ်ဆက် လိုက်လေသည်။
“ကျုပ် ဝေ့ဝူယင် ဒြပ်စင် ဧကရာဇ်ကြီးများကို နှုတ်ဆက်ပါတယ်ဗျာ”
ဝှစ်...
ဟန်ယုဟိုင်မှာ ချက်ချင်းပင် ကိုးရောင်ခြယ် အလင်းတန်းများ အဖြစ် အပေါ်သို့ ပျံတက်လာ၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူက အခြား မြကြီး ရှန့်ထို နှစ်ယောက် နံဘေးသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူက ခေါင်းစွပ်ရှည်ကြီးကို ဆက်လက် ဝတ်ဆင်ထားခြင်း မပြုတော့ချေ။ ယဉ်ကျေး သိမ်မွေ့ကာ အဖြူရောင် မျက်ခုံးမွေးများနှင့် အသက်လတ်ပိုင်း ရုပ်သွင်ကို လှစ်ဟာ ပြသထား၏။ သူ၏ မျက်လုံးများက ဒြပ်စင် ကိုးခုကို ကိုယ်စားပြုသည့် ကိုးရောင်ခြယ် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေလေသည်။
မျက်လုံးများကို မှိတ်၍ အနည်းငယ် ပြုံးယောင်သမ်းနေသည့် ချောမောလှသော လူငယ်လေးကို ကြည့်ရင်း မြေကြီး ရှန့်ထို သုံးယောက် အပါအဝင် မူလဂြိုဟ် တစ်ဖက်ခြမ်းရှိ လူအားလုံး အံ့အားသင့် သွားကြသည်။ တစ်ချိန်တည်း၌ လင်းရှန်းရှဲ့၏ မျက်လုံးများက အလွန်အမင်း ပြူးကျယ်သွားကာ ခန္ဓာကိုယ်မှာ သိသိသာသာပင် တုန်ရီ သွားခဲ့တော့၏။
***