ဝေ့ဝူယင်၊ ဝူယု
Vol. 62 Ch. 867
‘သူပဲ... တကယ့်ကို သူပဲ...’
လင်းရှန်းရှဲ့ စိတ်ထဲမှ မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိ၏။ ထာဝရ ကြယ်တာရာ နယ်မြေတွင် ကျင်လည်ဖူးသူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်ကို သူမ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။
တစ်ဦးတည်းသော အာရုဏ်ဦး ဧကရာဇ်... အာဏာရှင် အင်ပါယာ... အသက် ငါးဆယ် မတိုင်ခင် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို တက်လှမ်းခဲ့သူ...
မိန်းကလေးတိုင်း၏ အသည်းနှလုံးကို ဖမ်းစားနိုင်သည့် ရုပ်ရည်နှင့် ယောက်ျားတိုင်း၏ အားကျမှုကို ရရှိထားသည့် ပါရမီ...
မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ကိုင်လှုပ်ခဲ့သည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ မူယင်း ဖန်တီးရှင်...
သူကား ရောက်ရှိလာခဲ့ချေပြီ ဖြစ်သည်။
ဝေ့ဝူယင် မြေကြီးရှန့်ထို သုံးယောက်ကို ယဉ်ယဉ်ကျေးကျေးပင် ဦးညွှတ်လိုက်ကာ သူ ရောက်ရှိလာကြောင်း ကြေညာလိုက်၏။ လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း သတင်းများ ထွက်ပေါ်နေသည့်တိုင် ဒဏ္ဍာရီ ပုံပြင်သဖွယ် ထိုပုဂ္ဂိုလ်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းနှင့် တကယ်ကြီး ချိတ်ဆက်နေလိမ့်မည်ဟု မည်သူမျှ တစ်ထစ်ချ ယုံကြည် မထားကြချေ။ ထို့ကြောင့်ပင်... သူ၏ ရောက်ရှိလာမှုက အားလုံးကို အလွန်အမင်း အံ့အားသင့် စေခဲ့သည်။
သို့သော်လည်း အားလုံး၏ အာရုံကို ဖမ်းစား နေခဲ့သည်က ဝေ့ဝူယင် တစ်ယောက်တည်း မဟုတ်ပါချေ။
မီးဖီးနစ်...
ဝေ့ဝူယင်၏ နောက်၌ နှစ်ဆယ့် နှစ်မီတာ အမြင့်ရှိသည့် ငှက်ကြီးမှာ အတောင်ပံများကို ဖြန့်ကား၍ ဝံ့ကြွားစွာ ရပ်တည်နေပေသည်။ ၎င်း၏ ရွှေရေင် မျက်ဝန်းများက ကောင်းကင်ရှိ ကြယ်များ အလား အမှောင် ဟင်းလင်းပြင် အတွင်း တဖျပ်ဖျပ် တောက်ပနေ၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းရှိ ကျင့်ကြံသူတိုင်းလိုလို ထန်မျိုးနွယ်၏ အဖြစ်ဆိုးများ အကြောင်း မသိသူ မရှိချေ။
မတူကွဲပြားသည့် မီးဖီးနစ် နောက်တစ်ကောင် ဖြစ်နိုင်သည်ဟု ဆိုနိုင်သည့်တိုင် မြင်တွေ့ရသလောက် ထိုကဲ့သို့ ဖြစ်ပုံ မရချေ။ ထိုမီးဖီးနစ်က မှတ်တမ်းများထဲတွင် ဖော်ပြထားသည့် ပုံစံနှင့် အတိအကျ တူသည့် အပြင် အရွယ်အစား၊ အသွေးအမွေးက အစ ကွဲပြားခြင်း မရှိချေ။ သားရဲနှစ်ကောင် ထိုမျှ အတိအကျ တူရန် ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်ချေ။ သို့ဖြစ်လေရာ... အဖြေက တစ်ခုတည်းသာ ရှိပေသည်။ ၎င်းတို့က တစ်ကောင်တည်းပင်။
အားလုံးကို အံ့အားသင့်စေခဲ့သည့် နောက်ထပ် ဖြစ်တည်မှု တစ်ခုကတော့ လက်နှစ်ဖက်ကို ပိုက်ကာ ဝံ့ကြွားစွာ ရပ်နေသည့် ပုဂ္ဂိုလ်ကြီးပင်။ ဟန်ယုဟိုင်၏ မျက်လုံးများမှာ ထိုပုဂ္ဂိုလ်ကြီး အပေါ် တစ်လက်မမျှ ရှောင်ဖယ်ခြင်း မပြုပဲ သက်ရောက်နေ၏။
မဟာ ဧကရာဇ် ဝူယု...
သူ မည်ကဲ့သို့ မမှတ်မိပဲ နေပါမည်နည်း။ သတင်းများ အရဆိုလျှင် ဝူယုမှာ လွန်ခဲ့သည့် လပိုင်းကမှ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းခဲ့ခြင်းဟု ဆိုသည်။ ဝူယု၏ ခွန်အားနှင့် ပတ်သက်၍ အမျိုးမျိုးသော ကောလဟလများ ပျံ့နှံ့နေသည့်တိုင် သူတို့ကတော့ ချဲ့ကားထားခြင်းဟုသာ ယူဆ ခဲ့ကြသည်။ သို့သော်လည်း... ယခုတွင်တော့ အမှန်တရားက သူတို့ရှေ့တွင် ပေါ်လွင်လာခဲ့ပြီ ဖြစ်လေသည်။
ဝူယု၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူက ဝေ့ဝူယင်ထံ ဝိညာဥ်အာရုံဖြင့် ဆက်သွယ်၍ အချက်အလက် တစ်ချို့ ပို့လိုက်သည်။ မြေကြီးရှန့်ထို သုံးယောက်မှာ အော်ရာချင်း ထိပ်တိုက် တွေ့ရာ၌ လျှို့ဝှက် စွမ်းအင်များကို ထုတ်ဖော် အသုံးပြုခဲ့ရလေရာ ဝူယုမှာ သူတို့ တစ်ဦး တစ်ယောက်ချင်းစီ၏ သင်္ကေတ အဆင့်ကို တိကျစွာ ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။
“သခင်လေး... ကုန်းလော့က သင်္ကေတသုံးခု အဆင့်မှာ ရှိတယ်...”
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အဆင့်အတန်း အရ ၎င်းက အားနည်းခြင်း မရှိလှချေ။ ထာဝရ သူရဲကောင်းများ ကဲ့သို့ ထိပ်တန်း လျှို့ဝှက် အာဏာရှင်များနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ သို့သော်လည်း... ဝူယုက ဆက်လက်၍ ပြောလိုက်၏။
“ဒါပေမဲ့ သူက အားနည်းတယ်လို့ ကျုပ် ခံစားရတယ်... ဒီအခြေအနေကို ရောက်ရှိဖို့ ပြင်ပ နည်းလမ်း တစ်ခုကို သုံးထားသလိုပဲ... ထာဝရ သူရဲကောင်းတွေနဲ့ မတူဘူး”
ကုန်းလော့မှာ သူ၏ သင်္ကေတ လျှို့ဝှက် အဆင့်ကို နှစ်ခုမှ သုံးခု အထိ ရောက်ရှိအောင် တစ်နည်းနည်းဖြင့် မြှင့်တင်ထားပုံ ပေါ်သည်။ ဝူယု ကိုယ်တိုင်သည်လည်း လျှို့ဝှက် သင်္ကေတ အဆင့်ကို ခုနစ်ခုမှ ရှစ်ခု အထိ မြှင့်တင်ထားသည့်တိုင်အောင် ကြီးမားစွာ ကွာခြားပေသည်။ ဝူယုမှာ ၎င်းကို သဘာဝ အတိုင်း မြှင့်တင်ခဲ့ခြင်း ဖြစ်ကာ ကုန်းလော့ကတော့ ရတနာ တစ်ခုခု သို့မဟုတ် အဂ္ဂိရတ် ထုတ်ကုန် တစ်မျိုးကို သုံးထားပုံ ပေါ်သည်။ လျှို့ဝှက် သင်္ကေတများက တည်ငြိမ်ခြင်း မရှိလေရာ ကုန်းလော့ကို သာမန် လျှို့ဝှက် သင်္ကေတ သုံးခု မြေကြီး ရှန့်ထိုများနှင့် နှိုင်းယှဉ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
“ကျန်းကျိရီကတော့ သင်္ကေတ တစ်ခု အဆင့်မှာပဲ ရှိတယ်...”
ထိုအရာက ပထမဆုံး အကြိမ် အဖြစ် အားအနည်းဆုံး မြေကြီးရှန့်ထို တစ်ယောက်နှင့် ဝူယု တွေ့ဆုံခြင်း ဖြစ်သည်။ သူမက မြေကြီးရှန့်ထို ဖြစ်ဖို့ အရည်အချင်း ပြည့်မှီရုံမျှသာ ရှိပေသည်။ သို့သော်လည်း... ထိုစံနှုန်းက သူ ယုံကြည်ထားသည်ထက် ပိုမို၍ ဖြန့်ကျက်မှု များပြားပေသည်။ အဆင့်နိမ့် ကြယ်တာရာ အားလုံးတွင် ရှိသမျှ မြေကြီး ရှန့်ထိုများမှာ ထိုအဆင့်များသာ ဖြစ်ကြပေသည်။
ဝေ့ဝူယင် ပိုင်လင်၏ အမြင်အာရုံနှင့် ချိတ်ဆက်လိုက်ကာ မြေကြီး ရှန့်ထို နှစ်ယောက်ကို အကဲခတ် လိုက်၏။ သူတို့က လျှို့ဝှက် အော်ရာများ ဝန်းရံ၍ ရပ်တည် နေကြကာ သေမျိုး အကန့်အသတ်ထက် အဆများစွာ ကျော်လွန်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေပေသည်။ သို့သော်လည်း... ကောင်းကင်ဘုံ နတ်မျက်လုံး မရှိပဲ သူ မည်သည့် အသေးစိတ် အချက်အလက်ကိုမှ အကဲခတ်နိုင်စွမ်း မရှိချေ။
ဟန်ယုဟိုင်၏ လျှို့ဝှက် သင်္ကေတ အဆင့် အကြောင်း ပြောချိန်တွင်တော့ ဝူယုက မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။
“ဟိုကောင်စုတ်လေးကတော့ သိပ်မဆိုးဘူး... သူ့မှာ သင်္ကေတ လေးခုတောင် ရှိတယ်”
“...”
ဝေ့ဝူယင် မသိမသာ မျက်မှောင်ကြုတ် လိုက်၏။ ဟန်ယုဟိုင်၏ လျှို့ဝှက် သင်္ကေတ အဆင့်က ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီနှင့် တူညီလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ချေ။ ထို့အပြင်... ဝူယုက စကားထဲတွင် ‘မဆိုး’ ဟူသည့် စကားလုံးကို ထည့်သုံးခဲ့သည်။ လျှို့ဝှက် သင်္ကေတ လေးခုဖြင့်တော့ သူက ထိုကဲ့သို့ ချီးကျူးလိမ့်မည် မထင်ချေ။
ထင်ထားသည့် အတိုင်းပင် ဝူယုက ဆက်ပြောလိုက်၏။
“လျှို့ဝှက် သင်္ကေတ လေးခု အဆင့် ဆိုပေမဲ့ သူ့ရဲ့ လျှို့ဝှက် စွမ်းအားက ကျုပ် တွေးဖူးသမျှထဲမှာ အသန်မာဆုံးပဲ... သူနဲ့ ယှဉ်ရင် ထာဝရ သူရဲကောင်းတွေတောင် ကလေး အဆင့်ပဲ ရှိတယ်”
သဘောပေါက် သွားသည့်နှယ် ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ကျင့်ကြံခြင်း လမ်းစဉ်၌ လျှို့ဝှက် သင်္ကေတ အဆင့်မှာ အရေးပါသည့်တိုင် အခြေခံ ခိုင်မာမှုမှာလည်း အလွန် အရေးပါနေဆဲ ဖြစ်သည်။ ချင်းဖုန်းမှာ သင်္ကေတ လေးခု လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သည့်တိုင် ထာဝရ သူရဲကောင်းများနှင့် ယှဉ်၍ တိုက်ခိုက်ဝံ့လိမ့်မည် မဟုတ်ချေ။
ထို့အပြင် တိုက်ပွဲများကို ခွန်အား တစ်ခုတည်းဖြင့် အဆုံးအဖြတ် မပေးနိုင်ချေ။ ရည်ရွယ်ချက်၊ အစီအရင်၊ ကျင့်စဉ်၊ နည်းလမ်း၊ အဆောင် စသည်တို့မှာလည်း အရေးပါနေဆဲ ဖြစ်သည်။
ဝူယုမှာ သွေးမူလ နည်းလမ်းကို ကျင့်ကြံခဲ့ရာ သူ့ရုပ်ခန္ဓာ စွမ်းအင်မှာ အရည်အသွေးပိုင်းတွင်ရော အရေအတွက်ပိုင်းတွင်မှာပါ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ့ လျှို့ဝှက် စွမ်းအင်မှာလည်း အဆင့် တစ်ခု ခုန်ပေါက် တိုးတက်လာခဲ့ကာ ဒုတိယမြောက် ထျန်းတျန် တစ်ခုကိုပင် ဖြစ်ပေါ် စေခဲ့သည်။ ဒုတိယ စွမ်းအင် ရင်းမြစ် တစ်ခု ရှိခြင်းက အစီအရင်များ၊ ကျင့်စဉ်များ အသုံးပြုရာတွင် ကြီးမားသည့် အားသာချက်ကို ဖြစ်ပေါ်စေကာ မည်သည့် တိုက်ပွဲတွင် မဆို အသာစီး ယူနိုင်လိမ့်မည် ဖြစ်သည်။
“သခင်လေး စကားတစ်ခွန်းသာ ပြောလိုက်... ကျုပ် သူတို့ အားလုံးကို အနိုင်ယူလို့ ရတယ်”
ဝူယုက အပြုံးနှင့် ပြောလိုက်၏။ သူ၏ မျက်လုံးများက စိတ်အားထက်သန်ခြင်းများနှင့် တဖျပ်ဖျပ် တောက်ပနေသည်။
ခန္ဓာကိုယ်ကို ပြန်လည် ရရှိပြီးနောက် လျှို့ဝှက် ဝိညာဥ်အဆင့် ကျင့်ကြံခြင်း အခြေခံနှင့် အတူ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို သူ ဝင်ရောက်ခဲ့သည်။ ထိုအတောအတွင်း ဟန်ရှဲ့၏ ညီဝမ်းကွဲ ဟန်ယုဟိုင်မှာ ကျော်ကြားသည့် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်နေကြောင်း သူ ကြားသိခဲ့ရသည်။ ထိုသတင်းကို ကြားကြားခြင်း ဝူယု အလွန် ခံပြင်းခဲ့သည်။ ရွှေရောင် အသက်နန်းတော်၏ ပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ချိန်တွင်ပင် သူ ကိုယ့်နာမည်ကို ဖုံးကွယ် ထားခဲ့သည်။
ဘာမဟုတ်သည့် ကလေး တစ်ယောက်ထက်ပင် သူ၏ ကျင့်ကြံခြင်းက နှစ်ဆင့် နိမ့်ပါး နေခဲ့ပြီ ဖြစ်သည်။ သေခြင်း၊ ရှင်ခြင်း ကံကြမ္မာ ရွေးချယ်မှုက သူ့လက်ထဲတွင် မရှိတော့ချေ။ အတိတ်မှ အကြောင်းအရာများ အရ ဟန်ယုဟိုင် ထိုအခွင့်အရေးကို လက်လွတ်မခံမှာ သေချာပေသည်။ ဝေ့ဝူယင်၏ အကူအညီဖြင့်ပင် နှစ်ပေါင်း ထောင်ချီ ကျင့်ကြံခြင်းကို လိုက်မှီဖို့ ခက်ခဲသွားပြီဟု သူ ယူဆခဲ့သည်။
သို့သော်လည်း... မကြာခင်မှာပင် ဝေ့ဝူယင်က သူ့ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ထပ်မံ သက်သေပြခဲ့ပေသည်။ သူက အလွန် အစွမ်းထက်သည့် လျှို့ဝှက် အဆင့် နည်းလမ်း တစ်ခုကို သူ့အား ပေးခဲ့သည်။ ထို့အပြင် ၎င်းနှင့် အလွန် သဟဇာတ ဖြစ်သည့် လျှို့ဝှက် မြေကြီး အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ချီးမြှင့်ခဲ့သည်။
ထိုရတနာနှစ်ခုကို ပါရမီနှင့် ပေါင်းစပ်လိုက်သော အချိန်၌ သူ၏ ကျင့်ကြံခြင်းက ခုန်ပေါက်ကာ တိုးတက် သွားခဲ့သည်။ ဟန်ယုဟိုင်၏ အဆင့်ကို တိုက်ရိုက် ဝင်ရောက် နိုင်ခဲ့သည်။ တစ်ခဏတာမျှ ထိပ်တိုက် ရင်ဆိုင်မှု အပြီးတွင်ပင် ထိုကြွက်စုတ်ကလေးထက် သာလွန်သည်ဟု သူ ခံစားလာရသည်။
အခြားတစ်ဖက်၌ ဟန်ယုဟိုင်၏ မျက်လုံးများမှာ လွန်ခဲ့သည့် နှစ်များက အတိုင်း သိမ်မွေ့ညင်သာ နေ၏။ သို့သော်လည်း... ၎င်းတို့၏ အနက်ရှိုင်းဆုံး နေရာတွင်တော့ ခက်ထန်သည့် ရန်လိုမှုများ၊ လက်စားချေလိုသည့် အတွေးများက အဆုံးမဲ့စွာ နေရာယူ နေပေသည်။ ထို့အပြင်... သူ ကြောက်လန့် နေပေသည်။
လက်ဖဝါးများ ဖြူရော်သွားသည် အထိ ဟန်ယုဟိုင် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်၏။ ဝူယု ပြန်လည် ရောက်ရှိလာကြောင်း ကြားသိခဲ့ရချိန်၌ ဟန်ယုဟိုင် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။ လွန်ခဲ့သည့် နှစ်များတုန်းက တတိယ အဆင့်ကို ခြေချဖို့ ကြိုးစားရင်း ဝူယု သေဆုံးသွားသည့် သတင်းများကို သူ ကြားခဲ့ရသည်။ ထိုအခါ သူ ဘာလုပ်ခဲ့သနည်း။ သုံးရက် သုံးည တိတိ အမူးသောက်ကာ အောင်ပွဲခံ ပစ်လိုက်ခြင်းပင် ဖြစ်လေသည်။
သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းခဲ့ကာ ဝူယုထက် သာလွန်ကြောင်း သက်သေ ပြနိုင်ခဲ့သည်နေ့၌ သူ နောက်တစ်ကြိမ် သောက်ခဲ့သည်။ တစ်ပတ်လုံးကြာအောင် မိန်းမများနှင့် ပျော်ပါးခဲ့သည်။ ထိုတစ်ပတ်ကပင် ပိုင်ယုရှီ၏ ဖခင် ဖြစ်သူကို ကိုယ်ဝန် ရစေခဲ့ခြင်း ဖြစ်သည်။ တကယ် ပျော်စရာ အတိနှင့် ရက်သတ္တပတ်ပင်။
သို့သော်လည်း... ယခုတွင်တော့ ဝူယုမှာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
***