တိုက်ပွဲ
Vol. 62 Ch. 868
မူလဂြိုဟ် လေထုအလွှာ၏ အပေါ်ဘက် အမှောင် ဟင်းလင်းပြင် အတွင်း၌ ထူးဆန်းသော တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်နေ၏။ ကျန်းကျိရီနှင့် ကုန်းလော့တို့မှာ ဟန်ယုဟိုင် ဆုံးဖြတ်ချက်ကို နားစွင့် နေကြ၏။ ဤကိစ္စက ဝေ့ဝူယင်နှင့် ချိတ်ဆက် နေလေရာ သူတို့ထဲမှ တစ်ဦးတစ်ယောက်ကမှ အမြင်ကို စပြောရန် ဆန္ဒ မရှိကြချေ။ သို့သော်လည်း ဟန်ယုဟိုင်ကတော့ ဝူယု တစ်ယောက်ကိုသာ မြင်၏။
“မလိုဘူး... ကျုပ်တို့ ဒီကို တိုက်ခိုက်ဖို့ လာတာမှ မဟုတ်တာ”
ဝေ့ဝူယင်က ဝူယုကို စကားပြန်ပေးလိုက်၏။ သို့သော်လည်း... ဟန်ယုဟိုင်၏ တုန့်ပြန်မှုကတော့ လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။
“ဆန်းကြယ် ဒြပ်စင်ကြယ်ကိုးပါး အစီအရင်ကို အသက်သွင်း လိုက်တော့...”
အလွန် ကျယ်လောင်သည့် ဟိန်းသံကြီးမှာ မူလဂြိုဟ် တစ်ခုလုံးကို ဖြန့်ကျက်ကာ ထွက်ပေါ်လာ၏။ ဟန်ယုဟိုင်၏ မျက်လုံးများက ကိုးရောင်ခြယ် အလင်းတန်းများနှင့် ပြင်းထန်စွာ ကြွမ်းလောင် နေသည်။
“...”
မြေကြီးရှန့်ထို နှစ်ယောက်မှာ ဆွံ့အ သွားကြ၏။
ဘုန်း… ဘုန်း…
တုန်ခါသံများ ထွက်ပေါ်လာကာ မူလဂြိုဟ်ကို ဖုံးအုပ်ထားသည့် အဖြူရောင် မြူနှင်းက နေကြယ် တစ်ခုလို တောက်ပ လင်းလက် လာသည်။ တစ်ဒင်္ဂမျှ အချိန် အတွင်းမှာပင် မူလဂြိုဟ် တစ်ခုလုံးမှာ ကိုးရောင်ခြယ် အလင်းတန်းများနှင့် နေကြယ် တစ်စင်း ဖြစ်သွားခဲ့တော့၏။
ဂြိုဟ်ပေါ်ရှိ လူများမှာ နားမလည်နိုင် ဖြစ်နေကြ၏။ သို့သော်လည်း… သူတို့မှာ အစီအရင် အတွင်း ရှိနေလေရာ လုံခြုံပေသည်။ အမှန်တကယ် ထိတ်လန့်မှုက ဟန်ယုဟိုင်ထံမှ နောက်ထပ် ကြေညာချက် ထွက်ပေါ်လာသော အချိန်တွင် ဖြစ်လေ၏။
“စစ်ပွဲအတွက် ပြင်ဆင်ကြတော့…”
ဝေ့ဝူယင်၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲ သွား၏။ ဝူယုကတော့ အူလှိုက်သည်းလှိုက် အော်ဟစ် ရယ်မော လိုက်လေသည်။
“သခင်လေး… ကြည့်ရတာ ကျုပ် မှန်နေတဲ့ ပုံပဲဗျ”
ဝူယုက ခနဲ့လိုက်သည်။ ဤနေရာသို့ မလာခင်က ဝေ့ဝူယင်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ခဲ့သည်။ ရွေးချယ်ခံ အဆင့်အတန်းကို သုံးကာ သူလိုချင်သည့် အရာကို အေးအေးဆေးဆေး ရှာဖွေ ချင်ခဲ့သည်။ အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါကလည်း တန်ရာတန်ကြေး ပေးရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဟန်ယုဟိုင်မှာ မျှော်လင့်ထားသည့် အတိုင်း တုန့်ပြန်လိမ့်မှာ မဟုတ်ကြောင်း ဝူယုက သူ့ကို သတိပေးခဲ့သေးသည်။
အဘယ်ကြောင့်နည်း။ အကြောင်းပြချက်က ရိုးရှင်းပေသည်။ ကြီးထွားခွင့် မပေးနိုင်ခြင်း ပင်။
ဟန်ယုဟိုင်၏ ရည်ရည်ရွယ်ချက်က ဝေ့ဝူယင် တစ်ဦးတည်း အပေါ်ကိုသာ မက ဝူယုကိုပါ ရည်ရွယ်ပေသည်။ ထိုဆုံးဖြတ်ချက်၌ ရာစုနှစ်နှင့်ချီ အမြစ်တွယ် နေခဲ့သည့် စိတ်ဒဏ်ရာများ ပါဝင်နေပေသည်။ ယခင်ကလို အဖြစ်အပျက်မျိုး ဟန်ယုဟိုင် နောက်တစ်ကြိမ် မကြုံချင်တော့ပေ။
ဤသည်က သူ၏ နယ်မြေ ဖြစ်သည်။ ဂြိုဟ် ဝင်္ကပါနှင့် အတူ သူ့တွင် အားသာချက် များစွာ ရှိပေသည်။ ထို့အပြင် သူ့ဘက်၌ အရေအတွက် အားသာချက်လည်း ရှိပေသေးသည်။ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်၏ ထောက်ပံ့မှုနှင့် အတူ ဝူယုကို ကြီးထွားခွင့် ပြုလိုက်ပါက အကျိုးဆက်က မတွေးရဲ စရာ ဖြစ်သွားပေလိမ့်မည်။
ဝေ့ဝူယင် ဆွံ့အစွာဖြင့် ဝူယုကို ကြည့်လိုက်မိ၏။ ဟန်ယုဟိုင် ထိုမျှ ရန်လို နေရအောင် ဝူယုက ဘာတွေ ပြုလုပ်ခဲ့ သနည်း။
“ဒြပ်စင်တွေအတွက်…”
အလွန် ကျယ်လောင်သည့် ဟိန်းသံကြီး ထွက်ပေါ်လာ၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်းရှိ ကျင့်ကြံသူများမှာ နည်းနည်းလေးမှ နှောင့်နှေးခြင်း မရှိလှချေ။ သူတို့က လျှင်မြန်စွာပင် လှုပ်ရှားလာကြကာ ကိုယ်ပိုင် နေရာများကို ယူလိုက်ကြ၏။
ထိုကဲ့သို့သော ဝင်္ကပါများမှာ မကြာခဏ ဆိုသလို ပြုပြင် ထိန်းသိမ်းမှု၊ လောင်စာ နေရာ ချထားမှု၊ ပြင်ပ အန္တရာယ် ကာကွယ်မှုတို့ အတွက် ကျင့်ကြံသူများကို လိုအပ်ပေသည်။
သူတို့၏ လှုပ်ရှားမှုများက မြန်ဆန်ကာ စည်းလုံး လှ၏။ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ဂြိုဟ်ဝင်္ကပါကို တည်ဆောက်ရာ၌ ဦးဆောင်သူ နေရာကို ယူထားကြသည်။ အချို့က ထူးဆန်းကာ ဆလင်ဒါ ပုံသဏ္ဌာန် ရှိသည့် မျှော်စင်များထံသို့ ပျံသန်း သွားကြသည်။ ၎င်းတို့က သန့်စင် ကြည်လင်၍ နို့နှစ်ရောင် အဆင်း ရှိကြကာ ကျောက်တုံး ကဲ့သို့ အရာများဖြင့် တည်ဆောက် ထားကြပေသည်။
ထိုမျှော်စင်များမှာ ဒြပ်စင် နယ်မြေ၏ အကြွင်းမဲ့ ဒြပ်စင်နှင့် ပရမတ် ကျောက်စိမ်း အစီအရင်များ၏ ထိန်းချုပ်ခန်းများပင် ဖြစ်သည်။
ဒြပ်စင် နယ်မြေ၏ ချိတ်ဆက် နယ်မြေ အစီအရင်ကြီးမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ လျှို့ဝှက် နယ်မြေ နှစ်ခု ဖြစ်သည့် အကြွင်းမဲ့ ဒြပ်စင်နှင့် ပရမတ် ကျောက်စိမ်း နယ်မြေများထံမှ စွမ်းအင်များကို ရင်းမြစ် အဖြစ် ထုတ်ယူသုံးစွဲသည်။
တဒင်္ဂမျှ အချိန် အတွင်းမှာပင် အမိန့် တစ်ခုတည်း အောက်၌ ဂြိုဟ် တစ်ခုလုံးမှာ စတင် ပြင်ဆင် နေကြပြီ ဖြစ်လေသည်။
စစ်…
ထိုအရာက ကပ်ဆိုးကြီး တစ်ခုလို ကျရောက် လာပေတော့မည်။ ၎င်းအား ကြေညာခဲ့သူက သူတို့၏ ဒြပ်စင် ကာကွယ်သူ ဖြစ်သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အကျော်ကြားဆုံးနှင့် အစွမ်း အထက်ဆုံး ပညာရှင်ကြီး ဖြစ်သည်။
သူက ဂိုဏ်းကို တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြင့် အုပ်စိုးခြင်း မပြုသည့်တိုင် သူ ပြောသမျှ နှုတ်ထွက် စကားတိုင်းက ဥပဒေလိုပင် ဖြစ်သည်။
တစ်ချိန်တည်း၌ အခြား မြေကြီးရှန့်ထို နှစ်ယောက်မှာ ဟန်ယုဟိုင်၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင် ဖြစ်နေကြ၏။ သူက အဘယ်ကြောင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်း တစ်ခုလုံးကို စစ်ပွဲ အတွင်း ဆွဲသွင်းခဲ့သနည်း။ အဘယ်ကြောင့်နည်း။
“ကာကွယ်သူဟန်… ဒါက…”
ကျန်းကျိရီမှာ သုံးယောက်ထဲတွင် အားအနည်းဆုံး ဖြစ်လေရာ အစိုးရိမ်ဆုံး၊ စိတ်အပူဆုံး ဖြစ်ပေသည်။
ဝေ့ဝူယင်မှာ ရောက်ရှိလာခဲ့သည် ဆိုသော်လည်း ကောင်းသည့် ရည်ရွယ်ချက်နှင့် ဖြစ်ပုံပေါ်သည်။ ထို့အပြင် သူက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် ဖြစ်သည်။ သို့သော်လည်း… ဟန်ယုဟိုင်က အကျိုးအကြောင်းပင် မမေးပဲ ခရီးရောက် မစိုက် တန်းကာ စစ်ကြေညာခဲ့သည်။ အဘယ်ကြောင့်နည်း။
ဝမ်… ဝမ်… ဝမ်…
ဂြိုဟ်ဝင်္ကပါကား အပြည့်အဝပင် အသက်ဝင် လာခဲ့ပြီ ဖြစ်သည်။ မူလဂြိုဟ်ကို နေကြယ် တစ်စင်း အသွင် ပြောင်းလဲ ပစ်လိုက်သည့် အလင်းများမှာ ပိုမို တောက်ပကာ သန်မာ လာ၏။
တစ်ချိန်တည်း၌ အကြွင်းမဲ့ ဒြပ်စင်နှင့် ပရမတ် ကျောက်စိမ်း အစီအရင် မျှော်စင် ကိုးခုမှာ အပြည့်အဝပင် နိုးထနေခဲ့ပြီ ဖြစ်သည်။ ၎င်းတို့ တစ်ခုချင်းစီကို များစွာသော လျှို့ဝှက် အာဏာရှင် အဆင့်များက နေရာယူ ထားကြကာ တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားကြ၏။
ကုန်းလော့မှာ ဟန်ယုဟို၏ ရည်ရွယ်ချက်ကို နားမလည်နိုင်တော့ချေ။
“ခင်ဗျား ဘာသောက်ပြဿနာ လုပ်နေတာလဲ ကာကွယ်သူဟန်… ခင်ဗျား လုပ်နေတဲ့ပုံက အလွန်အကျွံ ဖြစ်နေပြီ… ခုချက်ချင်း အမိန့်ကို ပြန်ရုတ်သိမ်းပေးပါ”
အကြွင်းမဲ့ ဒြပ်စင် လျှို့ဝှက် နယ်မြေမှာ သူတို့ အဖွဲ့၏ ဗဟိုနယ်မြေ ဖြစ်ကာ ပါရမီရှင်များကို လေ့ကျင့်ပေးရာ ဒေသ ဖြစ်သည်။ အကယ်၍ ၎င်းသာ ဖျက်ဆီးခံလိုက်ရပါက အရင်ဆုံး ထိခိုက်မည်က သူတို့ပင်။
သို့သော်လည်း ဟန်ယုဟိုင်က နည်းနည်းလေးမျှ ဂရုစိုက်ခြင်း မရှိပါချေ။
“ကာကွယ်သူဟန်… သူက ကျွန်မတို့ရဲ့ ရွေးချယ်ခံနော်… ရန်သူ မဟုတ်ဘူး”
ကျန်းကျိရီက သတ္တိမွေးကာ ကုန်းလော့နှင့် အတူ ဟန်ယုဟိုင်ကို ဖျောင်းဖျဖို့ ကြိုးစား လိုက်သည်။
မြေကြီးရှန့်ထိုချင်း အတူတူ ဖြစ်သည့်တိုင် ဟန်ယုဟိုင်မှာ ဂြိုဟ်အကာအကွယ် ဝင်္ကပါနှင့် နယ်မြေ ဝင်္ကပါနှစ်ခုစလုံးကို ချုပ်ကိုင်ထားသူ ဖြစ်လေရာ အခွင့်အာဏာက သူ့ထံတွင် ရှိနေပေသည်။
သူတို့ ညှိနှိုင်းဖို့ ကြိုးပမ်းနေသည့် တစ်ချိန်တည်းတွင်ပင် အမှောင် ဟင်းလင်းပြင် အတွင်း အပြောင်းအလဲများ ဖြစ်ပေါ် လာခဲ့၏။ ကျောက်စိမ်းနှင့် ကိုးရောင်ခြယ် ပုလဲများမှာ နယ်မြေအတွင်း စတင် ဖွဲ့စည်း လာခဲ့၏။ ၎င်းတို့က မြူတစ်မှုန်စာ အရွယ်အစားမှ နေ၍ လျှင်မြန်စွာ ကြီးထွားလာခဲ့သည်။ ၎င်းတို့က အရေအတွက် အားဖြင့် ကိုးဆယ့်ကိုးခု တိတိ ရှိကာ လဂြိုဟ်အရွယ်အစားခန့် အထိ ရှိလာခဲ့သည်။ ၎င်းတို့မှာ ဝင်္ကပါများ ပုံစံဖြင့် ကျဲပြန့် နေရာယူ နေကြကာ တစ်ခုနှင့် တစ်ခု အဖြူရောင် အလင်းမြစ်များဖြင့် ဆက်သွယ် ထားကြ၏။
ထိုအရာ အားလုံး ဖြစ်ပျက်နေခဲ့စဉ်တွင် ဝေ့ဝူယင်မှာ သူ့ဘဝ တစ်လျှောက် အနက်ရှိုင်းဆုံးသော မျက်မှောင်ကို ဆင်မြန်း ထားခဲ့၏။ ထိုကဲ့သို့သော နယ်မြေ အစီအရင်များကို ဖော်ထုတ်ရန် အတွက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ပေသည်။ ဝူယု၏ အဆင့်တက်မှု ပြီးနောက် ထာဝရ အစည်းအရုံးသည်ပင် အစီအရင်၏ တစ်စိတ် တစ်ပိုင်းကိုသာ အချိန်မှီ အသက်သွင်း နိုင်ခဲ့သည်။
ဟန်ယုဟိုင်မှာ ထိုကဲ့သို့ ဖြစ်လာမည်ကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ထင်ရှား လှသည်။
မြေကြီးရှန့်ထို နှစ်ယောက်မှာ လျှင်မြန်စွာ အသက်ဝင်လာသည့် ဝင်္ကပါများကို ကြည့်ကာ ဟန်ယုဟိုင်ကို ဖြူရော်စွာ ကြည့်လိုက် မိကြ၏။ နောက်ပြန်လှည့်ရန် အခွင့်အရေး မရှိတော့ကြောင်း သူတို့ သိလိုက်ချေပြီ ဖြစ်သည်။
ဟူး… ဟူး…
စက္ကန့်နှင့်အမျှ ကြယ်တာရာ အဆင့်နှင့် လျှို့ဝှက် အဆင့် ကျောက်တုံး များစွာမှာ စွမ်းအင် ရင်းမြစ် အဖြစ် လောင်ကြွမ်း ပျောက်ကွယ် နေကြ၏။ ဘဏ္ဍာရေး ထိခိုက်နေသည့် အခြေအနေမျိုးတွင် ၎င်းက အဆင်အခြင်မဲ့သည့် လုပ်ရပ် တစ်ခုလိုပင် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ဟန်ယုဟိုင်က အဘယ်ကြောင့် ထိုမျှ ရင်းနှီး နေရသနည်း။