လွမ်းဆွတ်တမ်းတနေရသော
Vol. 138 Ch. 1916
ကျန်းဧကရီမြို့၏ မြောက်ဘက်တွင် လွင်ပြင်ကြီးတစ်ခု ရှိ၏။ ထိုလွင်ပြင်ကြီးကို နံရံများက ကာရံထားပြီး တပ်သားများက နေ့ညမပြတ် စောင့်ကြပ်နေကြသည်။ အပြင်လူများသည် ထိုလွင်ပြင်ထဲ ဝင်ခွင့်မရှိချေ။ သာမန် မြို့သူမြို့သားများလည်း ထိုလွင်ပြင်၏ ငါးကီလိုမီတာပတ်လည်အတွင်း လာခွင့်မရှိပေ။
ထိုနေရာမှာ သင်္ချိုင်းတစ်ခုပင်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲရှိ အဆင့်အတန်းအမြင့်ဆုံးသူများကိုသာ ထိုသင်္ချိုင်းတွင် မြှုပ်နှံခွင့်ရှိသည်။ သေပြီးနောက် ထိုသင်္ချိုင်းတွင် မြှုပ်နှံခံရသူမှာ အမြင့်ဆုံး ဂုဏ်ကို ရရှိခြင်းဟု ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် သတ်မှတ်ထားကြသည်။
ထိုအခိုက်တွင် သင်္ချိုင်းထဲ၌ လူများစွာ ရပ်နေကြသည်။ အရေအတွက်မှာ တစ်ထောင်လောက်ရှိသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲရှိ ဩဇာအာဏာရှိသော မျိုးနွယ်တိုင်း၏ မျိုးနွယ်ခေါင်းဆောင်များအားလုံး ထိုနေရာတွင် ရှိနေကြသည်။ သူတို့အားလုံး အနောက်တွင် ရိုရိုသေသေ ရပ်နေကြလေသည်။
အရှေ့ဆုံးတွင် ရပ်နေသူ တစ်ယောက်ရှိသည်။ ကျန်းရီသည် လေးလံသော မျက်နှာထားနှင့် သူ့အရှေ့ရှိ ကမ္ပည်းတိုင်ကို ကြည့်နေ၏။ သူ့မျက်ဝန်းများထဲတွင် ပူဆွေးမှုများ ပြည့်နှက်နေသည်။ ကျန်းယွင်ဟိုင်၊ နန်ကုန်းချီလင်း၊ ထန်ရွှယ်၊ ထန်ယန်၊ မိစ္ဆာဧကရီ၊ ယင်အင်ပါယာ၊ ရွှမ်အင်ပါယာနှင့် အခြားသူများအားလုံးကို ထိုသင်္ချိုင်းထဲတွင် မြှုပ်နှံထားပေသည်။
ကျန်းယွင်ဟိုင်သည် ကျင့်ကြံခြင်းအဆင့် အလွန်နိမ့်သဖြင့် စောစောသေဆုံးခဲ့သည်။ သူ အသက်တစ်ရာအထိ နေပြီးနောက် အိုမင်းကာ သေဆုံးသွားလေသည်။ မိစ္ဆာဧကရီ၊ ယင်ဧကရာဇ်၊ ရွှမ်ဧကရာဇ်နှင့် အခြားသူများလည်း အိုမင်းကာ သေဆုံးသွားခဲ့သည်။ ကျန်းရီ ထွက်သွားခဲ့ကတည်းက သူတို့မှာ အလွန်အိုမင်းနေခဲ့ပြီ မဟုတ်ပါလား။ အသက်ကြီးလာလေ၊ ခန္ဓာကိုယ်က အားနည်းလာလေပင်။ ထို့ပြင် ဉာဏ်ရည်လည်း အားနည်းလာသည်။ ထို့ကြောင့် သူတို့သည် မသေခင်အတွင်း ကောင်းကင်နတ်ဘုရားအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ကြခြင်းဖြစ်သည်။
နန်ကုန်းချီလင်း၊ ထန်ရွှယ်နှင့် ထန်ယန်တို့မှာမူ စိတ်ဓာတ်ကျ၍ သေဆုံးခဲ့ခြင်းပင်။ သူမတို့သည် သူမတို့၏ အိုမင်းလာသော ပုံစံကို ကျန်းရီပြန်လာလျှင် မည်တွေ့သွားမည်အား စိုးရိမ်ခဲ့ခြင်းဖြစ်မည်။ ထို့ကြောင့် သူမတို့သည် အသေခံ၍ ကျန်းရီ၏ စိတ်ထဲတွင် သူမတို့၏ လှပသော သွင်ပြင်များကိုသာ ချန်ထားခဲ့လိုခဲ့ပေသည်။
ချမ်ချမ်မှာ လိပ်နက်မျိုး ဖြစ်၍ သက်တမ်းအလွန်ရှည်သည်။ အတိတ်တွင် အောင်းလုသည် အသက်ခုနစ်သိန်းကျော် နေခဲ့သည်။ ထိုအခိုက်တွင် ကျန်းရီတစ်ယောက် သူ့ကိုယ်သူ အပြစ်တင်နေသည်။ သူသာ နှစ်တစ်ရာ၊ နှစ်ရာလောက် စော၍ ပြန်လာခဲ့လျှင် လူများစွာ သေဆုံးခဲ့လိမ့်မည် မဟုတ်ချေ။
အထက်ဘုံအချိန်နှင့်ဆိုလျှင် ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ ထွက်သွားခဲ့သည်မှာ လေးနှစ်ကျော် ငါးနှစ်လောက်သာ ရှိသေးသည်။ သို့သော် အနိမ့်ဘုံအချိန်နှင့်ဆိုလျှင် နှစ်လေးရာကျော် ငါးရာ ဖြစ်သည်။ ဗုဒ္ဓဧကရာဇ်က ရှင်သန်နိုင်သေးသည်မှာပင် အလွန်ထူးဆန်းနေပြီဖြစ်သည်။ ဗုဒ္ဓဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့်က မြင့်ပြီး နတ်ဘုရားစစ်သူကြီးအဆင့်သို့ ရောက်နေပေပြီ။ မဟုတ်လျှင် သူ သေသွားခဲ့သည်မှာ ကြာလောက်ပြီဖြစ်သည်။
ကျန်းရီသည် စကားတစ်ခွန်းမှမပြော၊ မည်သို့မှမလုပ်ဘဲ သင်္ချိုင်းထဲတွင် ရပ်နေသည်။ သူ မလှုပ်သလို လှုပ်လည်း မလှုပ်ဝံ့ပေ။ သူ သင်္ချိုင်းထဲတွင် ရက်အနည်းငယ် ရပ်နေခဲ့သည်။ အားလုံးကလည်း သူနှင့်အတူ ရပ်နေကြပေသည်။
“အားလုံးပဲ သွားကြပါတော့။ ကျွန်တော် ဒီမှာ တစ်ယောက်တည်း နေချင်တယ်”
ငါးရက်ကြာပြီးနောက် ကျန်းရီ လက်ဝှေ့ယမ်းလိုက်၏။ ရီချန်သည် ဗုဒ္ဓဧကရာဇ်ကို တွဲခေါ်၍ လူများကို အဝေးသို့ ဦးဆောင်ခေါ်သွားသည်။ ကျန်းရီသည် ကျန်းယွင်ဟိုင်၏ကမ္ပည်းတိုင်ဆီသို့ သွား၍ ရိုရိုသေသေ ကန်တော့လိုက်သည်။ ထို့နောက် သူ မြေပြင်ပေါ်တွင် ထိုင်ကာ နာရီအနည်းငယ်ကြာအောင် ရေရွတ်နေလိုက်၏။ ပြီးနောက် သူ နန်ကုန်းချီလင်း၏ ကမ္ပည်းတိုင်ဆီသို့သွားကာ နာရီအနည်းငယ် ရေရွတ်နေလိုက်ပြန်သည်။
နောက်ထပ်ငါးရက်ကြာပြီးနောက် ကျန်းရီ သင်္ချိုင်းထဲမှ လျှောက်ထွက်သွားလိုက်၏။ သူ့မျက်နှာက ပုံမှန်ပြန်ဖြစ်သွားပေပြီ။ မွေးဖွားခြင်းနှင့် အိုနာသေဘေးမှာ မိုးမြေ၏ စည်းမျဉ်းများဖြစ်သည်။ ယင်းတို့ကို ရှောင်လွှဲ၍ မရနိုင်ပေ။
ဖြစ်ပြီးခဲ့သည်မှာ ဖြစ်ပြီးခဲ့ပေပြီ။ အသက်ရှင်နေသူများအတွက် ကျန်းရီ ဆက်၍ကြိုးစားရန် လိုအပ်ပေသည်။ သူ့တွင်အချိန်များစွာ မကျန်တော့၍ သူ ပူဆွေးနေ၍ မရချေ။ သူ ထွက်သွားရမည်။ မဟုတ်လျှင် တောက်နူ သို့မဟုတ် မိုးပြာမဟာဧကရာဇ် ရောက်လာပေလိမ့်မည်။
ကျန်းရီသည် ကျန်းဧကရာဇ်မြို့ထဲရှိ အကြီးဆုံးရဲတိုက်ထဲ လျှောက်ဝင်သွား၏။ ထိုရဲတိုက်ထဲတွင် မျိုးနွယ်ကြီးများ၏ မျိုးနွယ်ခေါင်းဆောင်များအားလုံး အတူတကွ စုဝေးနေကြသည်။ ကျန်ဝူရွှမ်း၊ ရီချန်နှင့် အခြားသူများလည်း ရဲတိုက်ထဲ၌ ရှိနေကြသည်။ သို့သော် ရီဖျောင်ဖျောင်ကိုမူ မတွေ့ရပေ။
“ယောက်ျား.. အမေက ကောင်းကင်ကြယ်တာရာနယ်မြေကို ပြန်သွားတယ်။ ကျွန်မတို့ သူနဲ့အတူ လိုက်သွားပေးဖို့ပါပဲ၊ ဒါပေမဲ့ သူက တစ်ယောက်တည်းပဲ ပြန်သွားချင်တယ်တဲ့”
ရီချန်က ရှင်းပြသည်။ ကျန်းရီ နားလည်သွား၏။ ရီဖျောင်ဖျောင်က ကျန်းပိုင်လီကို အရိုအသေသွားပေးခြင်းဖြစ်မည်။ ရီဖျောင်ဖျောင်၏ တိုက်ခိုက်စွမ်းအားက အလွန်အားကောင်းသည်။ ထို့ကြောင့် ကျန်းရီ မစိုးရိမ်ပေ။ သူ ထိပ်ဆုံးမှ ထိုင်ခုံတွင် ထိုင်လိုက်ပြီး ခန်းမကို ဝေ့ဝဲကြည့်လိုက်သည်။
ကောင်းကင်ကြယ်တာရာနယ်နမိတ်က ပြီးခဲ့သော နှစ်များအတွင်း စွမ်းအားကြီး သိုင်းသမားများစွာကို မွေးထုတ်ပေးခဲ့သည်။ ခန်းမထဲတွင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေသည်။ အနည်းဆုံး အယောက်တစ်ရာလောက် ရှိမည်။ သို့သော် သူတို့ ထိုမျှလျင်မြန်စွာ ကျင့်ကြံနိုင်ခဲ့ခြင်းမှာ မိုလင်းချိုး၏ ကူညီပေးမှုကြောင့် ဖြစ်မည်။
ကောင်းကင်နတ်ဘုရားများမှာ တက်လှမ်းနိုင်ကြသည်။ သို့သော် တက်လှမ်းခြင်း လမ်းကြောင်းမှာ ချိပ်ပိတ်ခံထားရသည်။ ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ ကောင်းကင်နတ်ဘုရားအားလုံးကို ကောင်းကင်မိစ္ဆာဘုံသို့ ခေါ်သွားကာ ပျိုးထောင်ပေးရန် ပြင်ဆင်ထားသည်။ သူ မျိုးဆက်သစ်အချို့ကို ချန်ခဲ့လိုပေသည်။
ကျန်းရီသည် မိုးပြာမဟာဧကရာဇ်နှင့် သူက အနှေးနှင့်အမြန်ဆိုသလို တိုက်ခိုက်ရမည်ဖြစ်ကြောင်း သိသည်။ သို့ဖြစ်ရာ သူ လူများကို လူစုခွဲထားရမည်။ ကြက်ဥအားလုံးကို ခြင်းတောင်းတစ်တောင်းထဲတွင် ထည့်ထား၍ မဖြစ်ပေ။ ယင်းမှာ မျိုးနွယ်ကြီးအားလုံး လုပ်တတ်သော အရာပင်။
ကျန်းရီက ထိုသို့အကြံပြုလိုက်သောအခါ ကောင်းကင်နတ်ဘုရားအများစုမှာ မတုံ့ဆိုင်းဘဲ ကျန်းရီနောက်သို့လိုက်ရန် သဘောတူလိုက်ကြသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်က အလွန်သေးငယ်သည်။ ကောင်းကင်နတ်ဘုရားများအတွက် တိုက်ခိုက်စရာနေရာ မရှိပေ။ အရေးအကြီးဆုံးမှာ ကျန်းရီနှင့် အခြားသူများက တိုးတက်အောင်လုပ်ရန် ကောင်းကင်ဘုံသို့ သွားမည်ဖြစ်ခြင်းပင်။ သူတို့အားလုံး အပြင်လောကကိုလည်း အတူတကွ စူးစမ်းလိုကြပေသည်။
ဗုဒ္ဓဧကရာဇ်မှာ ထွက်မသွားလိုပေ။ ရီချန်နှင့် အခြားသူများက သူ့ကို အချိန်အကြာကြီး ဖျောင်းဖျခဲ့သည်။ ကျန်းရီသည် သူ၏သက်တမ်းကို တိုးမြှင့်ပေးရန် ဝိညာဉ်ဆေးပင်များ ရှာပေးမည်ဟုပင် ပြောခဲ့သည်။ သို့သော် သူက သဘောမတူခဲ့ပေ။ သူက အသက်ကြီးပြီဖြစ်ပြီး သူ့မိတ်ဆွေဟောင်းအားလုံးကလည်း ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ရှိနေကြသည်။ သူသည် သူ့အိမ်မှ ထွက်မသွားလိုဘဲ ဤနေရာတွင်သာ သေလိုပေသည်။
ရက်အနည်းငယ်ကြာပြီးနောက် ရီဖျောင်ဖျောင် ပြန်လာသည်။ ထိုအခါ ကျန်းရီ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ သူ နတ်ဘုရားအမြစ်များ၊ နတ်ဘုရားအသုံးအဆောင်များနှင့် ဝိညာဉ်ဆေးပင်များကို သူ့သိုလှောင်လက်စွပ်ထဲမှထုတ်၍ မျိုးနွယ်အသီးသီးကို ဝေမျှပေးလိုက်သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲမှ မျိုးဆက်သစ်များကိုလည်း ကြိုးစားကျင့်ကြံရန် မှာလိုက်သည်။ နောင်တွင် သူတို့ တိရှဘုံသို့ တက်လှမ်းလာနိုင်မည်ဆိုလျှင် ကျန်းရီသည် လူများစေလွှတ်၍ သူတို့ကို ကြိုဆိုပေးမည်ဖြစ်သည်။
“နှုတ်ဆက်ပါတယ် ကျန်းဧကရာဇ်”
ကျန်းရီသည် လူတစ်စုကို ဦးဆောင်၍ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်၏။ ထို့နောက် သူသည် ငိုကြွေးနေသော ရီချန်နှင့် အခြားသူများကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်သည်။ သောင်းချီသော လူများသည် ကျန်းရီတို့ ထွက်သွားသည်ကိုလည်း ကြည့်နေကြသည်။
ကျန်းရီ တက်လှမ်းသွားခဲ့စဉ်က ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကယ်ရန်တာဝန်ကို ပခုံးထမ်းသွားခဲ့သည်။ သူသည် အထက်ဘုံသို့ ရောက်ပြီးနောက် ရီဖျောင်ဖျောင်နှင့် ကျန်းရှောင်နူကို ခေါ်၍ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ပြန်ကာ တစ်ဘဝလုံး အေးအေးချမ်းချမ်း နေလိုခဲ့သည်။
ယခု ကျန်းရီသည် ရီဖျောင်ဖျောင်နှင့် ကျန်းရှောင်နူတို့ကို သူ့ဘေးသို့ ခေါ်ထားနိုင်ပြီဖြစ်သည်။ သို့သော် သူ ရွေးချယ်စရာ မရှိဘဲ ထပ်ထွက်သွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ပခုံးပေါ်တွင် ပိုကြီးလေးသော တာဝန်တစ်ခု ရှိနေ၍ပင်။ ဤတစ်ခေါက်တွင် သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်ကိုသာ မဟုတ် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်ရမည်ဖြစ်သည်။
ကျန်းရီ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲမှနေ၍ ချက်ချင်း ပျံထွက်သွားလိုက်သည်။ သူ့ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရားအဆင့်ကို များစွာ ကျော်နေပြီဖြစ်သည်။ ထို့ပြင် သူက တစ်ကြိမ် တက်လှမ်းခဲ့ဖူးပေပြီ။ ထို့ကြောင့် သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ မိုးမြေစည်းမျဉ်းများ၏ ကန့်သတ်မှုကို မခံရတော့ပေ။ အဘိုးအိုက အပြင်ဘက်တွင် စောင့်နေသေးသည်။ ကျန်းရီသည် အဘိုးအိုကိုခေါ်၍ ကြားမှတ်ဆီ ပျံသန်းသွားလိုက်ပြီး ၎င်းနောက် တိရှဘုံသို့ တည်နေရာပြန်ပြောင်းရွှေ့လိုက်လေသည်။
ရွှီး...
ကျန်းရီ တိရှမြို့ထဲတွင် ပြန်ထွက်ပေါ်လာသောအခါ သူ့မြင်ကွင်းထဲတွင် ရင်းနှီးသူနှစ်ယောက် ထွက်ပေါ်လာ၏။ သူတို့နှစ်ယောက်က အဆိပ်ဝိညာဉ်နှင့် အနက်ရောင်နတ်ဘုရားပင်။ သူတို့သည် ကျန်းရီကို မြင်သောအခါ ဝမ်းမြောက်သွားကြသည်။ သူတို့ လျင်မြန်စွာ ပျံသန်းလာကြပြီး ကျန်းရီအရှေ့တွင် ဒူးတစ်ဘက် ထောက်ကာ လေသံတိုးတိုးနှင့် ပြောလိုက်ကြသည်။
“နှုတ်ဆက်ပါတယ် အရှင်”
“ကဲပါ... ထကြ၊ ထကြ”
ကျန်းရီသည် ထိုနှစ်ယောက်ကို ထူလိုက်ပြီး ကျန်းရီစီရင်စုနယ်၏ အခြေအနေအကြောင်းကို မေးလိုက်သည်။ ရှောင်ယောင်ဘုရင်က သူ့စီရင်စုနယ်ကို မလုယူဝံ့ခဲ့၍သာ တော်သေးသည်။ ထို့ကြောင့် ကျန်းရီစီရင်စုနယ်က ပုံမှန်အတိုင်း လည်ပတ်နေသည်။ တိရှဘုံထဲမှ မျိုးနွယ်ကြီးများသည်လည်း ကျန်းရီစီရင်စုနယ်ကို မသိမ်းပိုက်ဝံ့ကြပေ။
မိုလင်းချိုးသည် မိုမျိုးနွယ်ဝင်များကို ဆန်းကြယ်နယ်မြေထဲမှနေ၍ တိရှဘုံသို့ ပြန်ခေါ်လာပြီးဖြစ်သည်။ ထို့ပြင် မိုလင်းချိုးက ပြင်ဆင်မှုသုံးခုလုပ်ထားသည်။ မျိုးနွယ်ဝင်အချို့က ဆန်းကြယ်နယ်မြေထဲတွင် ဆက်ပုန်းအောင်းနေမည်ဖြစ်ပြီး အချို့ကို ကျန်းရီက ခေါ်သွားမည်ဖြစ်သည်။ အချို့မှာမူ တိရှဘုံထဲတွင် နေခဲ့ပေမည်။ ထိုနည်းနှင့်ဆိုလျှင် တစ်စုံတစ်ခု ဖြစ်လာပါက မိုမျိုးနွယ် မျိုးပြုတ်သွားပေလိမ့်မည်။
“မိစ္ဆာချေဖျက်တောင်ကြားကို သွားကြစို့”
အရာအားလုံးကို စီစဉ်ပြီးနောက် ကျန်းရီ အားလုံးကို ခေါ်ကာ ထွက်သွားလိုက်၏။ ကောင်းကင်မိစ္ဆာဘုံက အလွန်လုံခြုံသည်။ သူ အားလုံးကို ထိုသို့ခေါ်သွားလိုက်လျှင် ဆက်၍ စိုးရိမ်နေရန် လိုတော့မည် မဟုတ်ချေ။ ထိုအခါ သူ တမလွန်ဘုံ၏ ပိုင်နက်ထဲတွင် မိုးပြာမဟာဧကရာဇ်နှင့် စိတ်ကြိုက်ကစားနိုင်မည်ဖြစ်သည်။
ရွှီး...
ကျန်းရီ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်၏။ ထို့နောက် အဖြူရောင်အလင်း လင်းလက်လာပြီး အတန်ငယ်ကြာပြီးနောက် သူ မိစ္ဆာချေဖျက်တောင်ကြားသို့ ရောက်ရှိသွားသည်။ သို့သော် သူ မိစ္ဆာချေဖျက်တောင်ကြားထဲတွင် ထွက်ပေါ်လာသောအခါ တစ်စုံတစ်ခု မှားနေကြောင်း သူ ချက်ချင်း သတိပြုမိလိုက်သည်။
မိစ္ဆာချေဖျက်တောင်ကြားက အလွန်တိတ်ဆိတ်နေ၏။ တောင်ကြားထဲမှ ရင်ပြင်ထဲတွင် တပ်သားတစ်ယောက်မှ မရှိပေ။ သူ ကောင်းကင်စိတ်အာရုံကို သုံး၍ မိစ္ဆာချေဖျက်တောင်ကြားကို အာရုံခံလိုက်စဉ်တွင် အေးစက်စက် ရယ်သံတစ်သံကို ကြားလိုက်ရသည်။
“ကျန်းရီ... နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့။ ငါ မင်းကိုစောင့်နေတာ ကြာပြီ”
ကျန်းရီ မျက်မှောင်ကြုတ်သွားသည်။ သူ့ကောင်းကင်စိတ်အာရုံက ရဲတိုက်အလွှာလွှာကို ဖြတ်ပြီးနောက် လူတစ်ယောက်အပေါ် ကျရောက်သွား၏။ မိုးပြာမဟာဧကရာဇ်နှင့် အနှေးနှင့်အမြန်ဆိုသလို တိုက်ခိုက်ရမည်ဖြစ်ကြောင်း သူသိသည်။ သို့သော် မိုးပြာမဟာဧကရာဇ်က ထိုမျှမြန်မြန် ရောက်လာလိမ့်မည်ဖြစ်ကြောင်း သူ မျှော်လင့်မထားပေ။
***