← Chapters

မိုးပြာမဟာဧကရာဇ်ပင် မတတ်နိုင်

Vol. 138 Ch. 1917

မိုးပြာမဟာဧကရာဇ်ပင် မတတ်နိုင်

Vol. 138 Ch. 1917

မိုးပြာမဟာဧကရာဇ် ရောက်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်၊ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများကို ကောင်းကင်စကြဝဠာဘုံသို့ စစ်ကူသွားရန် ညွှန်ကြားပြီးနောက် လျှို့ဝှက်၍ တည်နေရာပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။

မိုးပြာမဟာဧကရာဇ်သည် အရာအားလုံးကို မသေမျိုးတစ်ပိုင်း ရသေ့ကြီးကိုသာ လွှဲပေး၍ ကောင်းကင်စကြဝဠာဘုံကို တိုက်ခိုက်ရန် အရေးစိုက်မနေတော့ပေ။ သူ့ရင်ထဲတွင် ကျန်းရီက ကောင်းကင်စကြဝဠာဘုံကို တိုက်ခိုက်ရန်ထက် များစွာပို၍ အရေးပါသည်။

မိုးပြာမဟာဧကရာဇ်သည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး လက်ရှိအဆင့်သို့ ရောက်နေသည်မှာ အလွန်ကြာခဲ့ပြီဖြစ်သည်။ သို့သော် သူ ဆက်၍ မတိုးတက်နိုင်တော့ပေ။ နောက်ဆုံးအဆင့်ကို တက်လှမ်းကာ မသေမျိုးလောကတံခါးကို ဖွ၍့်၍ မသေမျိုးတစ်ယောက် ဖြစ်လာရန် မဆိုထားနှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်အဆင့်သို့ပင် မရောက်နိုင်သေးချေ။

ထို့ကြောင့် ကောင်းကင်စကြဝဠာဘုံ၊ ကောင်းကင်အံ့ဖွယ်ဘုံနှင့် တမလွန်ဘုံတို့အား သိမ်းပိုက်လျှင်လည်း ကြာရှည်ထိန်းထားနိုင်မည်မဟုတ်ပါ။ တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာသည်နှင့် ထိုဘုံအားလုံးကို ချက်ချင်း ပြန်ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်က တမလွန်ဘုံဧကရာဇ်ကို မသတ်နိုင်လျှင် ဘုံများကို သိမ်းပိုက်ထားခြင်းက အဓိပ္ပာယ်မဲ့နေပေလိမ့်မည်။

လောကထဲတွင် အင်အားကသာ အခရာဖြစ်သည်။ ကျန်သောအရာအားလုံးမှာ လွင့်မျောနေသော တိမ်တိုက်များသာ။

အကယ်၍ မိုးပြာမဟာဧကရာဇ်က သူ့အင်အားကို တိုးမြှင့်နိုင်လျှင် ကောင်းကင်တာအိုကို ဆက်သိမြင်နားလည်ရန် လိုအပ်ကာ ကောင်းကင်စက်ဝန်းအဆင့်ကို ပြီးပြည့်စုံအောင် လုပ်ရပေမည်။ ယင်းမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏အဆင့်ဖြစ်သည်။ မဟုတ်လျှင် သူ ပြင်ပအသုံးအဆောင်များကို မှီခိုရမည်ဖြစ်သည်။

ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်မှာ ပြင်ပအသုံးအဆောင်ဖြစ်သည်။ ၎င်းက ကပ်လောကတစ်ခုလုံးတွင် စွမ်းအားအကြီးဆုံး လက်နက်ဖြစ်၏။ ထိုဓားက အတုမဲ့ ဩဇာအာဏာရှိကာ လောကကို အမိန့်ပေး၍ ကပ်လောကတစ်ခုလုံးကို စုစည်းနိုင်သည်။

ထို့ကြောင့် မိုးပြာမဟာဧကရာဇ်က ထိုဓားကို အရယူရန် ဆုံးဖြတ်ထားသည်။ ကျန်းရီက တမလွန်ဘုံဆီ သွားခြင်း မဟုတ်ဘဲ ကမ္ဘာဦးကောင်းကင်ဘုံသို့သာ သွားခြင်းဖြစ်ကြောင်း သူသေချာသည်။ သူ့စွမ်းရည်များနှင့်ဆိုလျှင် ကျန်းရီ၏ တည်နေရာကို ရှာရန်မှာ အလွန်လွယ်ကူသည်။ ဟယ်နုန်ယင်းက ကျန်းရီအကြောင်းကို ရက်အနည်းငယ် ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် မိုးပြာမဟာဧကရာဇ်က တစ်ရက်အတွင်း ရောက်လာခဲ့ပေသည်။

မိုးပြာမဟာဧကရာဇ်က တစ်ယောက်တည်း ရောက်လာခဲ့သည်။ သူ များစွာ ပြောစရာ၊ လုပ်စရာပင် မလိုခဲ့ပေ။ သူ မိစ္ဆာချေဖျက်တောင်ကြားထဲတွင် ရပ်၍ အားလုံးကို အလွယ်တကူ ဖိနှိပ်နိုင်လိုက်သည်။ မည်သူကမှ ကျန်းရီထံ သတင်းမပို့ဝံ့ချေ။ သူတို့ သတင်းပို့လိုက်သည်နှင့် မိုးပြာမဟာဧကရာဇ်က ချက်ချင်းသိသွားပေလိမ့်မည်။ သတင်းပို့နိုင်လိုက်လျှင်ပင် သတင်းပို့လိုက်သူက အသတ်ခံရမည်ဖြစ်သည်။

ဝှစ်...

မိုးပြာမဟာဧကရာဇ်သည် လေထဲသို့ ဖြည်းဖြည်းချင်း ပျံတက်သွားပြီး လေထဲတွင် ဝံ့ကြွားစွာ ရပ်လိုက်၏။ သူ အရှိန်အဝါပင် ထုတ်လွှတ်ရန် မလိုပေ။ လူများသည် သူ့ကို နေတစ်စင်းအလား တိုက်ရိုက်မကြည့်ဝံ့ကြချေ။ သူသည် လောကကြီးကို ငုံ့ကြည့်သော ဧကရာဇ်တစ်ပါးဖြစ်သည်။ လူများစွာက သူ့ကို ဦးညွှတ်အရိုအသေပေးရပေသည်။

မိုးပြာမဟာဧကရာဇ်၏ ရုပ်သွင်နှင့် အရှိန်အဝါက ထိပ်တန်းဖြစ်ကြောင်း ဝန်ခံရမည်။ မိစ္ဆာချေဖျက်‌တောင်ကြားထဲရှိ အမျိုးသမီးများစွာက သူ့ကို ရွှန်းလဲ့သော မျက်ဝန်းများနှင့် ကြည့်နေကြသည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်ကသာ အမိန့်ပေးလိုက်မည်ဆိုလျှင် ထိုအမျိုးသမီးများသည် အားလုံး၏ အရှေ့မှာပင် အဝတ်အစားများ ချွတ်ပစ်ကြပေလိမ့်မည်။

ကျန်းရီသည် ယခုမှ မိုးပြာမဟာဧကရာဇ်နှင့် ပထမဆုံး မျက်နှာချင်းဆိုင်ဖူးခြင်းပင်။ ယခင် မိုးပြာမဟာဧကရာဇ်တောင်ထွတ်၌ မိုးပြာမဟာဧကရာဇ်က မျက်ဝန်းတစ်စုံသာ ဖန်တီးခဲ့သည်။ ကျန်းရီသည် လေထဲတွင် ဝံ့ကြွားစွာ ရပ်နေသော လူကို ကြည့်လိုက်၏။ လောကတစ်ခုလုံးက ထိုပုဂ္ဂိုလ်ကို ဗဟိုပြု၍ လည်ပတ်နေသလိုပင်။ ကျန်းရီ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ မိုးပြာမဟာဧကရာဇ်က အမှန်ပင် သူ့ဂုဏ်သတင်းနှင့် ထိုက်တန်ပေသည်။

ကျန်းရီ လုံးဝမလှုပ်ပေ။ သူ ကောင်းကင်စွမ်းအား မလှည့်ပတ်သလို မိုးမြေစွမ်းအားလည်း မထုတ်ပါ။ သူ မိုးပြာမဟာဧကရာဇ်ကို တည်ငြိမ်စွာ ကြည့်၍သာ ပြောလိုက်သည်။

“မိုးပြာမဟာဧကရာဇ်... ကျွန်တော်တို့က လူသားတွေချည်းပဲ။ ဘာလို့ တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးဖို့ ဒီလောက် အလျင်လိုနေရတာလဲ။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဒီလိုဖြစ်ဖို့ လိုလို့လား”

“ကောင်းလိုက်တဲ့စကား။ ငါတို့က လူသားတွေချည်းပဲကို ဘာလို့ တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးဖို့ ဒီလောက် အလျင်လိုနေရတာလဲ”

မိုးပြာမဟာဧကရာဇ်၏ လေသံတွင် ခံစားချက်မပါပေ။ သို့သော် သူ ပြောလိုက်သောအခါ လူများ အသက်ရှူရန်ပင် ခက်ခဲသွားကြသည်။ မည်သူကမှ သူ့ကို မနာခံဘဲ မနေဝံ့ကြပေ။

“အရင်တုန်းက မင်း မိုးပြာမဟာဧကရာဇ်တောင်ထွတ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တုန်းက ငါတို့က လူသားတွေချည်းပဲလို့ မတွေးခဲ့ဘူးလား။ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲမှာကျတော့ရော မင်း ဘာလို့ အလျင်စလို သတ်ဖြတ်ခဲ့တာလဲ။ မင်းလက်မှာ လူဘယ်နှစ်ယောက်ရဲ့ သွေးတွေ စွန်းနေလဲ။ မင်း သာမန်လူဘယ်နှစ်ယောက်ကို သတ်ဖြတ်ခဲ့သလဲ။ မင်းက... ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်ဖို့ ထိုက်တန်ရဲ့လား”

“ဟားဟားဟား...”

ကျန်းရီ ခေါင်းမော့ကာ အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်၏။ သူ၏ ဆံပင်အနီရောင်များက လေထဲတွင် ဝဲလွင့်သွားသည်။ ထိုစကားများကို ပြောလိုက်သူက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ဆိုလျှင် ကျန်းရီ ရှက်ရွံ့သွားမည်ဖြစ်သည်။ သို့သော် ပြောနေသူမှာ မိုးပြာမဟာဧကရာဇ်ဖြစ်နေရာ ကျန်းရီ ရယ်ချင်သွားပေးသည်။

ကျန်းရီ ခပ်လှောင်လှောင် ပြောလိုက်သည်။

“မိုးပြာမဟာဧကရာဇ်... ကိုယ့်ကိုယ်ကိုယ် သူတော်စင်တစ်ယောက်လို ဟန်ဆောင်မနေပါနဲ့။ ခင်ဗျားက ဘယ်လိုလူစားမျိုးလဲဆိုတာ ကျွန်တော် သိပါတယ်။ အခု ခင်ဗျားက မီးနဂါးဓားကို လိုချင်တာ မဟုတ်လား။ ပြောသာပြောလိုက်ပါ.. ကျွန်တော် ခင်ဗျားကို ပေးမှာပါ”

“အာ...”

ဟယ်နုန်ယင်း၊ ယွင်ပင်းနှင့် အခြားသူများ မှင်တက်သွားကြသည်။ သူမတို့သည် ကျန်းရီ မီးနဂါးဓားကို ထုတ်၍ အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်သည်ကို ကြည့်နေကြ၏။ အားလုံး ရင်လေးသွားကြသည်။ ကျန်းရီက မီးနဂါးဓားကို အမှန်ပင် မိုးပြာမဟာဧကရာဇ်ဆီ ပေးလိုက်တော့မည်ဟု သူမတို့ ထင်မိသွားကြလေသည်။

ရွှီး...

မိုးပြာမဟာဧကရာဇ်၏ မျက်ဝန်းများ လင်းလက်လာပြီး သူ့အရှိန်အဝါ ထိုးထွက်လာသည်။ သို့သော် သူ ချက်ချင်း မလှုပ်ရှားလိုက်ပေ။ ထိုအစား ကျန်းရီကို ကြည့်၍ ကျန်းရီ မည်သို့ဆက်လုပ်မည်ကို စောင့်နေပေသည်။

“မိုးပြာမဟာဧကရာဇ်... ကြည့်ပဲ ကြည့်မနေနဲ့လေ။ ခင်ဗျား ဒီဓားကို လိုချင်တယ်လို့ပြောရင် ကျွန်တော်က ခင်ဗျားကို ပေးမှာပါ။ ခင်ဗျားမပြောရင် ခင်ဗျား လိုချင်၊ မလိုချင်ဆိုတာ ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ”

ကျန်းရီ ခပ်ရေးရေးပြုံး၍ ဓားကို ဝှေ့ယမ်းကာ ဓားထဲ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်၏။ မီးနဂါးဓားပေါ်ရှိ မီးနဂါးများ စတင်ကူးခတ်လာသည်။ သင်္ကေတပုံသဏ္ဌာန်များလည်း အဆက်မပြတ် လင်းလက်လာသည်။ ထို့နောက် ဓားမှနေ၍ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်လာလေသည်။

ကျန်းရီသည် မိုးပြာမဟာဧကရာဇ်ကို ဓားနှင့်ချိန်၍ ဆက်ပြောလိုက်၏။

“ခင်ဗျားလိုချင်တယ်လို့ပြောရင် ကျွန်တော် ခင်ဗျားကို ချက်ချင်းပေးလိုက်မယ်။ ကျွန်တော် စကားဖျက်မှာ မဟုတ်ဘူး”

“ဟွန်း...”

မိုးပြာမဟာဧကရာဇ်၏ အဆင့်အတန်းအရ အားလုံး၏အရှေ့တွင် သူ ထိုသို့သောစကားကို မည်သို့ပြောနိုင်မည်နည်း။ ကျန်းရီ၏ အပြုအမူက သူ့ကို ဒေါသထွက်စေသဖြင့် သူ အေးစက်စက် ပြန်ပြောလိုက်သည်။

“ကျန်းရီ... ဒီလောကထဲက အသက်ရှင်နေတဲ့ ဘယ်သူကမှ ငါ့ကို မလှောင်ရဲဘူး”

ကျန်းရီက လှောင်ပြောင်မှု ပြည့်နှက်နေသော မျက်နှာထားနှင့် ခေါင်းခါကာ ပြန်ပြော၏။

“အရင်တုန်းက ကျွန်တော် အားလုံးရဲ့အရှေ့မှာ ခင်ဗျားရဲ့ မျက်နှာကို ဖြတ်ရိုက်ခဲ့သေးတာပဲ။ အခု ကျွန်တော် အသက်ရှင်နေတုန်းပဲ မဟုတ်လား။ ဟန်ဆောင်မနေပါနဲ့တော့။ ခင်ဗျား တိုက်ခိုက်ချင်ရင် တိုက်ခိုက်ကြတာပေါ့။ ကျွန်တော်က မင်တဲကိုတောင် အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်တယ်၊ ခင်ဗျားကို ကြောက်နေလိမ့်မယ်လို့ မထင်နဲ့။ ဒါပေမဲ့ မိုးပြာမဟာဧကရာဇ်... ဒါက ကျွန်တော် ခင်ဗျားကိုပေးတဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ဒီတစ်ခေါက် ခင်ဗျား စတိုက်တာနဲ့ ကျွန်တော်တို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရလိမ့်မယ်”

ဝှစ်...

ကျန်းရီသည် လေထဲသို့ ပျံတက်၍ အောက်ဘက်ရှိ ကောင်းကင်ဘုရင်လုံကို ဆက်အော်ပြောလိုက်၏။

“အစီအရင်ကို နှိုးလိုက်ပါ။ ကျွန်တော်နဲ့ မိုးပြာမဟာဧကရာဇ်တို့ အပြင်ထွက်ပြီး တိုက်ခိုက်မယ်။ ဘယ်သူ့ကိုမှ အနားမလာခိုင်းပါနဲ့။ ကိုယ့်ဘာသာ လာမိလို့ သေသွားရင်တော့ ကျွန်တော်တို့ကို အပြစ်မတင်နဲ့”

“အာ...”

ကျန်းရီ၏ မောက်မာမှုက မိုးပြာမဟာဧကရာဇ်အပါအဝင် လူများစွာကို မှင်တက်သွားစေ၏။ အထူးသဖြင့် ကျန်းရီက မင်တဲကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်လိုက်နိုင်သည်ဟု ပြောလိုက်ချိန်တွင် သူတို့ ပို၍ အံ့အားသင့်သွားကြသည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ တွက်ချက်မှုအရ မင်တဲက ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်နိုင်သည်။ ကျန်းရီကလည်း တမလွန်ဘုံမျိုးနွယ်က သိမ်းပိုက်ထားသော ဘုံများထဲသို့ သွားပြီးနောက် တမလွန်ဘုံဘုရင်များစွာ၏ လိုက်သတ်မှုမှနေ၍ အလွယ်တကူ လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ် စိုးရိမ်သွားသည်။ ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက အမှန်ပင် မင်တဲ၏ တိုက်ခိုက်စွမ်းအားနှင့် ယှဉ်နိုင်နေပြီလော။

ကျန်းရီက သာမန်လူတစ်ယောက်ဆိုလျှင် မိုးပြာမဟာဧကရာဇ်သည် မည်သည်ကိုမှ တွေးတောနေမည် မဟုတ်ဘဲ ကျန်းရီကို ချက်ချင်း သတ်ပစ်လိုက်မည်ဖြစ်သည်။ သို့သော် ကျန်းရီက လူသားမျိုးနွယ်သမိုင်းတွင် စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သော ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ဖြစ်နေသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူက အကန့်အသတ်မရှိသော အလားအလာကို ပိုင်ဆိုင်ထားရမည်။ ကျန်းရီ၏ တိုးတက်နှုန်းကလည်း အမှန်ပင် ကြောက်မက်ဖွယ်ကောင်းခဲ့သည်။ သူက အတိတ်မှ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ထက်ပင် တိုးတက်နှုန်း မြန်နေသည်။

ရွှီး...

မိစ္ဆာချေဖျက်တောင်ကြား၏ အကာအရံအလွှာက ပွင့်သွား၏။ ထိုအခါ ကျန်းရီ အာကာသဟင်းလင်းပြင်ထဲ ပျံထွက်သွားလိုက်သည်။ မိုးပြာမဟာဧကရာဇ်သည်လည်း ကျန်းရီနောက်သို့ လိုက်သွားသည်။

“မင်းသမီးဖုန့်နီ...”

ကော့ချန်ဘုရင်သည် စိုးရိမ်သည့်ဟန်နှင့် ဖုန့်နီကို ကြည့်လိုက်၏။ ထို့နောက် သူ ဟယ်နုန်ယင်းကို ဆက်ကြည့်ကာ သူတို့ ဝင်ကူသင့်သလောဟု တွေးလိုက်လေသည်။ သို့သော် ဖုန့်နီက ခေါင်းခါကာ ပြောလိုက်သည်။

“စောင့်ကြည့်ကြတာပေါ့။ ကျွန်မတို့အဆင့်နဲ့ သွားကူညီရင် ကျွန်မတို့ပဲ သေသွားလိမ့်မယ်။ အရှင်ကျန်းရီက တိုက်ခိုက်ဖို့ စပြောလိုက်တာဆိုတာ့ သူ မိုးပြာမဟာဧကရာဇ်ကို မယှဉ်နိုင်ရင်တောင် ဘေးကင်းကင်းနဲ့ ထွက်ပြေးနိုင်မှာပါ။ ပြီးတော့ အရှင်ကျန်းရီက ကျွန်မတို့ကို ဘာအမိန့်မှ မပေးခဲ့ဘူး။ သူက ကျွန်မတို့ကို စောင့်ပဲ စောင့်နေခိုင်းခဲ့တာ။ ကျွန်မတို့ အရှင်ကျန်းရီကို ယုံကြည်ရမယ်။ ဒီလောကထဲက ဘယ်သူမှ သူ့ကို မသတ်နိုင်ဘူး၊ မိုးပြာမဟာဧကရာဇ်တောင် မသတ်နိုင်ဘူး”

“မိုးပြာမဟာဧကရာဇ်တောင် မသတ်နိုင်ဘူးတဲ့လား”

ဖုန့်နီ၏ အသံက မကျယ်သော်လည်း ဟယ်နုန်ယင်းက ရှင်းလင်းစွာ ကြားလိုက်၏။ သူမ အတန်ငယ် တွေဝေသွားသည်။ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲတွင် သူမ တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ခဲ့သည့် ထိုလူငယ်က ကပ်လောကထဲရှိ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်နှင့်ပင် ယှဉ်နိုင်နေပြီလော။

“နှမြောစရာပဲ...”

ဟယ်နုန်ယင်း၏ မျက်ဝန်းများ မှေးမှိန်သွား၏။ သူမသည် မည်သည့်ယောက်ျားကိုမှ သဘောမကျခဲ့ပေ။ ကျန်းရီကသာ သူမနှင့် ထိုက်တန်သည့် တစ်ယောက်တည်းသော ယောက်ျားဖြစ်သည်။ ထို့ပြင် ကျန်းရီက သူမ စိတ်ဝင်စားမိသည့် တစ်ယောက်တည်းသူလည်းဖြစ်သည်။ ထို့ကြောင့် သူမ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခြင်းမှာ နှမြောစရာပင်။

“ကျန်းရီ... ရှင် ရှင်သန်ရမယ်”

ဟယ်နုန်ယင်း ထပ်မံရေရွတ်လိုက်သည်။ ကျန်းရီနှင့် မိုးပြာမဟာဧကရာဇ်ကြားမှ တိုက်ပွဲကို မည်သူမှ မရပ်တန့်နိုင်ပေ။ ချီလင်းဧကရီပင် တားဆီးနိုင်လိမ့်မည် မဟုတ်ပါ။ မိုးပြာမဟာဧကရာဇ်မှာ ကျန်းရီ ကျော်ဖြတ်ရမည့် အဟန့်အတားတစ်ခုဖြစ်သည်။ သူ ထိုအဟန့်အတားကို ကျော်ဖြတ်နိုင်လိုက်သည်နှင့် ကောင်းကင်ထက်သို့ ပျံတက်နိုင်သွားပေလိမ့်မည်။ သူ မကျော်ဖြတ်နိုင်လျှင်မူ သေရမည်ဖြစ်သည်။

***

All Chapters