← Chapters

ဝှက်ဖဲကို ထုတ်ပြခြင်း

Vol. 138 Ch. 1918

ဝှက်ဖဲကို ထုတ်ပြခြင်း

Vol. 138 Ch. 1918

အပြင်လူများအတွက် ကျန်းရီက အလွန်စိတ်ကြီးဝင်နေသူဖြစ်သည်။

အမှန်တွင်မူ ကျန်းရီက စိတ်ကြီးဝင်တတ်သူ မဟုတ်ပါ။ သူသည် သူ့အကန့်အသတ်ကိုသူ ကောင်းစွာသိသည်။ သူက မင်တဲကိုရော မိုးပြာမဟာဧကရာဇ်ကိုပါ မယှဉ်နိုင်ပါ။ သို့သော် သူ့တွင် စိတ်ကြီးဝင်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိချေ။ မဟုတ်လျှင် ဟယ်နုန်ယင်းနှင့် အခြားသူများအတွက် အန္တရာယ်ရှိပေသည်။

မိုးပြာမဟာဧကရာဇ်သည် အားလုံး၏ မျက်ဝန်းထဲတွင် သူတော်စင်တစ်ယောက်ဖြစ်သည်။ သူက လူသားမျိုးနွယ်၏ အုပ်ချုပ်သူ၊ ကယ်တင်သူပင်။

သို့သော် ကျန်းရီကမူ သူ၏အကျင့်စရိုက်အမှန်ကို မြင်နိုင်သည်။ ယခင်တွင် မိုးပြာမဟာဧကရာဇ်က သူနှင့် အရှင်မချင်လင်းတို့နောက်သို့ လိုက်ခဲ့သည်။ ယခုတွင်လည်း မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်စကြဝဠာဘုံမှ တိုက်ပွဲကို လျစ်လျူရှု၍ သူ့ကို သတ်ရန် ရောက်လာခဲ့သည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်က သူတော်စင်မဟုတ်ကြောင်း သူပြောနိုင်သည်။ မိုးပြာမဟာဧကရာဇ်မှာ တစ်ကိုယ်ကောင်းဆန်ကာ ချစ်တတ်၊ မုန်းတတ်သော သာမန်လူတစ်ယောက်သာ။

မိုးပြာမဟာဧကရာဇ်သည် မီးနဂါးဓားကို ယူ၍ ဒုတိယယန်ကိုးပါးကောင်းကင်ဧကရာဇ် ဖြစ်လိုခြင်းပင်။ သူက သရဖူဆောင်းလိုသည်။ လူတစ်ယောက်တွင် လောဘ၊ ရည်မှန်းချက်နှင့် သတ်ဖြတ်လိုစိတ် ရှိလာပြီဆိုလျှင် ထိုသူသည် အခြားမည်သည့်အရာကိုမှ အရေးစိုက်တော့မည် မဟုတ်ပေ။ အကယ်၍ ကျန်းရီက စိတ်ကြီးဝင်ယောင်မဆောင်ခဲ့လျှင် မိုးပြာမဟာဧကရာဇ်က သူ့ကို တိုက်ခိုက်ပြီးနောက်လောက်ပေပြီ။

မိုးပြာမဟာဧကရာဇ်က စတင်တိုက်ခိုက်သည်နှင့် မိစ္ဆာချေဖျက်တောင်ကြားထဲမှ လူအားလုံးကို သေချာပေါက် သတ်ပစ်မည်ဖြစ်သည်။ သူ ဟယ်နုန်ယင်း၊ ယွင်ပင်းနှင့် အခြားသူများကို သတ်ပစ်နိုင်သည်။ ထိုမှ သူ မီးနဂါးဓားအား လုယူခဲ့ခြင်းကို မည်သူကမှ အပြစ်မတင်နိုင်မည် မဟုတ်ပါလား။ သူ့အနေဖြင့် သူ၏သူတော်စင်ဂုဏ်ပုဒ်ကို ထိန်းသိမ်းရပေမည်။

အာကာသဟင်းလင်းပြင်ထဲ ထွက်ပြီးနောက် ကျန်းရီ အတန်ငယ် စိတ်အေးသွား၏။ သူ ရှုံးသည်ဖြစ်စေ၊ သေသည်ဖြစ်စေ အနည်းဆုံးတော့ မိုးပြာမဟာဧကရာဇ်က မိစ္ဆာချေဖျက်တောင်ကြားထဲမှ လူများကို သတ်တော့မည် မဟုတ်ပေ။ ဤအချိန်အတွင်း ဟယ်နုန်ယင်းက ချီလင်းဧကရီဆီ သတင်းပို့နိုင်သည်။ ထို့ကြောင့် သူနှင့် မိုးပြာမဟာဧကရာဇ်တို့ တိုက်ခိုက်တော့မည့် သတင်းက လောကတစ်ခွင်လုံးကို ပျံ့နှံ့သွားပေလိမ့်မည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်က မိစ္ဆာချေဖျက်တောင်ကြားထဲမှ လူများကို နှုတ်ပိတ်လိုလျှင် ချီလင်းဧကရီနှင့် လောကကြီး၏ မျက်နှာကို ကြည့်ရန် လိုအပ်ပေလိမ့်မည်။

ကျန်းရီသည် အသည်းအသန်တွေးတောကာ ဤအခြေအနေထဲမှ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားနေသည်။ တစ်ချိန်တည်းမှာပင် သူ မီးဝိညာဉ်ပုလဲထဲရှိ ချီဟုန်ထံ အသံပို့လွှတ်လိုက်သည်။ ချီဟုန်က သူ့ကို သုံးကြိမ်ကူညီပေးမည်ဟု ကတိပေးထားသည်။ သို့သော် ချီဟုန် ကူညီခဲ့သည်မှာ သုံးကြိမ်ကတော့ပါ။ သို့ငြားလည်း မိုးပြာမဟာဧကရာဇ်ကဲ့သို့ စွမ်းအားကြီး သိုင်းသမားတစ်ယောက်နှင့် ယှဉ်ရတော့မည့် အချိန်တွင် ချီဟုန်က မကူညီပေးပါက ကျန်းရီ သေရမည်ဖြစ်သည်။

ကျန်းရီ မျှော်လင့်ထားသလိုပင် ဤတစ်ခေါက်တွင် ချီဟုန်က ကူညီရန် တုံ့ဆိုင်းမနေပါ။ သူသည် ချက်ချင်းပင် တိုက်ခိုက်ရန် သဘောတူလိုက်ပြီး ကျန်းရီကိုလည်း အသင့်ပြင်ခိုင်းထားလိုက်သည်။ ချီဟုန်က ကတိပေးလိုက်သဖြင့် ကျန်းရီ ပို၍ စိတ်အေးသွားသည်။ အနည်းဆုံးတော့ သူ့တွင် ပြန်တိုက်နိုင်သောစွမ်းရည် ရှိလာပေပြီ။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ သူ အစွမ်းကုန် ကြိုးစားတော့မည်ဖြစ်သည်။

ကီလိုမီတာငါးထောင်၊ ကီလိုမီတာငါးသောင်း... ကီလိုမီတာငါးသိန်း...

ကျန်းရီ ဖြည်းဖြည်းချင်း အရှိန်သတ်လိုက်၏။ ထို့နောက် ကောင်းကင်စိတ်အာရုံနှင့် မိုးပြာမဟာဧကရာဇ်ကို အာရုံခံကာ မိုးပြာမဟာဧကရာဇ် အနီးရောက်လာမည်ကို စောင့်နေလိုက်သည်။ မိုးပြာမဟာဧကရာဇ်၏ ကောင်းကင်စိတ်အာရုံကလည်း ကျန်းရီအပေါ် ကျရောက်လာသည်။ ၎င်းနောက် မိုးပြာမဟာဧကရာဇ်က ခပ်လှမ်းလှမ်းတွင် ရပ်လိုက်သောအခါ ကျန်းရီ မိုးပြာမဟာဧကရာဇ်ကို လှမ်းပြောလိုက်သည်။

“ဟားဟားဟား... မိုးပြာမဟာဧကရာဇ် ခင်ဗျားက လောကကြီးရဲ့ နံပါတ်တစ်ပညာရှင်ပဲ။ ခင်ဗျားအစွမ်းက ဒီလောက်ပဲလား။ ခင်ဗျားက ကျွန်တော့်နားကိုတောင် ကပ်မလာရဲဘူးလား”

ကျန်းရီသည် အနောက်သို့ ဆက်ပျံသန်းသွားပြီး မိုးပြာမဟာဧကရာဇ်ကို ခပ်လှောင်လှောင် ဆက်ပြောသည်။

“မိုးပြာမဟာဧကရာဇ်... သိုင်းသမားတစ်ယောက်က ရဲရင့်တဲ့နှလုံးသား ရှိရမယ်။ ခင်ဗျားမှာ ရဲရင့်တဲ့နှလုံးသား မရှိဘူး.. ဒါကိုတောင် ခင်ဗျားက ဒီအဆင့်အထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်ပေါ့လေ။ ကောင်းကင်က အမြင်ကန်းနေတာ ဖြစ်ရမယ်”

မိုးပြာမဟာဧကရာဇ် မျက်နှာတစ်ချက် ပျက်မသွားပါ။ သူ အေးစက်စက်လေသံနှင့် ပြန်ပြောလိုက်သည်။

“ကျန်းရီ... မင်း အဲ့လို ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့စကားတွေ ပြောနေစရာ မလိုဘူး။ ငါက မင်းရဲ့စကားနည်းနည်းကြောင့် ဒေါသထွက်သွားမဲ့သူ မဟုတ်ဘူး။ မဟုတ်ရင် ငါ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံထားခဲ့ရတဲ့ တာအိုနှလုံးသားက အလားဖြစ်သွားမှာပေါ့”

“တာအိုနှလုံးသားတဲ့လား”

ကျန်းရီ မိုးပြာမဟာဧကရာဇ်ကို ဆက်၍ ‌ဒေါသဆွသည်။

“ခင်ဗျားမှာလည်း တာအိုနှလုံးသား ရှိတာလား။ အရင်တုန်းက ခင်ဗျား မိုးပြာမဟာဧကရာဇ်တောင်ထွတ်မှာ ဒေါသထွက်နေခဲ့တာပါ။ အဲ့တုန်းက ခင်ဗျား တာအိုနှလုံးသား မရသေးလို့လား။ အခုလည်း ခင်ဗျား မီးနဂါးဓားကို လိုချင်လို့ ကျွန်တော့်နောက်ကို လိုက်လာတာ မဟုတ်လား။ ခင်ဗျားက ပြင်ပအရာဝတ္ထုတစ်ခုကြောင့် လောဘတက်နေတာပဲ။ ခင်ဗျား ကျင့်ကြံထားတဲ့ တာအိုနှလုံးသားက ခွေးရဲ့ နှလုံးသားလောက်တောင် တန်ဖိုးမရှိတာလား။ အခု လူသားမျိုးနွယ်နဲ့ တမလွန်ဘုံမျိုးနွယ်က စစ်ဖြစ်နေတယ်။ ခင်ဗျားက ခင်ဗျားရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကြောင့် စစ်တပ်တစ်တပ်လုံးရဲ့ အသက်တွေကိုတောင် အရေးမစိုက်ဘူးပေါ့လေ။ ကျွန်တော်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူပဲ။ ခင်ဗျားက ကျွန်တော့်ကို အရှင်သခင်တစ်ယောက်အနေနဲ့ မလေးစားတဲ့အပြင် ကျွန်တော့်ကိုတောင် လိုက်သတ်လိုက်သေးတယ်။ လူသားမျိုးနွယ်က ဖျက်ဆီးခံရတော့မယ်။ ဒါပေမဲ့ ခင်ဗျားက လူသားအချင်းချင်း ပြန်တိုက်ချင်နေတုန်းပဲ။ ခွေးနှလုံးသားကတောင် ခင်ဗျားရဲ့ တာအိုနှလုံးသားထက် ပိုသာတယ်...”

“ခင်ဗျား ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရဲ့ အဆင့်ကို မရောက်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး။ ခင်ဗျားရဲ့ နှလုံးသားက အရမ်းညစ်နွမ်း၊ အရမ်းအရှက်မဲ့နေတယ်။ အဲ့တော့ ဘယ်လိုလုပ် ကောင်းကင်ဧကရာဇ်ရဲ့အဆင့်ကို ရောက်နိုင်မှာလဲ။ ခင်ဗျား မီးနဂါးဓားကို ယူနိုင်လိုက်ရင်တောင် တစ်သက်လုံး တမလွန်ဘုံမျိုးနွယ်ရဲ့ ကျွန်ပဲ ဖြစ်နေမှာ။ ခင်ဗျားရဲ့ ရုပ်ခန္ဓာက ဖုတ်ကောင်ဖြစ်သွားပြီး ခင်ဗျားရဲ့ စိတ်ဝိညာဉ်က တမလွန်ချောက်နက်ထဲမှာ ဖိနှိမ်ခံထားရမှာ”

ကျန်းရီ၏ လေသံက မပြင်းပါ။ သို့သော် သူပြောလိုက်သော စကားလုံးတိုင်းက ဓားသွားတစ်ခုအလား မိုးပြာမဟာဧကရာဇ်၏ နှလုံးသားကို လှီးဖြတ်သွားသည်။ ကျန်းရီသည် မိုးပြာမဟာဧကရာဇ်၏ နှလုံးသားကို ဓားနှင့် ဆွနေသလိုပင်။ မိုးပြာမဟာဧကရာဇ်၏ မျက်နှာထားက မပြောင်းလဲသေးပါ။ သို့သော် သူ့အကြည့် ပို၍ အေးစက်လာသည်။ သူ့အရှိန်အဝါလည်း ထိုးထွက်လာပြီး သူ့လက်ထဲတွင် အစိမ်းရောင် ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ ထိုဓားကို ကောင်းကင်ခွင်းဓားဟုခေါ်သည်။ ၎င်းက မီးနဂါးဓားပြီးလျှင် လောကထဲရှိ ဒုတိယစွမ်းအားအကြီးဆုံး လက်နက်ပင်။ မိုးပြာမဟာဧကရာဇ်က ကောင်းကင်ခွင်းဓားအား ထုတ်လိုက်ခြင်းကို ကြည့်လျှင် ကျန်းရီက သူ့ကို ဒေါသထွက်သွားအောင် လုပ်လိုက်နိုင်ပြီဖြစ်ကြောင်း ထင်ရှားပေသည်။

ကျန်းရီ ရပ်တန့်လိုက်ပြီး လက်ထဲတွင် ငါးရောင်ခြယ်မီးတောက်များ ထုတ်၍ မီးတောက်နတ်ဘုရားဒိုင်း ဖန်တီးလိုက်သည်။ တစ်ချိန်တည်းမှာပင် မိုးမြေစွမ်းအားလည်း လှည့်ပတ်၍ ရုပ်ခန္ဓာကို သန်မာသွားအောင် လုပ်လိုက်သည်။ မီးနဂါးဓားကလည်း တောက်ပစွာ လင်းလက်လာသည်။ ထို့နောက် သူ မီးနဂါးဓားဖြင့် မိုးပြာမဟာဧကရာဇ်ကို ချိန်ကာ ပြောလိုက်လေသည်။

“မိုးပြာမဟာဧကရာဇ်... ခင်ဗျားက အကြီးပါ။ ခင်ဗျားက နှစ်ထောင်ပေါင်းများစွာ နေခဲ့တော့ အဘိုးကြီးအို ဖြစ်နေပြီ။ ဒီနေ့ ကျွန်တော် ခင်ဗျားနဲ့ တိုက်မယ်။ ကျွန်တော့်က အဘိုးကြီးတစ်ယောက်ကို အနိုင်ကျင့်တယ်လို့ တခြားသူတွေ ပြောမှာကို မခံနိုင်ဘူး။ အဲ့တော့ ကျွန်တော် ခင်ဗျားကို ဆယ်ကွက် အကြောပေးမယ်။ တိုက်ပါ”

“ငါ့ကို ဆယ်ကွက် အကြောပေးမှာတဲ့လား”

မိုးပြာမဟာဧကရာဇ်၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာ၏။ သူ့ခေါင်းထဲတွင်လည်း အတွေးတစ်ခု ပေါ်လာ၏။ ထို့နောက် သူ ချက်ချင်း အသိပြန်ကပ်သွားသည်။ အစောတွင် သူကသာ ကျန်းရီကို ဆယ်ကွယ်အကြောပေးမည်ဟု ပြောလိုခဲ့သည်။ သို့သော် ထိုကောင်လေးက ဉာဏ်နီဉာဏ်နက်များ၏။ သူ့ကို ဆယ်ကွက်အကြောပေးလိုက်လျှင် အခြေအနေက ပြောင်းပြန်ဖြစ်သွားနိုင်သည်။

“ဟွန်း...”

မိုးပြာမဟာဧကရာဇ်သည် သက်တံ့တစ်တန်းအလား ကျန်းရီထံသို့ ပျံသန်းသွားပြီး အေးစက်စက် ရယ်ကာ ပြောလိုက်၏။

“ကောင်းပြီ... ငါ အရင်စတိုက်မယ်။ မင်းမှာ သတ္တိရှိရင် ပြန်မတိုက်နဲ့”

ရွှက်...

မိုးပြာမဟာဧကရာဇ်သည် ကျန်းရီနှင့် ပေတစ်သောင်းအကွာသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်၍ ကောင်းကင်ခွင်းဓားနှင့် အရှေ့ကို ခုတ်ချလိုက်၏။ ထိုခုတ်ချက်က အလွန်ရိုးရှင်းပြီး ကောင်းကင်စွမ်းအား တိုက်ခိုက်မှုသာဖြစ်သည်။

သို့သော် မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားကြောင့် သာမန်တိုက်ခိုက်မှုတစ်ခုကပင် အလွန်စွမ်းအားကြီးပေသည်။ ဧရာမအလင်းတန်းကြီးတစ်တန်းက အရှေ့သို့ ထိုးထွက်သွားသည်။

ရှစ်...ရှစ်...

ပတ်ဝန်းကျင်မှ အာကာသက စုတ်ပြဲသွားပြီး ဟင်းလင်းပြင်တစ်ခုလုံး အဆက်မပြတ် တုန်ခါသွား၏။ ဆူညံသံများလည်း ထွက်ပေါ်လာသည်။ အလင်းတန်းသည် ပေတစ်သောင်းအကွာကို လျင်မြန်စွာ ဖြတ်ကျော်၍ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းရီအရှေ့သို့ ရောက်သွားပေသည်။

“အရှက်မဲ့လိုက်တာ”

ကျန်းရီ တီးတိုးပြစ်တင်လိုက်ပြီး ဘေးကို ရှောင်လိုက်၏။ သို့သော် မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်မှုက အလွန်လျင်မြန်ပြီး အလင်းတန်းက အလွန်ကြီးရာ ကျန်းရီ မရှောင်နိုင်လိုက်ချေ။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှ မီးတောက်နတ်ဘုရားဒိုင်းက ရုတ်ခြည်း ပေါက်ကွဲထွက်သွားပြီး သူ လွင့်ပျံထွက်သွားသည်။ ထိုမီးတောက်များက ငါးရောင်ခြယ်မီးတောက်များသာဖြစ်ပြီး မီးအရင်းအမြစ်မီးတောက်များ မဟုတ်ပေ။ ထို့ကြောင့် ခုခံနိုင်စွမ်းက အားနည်းသည်။ ၎င်းမီးတောက်နတ်ဘုရားဒိုင်းသည် တိုက်ခိုက်မှုတစ်ခုကိုပင် မခံနိုင်လိုက်ပေ။

ဖုန်း...ဖုန်း...ဖုန်း...

ကျန်းရီ၏ ခန္ဓာကိုယ်က အာကာသနှင့် လျင်မြန်စွာ ပွတ်တိုက်မှုကြောင့် တဖုန်းဖုန်းမြည်နေ၏။ သူ့ရုပ်ခန္ဓာက တောက်နူ၏ရုပ်ခန္ဓာနှင့် ယှဉ်နိုင်နေ၍ပင် တော်သေးသည်။ အကယ်၍ ထို့ထက် အတန်ငယ် ပို၍အားနည်းပါက သူ အမှုန့်ဖြစ်သွားလောက်ပေပြီ။

ရွှီး...

ကျန်းရီ၏ လက်ထဲတွင် နတ်ဘုရားသစ်ရွက် ထွက်ပေါ်လာ၏။ ထိုနတ်ဘုရားသစ်ရွက်က သူ့ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ကုသပေးလိုက်သည်။ အလင်းတန်းက သူ့ခန္ဓာကိုယ်ကို စုတ်ဖြဲနေပြီး နတ်ဘုရားသစ်ရွက်က ကုသေပေးနေသည်။ ကျန်းရီသည် မညည်းမိအောင် ပြင်းထန်သော နာကျင်မှုကို အံကြိတ်၍ တောင့်ခံနေရပေသည်။

“မဆိုးဘူး... ကိုးကွက်ကျန်သေးတယ်”

မိုးပြာမဟာဧကရာဇ်သည် နဂါးတစ်ကောင်အလား ကျန်းရီကို လှည့်ပတ်ပျံသန်း၍ ကောင်းကင်ခွင်းဓားကို ဝှေ့ယမ်းကာ အလင်းတန်းများစွာ ပစ်လွှတ်လိုက်သည်။ မိုးပြာမဟာဧကရာဇ်သည် သတိကြီးကြီးလည်း ထားနေပြီး ကျန်းရီအနားသို့ မကပ်ဘဲ အဝေးမှသာ တိုက်ခိုက်နေသည်။ သူသည် သူ၏အမြန်နှုန်းနှင့် စွမ်းအားကို သုံး၍ ကျန်းရီကို တဖြည်းဖြည်း သေသွားအောင် လုပ်လိုနေခြင်းပင်။

‘လခွမ်း...လခွမ်း...လခွမ်း...’

ကျန်းရီ အကြိမ်ကြိမ် ထိမှန်ခံနေရ၏။ သူ့အမြန်နှုန်းက မိုးပြာမဟာဧကရာဇ်နှင့် ယှဉ်လျှင် အလွန်နှေး၏။ ထို့ကြောင့် သူ အလင်းတန်းများကို လုံးဝမရှောင်နိုင်ပေ။ သူ အရေပြား၊ အသားနှင့် အရိုးများ စုတ်ပြဲသွားသည့် နာကျင်မှုကို တောင့်ခံ၍သာ နေရသည်။ နတ်ဘုရားသစ်ရွက်ကသာ အဆက်မပြတ် ကုသပေးမနေလျှင် သူ အကြိမ်ကြိမ်ပင် သေပြီးနေလောက်ပေပြီ။

ရွှီး...

မိုးပြာမဟာဟာဧကရာဇ်က ကျန်းရီနား ကပ်မလာသဖြင့် ကျန်းရီ မည်သို့မှ မလုပ်နိုင် ဖြစ်နေသည်။ သို့ကြောင့် သူ ရွေးချယ်စရာ မရှိတော့ဘဲ ထျန်းဖုန့်ဧကရာဇ်ကို အပြင်ထုတ်လိုက်ရသည်။ မဟုတ်လျှင် သူ မိုးပြာမဟာဧကရာဇ်၏ သေသည်အထိ နှိပ်စက်မှုကို ခံရပေလိမ့်မည်။

“ထျန်းဖုန့်ဧကရာဇ်... မိုးပြာမဟာဧကရာဇ်ကို သတ်လိုက်ပါ”

ကျန်းရီ အော်ပြောလိုက်သောအခါ ထျန်းဖုန့်ဧကရာဇ်က အလင်းတန်းတစ်တန်းအလား မိုးပြာမဟာဧကရာဇ်ထံ ပျံသန်းသွားလိုက်၏။ ကျန်းရီသည် သူ့ကိုယ်သူ လျင်မြန်စွာ ကုသလိုက်ပြီး ထျန်းဖုန့်ဧကရာဇ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

“မိစ္ဆာမျိုးနွယ်လား”

မိုးပြာမဟာဧကရာဇ်သည် လှောင်ပြုံးပြုံးကာ အေးစက်စက် ပြောလိုက်၏။

“ကျန်းရီ... နောက်ဆုံးတော့ မင်းက မင်းရဲ့ ဝှက်ဖဲကို ထုတ်ပြပြီပေါ့။ ဒါပေမဲ့ ဒီတစ်ယောက်က အရမ်းအားနည်းနေတယ်။ ငါ့ကို မင်းရဲ့ ဝှက်ဖဲတွေ အကုန်လုံးကို ပြလိုက်စမ်း”

***

All Chapters