← Chapters

လူသားဓားခန္ဓာ

Vol. 138 Ch. 1919

လူသားဓားခန္ဓာ

Vol. 138 Ch. 1919

ကျန်းရီထံတွင် ဝှက်ဖဲများစွာ ရှိသည်။ သို့သော် သူ မိုးပြာမဟာဧကရာဇ်၏ ဉာဏ်ပညာကြီးသော မျက်ဝန်းများကို ကြည့်လိုက်သောအခါ ရှုံးနိမ့်သွားပြီဟူသော ရှင်းပြ၍ မရနိုင်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ မိုးပြာမဟာဧကရာဇ်က အရာအားလုံးကို ဖောက်မြင်လိုက်သလိုပင်။ သူက အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပုံပေါ်သည်။ ကျန်းရီ၏ လှည့်ကွက်များနှင့် ဝှက်ဖဲများက သူ့အတွက် အရေးမပါပေ။

လူသားမျိုးနွယ်၏ နံပါတ်တစ် ပညာရှင်ဆိုသော ဘွဲ့ထူးမှာ အလိမ်အညာမဟုတ်ချေ။ ကျန်းရီသည် အရာအားလုံးက အကျိုးအကြောင်းညီသည်ဟု ခံစားလိုက်ရသည်။ အကယ်၍ လူသားမျိုးနွယ်၏ နံပါတ်တစ် ပညာရှင်က အရူးတစ်ယောက်ဆိုလျှင်၊ အမှိုက်တစ်စဆိုလျှင် လူသားမျိုးနွယ် ပျက်သုဉ်းသွားသည်မှာ ကြာလောက်ပေပြီ။

ဝှစ်...

ထျန်းဖုန့်ဧကရာဇ်သည် အလင်းတန်းတစ်တန်းအလား မိုးပြာမဟာဧကရာဇ်ထံ ပျံသန်းသွားနေ၏။ အချိန်က အရေးကြီးသည်။ ကျန်းရီတွင် တွေးတောနေရန် အချိန်များစွာ မရှိပေ။ အခွင့်အရေးက မည်သူ့ကိုမှ စောင့်မည် မဟုတ်ပါ။ အကယ်၍ ထျန်းဖုန့်ဧကရာဇ်က အသတ်ခံရလျှင် သူ့တွင် နောက်ဆုံး ဝှက်ဖဲတစ်ခု ကျန်သေးသည်။ ထို့ကြောင့် သူ ဤတိုက်ပွဲကို နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။

ဝှစ်...

ကျန်းရီသည် တစ်ကိုယ်လုံးမှ နာကျင်မှုများကို တောင့်ခံ၍ မိုးပြာမဟာဧကရာဇ်ဆီသို့ ကွေ့ပတ်၍ ပျံသန်းသွား၏။ သူသည် အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်ထားပေပြီ။ သူ မိုးပြာမဟာဧကရာဇ်ကို မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ ဒဏ်ရာရသွားအောင် လုပ်ရပေမည်။ မဟုတ်လျှင် သူ ကောင်းကင်မိစ္ဆာဘုံသို့ ပြန်နိုင်မည် မဟုတ်ပါ။

ကျန်းရီ ကောင်းကင်မိစ္ဆာဘုံသို့ ပြန်လိုလျှင် အရင်ဆုံး ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်ရမည်ဖြစ်သည်။ မိုးပြာမဟာဧကရာဇ်က မြေဘုံသို့ ရောက်လာပြီဖြစ်၍ အစီအစဉ်များ ဆွဲလာလောက်သည်။ ကမ္ဘာဦးကောင်းကင်ဘုံမှ တည်နေရာပြောင်းရွှေ့အစီအရင်များကို ချိပ်ပိတ်ထားလောက်ပေသည်။

ထို့ကြောင့် ကျန်းရီသည် မြေဘုံတွင် ပိတ်မိနေသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ လွတ်မြောက်လိုလျှင် မိုးပြာမဟာဧကရာဇ်ကို အနိုင်ယူရန်သာ ရှိလေသည်။

မိုးပြာမဟာဧကရာဇ်သည် အလွန်ထူးထူးဆန်းဆန်း ခံစားနေရ၏။ ထျန်းဖုန့်ဧကရာဇ်က သူ့ထံ ပျံသန်းလာနေပြီး ကျန်းရီကလည်း အောက်ဘက်မှ ကွေ့ပတ်၍ ပျံလာနေသည်ကို တွေ့သော်လည်း သူ မလှုပ်သေးပေ။ ထိုနှစ်ယောက် ချဉ်းကပ်လာသည်ကိုသာ မျက်နှာသေနှင့် ကြည့်နေလိုက်သည်။ သူသည် ကောင်းကင်ခွင်းဓားထဲသို့ပင် ကောင်းကင်စွမ်းအား မထည့်သွင်းချေ။

ကီလိုမီတာသုံးထောင်၊ ကီလိုမီတာတစ်ထောင်၊ ကီလိုမီတာငါးရာ...

ထျန်းဖုန့်ဧကရာဇ် တိုက်ခိုက်လိုက်၏။ သူ့မျက်ဝန်းထဲမှနေ၍ အဖြူရောင်အလင်းတန်းနှစ်တန်း ထွက်သွားသည်။ သူက စိတ်ဝိညာဉ်တိုက်ခိုက်မှုကို သုံးလိုက်ခြင်းပင်။ ထျန်းဖုန့်မျိုးနွယ်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက အတော်လေးကောင်းသည်။ သို့သော် ထျန်းဖုန့်ဧကရာဇ်သည် သူ့စိတ်ဝိညာဉ်တိုက်ခိုက်မှုက မိုးပြာမဟာဧကရာဇ်အပေါ် သက်ရောက်နိုင်လိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် သူသည် လက်ကို ထက်ရှသော လက်သည်းများအဖြစ် ပြောင်းလဲလိုက်၏။ သူ့လက်သည်းများက အဖြူရောင်အလင်း လင်းလက်လာပြီး အရှေ့မှ အာကာသဟင်းလင်းပြင်ကို စုတ်ဖြဲလိုက်သည်။ ထိုအခါ ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်ခါသွားသည်။

ထျန်းဖုန့်ဧကရာဇ်သည် မိုးပြာမဟာဧကရာဇ်ကို နေရာမှာပင် ချုပ်ထားလိုခြင်းဖြစ်သည်။ သူ မိုးပြာမဟာဧကရာဇ်ကို ဒဏ်ရာရသွားအောင် လုပ်လိုခြင်း မဟုတ်ဘဲ ကျန်းရီအတွက် အချိန်အနည်းငယ် ဆွဲပေးလိုခြင်းသာဖြစ်သည်။

ထိုအခိုက်တွင် မိုးပြာမဟာဧကရာဇ် လှုပ်ရှားလိုက်၏။

အာကာသဟင်းလင်းပြင်က ပြင်းထန်စွာ တွန့်ခေါက်နေသော်လည်း မိုးပြာမဟာဧကရာဇ်သည် တစ်ချက်မျှ ယိုင်ထိုးမသွားပါ။ သူ၏ ကောင်းကင်ခွင်းဓားကသာ လင်းလက်လာသည်။ သူ ဓားနှင့် ထျန်းဖုန့်ဧကရာဇ်ကို ခုတ်ချလိုက်ပေသည်။

ထိုဓားချက်က သာမန် ကောင်းကင်စွမ်းအားတိုက်ခိုက်မှုတစ်ခု မဟုတ်ပေ။ ထိုဓားချက်ကို ထုတ်လွှတ်ပြီးနောက် ထျန်းဖုန့်ဧကရာဇ်၏ ပတ်ပတ်လည်မှ ဟင်းလင်းပြင်က ပြင်းထန်စွာ တွန့်ခေါက်လာသည်။ ထို့ပြင် ယင်းက ကျပန်း တွန့်ခေါက်ခြင်းမျိုး မဟုတ်ပါ။ ပတ်ဝန်းကျင် ဟင်းလင်းပြင်က ထျန်းဖုန့်ဧကရာဇ်ကို ဖိညှစ်နေခြင်းပင်။

ထျန်းဖုန့်ဧကရာဇ်သည် ဟင်းလင်းပြင်စွမ်းအင်၏ ဖိနှိပ်မှုကြောင့် လုံးဝမလှုပ်နိုင်တော့ပေ။ ကောင်းကင်ခွင်းဓားက သူ့မျက်စိထဲတွင် ကြီး၍ ကြီး၍ လာသည်ကိုသာ ကြည့်နေရလေသည်။

“ဟုတ်ပြီ...”

ကျန်းရီသည် မိုးပြာမဟာဧကရာဇ် လှုပ်ရှားမည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။ ကျန်းရီ၏ အမြန်နှုန်းက အဆုံးအစွန်သို့ ရောက်နေသည်။ ထိုစဉ် မီးနဂါးဓားက ရုတ်တရက် လင်းလက်လာပြီး သူ ဓားနှင့် အရှေ့ကို ခုတ်ချလိုက်သည်။ မီးနဂါးအချို့က မိုးပြာမဟာဧကရာဇ်ဆီသို့ ပျံထွက်သွားပေသည်။

ရှစ်...ရှစ်...

မီးနဂါးအချို့သည် ဟင်းလင်းပြင်ထဲတွင် ရစ်ပတ်သွားပြီး ဧရာမမီးနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ထိုမီးနဂါးသည် ပုံရိပ်မီးနဂါးမဟုတ်ပါ။ အသက်ရှိသောမီးနဂါးဖြစ်သည်။ ချီဟုန် ထွက်လာပေပြီ။

“ဟိန်း...”

ချီဟုန်က ဟိန်းလိုက်ပြီး ဟင်းလင်းပြင်ထဲတွင် သောင်းချီသော မီးနဂါးငယ်လေးများအဖြစ် ခွဲထွက်လိုက်၏။ ထိုမီးနဂါးငယ်လေးများက ကြာပွတ်များအလား မိုးပြာမဟာဧကရာဇ်ထံ ပျံသန်းသွားကြသည်။ ချီဟုန်သည် မိုးပြာမဟာဧကရာဇ်ကို ချုပ်၍ တစ်ချိန်တည်း သူ၏စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကို တိုက်ခိုက်ရန် ကြံရွယ်နေခြင်းပင်။ ကျန်းရီက မိုးပြာမဟာဧကရာဇ်ကို မီးအရင်းအမြစ်နှင့် တိုက်ခိုက်ကာ ဒဏ်ရာရသွားအောင် လုပ်ပစ်နိုင်လောက်ပေသည်။

ချီဟုန် ယခုသုံးလိုက်သောအကွက်မှာ အသက်ကယ် ဆန်းကြယ်စွမ်းရည်ဖြစ်သည်။ သူ ထိုအကွက်ကို မင်တဲနှင့် တိုက်ခိုက်ခဲ့စဉ်ကလည်း သုံးခဲ့ဖူးသည်။ သို့သော် ထိုအကွက်ကို သုံးပြီဂလျှင် သူ၏စွမ်းအင်က ပြင်းထန်စွာ ထိခိုက်သွားတတ်သည်။ ထိုအခါ ပြန်ကောင်းရန် မီးအရင်းအမြစ်မီးတောက်များစွာကို စုပ်ယူရန် လိုအပ်ပေသည်။ ကျန်းရီထံတွင် မီးအရင်းအမြစ်ရှိသည်။ ထို့ကြောင့် ချီဟုန်သည် သူ့စွမ်းအင် ထိခိုက်သွားမည်ကို မကြောက်ပေ။

“မီးနဂါးဝိညာဉ်ချီဟုန်လား”

မိုးပြာမဟာဧကရာဇ် ခပ်သဲ့သဲ့ရယ်လိုက်၏။

“ကျန်းရီ... ဒါက မင်းရဲ့ ဒုတိယဝှက်ဖဲလား။ ဘာရှိသေးလဲ။ ငါ့ကို အကုန်လုံးပြလိုက်”

ကျန်းရီသည် အခြေအနေက ကောင်းလာမည် မဟုတ်ကြောင်းသိ၏။ မိုးပြာမဟာဧကရာဇ်က ထျန်းဖုန့်ဧကရာဇ်နှင့် ချီဟုန်တို့၏ တိုက်ခိုက်မှုကို ခံနေရသော်လည်း တုန်လှုပ်မသွားဘဲ စကားပြောနေသေးသည်။ ယင်းမှာ အရာအားလုံးက သူ့မျှော်လင့်ထားသည့်အထဲတွင် ရှိနေသည်ဆိုသော အဓိပ္ပာယ် မဟုတ်ပါလား။

အခြေအနေက မည်သို့ဖြစ်စေ ကျန်းရီ နောက်ဆုတ်၍ မရတော့ပါ။ သူ အရှေ့သို့ ဆက်ပျံသန်းသွားပြီး မီးအရင်းအမြစ်မီးတောက်များကို အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။ မီးတောက်အချို့က သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင်လည်း မီးတောက်နတ်ဘုရားဒိုင်းအဖြစ် ပေါင်းစည်းသွားသည်။ ကျန်သောမီးတောက်များက မိုးပြာမဟာဧကရာဇ်ဆီ ဦးတည်သွားကာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်လေသည်။

မီးအရင်းအမြစ်က အလွန်စွမ်းအားကြီးသည်။ ချီဟုန်က သူ၏ အသက်ကယ် ဆန်းကြယ်စွမ်းရည်ကို သုံးခဲ့ပြီဖြစ်သည်။ ထိုမီးနဂါးလေးများက မိုးပြာမဟာဧကရာဇ်၏ ခန္ဓာကိုယ်ထဲ ဝင်လိုက်ထွက်လိုက်လုပ်ကာ သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို တိုက်ခိုက်နေသည်။ သို့သော် မီးအရင်းအမြစ်မီးတောက်များကို မိုးပြာမဟာဧကရာဇ်ကို လောင်ကျွမ်းနိုင်လိမ့်မည်ဟု ကျန်းရီ မသေချာပေ။ သို့သော် သူ အစွမ်းကုန် သုံးလိုက်ပြီးဖြစ်သည်။ အောင်မြင်မည်၊ မအောင်မြင်မည်က မီးအရင်းအမြစ်အပေါ် မူတည်နေပေသည်။

ရှီး...ရှီး...

မီးအရင်းအမြစ်မီးတောက်များက မိုးပြာမဟာဧကရာဇ်ကို လွှမ်းခြုံလှည့်ပတ်နေ၏။ ဆက်၍ ဖြစ်ပျက်လာသော အဖြစ်အပျက်က ကျန်းရီကို ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

မိုးပြာမဟာဧကရာဇ်က ချီဟုန်၏ ချုပ်နှောင်မှုကို ခံထားရ၍လော သို့မဟုတ် အခြားအကြောင်းကြောင့်လောမသိ လုံးဝမလှုပ်ဘဲ မီးအရင်းအမြစ်၏ လွှမ်းခြုံမှုကို ခံနေသည်။

ထို့နောက်...

မိုးပြာမဟာဧကရာဇ်၏ တစ်ကိုယ်လုံး မီးတောက်များနှင့် စတင်လောင်ကျွမ်းလာ၏။ ၎င်းနောက် မျက်စိနှင့်မြင်သာသောနှုန်းဖြင့် သူပြာကျသွားသည်။

‘မီးလောင်ပြီး သေသွားတာလား’

ကျန်းရီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ သို့သော် ထိုအတွေးက ရုတ်ခြည်းပင် ပျောက်ကွယ်သွားသည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်က အလွယ်တကူ မီးလောင်သေဆုံးသွားမည်ဆိုလျှင် လူသားမျိုးနွယ် ဖျက်ဆီးခံလိုက်ရသည်မှာ ကြာလောက်ပေပြီ။

သို့သော် မိုးပြာမဟာဧကရာဇ်၏ ရုပ်ခန္ဓာက ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ယင်းမှာ အမှန်တရားပင်။ သူ့ခန္ဓာကိုယ်က ပြာကျသွားပေပြီ။ ကောင်းကင်ခွင်ဓားပင် ထိန်းမနိုင်သိမ်းမရ ပျံထွက်သွားသည်။ ထို့ပြင် ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် ပတ်ဝန်းကျင်ကို ထပ်ခါ ထပ်ခါ အာရုံခံနေသည်။ ပတ်ဝန်းကျင် အာကာသဟင်းလင်းပြင်ထဲတွင် မည်သည့်လှုပ်ခတ်မှုမှ ရှိမနေပေ။ မိုးပြာမဟာဧကရာဇ်က လောကထဲမှ ဤအတိုင်းတော့ ပျောက်ကွယ်မသွားနိုင်သည် မဟုတ်ပါလား။ သူက လျှပ်တပြက်ပြောင်းရွှေ့သွားလျှင်ပင် ဟင်းလင်းပြင်တုန်ခါမှု အနည်းငယ် ကျန်ခဲ့သင့်သည် မဟုတ်လော။

ဝှစ်...

ကောင်းကင်ခွင်းဓားသည် ဆက်ပျံသန်းသွားပြီး ထျန်းဖုန့်ဧကရာဇ်ကို ပြင်းထန်စွာ ထိမှန်သွား၏။ တစ်ချက်တည်းနှင့်ပင် ထျန်းဖုန့်ဧကရာဇ်၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားသည်။ မိုးပြာမဟာဧကရာဇ်၏ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရသဖြင့် ဓားလမ်းကြောင်းက အတန်ငယ် ပြောင်းသွားကာ ထျန်းဖုန့်ဧကရာဇ်၏ ဦးခေါင်းကို မထိသွားခြင်း ဖြစ်မည်။ မဟုတ်လျှင် ထျန်းဖုန့်ဧကရာဇ်သည် ပြင်းထန်စွာ ဒဏ်ရာရသွားရုံသာမက စိတ်ဝိညာဉ်ပင် ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။

ဝုန်း...

ထျန်းဖုန့်ဧကရာဇ်၏ ပတ်ပတ်လည်မှ ဟင်းလင်းပြင်ဖိနှိပ်မှုက ပျောက်ကွယ်သွား၏။ သူ့ခန္ဓာကိုယ်တစ်ဝက်ကလည်း လွင့်ထွက်သွားသည်။ သူ့ခန္ဓာကိုယ်က ဘယ်ဘက်ခြမ်းမှာ ခုတ်ဖြတ်ခံလိုက်ရသည်။ ထျန်းဖုန့်ဧကရာဇ် သွေးအန်သွားပြီး သတိလစ်သွားလေသည်။

ရွှစ်...ရွှစ်...

သောင်းချီသော မီးနဂါးငယ်လေးများက ဧရာမမီးနဂါကြီးတစ်ကောင်အဖြစ် ပြန်ပေါင်းစည်းသွား၏။ ချီဟုန်၏ အေးစက်စက်မျက်ဝန်းများထဲတွင် အားနည်းမှုများ ပြည့်နှက်နေသည်။ သူ အဝေးရှိ ကောင်းကင်ခွင်းဓားကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ချလိုက်၏။

“ခင်ဗျားက တကယ်ကို စွမ်းအားကြီးတာပဲ။ မိုးပြာမဟာဧကရာဇ်... ခင်ဗျားက လူသားဓားခန္ဓာကို ကျင့်ကြံထားလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး။ ခင်ဗျားက တကယ်ကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပြီးရင် စွမ်းအားအကြီးဆုံးလူပဲ”

“ဟားဟားဟား...”

ကောင်းကင်ခွင်းဓားက ဟင်းလင်းပြင်ထဲတွင် ဝေ့ဝဲပျံသန်းလိုက်၏။ ထို့နောက် ၎င်းဓားမှနေ၍ ကျယ်လောင်သောရယ်သံတစ်သံ ထွက်ပေါ်လာသည်။

“မီးအရင်းအမြစ်လား။ ကျန်းရီ... အဲ့ဒါက မင်းရဲ့ နောက်ဆုံးဝှက်ဖဲမဟုတ်လား။ မင်းက တကယ်ကို ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူ ပီသပါပေတယ်။ မီးအရင်းအမြစ်ကိုတောင် စုပ်ယူနိုင်တာပဲ။ ဒါပေမဲ့ ငါက လူသားဓားခန္ဓာကို ကျင့်ကြံထားပြီးပြီ။ ကောင်းကင်ခွင်းဓား မပျက်စီးသေးသ၍ ငါ့စိတ်ဝိညာဉ်က ပျက်စီးမှာ မဟုတ်ဘူး။ ဒီလောကထဲမှာ ပြီးပြည့်စုံတဲ့ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကသာ ကောင်းကင်ခွင်းဓားကို ဖျက်ဆီးနိုင်တယ်။ အဲ့တော့... မင်း ငါ့ကို ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး”

ရွှီး...

ကောင်းကင်ခွင်းဓားမှနေ၍ အစိမ်းရောင်အခိုးအငွေ့တန်းများ ထွက်လာ၏။ ထိုအခိုးအငွေ့များက မိုးပြာမဟာဧကရာဇ်အဖြစ် ပေါင်းစည်းသွားသည်။ သူက ယခင်ကနှင့် တစ်ပုံစံတည်း ဆင်တူသည်။ သူသည် သက်ရှိလူသားတစ်ယောက်ဖြစ်ပြီး ပုံရိပ်တစ်ခု မဟုတ်ပေ။

မိုးပြာမဟာဧကရာဇ်သည် အားနည်းနေသော ချီဟုန်ကို ကြည့်၍ ခပ်သဲ့သဲ့ ပြုံးလိုက်၏။

“ကျန်းရီ... မင်းမှာ ဘာဝှက်ဖဲတွေ ရှိသေးလဲ။ မရှိတော့ရင် ငါ မင်းကို မင်းရဲ့လမ်းဆီ ပို့ပေးလိုက်တော့မယ်။ မစိုးရိမ်ပါနဲ့... မီးနဂါးဓားကို ငါ ယူလိုက်မှာပါ၊ အချည်းနှီး မဖြစ်စေရပါဘူး။ ငါ လူသားမျိုးနွယ်ကိုလည်း ဦးဆောင်ပြီး တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်၊ လူသားမျိုးနွယ်ရဲ့ ဂုဏ်ကို ပြန်မြှင့်တင်မှာပါ”

ထို့နောက် မိုးပြာမဟာဧကရာဇ်က ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွား၏။ ပြီးလျှင် ကောင်းကင်ခွင်းဓားသည် အစိမ်းရောင်အလင်းတန်းတစ်တန်းအလား ဟင်းလင်းပြင်ကို ဖြတ်၍ ကျန်းရီ၏ ဦးခေါင်းကို ခုတ်ချလိုက်သည်။

ထိုဓားက ထျန်းဖုန့်ဧကရာဇ်ကို နှစ်ပိုင်းဖြတ်ခဲ့စဉ်ကဓားနှင့် ကွဲပြားသည်။ ၎င်းဓားထဲတွင် မတူညီကွဲပြားသော အနှစ်သာရကိုးခုလည်း ပါသည်။ ထိုဓားထွက်ပေါ်လာသည်နှင့် တစ်လောကလုံး ပျောက်ကွယ်သွားရတော့မလိုပင်။ ကျန်းရီနှင့် ချီဟုန်တို့၏ မျက်လုံးထဲတွင် အရာအားလုံးကို ခုတ်ပိုင်းနိုင်သော ထိုဓားသာ ရှိနေသည်။

မိုးပြာမဟာဧကရာဇ်က သူ၏ စွမ်းအားအကြီးဆုံး တိုက်ကွက်ကို ထုတ်လိုက်ပေပြီ။ သူ ကျန်းရီကို သတ်တော့ပေမည်။

***

All Chapters