ကြီးမားသော ရည်ရွယ်ချက်
Vol. 138 Ch. 1920
ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာရန် အနှစ်သာရခုနစ်မျိုးကို ပေါင်းစည်းရန် လိုအပ်သည်။ အကယ်၍ အနှစ်သာရခုနစ်မျိုးကို ပေါင်းစည်းနိုင်လိုက်ပါက တိုက်ခိုက်စွမ်းအားမှာ အလွန်ကြီးသွားမည်ဖြစ်သည်။ သို့သော် မိုးပြာမဟာဧကရာဇ်က ကိုးမျိုးကို ပေါင်းစည်းနိုင်ခဲ့သည်။ ထို့ပြင် သူသည် လူသားဓားခန္ဓာကိုယ်လည်း ကျင့်ကြံခဲ့ပေသည်။
လူမှာ ဓားဖြစ်၍ ဓားမှာ လူဖြစ်သည်။ လူသည် ဓား၏စွမ်းအားကို ငှားယူနိုင်သည်၊ ဓားသည် လူ၏စွမ်းအားကို ငှားယူနိုင်သည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်မှုက မည်မျှစွမ်းအားကြီးကြောင်းကို ကျန်းရီ တွေးပင်မကြည့်နိုင်ချေ။
ထိုအခိုက်တွင် ကျန်းရီသည် ထိုဓားချက်က ဘုံအသေးလေးတစ်ခုကိုပိုင်းဖြတ်၊ ကြယ်တာရာများကိုထိုးခွဲ၊ နေနှင့်လတို့ကို အလင်းရောင် ဆုံးရှုံးသွားအောင် လုပ်နိုင်လိမ့်မည်ဟုပင် ခံစားနေရသည်။ ယင်းအခိုက်၌ တစ်လောကလုံး ပျောက်ကွယ်သွားသည်။ ကျန်းရီသည် ဓားချက်ကိုသာ မြင်ရတော့သည်။ ယင်းမှာ နေနှင့်လတို့၏ အလင်းရောင်များကို ပျောက်ကွယ်သွားလုပ်ခြင်း မဟုတ်လျှင် အဘယ်နည်း။
ကျန်းရီ ထိုဓားချက်ကို ရှောင်လည်း မရှောင်နိုင်သလို တောင့်လည်းမခံနိုင်ပါ။ သူ သေရန် စောင့်နေရုံသာ ရှိတော့သည်။
အထက်ပါအကြောင်းများမှာ ကျန်းရီ ခံစားနေရသော ခံစားချက်များဖြစ်သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးတောက်နတ်ဘုရားဒိုင်း ရှိနေသော်လည်း ထိုဓားချက်ကို တစ်စက္ကန့်ပင် တောင့်ခံနိုင်လောက်မည် မဟုတ်ပါ။ ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ သူ ရုန်းကန်၊ ခုခံ မနေတော့ပေ။ စွမ်းအားကွာခြားမှုက အလွန်ကြီးသည်။ လူသားမျိုးနွယ်၏ နံပါတ်တစ် စွမ်းအားကြီး သိုင်းသမားက ရယ်စရာကောင်းလောက်အောင် စွမ်းအားကြီးပေသည်။
‘အာ... တစ်ခုခု မှားနေပြီ...’
ကျန်းရီ၏ စိတ်ဝိညာဉ်က ရုတ်တရပ် ရပ်တန့်သွား၏။ သူ ချီဟုန်ကို အလိုလိုကြည့်မိသွား၏။ ချီဟုန်၏ အားနည်းနေသော မျက်ဝန်းများထဲတွင် မည်သည့်ခံစားချက်မှ ရှိမနေပါ။ ၎င်းတို့က ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေသည်။
ချီဟုန်သည် ကျန်းရီကို အပြည့်အဝ အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။ ဆယ်နှစ်အတွင်း သုံးကြိမ်ကူညီမည်ဆိုသော သဘောတူညီချက်က ယခု တရားမဝင်တော့ပါ။ ချီဟုန်သည် သူ့သခင်ကို အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။ အကယ်၍ ကျန်းရီ အသတ်ခံလိုက်ရလျှင် ချီဟုန် သေချာပေါက် စိတ်ပျက်ကာ ဒေါသထွက်သွားပေလိမ့်မည်။ သူ ရူးသွပ်ပင် သွားနိုင်သည်။ သို့သော် ယခုတွင် ချီဟုန်က ရူးသွပ်မနေပါ။ သူ့မျက်ဝန်းများက တည်ငြိမ်နေပြီး လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခုပင် ရှိနေသေးသည်။
‘တစ်ခုခု မှားနေပြီ...’
မိုးပြာမဟာဧကရာဇ်လည်း မူမမှန်မှုကို ခံစားလိုက်ရသည်။ ချီဟုန်၏ မျက်နှာထားက တည်ငြိမ်လွန်းနေသည်။ ယင်းမှာ သာမန်မဟုတ်ပေ။ သူ ကောင်းကင်စိတ်အာရုံ ထုတ်၍ ကျန်းရီကို အကြိမ်ကြိမ် အာရုံခံကြည့်လိုက်၏။ သို့သော် သူ မည်သည်ကိုမှ ရှာမတွေ့ပါ။ နောက်ဆုံးတွင် သူ အံကြိတ်လိုက်ပြီး ထိုဓားချက်ကို သုံးရန် ဆုံးဖြတ်လိုက်သည်။ ကျန်းရီ သေရပေမည်။ မီးနဂါးဓားက သူ့အပိုင်သာ ဖြစ်ရမည်။
ဝှစ်...
ချီဟုန် လှုပ်ရှားလိုက်၏။ သို့သော် မတိုက်ခိုက်ပါ။ သူ၏စွမ်းအင်က ပြင်းထန်စွာ ထိခိုက်ထားရာ သူ ဆက်မတိုက်ခိုက်နိုင်တော့ပေ။ သူ မီးနဂါးဓားထဲသာ ဝင်လိုက်သည်။ ထိုအခါ မီးနဂါးဓားက တောက်ပစွာ လင်းလက်လာသည်။ မြင့်မြတ်သော အရှိန်အဝါတစ်ခုကလည်း ဓားမှနေ၍ ထွက်လာသည်။
ရွှီး...
ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး မီးနဂါးဓားက အလိုလို ကြီး၍၊ ရှည်၍ လာ၏။ ထို့နောက် ၎င်းသည် ကျန်းရီ၏လက်ထဲမှ ရုန်းထွက်ကာ အာကာသဟင်းလင်းပြင်ထဲ ပျံထွက်သွားသည်။ ဓားသည် တောက်ပသော အနီရောင်အလင်းကို ဖြာထုတ်နေပြီး လေနှင့်မိုးကြိုးစွမ်းအားကို သယ်ဆောင်သွား၏။ ယင်းနောက် စူးရှသောအသံတစ်သံ ပြုကာ ကောင်းကင်ခွင်းဓားနှင့် ထိတိုက်သွားလေသည်။
“အာ...”
အစတွင် ကျန်းရီသည် ချီဟုန်က မီးနဂါးဓားကို ထိန်းချုပ်၍ ကောင်းကင်ခွင်းဓားနှင့် ယှဉ်ပြိုင်တိုက်ခိုက်လိုက်ခြင်းဟု ထင်ခဲ့၏။ သို့သော် မီးနဂါးဓား၏ အရှိန်အဝါကို ခံစားမိသောအခါ တစ်စုံတစ်ခု မှားနေသည်ဟု သူ တွေးမိသွားသည်။
ဤတစ်ခေါက်တွင် မီးနဂါးဓား၏ အရှိန်အဝါက ကောင်းကင်မိစ္ဆာဘုံတွင် ထုတ်ခဲ့သော အရှိန်အဝါထက် များစွာပို၍ အားကောင်းနေ၏။ အနည်းဆုံး အဆတစ်ရာပို၍ အားကောင်းသည်။ အကယ်၍ ချီဟုန်က မီးနဂါးဓားကို ထိုမျှစွမ်းအားကြီးအောင် ထိန်းချုပ်နိုင်လျှင် မင်တဲကို သတ်ခဲ့လိမ့်မည် မဟုတ်လော။
ဝှစ်...
မီးနဂါးဓားနှင့် ကောင်းကင်ခွင်ဓားတို့၏ အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် ကျန်းရီ ၎င်းတို့ကို ရှင်းရှင်းလင်းလင်းပင် မမြင်ရချေ။ အစိမ်းရောင်အလင်းတန်းနှင့် အနီရောင်အလင်းတန်းတို့က အချင်းချင်း ထိတိုက်နေသည်ကိုသာ သူ မြင်ရသည်။ ပေါက်ကွဲမှုကြီးတစ်ခုလည်း ဖြစ်လာပြီး အာကာသဟင်းလင်းပြင် စုတ်ပြဲသွားသည်။ ဧရာမ အာကာသအပေါက်ကြီးတစ်ခု ပေါ်လာသည်။ အာကာသအက်ကြောင်းများလည်း အရပ်မျက်နှာအနှံ့သို့ ဆန့်တန်းထွက်သွားသည်။ ထို့ပြင် ကြောက်မက်ဖွယ် အာကာသတုန်ခါမှုများက ကျန်းရီကို လွင့်ပျံထွက်သွားစေလေသည်။
“ဖူး...”
ကျန်းရီ၏ မီးအရင်းအမြစ် မီးတောက်နတ်ဘုရားဒိုင်းက ပျက်စီးသွား၏။ သူ သွေးလည်းအန်ကာ မျက်ဝန်းများက ကြယ်တာရာများအလား တောက်ပလာသည်။ သူသည် ဟင်းလင်းပြင်ထဲတွင် ဝံ့ကြွားစွာ ရှိနေသော ဧရာမဓားကြီးကို စိုက်ကြည့်လိုက်သည်။ မီးနဂါးဓားသည် ကောင်းကင်ခွင်းဓားနှင့် ယှဉ်တိုက်ကာ ကောင်းကင်ခွင်းဓားကို အမှန်ပင် လွင့်ထွက်သွားအောင် လုပ်နိုင်နေပေသည်။
အကယ်၍ ကောင်းကင်ခွင်းဓားက သာမန်ဓားတစ်ချောင်းဆိုလျှင် အထက်ပါအကြောင်းအရာမှာ ထူးဆန်းမည် မဟုတ်ပါ။ သို့သော် ကောင်းကင်ခွင်ဓားမှာ လောကထဲရှိ ဒုတိယစွမ်းအားအကြီးဆုံး လက်နက် ဖြစ်နေသည်။ အရေးအကြီးဆုံးမှာ ယခုတွင် ကောင်းကင်ခွင်းဓားက ကောင်းကင်ခွင်းဓားသာ ဟုတ်မနေခြင်းပင်။ မိုးပြာမဟာဧကရာဇ်၏ ကိုယ်ပွားဖြစ်သည်။ မိုးပြာမဟာဧကရာဇ်က ဓားနှင့် တစ်သားတည်းဖြစ်နေပြီး သူ၏စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို ထုတ်လွှတ်ခဲ့သည်။ သို့သော် ကောင်းကင်ခွင်းဓားသည် မီးနဂါးဓားကြောင့် နောက်သို့ လွင့်ပျံထွက်နေရလေသည်။
‘အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’
မိုးပြာမဟာဧကရာဇ်၏ မျက်ဝန်းများထဲတွင် မယုံနိုင်မှုများနှင့် ပြည့်နှက်နေသည်။ သူသည် သူ့ထံ လွင့်ပျံလာသော ကောင်းကင်ခွင်းဓားကို ဖမ်းလိုက်သည်။ ထို့နောက် မျက်လုံးပြူးကြီးများနှင့် ဟင်းလင်းပြင်ထဲရှိ ဓားကို ကြည့်လိုက်၏။ ထိုဓားသည် အာကာသတုန်ခါမှုများကြောင့် လှုပ်ယမ်းမနေပါ။ ယင်းအဖြစ်က ရယ်စရာကောင်းသည်ဟု မိုးပြာမဟာဧကရာဇ် ခံစားလိုက်ရသည်။
မီးနဂါးဓားက အလွန်စွမ်းအားကြီးသည်။ သို့သော် ၎င်းကို မည်သူက အသုံးပြုနေသနည်းဆိုသော အချက်အပေါ်တွင်လည်း မူတည်သေးသည် မဟုတ်လော။ အကယ်၍ ကျန်းရီက မိုးပြာမဟာဧကရာဇ်ကို မီးနဂါးဓားနှင့် သတ်နိုင်မည်ဆိုလျှင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် တမလွန်ဘုံဧကရာဇ်၏ သတ်ဖြတ်မှုကို ခံခဲ့ရမည် မဟုတ်ပါ။
“မင်းတို့ နားမလည်နိုင်ဖြစ်နေကြတာလား”
မီးနဂါးဓားမှနေ၍ တည်ငြိမ်သော အသံအိုတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ မိုးပြာမဟာဧကရာဇ် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထိုအသံမှာ အလွန်မရင်းနှီးသောအသံပင်။ ကပ်လောကထဲရှိ စွမ်းအားကြီး သိုင်းသမားအကုန်လုံးကို သူ ကောင်းစွာသိသည်။ သို့သော် ထိုအသံကိုတော့ တစ်ခါမှ မကြားဖူးပါ။
“တကယ်ကို သူပဲ...”
ကျန်းရီသည် ထိုအသံကို ကြားသောအခါ မျက်ဝန်းများ အရောင်လက်သွား၏။ သူ အလေးအနက် ဦးညွှတ်လိုက်သည်။ သို့သော် မည်သည့်စကားမှတော့ မဆိုလိုက်ပါ။ အသက်ကိုလည်း ဖြည်းဖြည်းညင်ညင်သာ ရှူလိုက်သည်။ ယနေ့တိုက်ပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားပေပြီ။
“မင်းက ချင်နီ မဟုတ်ပါလား။ ချင်ယန် မွေးစားခဲ့တဲ့ တပည့်ထင်တယ်”
မီးနဂါးဓားမှနေ၍ အသံထပ်မံထွက်ပေါ်လာ၏။ မိုးပြာမဟာဧကရာဇ် မျက်လုံးပြူး မျက်စံပြူးနှင့် အော်ပြောလိုက်သည်။
“ကောင်းကင်ဧကရာဇ်.. အ..အရှင့်ရဲ့ ဝိညာဉ်အပိုင်းအစက ဒီမှာ ရှိနေသေးတာလား”
အစောတွင် မိုးပြာမဟာဧကရာဇ်သည် သူ၏ စွမ်းအားအကြီးဆုံး တိုက်ကွက်ကို ထုတ်သုံးခဲ့ခြင်းဖြစ်သည်။ ၎င်းတိုက်ကွက်ကို ခံနိုင်သူ ဤလောကထဲတွင် ငါးယောက်မကျော်ပေ။ ထို့ပြင် နှစ်ယောက်ကကသာ ကောင်းကင်ခွင်းဓားကိုပါ လွင့်ပျံသွားအောင် လုပ်နိုင်သည်။ ထိုနှစ်ယောက်မှာ တမလွန်ဘုံဧကရာဇ်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့ပင်။ ယင်းတို့အပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကသာ သူ၏ဆရာဖြစ်သော ယခင်မိုးပြာမဟာဧကရာဇ်ကို အမည်တပ်၍ ခေါ်နိုင်ပေသည်။
ရွှစ်...ရွှစ်...
မီးနဂါးဓားထဲတွင် အနီရောင် အရှိန်အဝါတန်းများ စီးဆင်းနေ၏။ နောက်ဆုံးတွင် ၎င်းတို့သည် အလွန်သာမန်ဆန်သော အဘိုးအိုတစ်ယောက်အဖြစ် ပေါင်းစည်းသွား၏။ ထိုအဘိုးအိုက မတုတ်ခိုင်သလို ထူးခြားမှုလည်း မရှိပါ။ သို့သော် သူ့မျက်ဝန်းများကမူ ထင်ရှားသည်။ ၎င်းတို့က ဉာဏ်ပညာကြီးခြင်း၊ အကြင်နာတရားကြီးခြင်း၊ ဖော်ရွေမှုရှိခြင်းတို့နှင့် လင်းလက်နေသည်။ ထိုမျက်လုံးများကို ကြည့်မိသောအခါ မိုးပြာမဟာဧကရာဇ် ရှက်၍ပင် သွားမိပေသည်။
မိုးပြာမဟာဧကရာဇ်သည် တစ်ခဏမျှ နှုတ်ဆိတ်နေ၏။ ပြီးမှ သူ ဦးညွှတ်ကာ ပြောလိုက်သည်။
“ချင်နီ ကောင်းကင်ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော့်ရဲ့ ဆရာက ချင်ယန်ပါ”
ချင်ယန်မှာ ယခင်က မိုးပြာမဟာဧကရာဇ်ဖြစ်သည်။ သို့သော် ထိုစဉ်က သူ့ကို မိုးပြာအရှင်ဟုသာ ခေါ်ခဲ့သည်။ သူသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ် လက်အောက်ရှိ စစ်သူကြီးလေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ယခုတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ဝိညာဉ်အပိုင်းအစတစ်ခုအဖြစ်သာ ရှိတော့သော်လည်း၊ သူ့တိုက်ခိုက်စွမ်းအားက သိပ်မကြီးလောက်တော့သော်လည်း၊ သူ့တွင် ဝိညာဉ်စွမ်းအင်များစွာ မကျန်လောက်တော့သော်လည်း မိုးပြာမဟာဧကရာဇ် သူ့ကို မတိုက်ခိုက်ဝံ့သေးပါ။ သတ်လည်း မသတ်ဝံ့ပါ။
အဘယ်ကြောင့်ဆိုသော် ယန်ကိုးပါးကောင်းကင်ဧကရာဇ်မှာ မိုးပြာမဟာဧကရာဇ်၏ ဆရာ၏ ဆရာဖြစ်သောကြောင့်ပင်။ ကောင်းကင်ဧကရာဇ်သည် တစ်ချိန်က ကပ်လောကတစ်ခုလုံးတွင် စွမ်းအားအကြီးဆုံး သိုင်းသမားတစ်ယောက် ဖြစ်ခဲ့ဖူးပေသည်။
ထိုအဘိုးအိုကို ထပ်မံတွေ့လိုက်ရသောအခါ ကျန်းရီ၏ မျက်နှာထားက အလွန်ရှုပ်ထွေးသွားသည်။ သူ သက်ပြင်းလည်းချလိုက်သည်။ အတိတ်တွင် ထိုအဘိုးအိုက ပိုမြင့်သော ဘုံတစ်ခုခုမှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်သာ ဖြစ်ရမည်ဟု သူထင်ခဲ့သည်။ နောက်ပိုင်းတွင်မူ အဘိုးအိုက ကောင်းကင်ဘုံ၏ အရှင်တစ်ပါး ဖြစ်ရမည်ဟု တွေးခဲ့သည်။ ထိုအဘိုးအိုမှာ လူသားမျိုးနွယ်၏ အုပ်စိုးသူဖြစ်နေလိမ့်မည်ဟုတော့ သူ မျှော်လင့်မထားခဲ့ချေ။
ကျန်းရီထံတွင် ပြောစရာများစွာ ရှိနေသော်လည်း သူ မည်သို့မှ မပြောလိုက်ပေ။ သူ အလေးအနက် ထပ်မံဦးညွှတ်လိုက်သည်။
“ကျန်းရီ ကောင်းကင်ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်”
“ကောင်လေး... ငါတို့ ထပ်တွေ့ကြပြီ။ ဒါပေမဲ့ ငါတို့ တွေ့ကြတိုင်း မင်းက အသတ်ခံရတော့မဲ့ အခြေအနေမှာချည်းပဲ”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူ ခပ်လှောင်လှောင်ပြုံးကာ ပြောလိုက်သည်။
“ငါးနှစ်ကြာခဲ့ပြီ။ ဘာလို့ မင်းရဲ့တိုးတက်နှုန်းက အရမ်းနှေးနေရတာလဲ။ အဲ့ဒါက ဒီဧကရာဇ်အတွက် အရှက်ရစရာပဲ...”
ကျန်းရီ နှုတ်ခမ်းတွန့်သွား၏။ သူ ပြန်မငြင်းဝံ့ပါ။ ထို့ကြောင့် လက်ဆုပ်၍သာ ပြန်ပြောလိုက်ရသည်။
“ကျန်းရီက အသုံးမကျပါဘူး။ ကျွန်တော် ကောင်းကင်ဧကရာဇ်ကို မျက်နှာပျက်ရစေပါပြီ”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီကို တစ်ခဏမျှ ကြည့်နေပြီးနောက် မိုးပြာမဟာဧကရာဇ်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ချင်နီ... ပြန်သွားတော့။ ဒီဓားက မင်းနဲ့ မသက်ဆိုင်ဘူး။ မင်း ဓားကို ယူလိုက်ရင်တောင် သုံးနိုင်မှာ မဟုတ်ဘူး”
“ပြန်သွားရမှာလား”
မိုးပြာမဟာဧကရာဇ်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုတစ်ခု ထွက်ပေါ်လာ၏။ အစတွင် ကောင်းကင်ဧကရာဇ်က သူ့ကို သတ်တော့မည် သို့မဟုတ် ကျန်းရီထံတွင် လက်အောက်ခံခိုင်းကာ ကျန်းရီ လောကကို ပေါင်းစည်း၍ တမလွန်ဘုံမျိုးနွယ်ကို တိုက်ခိုက်နိုင်အောင် ကူညီခိုင်းလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ထိုအကြောင်းများကို မပြောပေ။ ထိုအစား သူ့ကို ထွက်သွားခိုင်းနေသည်။
‘သူက ငါ့ကို မသတ်နိုင်တာလား။ သူ့ရဲ့ ဝိညာဉ်အပိုင်းအစမှာ ငါ့ကိုသတ်နိုင်လောက်တဲ့ စွမ်းအား မရှိတာလား’
မိုးပြာမဟာဧကရာဇ်၏ ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ သူ့စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာမှနေ၍ သတ်ဖြတ်လိုစိတ် ထိုးထွက်လာသည်။ သူ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစကို ဖျက်ဆီးပစ်လိုက်သင့်သလော။ သူ ကျန်းရီကို သတ်လိုက်သင့်သလော။
ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်သည်။ ထို့ပြင် ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစက မပျောက်ကွယ်သွားသေပေ။ အကယ်၍ ကျန်းရီကသာ ကောင်းကင်ဧကရာဇ်ကို ထုတ်ပြလိုက်လျှင် လူသားမျိုးနွယ်တစ်ခုလုံးကို ပေါင်းစည်းနိုင်လိုက်မည်ဖြစ်သည်။ ထိုအခါ ကျန်းရီက လူသားမျိုးနွယ်၏ အုပ်စိုးသူအသစ် ဖြစ်လာပေလိမ့်မည်။ မိုးပြာမဟာဧကရာဇ်သည်လည်း တစ်သက်လုံး ကျန်းရီထံတွင် လက်အောက်ခံရပေလိမ့်မည်။
သို့သော် နောက်ဆုံးတွင် မိုးပြာမဟာဧကရာဇ် အလျင်စလို မလုပ်ဆောင်ဝံ့လိုက်ပါ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဂုဏ်သတင်းက အလွန်ကြီးမားသည်။ မိုးပြာမဟာဧကရာဇ်သည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို အသည်းထဲစိမ့်အောင် ကြောက်သည်။ ထို့ကြောင့် သူ ထပ်မံဦးညွှတ်ကာ မည်သို့မှ မပြောဘဲ ထွက်သွားလိုက်လေသည်။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် မိုးပြာမဟာဧကရာဇ် ထွက်သွားသည်ကို ကြည့်နေ၏။ ပြီးမှ သူ ခေါင်းဖွဖွခါကာ သက်ပြင်းချလိုက်သည်။
“ဆရာနဲ့တပည့်က တစ်ပုံစံတည်းပဲ။ ဆရာရော၊ တပည့်ရောမှာ ရည်ရွယ်ချက်အကြီးကြီးတွေ ရှိကြတယ်။ ကျန်းရီ... နောက်ကျ မင်း သူ့ကို သတ်နိုင်လာရင် မညှာနဲ့။ အရင်တုန်းက ငါက အရမ်းစိတ်ပျော့မိခဲ့တယ်...”
***