← Chapters

မှတ်ထားပေးပါ

Vol. 138 Ch. 1921

မှတ်ထားပေးပါ

Vol. 138 Ch. 1921

မိုးပြာမဟာဧကရာဇ် ထွက်သွားပေပြီ။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က နိုးထလာပြီး သေရေးရှင်ရေး အခြေအနေတစ်ခုကို ဖြေရှင်းပေးခဲ့သည်။ ထို့ပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ် ရှိနေလျှင် အချိန်တစ်ခုအတွင်း မိုးပြာမဟာဧကရာဇ်က ကျန်းရီကို ပြဿနာလာရှာဝံ့တော့မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီ ကမ္ဘာဦးကောင်းကင်ဘုံတွင် စိတ်ကြိုက် သွားလာနိုင်ပေပြီ။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ စွမ်းအားက အလွန်ကြီးသည်။ အကယ်၍ ကျန်းရီသာ အသံလွှင့်လိုက်လျှင် သူ အဖွဲ့အစည်းအသီးသီးကို အလွယ်တကူ သိမ်းသွင်းနိုင်မည်ဖြစ်သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် လူလုံးထွက်ပြလိုက်သည်နှင့် အဖွဲ့အစည်းအားလုံးက သူ့ထံတွင် လက်အောက်ခံကြပေလိမ့်မည်။ ယင်းမှာ ကောင်းကင်ဧကရာဇ်တစ်ပါး၏ အစွမ်းပင်။

သို့‌သော်...

ကျန်းရီ ထိုသို့ မလုပ်နိုင်ပေ။ သူ ထိုသို့လုပ်လိုက်လျှင် ပိုစောစွာ သေရမည်ဖြစ်သည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က မိုးပြာမဟာဧကရာဇ်ကို ထွက်သွားစေခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ခု မှားနေကြောင်း ကျန်းရီ ခံစားရသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တမလွန်ဘုံစစ်သူကြီး တစ်ယောက်ကို သတ်ပြီးနောက်၊ ဧရာမအစီအရင်ကြီးတစ်ခု ဆင်ပြီးနောက် ငါးနှစ်ကြာ အိပ်စက်နေခဲ့ရသည်ကို ကျန်းရီ ပြန်တွေးမိသွားသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်စွမ်းအင်က အလွန်အားနည်းနေလောက်ပေသည်။ သူ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။

မျှော်လင့်ထားသလိုပင်...

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီကို ကြည့်လိုက်ပြီး ကျန်းရီ၏အတွေးကို ဖတ်နိုင်သည့်အလား ခါးသက်သက်ပြုံး၍ ပြောလိုက်၏။

“ကောင်လေး... လုံခြုံတဲ့နေရာတစ်ခုကို ရှာလိုက်။ ငါ့ရဲ့ ဝိညာဉ်စွမ်းအင်က အရမ်းအားနည်းနေတယ်။ ချင်နီ မင်းကို ထပ်လာမတိုက်စေနဲ့။ အဲ့လိုဖြစ်လာရင် ငါတောင် မင်းကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ ငါ့ဝိညာဉ်စွမ်းအင်က နောက်ထပ် နှစ်နည်းနည်းလောက်ပဲ ခံနိုင်တော့မယ်။ ငါ တိုက်ခိုက်ချင်ရင်လည်း နောက်တစ်ကြိမ်လောက်ပဲ တိုက်ခိုက်နိုင်တော့မယ်...”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ပုံရိပ်က မီးနဂါးဓားထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။ ကျန်းရီသည် မှင်တက်စွာနှင့် တစ်ခဏမျှ ရပ်နေမိသည်။ ပြီးမှ သူ ပျံသန်းသွားပြီး မီးနဂါးဓားကို သိမ်းလိုက်သည်။ ထို့နောက် ထျန်းဖုန့်ဧကရာဇ်ကိုလည်း ကုသပေးကာ ဆောင်းဥတုပုလဲထဲ ထည့်လိုက်သည်။ အားလုံးပြီးသောအခါ သူ မိစ္ဆာချေဖျက်တောင်ကြားဆီသို့ ပြန်ပျံသန်းသွားလိုက်လေသည်။

ထိုနေရာက မိစ္ဆာချေဖျက်တောင်ကြားနှင့် မဝေးပေ။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ကျန်းရီ ပြန်ရောက်သွားသည်။ မိစ္ဆာချေဖျက်တောင်ကြားက အလွန်တိတ်ဆိတ်နေသည်။ မိုးပြာမဟာဧကရာဇ်က တည်နေရာပြောင်းရွှေ့အစီအရင်မှ ပြန်သွားခြင်း မဟုတ်၍ မိစ္ဆာချေဖျက်တောင်ကြားကို ပြန်မသွားခဲ့ပါ။ ထို့ကြောင့် မိစ္ဆာချေဖျက်တောင်ကြားထဲမှ လူများသည် ကျန်းရီ ပြန်လာသည်ကို တွေ့လိုက်သောအခါ မှင်တက်သွားကြပေသည်။

ကမ္ဘာဦးကောင်းကင်ဘုံ၏ နံပါတ်တစ်ပုဂ္ဂိုလ် မိုးပြာမဟာဧကရာဇ်မှာ လောကထဲရှိ သူရဲကောင်းအားလုံး ကြောက်ရွံ့ရသူပင်။ ကောင်းကင်ဘုရင်လုံတို့သည် မိုးပြာမဟာဧကရာဇ်က ကျန်းရီကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွယ်တကူ သတ်ပစ်လိုက်လိမ့်မည်ဟု တွေးထားကြသည်။ ကျန်းရီက အကောင်းအတိုင်း ပြန်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားကြပေ။ သို့သော် ယခုတွင် ကျန်းရီက ပြန်လာပြီး မိုးပြာမဟာဧကရာဇ်က ပြန်မလာချေ။

“သွားကြစို့...”

ကျန်းရီသည် ရှင်းပြမနေတော့ဘဲ ဟယ်နုန်ယင်းတို့ထံ အသံပို့လွှတ်ကာ သူမတို့ကို ဆောင်းဥတုပုလဲထဲထည့်လိုက်၏။ ဟယ်နုန်ယင်းသည် ဆောင်းဥတုပုလဲထဲ အထည့်မခံရခင် ကောင်းကင်ဘုရင်လုံဆီ အသံပို့လွှတ်လိုက်သည်။ ထို့နောက် ကျန်းရီ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်သွားလိုက်၏။ သူသည် ဟွင့်သွမ့်ပင်လယ်သို့ တည်နေရာမပြောင်းရွှေ့သေးဘဲ သူတော်စင်ဝိညာဉ်ဘုံသို့ တည်နေရာပြောင်းရွှေ့လိုက်ပေသည်။

ကျန်းရီသည် ရီမျိုးနွယ်အပေါ် အမြင်မကြည်သည့်အပြင် သူတော်စင်ဝိညာဉ်တောင်ပေါ်သို့ သတ်ဖြတ်၍ပင် တက်လိုခဲ့သည်။ သို့သော် ယခုတွင် သူ ရီဖျောင်ဖျောင်နှင့် ပြန်ပေါင်းစုံရပြီဖြစ်ပြီး ဝိညာဉ်ဘုရင်ကလည်း သူ့ကို အကြိမ်ပေါင်းများစွာ ကယ်တင်ရန် ကြိုးစားခဲ့သဖြင့် ကျန်းရီ အတိတ်မှ ရန်ငြိုးများကို မေ့ပစ်လိုက်ပြီဖြစ်သည်။ အပြင်လူများအတွက် ဝိညာဉ်မျိုးနွယ်မှာ ကျန်းရီ၏ မိခင်ဘက်မှ အိမ်ဖြစ်၏။ အကယ်၍ တောက်မျိုးနွယ်ကသာ တိုက်ခိုက်မည်ဆိုလျှင် ဝိညာဉ်မျိုးနွယ်ကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်သည်။ ထို့ကြောင့် သူ သူနှင့်အတူ မျိုးဆက်သစ်အချို့ကို ခေါ်သွားလိုပေသည်။

ဝှစ်...

ကျန်းရီသည် ကောင်းကင်ညှို့ဓာတ်မြို့ထဲသို့ ရောက်လျှင်ရောက်ချင်း မြို့ထဲရှိ ရဲတိုက်များထဲမှ ပျံထွက်လာကြသော စွမ်းအားကြီး သိုင်းသမားများကို လျစ်လျူရှုကာ သူတော်စင်ဝိညာဉ်တောင်ဆီသို့ ပျံသန်းသွားလိုက်၏။ ကျန်းရီ သူတော်စင်ဝိညာဉ်တောင်သို့ မရောက်သေးခင်မှာပင် ရီထူက ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်စုနှင့် ပျံသန်းလာသည်။

“ကျန်းရီ...”

ရီထူသည် ကျန်းရီက အတန်ငယ် ဒေါသထွက်နေသည်ကို မြင်၍ စကားအနည်းငယ် ပြောရန် နှုတ်ခမ်းပြင်လိုက်၏။ သို့သော် အဘယ်သို့ ပြောလိုက်ရမည်ကို မသိချေ။ ကျန်းရီထံတွင် ရီထူနှင့် အပိုစကားများ ပြောနေရန် အချိန်မရှိပါ။ ထို့ကြောင့် သူ လိုရင်းသာ တန်းပြောလိုက်သည်။

“ထိပ်တန်းမျိုးဆက်သစ်တချို့ကို စုစည်းလိုက်။ ကျွန်တော် သူတို့ကို ခေါ်သွားမယ်။ ခင်ဗျားတို့ ရီမျိုးနွယ်အတွက် ကျွန်တော် ဂယ်ပေါက်တစ်ခု ချန်ပေးမယ်”

“ဂယ်ပေါက်တဲ့လား”

ရီထူနှင့် ရီမျိုးနွယ်မှ အကြီးအကဲတစ်စု တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏မျက်နှာများပေါ်တွင် ခံစားချက်များ ပြည့်နှက်နေသည်။ ရီထူက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ကျန်းရီ... အခြေအနေက အဲ့လောက်ဆိုးနေလား။ မျိုးနွယ်ကြီးတစ်ခုက ငါတို့ ရီမျိုးနွယ်ကို ရှင်းပစ်ချင်နေတာလား”

“အဲ့လို ဖြစ်လာမှာ မဟုတ်ပါဘူး”

ကျန်းရီက ရှင်းပြသည်။

“ကျွန်တော် အသက်ရှင်နေသ၍ ဘယ်သူကမှ ခင်ဗျားတို့ကို ထိရဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားတာတော့ အကောင်းဆုံးပဲ မဟုတ်လား။ ခင်ဗျားတို့ ရီမျိုးနွယ်ဝင်တွေ ကျွန်တော့်နောက် လိုက်လာရင် ဒုက္ခခံရမှာ မဟုတ်ပါဘူး။ ရီထူ... ခင်ဗျားလည်း ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါလား”

“အဲ့ဒါက..”

ရီထူ အတန်ငယ် ချီတုံချတုံ ဖြစ်သွား၏။ ထိုစဉ် ကျန်းရီက ရီဖျောင်ဖျောင်ကို အပြင်ထုတ်ပေးလိုက်သည်။ ထိုအခါ ရီထူ ချက်ချင်း ဝမ်းသာအားရဖြစ်သွားပြီး ခေါ်လိုက်သည်။

“ညီမလေး...”

ကျန်းရီနှင့် ရီဖျောင်ဖျောင်တို့ တစ်ယောက်ကိုတစ်ယောက် အသံပို့လွှတ်ကာ တစ်ခဏမျှ စကားပြောလိုက်ကြ၏။ ပြီးမှ ရီဖျောင်ဖျောင်ကာ ပြောလိုက်သည်။

“အစ်ကိုကြီး... မြန်မြန် စီစဉ်စရာရှိတာတွေ သွားစီစဉ်လိုက်ပါ။ ရှောင်ရီပြောတာကို နားထောင်ပါ။ ညီမသားက အစ်ကို့ကို ထိခိုက်အောင် လုပ်မှာတဲ့လား။ ညီမအတွက်ကြောင့်သာ မဟုတ်ရင် သူ ဒီကို လာခဲ့မှာတဲ့လား”

“အင်းပါ..အင်းပါ...”

ရီထူ ဆက်၍ တုံ့ဆိုင်းမနေဝံ့တော့ပေ။ သူ ချက်ချင်းပင် သွားစီစဉ်လိုက်ပြီး ရီပုဟွေကိုပင် ခေါ်ကာ ရီမျိုးနွယ်မျိုးဆက်သစ်အဖွဲ့ကို ဦးဆောင်၍ ကျန်းရီနောက်သို့ လိုက်သွားခိုင်းလိုက်သည်။

“ကျန်းရီလား.. ဒေါ်လေး...”

ရီမျိုးနွယ်၏ ပထမသခင်‌လေး ရီပုဟွေသည် ကျန်းရီ၏ ရင်းနှီးသလို၊ မရင်းနှီးသလို မျက်နှာကို ခံစားချက်များ ရှုပ်ထွေးနေသော မျက်ဝန်းများနှင့် ကြည့်လိုက်၏။ တစ်ချိန်က ကျန်းရီသည် အထက်ဘုံတွင် လှည့်လည်သွားလာခဲ့သော အထင်သေးခံရသည့် မျိုးမစစ်တစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် နှစ်အနည်းငယ်အတွင်းမှာပင် ကျန်းရီက သူ မော့ကြည့်၍သာ ရနိုင်သော အမြင့်တစ်နေရာသို့ ရောက်ရှိသွားပေပြီ။

“သွားကြစို့...”

ရီထူက ရီမျိုးနွယ်ဝင် တစ်ထောင်ကျော်ကို စုစည်းပေးခဲ့သည်။ ကျန်းရီသည် သူတို့ကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်ပြီးနောက် ချက်ချင်းထွက်သွားရန် ဟန်ပြင်လိုက်၏။ သူ ဆောင်းဥတုဘုံသို့ သွား၍လည်း ချီမျိုးနွယ်မှ မျိုးဆက်သစ်အချို့ကို ခေါ်လိုပေသေးသည်။

“ကျန်းရီ...”

ရီထူသည် လူတစ်စုကို ဦး‌ဆောင်၍ ကျန်းရီအား တည်နေရာပြောင်းရွှေ့အစီအရင်ဆီ လိုက်ပို့၏။ သူ အစီအရင်ကို မနှိုးခင် အံကြိတ်၍ အသံပို့လွှတ်လိုက်သည်။

“ခမည်းတော်နဲ့ တခြားသူတွေ ဘယ်မှာရှိနေလဲဆိုတာကို မင်းသိလား”

“ကျွန်တော် မသိဘူး”

ကျန်းရီက ခေါင်းခါပြ၏။ ထို့နောက် ပြတ်သားစွာ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ သူတို့ကို ကယ်တင်ဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ”

“ကောင်းပြီ”

ရီထူသည် ကျန်းရီ ထွက်သွားသည်ကို ကြည့်နေလိုက်၏။ ကျန်းရီနှင့် ရီဖျောင်ဖျောင်တို့ တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ပျောက်ကွယ်သွားပြီးနောက် သူ ရီမျိုးနွယ်မှ အကြီးအကဲများကို ကြည့်ကာ ပြောလိုက်သည်။

“အခု ကျုပ်တို့ရီမျိုးနွယ်ရဲ့ ကံကြမ္မာက ကျန်းရီအပေါ်မှာ မူတည်နေပြီ။ သူ သေရင် ကျုပ်တို့ ရီမျိုးနွယ်လည်း ပျက်သုဉ်းရမှာပဲ။ တကယ်လို့ သူသာ လောကကို သိမ်းပိုက်နိုင်ရင် ကျုပ်တို့ရီမျိုးနွယ်က နှစ်ပေါင်းသောင်းချီ ဂုဏ်ရောင်ပြောင်လိမ့်မယ်။ ကျုပ်ကတော့ ဒုတိယလိုပဲ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်”

ကျန်းရီသည် ဆောင်းဥတုဘုံသို့ တည်နေရာပြောင်းရွှေ့သွား၏။ အစတွင် ချီမျိုးနွယ်ကို ဖျောင်းဖျရန် အတန်ငယ် ခက်ခဲလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် မျှော်လင့်မထားဘဲ ချီမျိုးနွယ်ခေါင်းဆောင်အဖြစ် ထမ်း‌ဆောင်နေသော ချီချင်ချန်၏ ဦးလေးဖြစ်သူက လုံးဝတုံ့ဆိုင်းမနေခဲ့ပေ။ သူသည် ကျန်းရီနောက်ကို ထည့်ပေးလိုက်မည့် မျိုးဆက်သစ်အချို့ကို လျင်မြန်စွာ စုစည်းလိုက်ပေသည်။

ကျန်းရီ အံ့ဩနေစဉ် ချီချင်ချန်၏ ဦးလေးဖြစ်သူက ပြုံးကာ ပြောလိုက်သည်။

“ကျန်းရီ... ငါ့ အစ်ကိုကြီးက မင်းကို အရမ်းအထင်ကြီးတယ်။ ချင်ချန်ကလည်း မင်းကို နက်နက်ရှိုင်းရှိုင်းချစ်တယ်။ ငါက အစ်ကိုကြီးရဲ့အမြင်ကို အလေးစားဆုံးပဲ။ ငါက ချင်ချန်ကို သဘောအကျဆုံးပဲ။ အဲ့တော့ သူတို့ယုံကြည်တဲ့မင်းကို ငါလည်း ယုံကြည်တယ်။ ငါမျှော်လင့်တာက... မင်း ချင်ချန်ကို စိတ်မပျက်ပါစေနဲ့လို့ပဲ”

ကျန်းရီ မည်သည့်ကတိမှ မပေးလိုက်ပါ။ သူ ခေါင်းသာညိတ်ပြလိုက်ပြီး သဘောထားကို အကြည့်နှင့် ဖော်ပြလိုက်သည်။ ထို့နောက် သူ ဟွင့်သွမ့်ပင်လယ်ဆီ ထွက်ခွာလိုက်လေသည်။

ကျန်းရီ ကောင်းကင်ဝိညာဉ်ကျွန်းဆီသို့ အလွယ်တကူ တည်နေရာပြောင်းရွှေ့သွားလိုက်၏။ သူ သိုသိုသိပ်သိပ်နေလိုသဖြင့် ဝိညာဉ်တံလျှပ်အတတ်ကို သုံးကာ ရုပ်သွင်ပြောင်းလဲလိုက်သည်။ တည်နေရာပြောင်း‌ရွှေ့အစီအရင်ကို စောင့်ကြပ်နေကြသော အုပ်ချုပ်သူအဆင့် သိုင်းသမားဆယ်ယောက်က သူ့ကို အခက်တွေ့အောင် မလုပ်ပါ။ သို့ဖြင့် သူ ယန်ကိုးပါးမြို့ဆီသို့ ထပ်မံ၍ လွယ်လင့်တကူ တည်နေရာပြောင်းရွှေ့နိုင်လိုက်ပေသည်။

ကျန်းရီသည် ယန်ကိုးပါးမြို့သို့ ရောက်သောအခါ ချက်ချင်း ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ မြို့ကို အာရုံခံကြည့်လိုက်၏။ ထိုစဉ် ချီဟုန်၏ အသံပို့လွှတ်မှုကို ကြားလိုက်ရသည်။

“မိုးပြာမဟာဧကရာဇ်က မြို့ထဲမှာ မရှိဘူး”

“ကောင်းပါပြီ”

ကျန်းရီ စိတ်အေးသွားသည်။ ယခု သူက ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် ရှိနေပြီဖြစ်၍ အချိန်မရွေး ထွက်သွားနိုင်ပေပြီ။ သို့သော် သူ အလျင်မလိုပါ။ သူ တည်းခိုခန်းတစ်ခန်းကို ရှာ၍ ယွင်ပင်းနှင့် ဟယ်နုန်ယင်းတို့ကို အပြင်ထုတ်လိုက်သည်။

“သခင်မလေးတို့... ကျွန်တော်က ကမ္ဘာဦးကောင်းကင်ဘုံက ထွက်ပြီး လျှို့ဝှက်တဲ့နေရာတစ်ခုမှာ သွားကျင့်ကြံတော့မှာ”

ကျန်းရီသည် ယွင်ပင်းနှင့် ဟယ်နုန်ယင်းတို့ကို ကြည့်၍ စိတ်ရင်းအမှန်ပင်နှင့် ပြောလိုက်၏။

“ကျွန်တော် အချိန်တစ်ခုအတွင်း ပြန်ထွက်လာမှာ မဟုတ်ဘူး။ ကျွန်တော် ခဏလောက် ကျင့်ကြံဖို့ လိုအပ်နေတယ်။ ကျွန်တော်က လုံလောက်အောင် မသန်မာသေးဘူး။ သခင်မလေးတို့နှစ်ယောက် ကျွန်တော်နဲ့ လိုက်ခဲ့ချင်လား ဒါမှမဟုတ် နေခဲ့ချင်လား”

ယွင်ပင်း၏ မျက်နှာလေးက အတန်ငယ် နီမြန်းသွား၏။ သူမ အတော်ကြာအောင် စဉ်းစားနေပြီးမှ အံကြိတ်၍ ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မ ရှင်နဲ့ မလိုက်တော့ဘူး။ ကောင်းကောင်းကျင့်ကြံပါ။ ရှင်ပြန်လာမှာကို ကျွန်မ ယန်ကိုးပါးမြို့မှာ စောင့်နေမယ်။ ပြီးရင် ကျွန်မတို့ မိုးပြာမဟာဧကရာဇ်နဲ့ တမလွန်ဘုံမျိုးနွယ်ကို ရှင်းပစ်ကြမယ်”

ယွင်ပင်းသည် ကျန်းရီနောက်သို့ လိုက်လိုပါ၏။ သို့သော် သူမက မျိုးနွယ်ကြီးတစ်ခု၏ သခင်မလေးဖြစ်နေသည်။ ထို့ကြောင့် ဣန္ဒြေသိက္ခာကို စောင့်ထိန်းရပေမည်။ သူမ ကျန်းရီနှင့် ဤအတိုင်း လိုက်သွားလိုက်လျှင် ဂုဏ်သိက္ခာကျသွားပေလိမ့်မည်။ သူမသည် ဂုဏ်သိက္ခာကျမည်ကို မကြောက်ပါ။ သို့သော် ကောင်းကင်ဘုရင်ယွင်က မျက်နှာပျက်ရ၍ မဖြစ်ပေ။

ဟယ်နုန်ယင်း၏ မျက်ဝန်းများထဲတွင်လည်း နာကျင်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူမတွင် အသက်ရှင်ရမည့်အချိန် သိပ်မကျန်တော့ပါ။ သူမ၏ခန္ဓာကိုယ်က အချိန်မရွေး ပေါက်ကွဲသွားနိုင်သည်။ ကျန်းရီ ထွက်သွားလျှင် မည်သည့်အခါမှ ပြန်လာမည်ကို မသိနိုင်ပါ။ ဤတစ်‌ခေါက် နှုတ်ဆက်ခြင်းက ထာဝရနှုတ်ဆက်ခြင်း ဖြစ်သွားနိုင်သည်။

သို့သော် သူမ မည်သို့လုပ်နိုင်မည်နည်း။

ဟယ်နုန်ယင်းသည် တစ်ဘဝလုံး ယောက်ျားတစ်ယောက်နှင့်မှ မချစ်ကြိုက်ဖူးပေ။ သူမသည် မချစ်မနှစ်သက်သူနှင့် အတူနေရမည့်အစား သူမကိုယ်သူမသာ ဒုက္ခခံစေမည်ဖြစ်သည်။ သို့သော် သူမချစ်ခင်သော ယောက်ျားကိုလည်း မည်သို့ ထိခိုက်အောင် လုပ်ရက်ပါမည်နည်း။ ထို့ကြောင့် သူ ခပ်ရေးရေးပြုံး၍သာ အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ သွားပါ။ ကျွန်မ ရှင်ပြန်လာမဲ့နေ့ကို စောင့်နေမှာပါ။ တကယ်လို့ ရှင်ပြန်လာတဲ့နေ့မှာ ကျွန်မ မရှိတော့ရင် ကျွန်မရဲ့ အုတ်ဂူမှာ အမွေးတိုင်တစ်တိုင် ထွန်းပေးပါ။ ဟယ်နုန်ယင်းလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရှင့်ဘဝထဲကို တစ်ခါဝင်လာခဲ့ဖူးတယ်ဆိုတာကို မှတ်ထားပေးပါ”

***

All Chapters