← Chapters

လူသားမျိုးနွယ်ဆီ ကပ်ဘေးယူဆောင်လာမည့်သူ

Vol. 138 Ch. 1922

လူသားမျိုးနွယ်ဆီ ကပ်ဘေးယူဆောင်လာမည့်သူ

Vol. 138 Ch. 1922

ကျန်းရီ ထွက်သွား၏။ သူ ယွင်ပင်း၏ တုံ့ဆိုင်းနေသော အကြည့်များကို မကြည့်ခဲ့ပါ။ အဘယ်ကြောင့် ဟယ်နုန်ယင်းက သူမ၏အုတ်ဂူတွင် အမွေးတိုင်တစ်တိုင် ထွန်းပေးရန် ပြောခဲ့ကြောင်းကိုလည်း မမေးလိုက်ပါ။ ထိုအမျိုးသမီးနှစ်ယောက်က သူ့အပေါ် ခံစားချက်များ ရှိသည်ကို သူ သိသည်။ သူကလည်း သူမတို့ကို လေးစားပေသည်။

သို့သော် ကျန်းရီသည် သူ့နှလုံးသားကို ချိပ်ပိတ်ထားပြီဖြစ်သည်။ ထို့ကြောင့် သူ ယခုမှ နှလုံးသားကို ပြန်မဖွင့်ဝံ့ပေ။ သူ့ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးများက အလွန်လေးလံသည်။ သူ့ရန်သူများကလည်း အလွန်စွမ်းအားကြီးကြသည်။ သူ သူမတို့အတွက် အနာဂတ်ပျော်ရွှင်မှုကို မပေးနိုင်ပေ။ ထို့ကြောင့် သူ သူမတို့၏ ခံစားချက်များကို လျစ်လျူရှု၍ သူမတို့ သူ့အား ‌မေ့သွားအောင်သာ လုပ်နိုင်လေသည်။

ထိုသို့လုပ်ခြင်းက နှလုံးသားမဲ့ရာကြ၏။ သို့သော် ယင်းမှာ မှန်ကန်သော ရွေးချယ်မှုပင်။ ကျန်းရီတွင် အချစ်ကြွေးများစွာ တင်နေသည်။ သူသည် ဤဘဝတွင် ရီချန်၊ စုလောရွှယ်နှင့် အခြားသူများနှင့်ပင် ကျေနပ်ပြီဖြစ်သည်။ သို့ဖြစ်ရာ မည်သို့ ထပ်တောင်းဆိုနိုင်မည်နည်း။

ကျန်းရီသည် ဟယ်နုန်ယင်း၏ အကူအညီနှင့် အာကာသထဲ တည်နေရာပြောင်းရွှေ့ခဲ့၏။ ထို့နောက် သူ ချီဟုန်အား ပတ်ဝန်းကျင်ကို အာရုံခံပေးရန် အကူအညီတောင်းလိုက်သည်။ မိုးပြာမဟာဧကရာဇ်က သူ့နောက် လိုက်မလာကြောင်း အတည်ပြုပြီးမှ သူ ကမ္ဘာဦးကောင်းကင်ဘုံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်လေသည်။

မီးအရင်းအမြစ်က စွမ်းအင်ပြန်ဖြည့်ပေးနေသဖြင့် ချီဟုန်သည် အသက်ကယ် ဆန်းကြယ်စွမ်းရည်ကို သုံးခဲ့‌ပြီး အပြင်းအထန် ဒဏ်ရာရသွားခဲ့သော်လည်း အိပ်မောကျမသွားချေ။ သူ မီးအရင်းအမြစ်ကို ဖြည်းဖြည်းချင်း စုပ်ယူရင်း ပြန်ကောင်းလာပေသည်။

အဆိပ်နတ်ဆိုးမြေရိုင်းထဲ ဝင်ပြီးနောက် ကျန်းရီသည် ချောက်နက်ထဲ လျင်မြန်စွာ ခုန်ချလိုက်၏။ သို့ဖြင့် သူ ကောင်းကင်မိစ္ဆာဘုံသို့ ထပ်မံရောက်ရှိသွားသည်။ ထိုအခါမှသာ သူ စိတ်အေးနိုင်လေသည်။

ကောင်းကင်မိစ္ဆာဘုံက အလွန်လျှို့ဝှက်သည်။ မဟာဧကရာဇ်လေးပါးမှလွဲ၍ မည်သူမှ အဆိပ်နတ်ဆိုးမြေရိုင်းထဲကို ဝင်ဝံ့မည် မဟုတ်ချေ။ ထို့ပြင် မဟာဧကရာဇ်လေးပါးက မြေရိုင်းထဲ ဝင်ဝံ့သော်လည်း‌ ချောက်နက်ထဲ ခုန်ချဝံ့လိမ့်မည် မဟုတ်ပေ။

ဝှစ်...

ကျန်းရီသည် နဂါးတောင်ကြားဆီသို့ လျင်မြန်စွာ ပျံသန်းသွား၏။ ထိုသို့ရောက်ရန် သူ နေ့တစ်ဝက်ကြာအောင်ပင် မပျံသန်းလိုက်ရချေ။ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများက သူ ရောက်လာသည်ကို သိထားကြပြီးဖြစ်သည်။ မိစ္ဆာအရှင်နှစ်ပါးသည် ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် လီရှန်းအာတို့ကို ခေါ်၍ ကျန်းရီကို ကြိုဆိုရန် နဂါးတောင်ကြားအပြင်ဘက်တွင် စောင့်နေကြသည်။

“နှုတ်ခွန်းဆက်ပါတယ် အရှင်”

မိစ္ဆာအားလုံးသည် ကျန်းရီကို မြင်သောအခါ ချက်ချင်း ဒူးတစ်ဘက်ထောက်လိုက်ကြ၏။ လီရှန်းအာသည်လည်း ပန်းကလေးတစ်ပွင့်အလား ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ သို့သော် ကျန်းရီ၏ ဆောင်းဥတုပုလဲထဲမှနေ၍ လူများ တစ်စုပြီးတစ်စု ထွက်လာသောအခါ သူမ၏ အပြုံးက တန့်သွားပေသည်။

လီရှန်းအာသည် အလှပဂေးများစွာကို မြင်လိုက်ရသည်။ ထိုမိန်းမလှလေးများသည် အပြင်ရောက်သည်နှင့် ကျန်းရီထံ ချက်ချင်း ပျံသန်းသွားကြသည်။ သူမတို့က သူ့ကို တွေ့သောအခါ စိတ်အေးသွားဟန်ဖြင့် ချိုသာစွာလည်း ပြုံးလိုက်ကြသည်။ သူမတို့၏ အကြည့်များမှနေ၍ တစ်စုံတစ်ခု ထူးနေသည်ကို လီရှန်းအား သိလိုက်ပေသည်။

ကျန်းရီက အပြင်ထွက်သွားပြီးနောက် မိန်းမလှတစ်စုနှင့် လူသားထောင်ဂဏန်းအနည်းငယ်ကို ခေါ်လာခဲ့သည်။ ထို့ကြောင့် မိစ္ဆာအရှင်နှစ်ပါး၊ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများ၏ မျက်ဝန်းများထဲတွင် စိုးရိမ်မှု အရိပ်အယောင်တစ်ခု ရှိနေပေသည်။

ကျန်းရီက ကောင်းကင်မိစ္ဆာဘုံကို လူသားဘုံတစ်ခုအဖြစ် ပြောင်းပစ်တော့မည်လော။ သူက ဤတစ်ခေါက်တွင် လူထောင်ကျော် ခေါ်လာလျှင် နောက်အခေါက်များ၌ လူသောင်းကျော်၊ သိန်းကျော် ထပ်ခေါ်လာမည်လော။ ကျန်းရီ၏ ထောက်ပံ့မှုနှင့်ဆိုလျှင် လူသားမျိုးနွယ်က ကောင်းကင်မိစ္ဆာဘုံထဲတွင် မျိုးပွားကာ လျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။ ထိုအခါကျလျှင် ကောင်းကင်မိစ္ဆာဘုံက လူသားဘုံတစ်ခု ဖြစ်သွားပေလိမ့်မည်။ မိစ္ဆာမျိုးနွယ်ကလည်း လူသားမျိုးနွယ်၏ ကျွန်များ ဖြစ်သွားနိုင်သည်။

ကျန်းရီသည် ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများက စိုးရိမ်နေသည်ကို မြင်၏။ ထို့ကြောင့် သူ သူတို့ကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။

“မစိုးရိမ်ကြပါနဲ့... ကောင်းကင်မိစ္ဆာဘုံက ခင်ဗျားတို့အပိုင်ပါ။ ကျွန်တော့်လူတွေက ဒီမှာ ယာယီပဲ နေကြမှာပါ။ ကျွန်တော်တို့က ဘယ်နယ်မြေကိုမှ မလိုချင်ပါဘူး”

“အရှင်က အမြင်လွဲနေပါပြီ”

မီးမြေခွေးဧကရာဇ်၊ ပူနီဧကရာဇ်နှင့် အခြားသူများ ခပ်သွက်သွက် ဦးညွှတ်လိုက်ကြ၏။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် အခြားသူများကလည်း ပြာပြာသလဲ လက်ခါ၍ ပြောလိုက်သည်။

“ကျုပ်တို့က အဲ့သဘော ဆိုလိုတာ မဟုတ်ပါဘူး အရှင်။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့”

“ကောင်းပါပြီ။ ကြမ်းကြုတ်နဂါးဘုရင် အရင်ဆုံး သူတို့ကို နဂါးတောင်ကြားထဲမှာ နေရာချပေးလိုက်ပါ”

ကျန်းရီသည် လက်ဝှေ့ယမ်း၍ လူသားအားလုံးကို ဦးဆောင်ကာ နဂါးတောင်ကြားထဲ ဝင်သွားလိုက်သည်။ ကျန်ဝူရွှမ်း၊ သိမ်းငှက်ဘုရင်လေးနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တံတွေးမျိုချလိုက်ကြ၏။

ကျန်းရီက သူတို့ကို မိစ္ဆာမျိုးနွယ်၏ နယ်မြေထဲ ခေါ်လာခဲ့သည်လော။ ကြည့်ရပုံမှာ မိစ္ဆာမျိုးနွယ်ထဲတွင် ကျန်းရီ၏အဆင့်အတန်းက အတော်လေး မြင့်ပုံပင်။ မိစ္ဆာအရှင်နှစ်ပါးပင် သူ့စကားကို နားထောင်ကြရသည်။ ယင်းကို ထျန်းဖုန့်ဧကရာဇ်ပါ ပေါင်းထည့်လိုက်သောအခါ အားလုံး ပို၍ အံ့ဩလာကြသည်။ ကျန်းရီက ဤနေရာတွင်လည်း ခေါင်းဆောင်တစ်ယောက် ဖြစ်နေသည်လော။

ကောင်းကင်မိစ္ဆာဘုံတွင် ကျန်းရီက ခေါင်းဆောင်ဟု ဆိုနိုင်သည်။ သူက အလွန်ဩဇာအာဏာကြီးပြီး အရှေ့ဆုံးမှ လျှောက်သည်။ မိစ္ဆာအရှင်နှစ်ပါးပင် သူ့နှင့်ဘေးချင်းယှဉ်၍ မလျှောက်ဝံ့ပေ။ နဂါးတောင်ကြားထဲ ရောက်သောအခါ ကြမ်းကြုတ်နဂါးမျိုးနွယ်ဝင်များက ဒူးထောက်လိုက်ကြ၏။ သူတို့ပုံစံမှာ ကြောက်ရွံ့ရိုသေနေကြပေသည်။

“ဖုန့်နီ...”

နဂါးတောင်ကြားထဲရှိ နန်းတော်ထဲ ရောက်လျှင် ကျန်းရီသည် ဖုန့်နီကိုကြည့်၍ အမိန့်ပေးလိုက်၏။

“အားလုံးကို နဂါးတောင်ကြားထဲမှာ နေရာချပေးလိုက်ပါ။ ကြမ်းကြုတ်နဂါးဘုရင်နဲ့ လီရှန်းအာတို့ကလည်း ဝင်ကူပေးလိုက်ကြပါ။ ဟုတ်သား... ကျွန်တော် မိတ်ဆက်ပေးရဦးမယ်။ သူက ကျွန်တော့်အမေပါ၊ သူတို့ကတော့ ကျွန်တော့်ရဲ့ ဇနီးတွေပါ။ သူကတော့ ကျွန်တော့်ရဲ့ ညီမလေး၊ သူတို့က ကျွန်တော့်ရဲ့ ညီနောင်တွေ...”

ကျန်းရီ တစ်ယောက်ချင်း မိတ်ဆက်ပေးလိုက်၏။ မီးမြေခွေဧကရာဇ်၊ ပူနီဧကရာဇ်၊ ကြမ်းကြုတ်နဂါးဘုရင်တို့က အလွန်ယဉ်ကျေးစွာ ဦးညွှတ်လိုက်ကြသည်။ ထို့ကြောင့် သိမ်းငှက်ဘုရင်လေး၊ ရီပုဟွေနှင့် အခြားသူများ လန့်သွားကြပေသည်။ ဧကရာဇ်အဆင့်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများက သူတို့ကို ဦးညွှတ်နေကြသည်လော။ သူတို့က ယင်းကို မည်သို့ လက်ခံဝံ့မည်နည်း။ သို့ဖြင့် သူတို့လည်း ပြန်လည်ဦးညွှတ်လိုက်ကြရလေသည်။

နဂါးတောင်ကြားက ကြီးမား၏။ သို့သော် ရဲတိုက်များစွာ မရှိပေ။ ကြမ်းကြုတ်နဂါးမျိုးနွယ်က သေးငယ်၊ ရိုးရှင်းသော ရဲတိုက်များထဲတွင် နေကြသည်။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်နှင့် ဖုန့်နီတို့သည် ပညာရှင်တစ်စုကို ဦးဆောင်၍ ရဲတိုက်များ လျင်မြန်စွာ တည်ဆောက်ကြရ၏။ မကြာခင်တွင် ရဲတိုက်များ တည်ဆောက်ပြီးစီးသွားသည်။ အရေအတွက်မှာ ထောင်ကျော်ရှိ၏။ မရေမတွက်နိုင်သော သိုင်းသမားများလည်း စုဝေးနေကြသည်။ နေ့တစ်ဝက်ကြာပြီးနောက် လူထောင်ကျော် နေရာတကျ ဖြစ်သွားလေသည်။

ကျန်းရီသည် ချမ်ဝမ်ကွမ်းအား မျိုးနွယ်အသီးသီးမှ မျိုးဆက်သစ်များကို စီမံပေးရန် တာဝန်ပေးလိုက်၏။ မျိုးနွယ်တစ်ခုစီကလည်း မျိုးနွယ်ခေါင်းဆောင်တစ်ယောက် တင်မြှောက်ကာ မျိုးနွယ်၏ ကိစ္စရေးရာများကို စီမံစေသည်။

ကျန်းရီသည် သူတို့ကို ဤနေရာတွင် အေးအေးချမ်းချမ်း နေခိုင်း၏။ သူတို့ ကျင့်ကြံမည်ဆိုလျှင် ချမ်ဝမ်ကွမ်းက သူတို့အတွက် အရင်းအမြစ်အမျိုးမျိုး ခွဲဝေပေးမည်ဖြစ်သည်။ သူတို့ ဆန်းကြယ်နယ်မြေများထဲလည်း အလှည့်ကျ ဝင်နိုင်သည်။ သို့သော် သူတို့ နဂါးတောင်ကြားထဲမှ ထွက်ခွင့်တော့ မရှိပါ။ ကျင့်ကြံပြီးလျှင် နဂါးတောင်ကြားထဲ၌သာ အနားယူ အပန်းဖြေနိုင်သည်။ အခြားမိစ္ဆာများနှင့်လည်း ပဋိပက္ခများဖြစ်၍ မရပါ။

ကြမ်းကြုတ်နဂါးဘုရင်က အလွန်အကွက်စေ့၏။ သူသည် ကြမ်းကြုတ်နဂါးမျိုးနွယ်ကို နဂါးတောင်ကြားထဲမှ ရွှေကာ နဂါးတောင်ကြားတစ်ခုလုံးကို ကျန်းရီအားပေးထားရန် ဆုံးဖြတ်ခဲ့သည်။ သူက ကျန်းရီ၏ အကျင့်စရိုက်ကို ကောင်းစွာသိသည်။ ကျန်းရီသည် အသက်ရှင်နေသ၍ ကြမ်းကြုတ်နဂါးမျိုးနွယ်ကို ပစ်ထားမည် မဟုတ်ပါ။ အကယ်၍... ကျန်းရီ သေသွားလျှင် ကြမ်းကြုတ်နဂါးဘုရင်က နဂါးတောင်ကြားကို ပြန်ယူနိုင်မည်ဖြစ်သည်။

တစ်ရက်တာ ရုတ်ရုတ်ရက်ရက် ဖြစ်ပြီးနောက် အရာအားလုံး ပြန်တည်ငြိမ်လာ၏။ မျိုးနွယ်အသီးသီးမှ မျိုးဆက်သစ်များလည်း စိတ်သက်သာရာရနေကြပြီဖြစ်သည်။ ဤနေရာက မရင်းနှီးသောနေရာဖြစ်ပြီး မိစ္ဆာမျိုးနွယ်၏နယ်မြေဖြစ်သော်လည်း ဤနေရာတွင် ကျန်းရီက အကြွင်းမဲ့အာဏာရှိနေသည်။ ထို့ကြောင့် သူတို့ လုံခြုံကြပေသည်။ ထို့ပြင် ဤတစ်ကြိမ်တွင် မျိုးဆက်သစ်တော်တော်များများ ပါလာသည်။ လူများစွာ ရှိနေရာ သူတို့ အထီးကျန်သည်ဟု မခံစားကြရပါ။

အရေးအကြီးဆုံးမှာ ဤနေရာမှ မိုးမြေဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းခြင်းပင်။ မြေဘုံမှ မိုးမြေဝိညာဉ်စွမ်းအင်ထက် များစွာပို၍ သိပ်သည်းသည်။ ထို့ပြင် ဤနေရာ၌ ဆန်းကြယ်နယ်မြေများစွာ ရှိသည်။ သူတို့ လျင်မြန်စွာ တိုးတက်အောင် ကူညီပေးမည့် အရင်းအမြစ်များမှာ အများအပြားရှိပေသည်။

“အမေတို့ ဒီမှာ နေလိုက်ကြဦး။ ငါ ခဏလောက် ကျင့်ကြံလိုက်ဦးမယ်။ သိပ်ကြာမှာ မဟုတ်ပါဘူး”

ကျန်းရီသည် အားလုံး နေရာတကျ ဖြစ်သွားသည်အထိ စောင့်ပြီးမှ ရီဖျောင်ဖျောင်၊ စုလောရွှယ်၊ ကျန်းရှောင်နူနှင့် အခြားသူများကို အကြီးဆုံးရဲတိုက်ထဲတွင် နေစေလိုက်သည်။ သူလည်း ရဲတိုက်ထဲ ဝင်လိုက်သည်။ သို့သော် ရဲတိုက်ထဲရောက်သည်နှင့် လျှို့ဝှက်အခန်းတစ်ခန်းထဲ ဝင်သွားလေသည်။

ကျန်းရီထံတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို မေးရမည့် မေးခွန်းများစွာ ရှိနေသည်။ အနာဂတ်တွင် မည်သို့ဆက်လုပ်ရမည်ကိုလည်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ လမ်ညွှန်မှုကို တောင်းခံရမည်။ လူသားမျိုးနွယ်၏ စွမ်းအားအကြီးဆုံး၊ ဉာဏ်ပညာအကြီးဆုံးသူက နိုးထလာပြီဖြစ်ရာ ကျန်းရီ ထိုအခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်မည်နည်း။

ရွှီး...

ကျန်းရီ မီးနဂါးဓားကို ထုတ်လိုက်၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ကျန်းရီ ဆင့်ခေါ်စရာပင် မလိုဘဲ သူ့ဘာသာ ထွက်လာပြီး ဝိညာဉ်ပုံရိပ်တစ်ခု ဖန်တီးလိုက်၏။ ထို့နောက် သူ တစ်ခဏမျှ အာရုံခံကာ ခေါင်းညိတ်လိုက်သည်။

“အင်း.. ဒီနေရာက မဆိုးဘူး။ အရမ်းလုံခြုံတယ်။ ဒီနေရာက မေရုအာကာသထဲမှာ ရှိနေတာပဲ။ ပုံမှန်တော့ ဒီလိုနေရာတစ်ခုရဲ့ ဝင်ပေါက်က အာကာသဝဲကတော့တွေ ဖြစ်နေတတ်တယ်။ ဒီလိုနေရာမျိုးတွေက ကပ်လောကထဲမှာ ဆယ်နေရာရှိတယ် မဟုတ်လား။ ချင်နီက ဒီနေရာကို အချိန်တိုအတွင်း ရှာတွေ့မှာ မဟုတ်ဘူး”

“မေရုအာကာသ၊ ဆယ်နေရာ”

ကျန်းရီသည် သိမ်းငှက်ဘုရင်လေး ရှာတွေ့ခဲ့သော သတင်းအချက်အလက်တစ်ခုကို အမှတ်ရသွဦး၏။ သူ စိတ်ဝင်တစား မေးလိုက်သည်။

“မသေမျိုးတစ်ပိုင်း ရသေ့ကြီးရဲ့ မျိုးနွယ်ကလည်း မေရုအာကာသထဲမှာ မဟုတ်လား”

“မသေမျိုးတစ်ပိုင်း ရသေ့ကြီးလား။ မင်းက မသေမျိုးတစ်ပိုင်းမျိုးနွယ်အကြောင်းကို ပြောနေတာလား”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ခပ်လှောင်လှောင်ပြုံးကာ ပြောလိုက်၏။

“အရင်တုန်းက အဲ့မျိုးနွယ်ကို ငါ ဖိနှိပ်ခဲ့တာပဲ။ သူတို့က ဆန်းကြယ်ချင်ယောင်ဆောင်ပြီး လူတွေကို လိမ်နေကြတာ။ သူတို့က ကောင်းကင်လျှို့ဝှက်ချက်နည်းနည်းကို မြင်နိုင်တယ်ဆိုပြီး အရမ်းစိတ်ကြီးဝင်နေကြတာလေ၊ ပြီးတော့ သူတို့ကိုယ်သူတို့လည်း တကယ့် မသေမျိုးအစစ်တွေလို့ ထင်နေကြတာ။ အင်း.. အဲ့မျိုးနွယ်က တကယ်ကို မေရုအာကာသထဲမှာပဲ။ ငါက ကြင်နာတတ်လို့ သူတို့ကို မျိုးဖြုတ်မပစ်ခဲ့တာ။ ဘာလဲ... သူတို့က ပြန်ထွက်လာပြီး ပြဿနာရှာနေကြလို့လား။ အဲ့မသေမျိုးတစ်ပိုင်း ရသေ့ကြီးက လူသားမျိုးနွယ်ဆီ ကပ်ဘေးယူဆောင်လာမဲ့သူတွေပဲ”

***

All Chapters